Home ဆောင်းပါး အာဏာရှင်နဲ့အတူ အမြစ်ပြတ်ချေမှုန်းရမယ့် ခွဲခြားနှိမ်ချမှုတွေ

အာဏာရှင်နဲ့အတူ အမြစ်ပြတ်ချေမှုန်းရမယ့် ခွဲခြားနှိမ်ချမှုတွေ

ခင်စုကြည်။ ။

ဒီကာလမှာ အာဏာရှင်ပြုတ်ကျရေးအတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နည်းလမ်းမျိုးစုံအသုံးပြုပြီး တော်လှန်နေကြနေကြပါတယ်။

လမ်းပေါ်ထွက် ချီတက်ဆန္ဒပြတာ၊ ကြွေးကြာ်တာ၊ ပြန်လည် ခုခံပြီး တော်လှန်ကြတာ အပြင် ဆိုရှယ်မီဒီယာ ကိုအသုံးပြုပြီး စာပေ၊ အနုပညာ၊ ဂီတ နဲ့တော်လှန်နေကြသူတွေလည်း များစွာရှိပါတယ်။

ဒါတွေဟာ အာဏာရှင်ပြုတ်ကျရေးအတွက် အလွန်အရေးပါတဲ့ နည်းလမ်းတွေဖြစ်ပေမယ့် တဆက်တည်းမှာပဲ စာနယ်ဇင်းတွေမှာ ဖော်ပြတဲ့ အရေးအသားတွေ၊ ဂီတသံတွေနဲ့အတူပျံ့လွင့်လာတဲ့သီချင်းစာသားတွေနဲ့ ကာတွန်း၊ရုပ်ပြတွေနဲ့ဖော်ပြတဲ့အခါမှာ စကားလုံး သုံးနှုန်းပုံနဲ့ သရုပ်ဖော်ပုံတွေ ရေးဆွဲတဲ့အခါမှာလည်း သတိပြု စရာတွေရှိလာပြန်ပါတယ်။

တချို့သော စကားလုံးအသုံးအနှုန်းတွေ ကာတွန်းရုပ်ပုံတွေဟာ အာဏာရှင်ကိုတော်လှန်တာဖြစ်ပေမယ့် တဖက်မှာလည်း လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုတွေကို ခွဲခြားနှိမ်ချရာရောက်စေပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပိုင်း ပြန့်နှံ့လာတာက တစ်ကွက်ပြ ကာတွန်းလို့ခေါ်တဲ့ ကာတွန်းရုပ်ပုံတွေ ဖြစ်ပါ တယ်။ဒီလိုကာတွန်းတွေဟာ ထင်သာမြင်သာရှိပြီး စက္ကန့်ပိုင်းအတွင်း လူတွေရဲ့ အာရုံကို စာရော ကာတွန်း ရုပ်ပုံမှာပါ ဆွဲဆောင်စေတာကြောင့် ပြန့်နှံမှုကလည်း အချိန်တိုအတွင်းမှာ ပိုထိရောက်စေပါတယ်။

အခုရက်ပိုင်းမှာတော့ Non CDM လုပ်တဲ့သူတွေကို Social Punishment လုပ်တဲ့အနေနဲ့ ဖော်ပြလာတာ တွေရှိသလို ကျောင်းဖွင့်ချိန်ကာလဖြစ်တာကြောင့် ကျောင်းဆရာ၊ ဆရာမတွေနဲ့ပတ်သက်တဲ့ စာတွေ ကာတွန်းတွေကို ပိုမိုမြင်တွေ့လာနေရပါတယ်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက လူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ မီဒီယာတစ်ခုကနေ Non CDM တွေနဲ့ပတ်သက်တဲ့ ကာတွန်းရုပ်ပုံတစ်ခုကို ဖော်ပြခဲ့ပါတယ်။

