Home ဆောင်းပါး ဖက်ဒရယ်ပညာရေးကို ပုံဖော်ထုဆစ်နေသူ မခင်စန္ဒာညွန့်

ဖက်ဒရယ်ပညာရေးကို ပုံဖော်ထုဆစ်နေသူ မခင်စန္ဒာညွန့်

ရှင်ငြိမ်း     

ကြီးမားတဲ့သစ်တော၊ သစ်ပင်ကြီးတွေအောက်မှာ သစ်တိုင်တွေပေါ် အစိမ်းရောင်ပလတ်စတစ် အုပ်မိုးထားပြီး ပေါက်ပြဲနေတဲ့ ဝါးထရံတွေကို မလုံမခြုံကာရံထားတဲ့ စာသင်ဆောင်လေးတွေက အခိုင်အမာတည်ရှိလို့နေတယ်။

ဒီစာသင်ဆောင်လေးတွေ ရှိတဲ့နေရာကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ရဲ့ လွတ်မြောက်နယ်မြေမှာရှိတဲ့ “နွေဦးဂုရုလေးများပညာရေးစင်တာ”ဆိုတဲ့ ကျောင်းဖြစ်တယ်။

စာသင်ဆောင်ရဲ့အတွင်းအပြင်နေရာတွေမှာ ကျောင်းသား ကျောင်းသူတွေ ဟိုတစ်စု ဒီတစ်စုနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေကို ကိုယ့်အုပ်စုနဲ့ ကိုယ်တက်ကြွစွာ လုပ်ဆောင်နေကြတယ်။

သူတို့ဘေးမှာလည်း သင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေကလည်း အားတက်သရောနဲ့ လိုက်လံကြီးကြပ်ပေးလျှက်ရှိတယ်။ ဒီကျောင်းမှာ စာသင်နေတဲ့ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမအများစုကတော့ စစ်ရှောင်တဲ့သူတွေဖြစ်ကြတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့စာရင်းတွေအရ ကရင်နီပြည်နယ်တစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နေရပ် စွန့်ခွာနေရတဲ့ စစ်ရှောင်ဦးရေဟာ သုံးသိန်းခွဲကျော် ရှိနေတာဖြစ်တယ်။ ဒီထဲမှာ တိုက်ပွဲတွေကြောင့်ပညာမသင်နိုင်တဲ့ကျောင်းသားလူငယ် ကလေးတွေ များစွာရှိနေပါတယ်။

တော်လှန်ရေးကာလ ပညာဆက်မသင်နိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ အနာဂတ်ပညာရေးအတွက် သူ့ဘဝကိုမြုပ်နှံပြီး စစ်ရှောင်လူငယ်တွေကို ပညာသင်ပေးနေသူကတော့ အသားညိုညို၊ အရပ်မနိမ့်မမြင့်နဲ့ မခင်စန္ဒာညွှန့်ဆိုတဲ့အမျိုးသမီးပါ။

အသက် ၃၆ နှစ်အရွယ် မခင်စန္ဒာညွှန့်ဟာ“နွေဦးဂုရုလေးများ ပညာရေးစင်တာ” ရဲ့ကျောင်းအုပ်တစ်ဦးလည်းဖြစ်တယ်။

သူက တော်လှန်ရေးကာလမှာ ခေတ်အဆက်ဆက်ခေါက်ရိုးကျိုးလာတဲ့ ပညာရေးစနစ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတဲ့ အမျိုး သမီးတစ်ဦးပါ။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို တော်လှန်ရင်း တိုင်းရင်းသားဒေသနဲ့ ကိုက်ညီတဲ့ဖက်ဒရယ်ပညာရေးကို ပုံဖော်နေသူလည်း ဖြစ်ပါတယ်။  

လက်ရှိတော်လှန်ရေးက ရေရှည်ဖက်ဒရယ်ဒီမိုကရေစီ သွားနေတာဖြစ်သလို တော်လှန်ရေးကာလမှာ ပညာရေးကိုလည်း ဖက်ဒရယ်ပညာရေးအဖြစ် အခြေခိုင်သွားအောင် ခုကတည်းက စထားဖို့လိုတယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

“ကျမတို့ကျောင်းသင်ရိုးမှာဆိုရင် မြန်မာပြည်ရဲ့မင်းတွေအကြောင်းသင်ရတယ်။ ဒါပေမဲ့ ကရင်၊ ကယား၊ ကရင်နီ၊ ရှမ်းစတဲ့ သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့သူရဲကောင်းတွေ၊ သူတို့နယ်ကို အစဉ်အဆက်ဦးဆောင်ဦးရွက်ပြုတဲ့ခေါင်းဆောင်တွေ၊ လွတ် လပ်ရေးရအောင်ဆောင်ရွက်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့အကြောင်းတွေကျတော့ စာအုပ်တွေထဲမှာမပါဘူး။ အဲ့တော့ ကလေး တွေလည်း နားလည်ဖို့ခက်တယ်။ သင်တဲ့ဆရာမတွေလည်း အခက်တွေ့ရတယ်။”လို့ သူက ထောက်ပြပါတယ်။

