Home ဆောင်းပါး ကရင်နီပြည်က တော်လှန်ပန်းတစ်ပွင့်

ကရင်နီပြည်က တော်လှန်ပန်းတစ်ပွင့်

ခင်ဘုန်းမို့

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ကရင်နီဒေသကိုလေကြောင်းတိုက်ခိုက်မှု ၂၀၂၁ မှာ နှစ်ကြိမ်၊ ၂၀၂၂  မှာ ၁၈၂ ကြိမ်၊           ၂၀၂၃ ဇန်နဝါရီကနေ ဧပြီအထိ ၁၇၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (Progressive Karenni People’s Force) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းနဲ့ စစ်ဘေးရှောင်စခန်းတွေပါမကျန် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံရတဲ့အထဲမှာ နွေဦးကျန်းမာလို့ခေါ်တဲ့ ဆေးရုံလည်း အပါအဝင်ဖြစ်တယ်။

၂၀၂၂ခုနှစ် မေလမှာ ပထမဆုံးလက်နက်ကြီးကျခဲ့တယ်။ နောက် ၂၀၂၂ခုနှစ်အောက်တိုဘာလမှာတစ်ကြိမ် လက်နက်ကြီးကျ ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလမှာလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုခံရပြန်ပါတယ်။

ဒီဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန်ကျောင်းသားကော်မတီက ဦးစီးကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေပါဝင်ပြီး အထွေထွေရောဂါကုနဲ့ သင်ကြားရေးပြည်သူ့ဆေးရုံ၊ပြင်ပလူနာဌာနကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ၊ တိုင်းရင်းသားဒေသက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက်  နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ဆေးရုံတစ်ခုလည်း ဖြစ်တယ်။

၂၀၂၂ခုနှစ်အောက်တိုဘာလမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆေးရုံမှာစေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ အသက် ၂၈ နှစ်အရွယ် နော်ဖောဂေဆိုတဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်က “နွေဦးကျန်းမာ”ဆေးရုံ  Photo – University of medicine 2,Yangon Student Committee 

နော်ဖော‌ဂေဟာ စစ်အာဏာသိမ်းမှုကို တွန်းလှန်သူလိုသူတစ်ဦးဖြစ်တာကြောင့် တော်လှန်ရေးအတွက်ကျရာ နေရာကပါဝင်ခဲ့ သူတစ်ဦး ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က မိသားစုနဲ့အတူ ကျပန်းအလုပ်တွေလုပ်ကိုင်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့တယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါမှာတော့ မတရားမှုကိုဆန့်ကျင်ဖို့အတွက် သပိတ်တွေမှာပါဝင်ခဲ့တယ်။ နောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတော့လည်း နော်ဖောဂေတစ်ယောက် ပြည်သူ့ကာကွယ်‌‌ရေးတပ်ထဲ ဝင်ချင်ခဲ့ပေ မယ့် မိခင်ဖြစ်သူကခွင့်မပြုတဲ့အတွက် မဝင်ဖြစ်ခဲ့ပါဘူး။

နော်ဖောဂေရဲ့မောင်နှမတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိပြီး နော်ဖောဂေကိုယ်တိုင်လည်း ပန်းနာရင်ကြပ် ရောဂါရှိတဲ့အတွက် မိခင်ကခွင့်မပြုခဲ့တာပါ။

နော်ဖောဂေတို့ဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေ၊ တိုင်းရင်းသားဒေသက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် “နွေဦးကျန်းမာ”ဆေးရုံ ပေါ်ပေါက်လာတော့ စေတနာ့ဝန်ထမ်းလုပ်ဖို့ အခွင့်အရေးရခဲ့တယ်။

‌‌နော်ဖောဂေဟာ ဒီးမော့ဆိုဒေသခံတစ်ဦးလည်းဖြစ်တယ်။ ၂၀၂၂ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ နွေဦးကျန်းမာဆေးရုံမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။

“ ကျွန်မတို့ရဲ့ ရဲဘော်နဲ့ပြည်သူအတွက် အမှန်တရားဘက်ကနေ ရပ်တည်တဲ့လူတွေအတွက် တော်လှန်ရေးတစ်ခု ဝင်လုပ်ရပြီ ဆိုတဲ့စိတ်ကြောင့်နဲ့ ကျွန်မတော်တော်ပျော်ခဲ့ပါတယ်။” လို့ ဆေးရုံမှာ ပထမဆုံးအလုပ်စလုပ်တဲ့နေ့ကခံစားချက်ကို ပြောပါ တယ်။

နော်ဖောဂေတစ်ယောက် ဆေးရုံသန့်ရှင်းရေး၊လူနာတွေနဲ့ပတ်သက်တဲ့ သန့်ရှင်းရေး စတာတွေကို တက်တက်ကြွကြွ လုပ်ကိုင် ခဲ့တယ်။