ဒီကာတွန်းပုံမှာတော့ စာသင်ခန်းအပြင်ကနေ စစ်ဗိုလ်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက်က ” စာသင်ဖို့ အဆင်သင့်ပဲလားဆရာမ” လို့ပြောနေပုံနဲ့ စာသင်ခန်းထဲက ကျောင်းဆရာမဝတ်စုံနဲ့ အမျိုးသမီးက စားပွဲပေါ် လက်တင်ထားတဲ့အနေအထားမှာ “အဆင်သင့်ပါပဲ”လို့ ပြန်လည်ပြောဆိုနေပုံဖြစ်ပါတယ်။

ကာတွန်းထဲမှာ ကျောင်းဆရာမရဲ့ကိုယ်ဟန်အနေအထားကို လိင်အသားပေးရုပ်ပြတွေ၊ ပိုစတာတွေထဲက ပုံတွေလိုမျိုးပုံဖော်ထားတာကိုလည်းတွေ့ရမှာပါ။

ကာတွန်းပုံမှာ CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ကျောင်းဆရာမတွေကို သရော်တဲ့ နည်းလမ်းနဲ့ ရည်ညွှန်းပြောဆိုတာဖြစ်ပေမယ့် ကာတွန်းပုံအနေအထားနဲ့ စကားလုံးတွေဟာ အမျိုးသမီးတစ်ယောက်ကို လိင်အသားပေးဖော်ပြရာရောက်စေပြီး အနုပညာဆိုတဲ့ခေါင်းစဉ်အောက်မှာ နိမ့်ကျတဲ့ အတွေးအခေါ်နေနဲ့ လူတွေကို အဆိပ်အတောက်တွေကို ဖြန့်ဝေရာရောက်စေတယ်လို့ CMMD Journalism School ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ မလွတ်လပ်စိုးက ပြောပါတယ်။

“ကာတွန်းရဲ့ ရည်ရွယ်ချက်က Non-CDM လုပ်တဲ့ ဆရာမတွေကို SP လုပ်တာလို့ ယူဆပါတယ်။ ဒါပေမယ့် အင်မတန် အောက်တန်းကျတဲ့ သရုပ်ဖော်မှုမျိုးပါ။ မီဒီယာတခုကို သုံးပြီး ကိုယ့်အယူအဆကို ဖော်ပြတဲ့နေရာမှာ အဆိပ်အတောက်ဖြစ်စေမယ့် ဝါဒဖြန့်တာမျိုး၊ အသိပညာ ဗဟုသုတ၊ အယူအဆမျိုးကို ရှောင်သင့်တဲ့ ကျင့်ဝတ် ဆိုတာ ရှိပါတယ်။ ဒါကို လုံးဝနားမလည်တဲ့ သရုပ်ဖော်မှုမျိုးပါပဲ။ ဒီနေရာမှာ အမျိုးသမီးကို ရည်ရွယ်တာ မဟုတ်ပဲ အမျိုးသားကို ရည်ရွယ်တယ်ဆိုရင်လဲ ဘယ်လိုမှ လက်ခံလို့မရတဲ့ကိစ္စပါ။ ကာတွန်းလို့တောင် မသတ်မှတ်ချင်ပါ။ ပုဂ္ဂိုလ်ရေးရင်းနှီးပေမယ့် အားမနာတမ်းဝေဖန်ရရင် ဒီလိုအယူအဆမျိုးနဲ့ အနုပညာနယ်ပယ်၊ စာပေနယ်ပယ်မှာ ဆက်လက်ရပ်တည်နေရင်ပြည်သူကို အသိပညာ အဆိပ်အတောက်ပေးသူသာပဲ ဖြစ်နေမှာ ပါ။ အင်မတန် အန္တရာယ်များတဲ့ အတွေးအခေါ်ပါပဲ” လို့ မလွတ်လပ်စိုးကတော့ မှတ်ချက်ပြုပါတယ်။

အဆိုပါ ကာတွန်းပုံဟာ တစ်နာရီအတွင်းမှာပဲ ကြည့်ရှုသူ 9K(၉၀၀၀) ကျော်သွားခဲ့သလို မျှဝေသူ 13K (၁၃၀၀၀) ထိ ရှိခဲ့ပါတယ်။