“ ဒါက ကလေးတွေရဲ့စဉ်းစားတွေးခေါ်မှုနဲ့ ဗဟုသုတပိုင်းမှာ တိုးတက်သွားအောင် ထိရောက်တဲ့သင်ခန်းစာမျိုးမဟုတ်ဘူး။ ကိုယ့်ဒေသမှာရှိတဲ့အကြောင်းအရာတွေ၊ သမိုင်းကြောင်းဆိုင်ရာတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေကို သင်ကြားပေးရမှာသာ ကလေး တွေက ဆက်စပ်နားလည်လို့ရမယ်။ သင်ပေးတဲ့ဆရာမလည်း အကိုးအကားနဲ့ သေချာထောက်ပြညွှန်ပြပေးနိုင်မယ်။ ဒါမှလည်း ကလေးတွေအနေနဲ့ သင်ယူပြီးသွားပြီဆိုလည်း သင်ယူထားတဲ့ဗဟုသုတက တကယ့်လက်တွေ့ဘဝမှာ အကျိုးရှိလိမ့်မယ်။”လို့ မခင်စန္ဒာညွှန့်က ရှင်းပြပါတယ်။

ဗဟိုချုပ်ကိုင်ထားတဲ့အစိုးရကျောင်းရဲ့သင်ရိုးတွေက ဒေသတစ်ခုခြင်းဆီရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှု၊ မတူကွဲပြားတဲ့သမိုင်း ကြောင်းအစဉ်အလာ၊ မတူကွဲပြားတဲ့ဓလေ့တွေ၊ သဘာဝပတ်ဝန်းကျင်တွေအပေါ်မှာ အခြေခံပြီး သင်ရိုးရေးဆွဲတာမဟုတ်တာ ကြောင့် တိုင်းရင်းသားကလေးတွေအနေနဲ့ စာသင်ယူရမှာ အခက်အခဲဖြစ်ကြရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာနေထိုင်တဲ့ဦးအုန်းမေဆိုလည်း မြန်မာစာကို ကောင်းစွာနားမလည်တာကြောင့် အလယ် တန်းရောက်တဲ့အထိ စာမလိုက်နိုင်လို့ အစမ်းစာမေးပွဲတိုင်းမှာ မအောင်တာများတယ်လို့ ပြောပါတယ်။

ဒီလိုပဲ ကချင်တိုင်းရင်းသူဖြစ်တဲ့မထွယ်ဆိုင်ကလည်း သူအင်္ဂလိပ်မေဂျာနဲ့ တက္ကသိုလ်တက်စဉ်က“ မြန်မာစာသင်ရတော့ ဇာတ် တော်တွေ ပါဋ္ဌိတွေ၊ ဘုရင်တွေအကြောင်းသင်ရတယ်။ ဘာလို့သင်ရမှန်းကိုနားမလည်ခဲ့ဘူး။ ဘာမှလည်းအကျိုး မရှိခဲ့ဘူး။ ကျက်ရတာတောင် ခက်သေးတယ်။”လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသက ကလေးတွေလည်း မြန်မာစာမကျွမ်းကျင်တာကြောင့် စာမေးပွဲ အောင် ဖို့နေနေသာသာ စကားလုံးတိုင်းကို နားလည်အောင် မနည်းကြိုးစားသင်ပေးနေရတယ်လို့ မူလတန်းကျောင်းအုပ် ဆရာမ တစ်ဦးက ဖွင့်ဟပါတယ်။

ဒါ့ကြောင့် မခင်စန္ဒာညွန့်က တော်လှန်ရေးကာလမှာ ဖက်ဒရယ်ပညာရေးစနစ်၊ ဖက်ဒရယ်ပညာရဲ့တန်ဖိုး၊ ဒီတန်ဖိုးတွေကို အခြေခံပြီးတော့မှ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို လုပ်မထားဘူးဆိုရင် တော်လှန်ရေးပြီးမြောက်အောင်မြင်သွားမှ ပညာရေး ကို အစကနေလုပ်မယ်ဆိုရင် ဘာမှထူးမှာမဟုတ်ဘူးလို့လည်း သတိပေးပါတယ်။

“ သင်ရိုးတွေက ဒေသအခြေပြုဖို့အရေးကြီးသလို သင်ကြားရေးနည်းစနစ်တွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါတွေက တော်လှန်ရေးကာလမှာ ပြင်လို့ရတယ်။ စပြီးလုပ်သင့်တဲ့အကြောင်းအရာတွေဖြစ်တယ်။”လို့ သူက ထောက်ပြပါတယ်။