တော်လှန်ရေးအတွက် ကျရာနေရာကနေပါဝင်တဲ့အတွက်လည်း ပတ်ဝန်းကျင်ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေလည်း အများကြီးကြုံခဲ့ ရတယ်လို့ နော်ဖောဂေကဖွင့်ဟတယ်။

“ ကိုယ့်အားနည်းချက်နဲ့ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းအတွင်း အချင်းချင်းမပြေလည်တာတွေ၊ တစ်ယောက်စကား တစ်ယောက် နာခံမှုမရှိတာတွေ မိသားစုထဲမှာဆိုလည်း အခက်အခဲမျိုးစုံရှိပါတယ်။” လို့ သူကဆိုတယ်။

အမျိုးသမီးဖြစ်တဲ့အတွက် မိသားစုနဲ့အလုပ်ထဲမှာ ခွဲခြားဆက်ဆံခံရမှုတွေမရှိပေမယ့် အမျိုးသားတွေလုပ်ကိုင်နေတဲ့ အလုပ် တွေကို မလုပ်တတ်တဲ့အခါ အားလျော့မိတယ်လို့ ဖွင့်ဟပါတယ်။

ကရင်နီပြည်က “နွေဦးကျန်းမာ”ဆေးရုံ 
Photo – University of medicine 2,Yangon Student Committee 

နော်ဖောဂေတစ်ယောက်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေရင်းတစ်ရက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ် အပျက်နဲ့ရင်ဆိုင်ရ တယ်။ အဲ့ဒီနေ့က ဂျူတီနားရက်ဖြစ်တဲ့အတွက် ဆေးရုံကအဆောင်မှာအိပ်ပျော်နေခဲ့တာဖြစ်တယ်။

‌စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် နော်ဖောဂေရဲ့ဦးခေါင်း၊လက်တို့ထိခိုက်ဒဏ်ရာရခဲ့တယ်။

“ ခေါင်းမှာဒဏ်ရာပိုကြီးပြီးတော့ သွေးတွေအများကြီးထွက်ပြီး သတိလစ်သွားပါတယ်။ မျက်လုံးလည်းကွယ်သွားပါတယ်။ လက်မှာ ထိထားတဲ့ဟာကျတော့  လက်နက်ကြီးအစ ဝင်သွားပါတယ်။” လို့ နော်ဖောဂေကဆိုတယ်။

ဆေးရုံမှာ တစ်ပတ်‌လောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် အိမ်မှာနေကာဆေးတွေသောက်ကာပြန်သက်သာလာပါတယ်။

လက်မှာထိထားတဲ့လက်နက်ကြီးအစကတော့ လက်ရှိအချိန်အထိမထုတ်ရသေးဘူးလို့ နော်ဖောဂေက ပြောပါတယ်။ ဒဏ်ရာ လက်သာလာပြီးနောက်မှာလည်း  ဆေးရုံမှာဆက်ပြီးတာဝန်ထမ်းဆောင်ဖို့ နော်ဖောဂေတစ်ယောက်ဆုံးဖြတ်ခဲ့တယ်။

“ မျက်လုံးကွယ်သွားတာကတော့ ပြန်သက်သာလာပါပြီ။ ပြန်ကောင်းလာပါပြီ ဒါပေမယ့်အရင်လိုမဟုတ်တော့ဘူး။ အခုဆို မျက်မှန်တပ်နေရတယ်။”လို့နော်ဖောဂေကဆိုတယ်။

“ ဒီတော်လှန်ရေးကိုအရှုံးမပေးချင်လို့ လက်နက်ကိုင်တဲ့လူမှ တော်လှန်‌ရေးလုပ်တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်မဒီဟာကို  ဆက်လက်ပြီးထမ်းဆောင်နေတာဖြစ်ပါတယ်။ ထပ်ပြီးထိခိုက်မိမှာတော့စိုးရိမ်တယ်။ ဒါပေမယ့် ပြည်သူရဲဘော်အတွက်ဆိုတဲ့ စိတ်ကိုအဓိကထားပြီး တာဝန် ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။” လို့ သူ့ခံယူချက်ကို ပြောပါတယ်။

ဒီလိုထိခိုက်ဒဏ်ရာရခဲ့ပေမယ့်လည်း ‌တော်လှန်ရေးအတွက်ပေးဆပ်လိုစိတ်ကတော့မလျော့သွားပါဘူး။

“ ဒီလိုမျိုးစိတ်ဓာတ်ကျနေရင် ပေးဆပ်ပြီးတဲ့ဟာတွေ အလကားဖြစ်သွားမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ပြန်အားယူရတယ်။ ဆရာတို့တောင်အဝေးကနေလာပြီးတော့ တော်လှန်ရေးလာလုပ်ပေးနေတာပဲ။ ကျွန်မတို့ကဒေသခံဖြစ်တယ်။ ဒီလောက်လေး နဲ့ ဘာလို့မလုပ်ပေးနိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ ကျွန်မဒီတော်လှန်ရေးကိုဆက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။” လို့‌ နော်ဖောဂေက ဆိုတယ်။