ကောမန့်ဝင်ရောက်ရေးသားသူကတော့ 5.2.K (၅၂၀၀) အထိ ရှိခဲ့ပြီး လူစိတ်ဝင်စားမှု များစွာရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီကာတွန်းပုံကို ဖော်ပြထားတဲ့ မီဒီယာဌာနဲ့ Page အောက်မှာ ကာတွန်းနဲ့ပတ်သက်ပြီး အမြင်သဘောထား မှတ်ချက်တွေများစွာဝင်ရောက်ရေးသားခဲ့ကြပါတယ်။

အဲ့ဒီလိုဝင်ရောက်ရေးသားတဲ့အထဲမှာလူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ ပြီး မီဒီယာရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေခဲ့ကြပါတယ်။

ကာတွန်းရေးဆွဲသူရော၊ လူထုရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ မီဒီယာတွေအနေနဲ့ရော အခုလို ရေးသားဖော်ပြမှုမျိုးတွေကို ဂရုတစိုက်ဆောင်ရွက်သင့်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။

အဲ့ဒီအထဲက မှတ်ချက်တစ်ခုကတော့ “အခုနောက်ပိုင်း ပြည်သူတွေအကြိုက်ရေးကြ ဆွဲကြရင်းကနေ အမျိုး သမီးတွေကိုပါစော်ကားတဲ့ လူပြိန်းအကြိုက် အောက်တန်းကျကျတွေပါတွေ့လာရတယ်။CDM မလုပ်တာ ကတပိုင်း အခုလိုမျိုးကတော့ အတော့ကိုဆိုးရွားတယ်၊ ရေးဆွဲသူရော တင်ပေးတဲ့သူရော ပြန်လည်ပြီး Share နေသူတွေရော ဒါက သူတို့တွေရဲ့ အဆင့်အတန်းနဲ့စိတ်ထားတွေကိုရော ဖေါ်ပြနေတာပဲ။ ပိုဆိုးတာက ကိုယ်တွေလေးစားရတဲ့ သတင်းဌာနအစစ်အမှန်တွေတွေမှာပါ ဒီလိုအပေါ်စားဆန်ဆန် လူပြိန်းအကြိုက် ခေါင်းစဉ်တွေ တွေ့လာရတယ်၊ သတင်းတွေဟာ Professional (ပရော်ဖက်ရှင်နယ်) အပေါ်မှာမသွားတော့ပဲ Emotional (စိတ်ခံစားမှု)ပေါ်ကပဲ သွားကြတော့တယ်။ အမျိုးသမီးတွေကို sexual harassment လုပ်တဲ့ ပုံတွေ ၊ပို့စ်တွေနဲ့သတင်းတွေအောက်မှာ ပျော်ရွင်မြူးတူးစွာ အားပေးနေတဲ့သူတွေကို မြင်ရတာ စိတ်မကောင်း ဖြစ်မိတယ်” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

နောက်ထပ် အမျိုးသားတစ်ဦးရဲ့ မှတ်ချက်ပြုသံကတော့ ” ဘုံရန်သူကိုပဲပစ်မှတ်ထားပါဆိုပြီး ကျန်တဲ့သူတွေကို လိုက်ထိခိုက် စော်ကားခံရတာတော့ မဟုတ်သေးဘူးလေ။CDM လုပ်တဲ့ကျောင်းဆရာမတွေ အသက်ပေးရတဲ့ အမျိုးသမီးသူရဲကောင်းတွေ မျက်နှာလည်းထောက်ပါ။ ခင်ဗျားတို့မှာ သရော်စရာ သားကောင် အမျိုးသမီးပဲ ရှိလား” လို့ရေးသားထားပါတယ်။

အခုလို မှတ်ချက်ပြုမှုတွေ ဝေဖန်ထောက်ပြမှုတွေပြုလုပ်ပြီး နာရီပိုင်းအကြာမှာတော့ ပို့စ်တင်ထားတဲ့ မီဒီယာဌာနကနေ အဆိုပါ ကာတွန်းရုပ်ပုံကို ပြန်လည် ဖျက်ပစ်ခဲ့ပြီး တောင်းပန်စာကိုလည်း ရေးသား ဖော်ပြခဲ့ပါတယ်။

“ဒီဗွီဘီ ဝက်ဆိုက်နှင့် ဒီဗွီဘီ လူမှုကွန်ရက်စာမျက်နှာတွင် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက တင်ခဲ့သည့် CDM မလုပ်သည့် ဆရာမများနှင့် ပတ်သက်သော သရော်ကာတွန်းသည် ဒီဗွီဘီ အယ်ဒီတာ မူဝါဒ၊ Gender မူဝါဒနှင့် မကိုက်ညီသည့်အတွက် ပြန်လည်ဖြုတ်ချထားပြီး ဖြစ်ပါသည်။ အချိန်အခက်အခဲ၊ နေရာအခက်အခဲ ၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအခက်အခဲနှင့် အလုပ်တာဝန်အများအပြားကြားတွင် အလုပ်လုပ်နေရသည့်အ တွက် သေသေချာချာ မတိုင်ပင်၊ မစိစစ်နိုင်ဘဲ တင်မိလိုက်ခြင်းဖြစ်ပါသည်။ အဆိုပါကာတွန်းကို ဖော်ပြခဲ့သည့် အတွက် ဒီဗွီဘီ ပရိသတ်ကို အလေးအနက်တောင်းပန်ပါသည်’ လို့ ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။

DVB TV က ဒီကာတွန်းကိုတင်မိလို့ပရိသတ်ကို တရားဝင်တောင်းပန်တယ်ဆိုပေမယ့် ရည်ရွယ်ချက်ရှိလို့ တင်တာပဲဖြစ်ဖြစ် ရည်ရွယ်ချက်မရှိဘဲတင်တာဖြစ်ဖြစ် ဒါဟာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်တဲ့အတွက် တင်လိုက် တောင်းပန်လိုက်မဟုတ်ဘဲ မူဝါဒအရ တားမြစ်တာမျိုးဖြစ်သင့်ပါတယ်၊ Gender အကဲဆတ်ဖို့လို ပါတယ်။

စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေလမ်းမပေါ်ထွက်ကန့်ကွက်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကပါခဲ့ကြတာပါ။

တော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူ ၇၀၀ ကျော်အနက်မှာ အမျိုးသမီး ၄၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားတဲ့စာရင်းက ဆိုပါတယ်။

ဒါ့အပြင် CDM လှုပ်ရှားမှုတွေအပါအဝင် နယ်ပယ်အသီးသီးက အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စစ်အုပ်ချုပ်ရေးကိုအလိုမရှိကြောင်းကိုပြသပြီး ရတဲ့နည်းနဲ့ဆန့်ကျင်တော်လှန်နေကြတာလဲဖြစ်ပါတယ်။

အခုလို အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားပြုမှုတဲ့ပို့စ်တွေကို မီဒီယာတစ်ခုအနေနဲ့ မဖော်ပြသင့်ဘူးလို့ မှတ်ချက်ပြုကြသလို ဒီလို ကာတွန်းတွေ ပုံတွေ စာတွေအောက်မှာ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှု၊ LGBT တွေရဲ့ ဖြစ်တည်မှုကို ခွဲခြားဆက်ဆံနှိမ်ချ ပြောဆိုပြီး လှောင်ရယ်နေကြတာဟာ ဟာသမဟုတ်ဘူး၊ အနုပညာ မဟုတ်ဘူးလို့လည်း ထောက်ပြလာကြပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မျိုးခိုင်ကတော့ “အမျိုးသမီး အခွင့်အရေး လုပ်ဆောင် နေတဲ့သူအနေနဲ့ ဒီလိုမျိုး အမျိုးသမီးတွေရဲ့ ကာယိ‌န္ဒြေပျက်ပြားအောင် ပုံဖော်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အသားပေးပြီး ဆွဲထားတဲ့ ကာတွန်းတွေကို လက်မခံနိုင်ပါဘူး။ CDM မလုပ်ပဲ ကျောင်းသွားမယ့် ဆရာတွေထဲမှာ အမျိုးသားဆရာတွေရော၊ အမျိုးသမီးဆရာတွေရောရှိတာဘဲ ဒါပေမယ့် သရော်ဖို့အတွက်၊ နှိမ်ချဖို့အတွက်ဆို အမျိုးသမီးတွေကိုပဲ ပုံဖော်ပြီး ဖော်ပြတတ်ကြတာကို ခဏခဏတွေ့ရတယ်။ စစ်အစိုးရကို ကိုယ်ကျွမ်းကျင်ရာ ကာတွန်းနဲ့ ဆန့်ကျင်ပုံဖော်တာက ကောင်းပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ LGBT တွေနဲ့ အခြား ထိခိုက်လွယ်သူတွေရဲ့ အခွင့်အရေးနဲ့ သိက္ခာကို ထိခိုက်စေမယ့် တင်ပြမှုတွေ မလုပ်သင့်ဘူး” လို့ သူ့ရဲ့ အမြင်ကိုပြောပါတယ်။