ဆေးရုံရဲ့စေတနာ့ဝန်ထမ်းတွေထဲမှာ နော်ဖောဂေကအသွက်လက်ဆုံးဖြစ်တယ်လို့ နွေဦးကျန်းမာဆေးရုံရဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ ကိုထူးကပြောပြတယ်။

ကရင်နီပြည်က “နွေဦးကျန်းမာ”ဆေးရုံ 
Photo – University of medicine 2,Yangon Student Committee 

နော်ဖောဂေကဒေသခံဖြစ်တဲ့အတွက် လူနာ‌တွေနဲ့ပတ်သက်တာ၊ တခြားဒေသခံတွေနဲ့ချိတ်ဆက်အလုပ်လုပ်ကြရတဲ့အခါ နော်ဖောဂေက ဘာသာစကားဆိုင်ရာနဲ့တခြားအကူအညီတွေအတွက် အများဆုံးကူညီပေးတယ်လို့ ကိုထူးကပြောပြတယ်။

“ လက်နက်ကြီးမထိခင်အထိကျွန်တော်တို့နဲ့အလုပ်လုပ်တယ်။ လက်နက်ကြီးထိပြီးတော့ ဆေးကုသမှုတွေ ခံယူပြီးတော့ ကျွန် တော်တို့က နားပြီထင်တာ၊ ကျွန်တော်တို့နဲ့ပြန်ဆက်သွယ်ပြီးတော့ ပြန်ရောက်လာတာပေါ့။ ဒါကတော့ သူစိတ်အားထက်သန် တာဘယ်လောက်လဲဆိုတာ အဲ့ဒါကိုကြည့်ရင်‌တော့ သိနိုင်မယ်။” လို့ ကိုထူးက မှတ်ချက်ပေးပါတယ်။

နော်ဖောဂေတို့မိသားစုဟာ စီးပွားရေးမတောင့်တင်းတဲ့အတွက် နော်ဖောဂေတစ်ယောက်ပညာရေးပြီး ဆုံးအောင်မသင်ကြားခဲ့ ရပါဘူး။

ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူနေပူမရှောင်မိုးရွာမရှောင် ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသူပါ။

“တခါတလေဆို ထမင်းပုံမှန်မစားရဘူး။ သူများထမင်းသုံးနပ်လောက်စားရင် ကျွန်မတို့က နှစ်နပ်လောက်ပဲစားရပါတယ်။” လို့ ပြောပါတယ်။

နော်ဖောဂေတစ်ယောက် အာဏာမသိမ်းခင်ကတော့ အလုပ်တွေလုပ်ကာ ပိုက်ဆံတွေအများကြီးရှာပြီး မိသားစုကို အလုပ် အကျွေးပြုမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပြည့်နှက်နေခဲ့တာဖြစ်တယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာတော့  မိသားစုနားမှာတောင်မနေနိုင်ဘဲ တော်လှန်ရေးခရီးလမ်းကိုလျှောက်လှမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဖခင်ဖြစ်သူနဲ့မိခင်တို့ဟာ လယ်ယာအလုပ်လုပ်ကိုင်နေကြပြီး  ရှိတဲ့မောင်နှမ ငါးယောက်မှာ လေးယောက်က တော်လှန်ရေးလှုပ်ရှားမှုတွေထဲပါဝင်ပတ်သက်ခဲ့တယ်။ လေးယောက်လုံး လက်နက်ကြီးထိဖူးပြီး ဆေးရုံတက်၊ဆေးကုသမှုခံယူ ဖူးကြပါတယ်။

နော်ဖောဂေရဲ့အမဖြစ်သူက နွေဦးဂုရုလေးများဆိုတဲ့ တော်လှန်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး ကျန်နှစ်ဦးက KNDF တပ်ရင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်။

“ ကျွန်မတို့မိသားစုဆို ဆင်းရဲပေမယ့်လည်း ကျွန်မတို့တော်လှန်ရေး စိတ်အားထက်သန်တော့ တော်လှန်ရေးပဲလုပ်ပါတယ်။” လို့ နော်ဖောဂေက ဆိုတယ်။

တော်လှန်ရေးအောင်တဲ့အခါ စစ်ဘေးရှောင်တွေနဲ့ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေကို ငွေကြေးလှူဒါန်းသွားချင်တာ ကတော့ နော်ဖောဂေရဲ့ဆန္ဒပါပဲ။

“ တော်လှန်ရေးအောင်တဲ့အခါ ကျွန်မတို့အခုခံစားနေရတဲ့ဝေဒနာတွေ အခုစစ်အာဏာသိမ်းနေတဲ့အချိန်မှာ အတူတူစစ်ဘေး ရှောင်နေတဲ့သူတွေ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေကို ကျွန်မကပိုက်ဆံအများကြီးရှာပြီးတော့သွားလှူချင်တယ်။” လို့ နော်ဖောဂေက ဆိုပါတော့တယ်။  

Author:

Related Articles