အခုလို ကာလမှာ ကာတွန်းလက်ရာတွေနဲ့ တော်လှန်ရေးအတွက် တစ်တပ်တစ်အားပါဝင်တာကို ကြိုဆိုသလို အမျိုးသမီးတွေအပေါ် လိုင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုမျိုးပါဝင်တဲ့ အတွေးအခေါ်နဲ့ ဖြန့်ဝေမှုတွေကိုလည်း အဆုံးသတ်ဖို့လိုနေပြီလို့ သတင်းမီဒီယာသင်တန်းဆရာမ မတင်ဇာအောင်က အကြံပြုထားပါတယ်။

“ကာတွန်းတွေနဲ့ ပတ်သက်ရင်တော့ ဒီကာလထဲ တစ်တပ်တစ်အားက ပါဝင်တဲ့ ကာတွန်းလက်ရာတွေ အများကြီး အားတက်စရာ မြင်ရပါတယ်။ ဒီကာတွန်းမှာ မြင်တာတော့ ကျောင်းတက်တဲ့ ဆရာ။ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေလည်းပါနိုင်တာပါတယ်။ အဲဒီသူတွေကို social punishment လုပ်တဲ့ သဘောမျိုး ဆွဲတယ်လို့ နားလည်နိုင်ပါတယ်။ဒါပေမယ့် ဒီလို ဆွဲတဲ့အခါမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိခိုက် စော်ကားမှုလည်း ရောနှောပါဝင်တယ်လို့ ကာတွန်းပုံကို ကြည့်တဲ့အခါ ခံစားရပါတယ်။ ဒါဟာ social punishment လုပ်တာချင်း အတူတူ အမျိုးသမီးတွေကိုဆို လိင်ပိုင်းဆိုင်ရာအရ ထိခိုက်မှုလုပ်တာမျိုးတွေ အတွေးအခေါ်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ခံစားရတာပါ။ ဒီတစ်ခေါက်မှာ ကျွန်မတို့ဟာ မသင့်တော် တဲ့ အရာတွေကို တစ်ပါတည်း ထုတ်ဖော်ပြောကြားသွားဖို့ လိုတယ်လို့လည်း ယူဆပါတယ်။ ဒါကြောင့်လည်း ဒီလို အတွေးအခေါ်တွေကိုပါ တစ်ပါတည်း ချုပ်ငြိမ်းကြဖို့ အကြံပြုလိုပါတယ်” လို့ မတင်ဇာအောင်က ဆိုပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးကာလမှာ အဆိုပါ ကာတွန်းပုံမှ မဟုတ်ပါဘူး။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားပြုမှုပုံတွေ၊ LGBT တွေကို လှောင်ပြောင်သရော်ဖော်ပုံတွေနဲ့ အမျိုးသမီးဖြစ်ခြင်းပေါ်မှာ နှိမ့်ချခွဲခြား ဆက်ဆံတတ်တဲ့ အတွေးအခေါ်တွေ လွှမ်းမိုးနေတဲ့ကာတွန်းပုံတွေ စာအရေးအသားတွေကိုများစွာ မြင်တွေ့ နေရပါတယ်။

ကျား-မတန်းတူညီမျှရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ မနန်းဖြူဖြူလင်းက “ငယ်စဉ်ကတည်းက ကိုယ် ခန္ဓာပိန်ခြင်း၊ ဝခြင်း ၊ ပုခြင်း၊ ရှည်ခြင်း၊ကြီးခြင်း၊ သေးခြင်း၊ မသန်စွမ်းဖြစ်ခြင်း စတာတွေကို စနောက် စခြင်းတွေ ဟာ လူ့အခွင့်အရေးကိုချိုးဖောက်နေတယ်ဆိုတဲ့အသိ ဒီမှာသိပ်မရှိကြဘူး။ ပျော်ပျော်ကြီးကို စနောက်နေကြတာ ထမင်းစားရေသောက်ပဲ။ အဲ့ထက်ပိုဆိုးတာက အမျိုးသမီးခန္ဓာကိုယ်ကို စနောက်ရာ လိင် အသားပေး ဖော်ပြစရာအနေနဲ့သဘောထားကြတာပဲ ဒါကိုလက်သင့်မခံကြောင်းပြောပြမှရမယ် စနောက်နေတဲ့ ယဉ်ကျေးမှု ဟာမှားနေပါတယ်ဆိုတာပြောမှရမယ် ဒါမှ ပြုပြင်စရာရှိတာပြုပြင်နိုင်မှာပါ။” လို့ ထောက်ပြပါတယ်။

ဒီကာလမှာ ပြည်သေူတွဟာ ဘုံရန်သူကို တော်လှန်ရမယ်ဆိုတဲ့ စိတ်ခွန်အားတစ်ခုကြောင့် အခုလို ကျား-မ ရေးရာ ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်ဖို့အတွက် ကိစ္စရပ်တွေကို ခေတ္တ နောက်ချန်ထားခဲ့ရပြန်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးတွေနဲ့ LGBT တွေကို စော်ကားပြုမှုတဲ့ အတွေးအခေါ်တွေက အာဏာရှင် ဆန့်ကျင်ရေးတလျှောက်မှာ ပိုမိုမြင်တွေ့လာရတာကြောင့် ကျားမရေးရာ ခွဲခြားဆက်ဆံမှုတွေ၊ အမျိုးသမီးတွေ ကိုဖိနှိပ်ထားတဲ့ ရှေးရိုးဆွဲအမြင်တွေကိုပါ ဒီတော်လှန်ရေးမှာ တပြိုင်နက်တည်း အပြစ်ပြတ်တွန်းလှန်ဖို့ လိုအပ်နေတယ်ဆိုတာပိုမိုသိသာထင်ရှားလာစေတာဖြစ်ပါတယ်။

“ခံယူချက်သဘောထားတွေပြုပြင်ပြီးရင် အဖွဲ့တွေ အသိုင်းဝိုင်းတွေကလည်း အခြေခံစည်းမျဉ်းချမှတ်ဖို့လို သလို၊ ဥပမာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာဖော်ပြတဲ့ ပုံသုံးခွင့်မပြု၊ LGBT & disable တွေ၊ တိုင်းရင်းသားတွေကို ထိပါးစော်ကြား ခွဲခြားတာတွေ ဖော်ပြခွင့်မပြုတာတို့လိုပါတယ်။ ဒါတွေဟာ အကြာကြီး လုပ်ကြရအုန်းမယ့် အရာတွေဖြစ်သလို ပရိတ်သတ်ဖက်ကလည်း လူ့အခွင့်အရေး အသိရေချိန်မြင့်ဖို့လိုမယ်။ ဒါမျိုးဆွဲတာ လက်မခံပါ ဘာကြောင့်လက်မခံနိုင်တာဆိုတဲ့ အဖြေကိုပါ သေချာပြောပြရမှာဖြစ်ပါတယ်” လို့ မနန်းဖြူဖြူလင်းက မှတ်ချက်ပေးပါတယ်။

Related Articles