တကယ်တော့ မခင်စန္ဒာညွှန့်ဟာ ကရင်နီပြည်နယ်ရဲ့ဒေသခံတစ်ဦးမဟုတ်သလို မကြာခဏရောက်တတ်သူလည်း မဟုတ်ပါ။ ဒါပေမဲ့ တစ်ကြိမ်သာရောက်ဖူးတဲ့ကရင်နီဒေသမှာ သူ့ဘဝတစ်ခုလုံးကို မြုပ်နှံထားတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။

မခင်စန္ဒာညွှန့်ဟာ စစ်အာဏာမသိမ်းမီက ရန်ကုန်မြို့မှာ သူဝါသနာပါတဲ့မနုဿဗေဒဘွဲ့လွန်အတွက် သုတေသနတွေလုပ်ကိုင် ရင်း လူငယ်ရေးရာတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။

သုတေသနလုပ်ရာမှာ လိုအပ်တဲ့ကင်မရာသင်တန်းတက်လိုက်တာက ကရင်နီဒေသမှာအခြေချဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုရ မှာပါ။ ဘာလို့လဲဆိုရင် စစ်အာဏာသိမ်းလိုက်တော့ လူထုအုံကြွမှုဖြစ်လာတဲ့အချိန်မှာ မခင်စန္ဒာညွှန့်က သူတတ်မြောက် ထား တဲ့ ဓါတ်ပုံပညာနဲ့ သပိတ်တွေမှာ လိုက်ပါမှတ်တမ်းယူဖြစ်ခဲ့တယ်။

၂၀၂၁ ဧပြီနောက်ပိုင်း ဖမ်းဆီးတာတွေခပ်စိပ်စိပ်ဖြစ်လာတော့ ဆန္ဒပြဖို့၊ မှတ်တမ်းဓါတ်ပုံယူဖို့ ခက်ခဲလာတာနဲ့ စက်တင်ဘာမှာ သူလုပ်ချင်တာတွေလွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အဖော်မပါဘဲ တကိုယ်ထဲ ကရင်နီပြည်နယ်ဘက်ကို ထွက်လာခဲ့ပါတယ်။

မွေးချင်းမောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် သူ့ကိုယ်သူယုံကြည်ချက်အပြည့်နဲ့ လျှောက်လမ်းနေတဲ့မခင်စန္ဒာညွန့်ရဲ့ လုပ်ရပ်အပေါ် မိသားစုဝင်တွေကလည်း ကန့်ကွက်တာမရှိခဲ့ပါဘူး။

“ကျမအတွက် ကရင်နီပြည်နယ်က နယ်မြေဒေသအသစ်ဖြစ်တယ်။ စိန်ခေါ်မှုတွေလည်း များမယ်။ လေ့လာစရာတွေလည်း အများကြီးရှိမယ်လို့ ယုံကြည်တယ်။ အဲ့ဒါနဲ့ထွက်လာဖြစ်တယ်ပေါ့။”လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

ကရင်နီပြည်နယ်ရောက်တော့ သူက လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ရှောင်တွေနဲ့အတူ တောထဲမှာလှည့်လည်နေထိုင်ရင်း မှတ် တမ်းဓါတ်ပုံတွေရိုက်တာ၊ စာရေးတာတွေဆက်လုပ်နေခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကြောင်းမကြာခဏထိုးတာကြောင့် နေရာအတည်တကျမရှိဘဲ ရှောင်လိုက်ပုန်းလိုက်နဲ့ နေထိုင်ခဲ့ပြီး နယ်မြေနဲ့ ဒေသအခြေအနေကို လေ့လာခဲ့တယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ရှေ့တန်းထိလိုက်ကာ မြေပြင်အခြေအနေတွေကို မှတ် တမ်းယူတာတွေလည်း ရှိတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မခင်စန္ဒာညွှန့် မှတ်တမ်းတင်ထားတဲ့ “Indivisible / ခွဲထုတ်မရသော” ခေါင်း စဉ်နဲ့ နွေဦးကျန်းမာဆေးရုံအကြောင်း ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကိုလည်း ကမ္ဘာသိအောင်ပြသနိုင်ခဲ့တယ်။

သူက ဒီဓါတ်ပုံတွေကို နွေဦးကျန်းမာရေးဆေးရုံအဖြစ် မစတင်မီ ၂၀၂၁ ခုနှစ်နောက်ပိုင်း အစပျိုးနေချိန်ကတည်းက အဖွဲ့သား တွေနဲ့အတူရှိနေချိန်မှာ မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်တယ်။ နောက်ထပ်ဓါတ်ပုံပြပွဲတစ်ခုထပ်လုပ်ဖို့လည်း သူ့မှာ အစီအစဉ် တွေရှိနေပါတယ်။

အခုလိုဓါတ်ပုံမှတ်တမ်းတွေလိုက်ယူရင်းနဲ့ မြေပြင်မှာရှိတဲ့စစ်ရှောင်အခြေအနေတွေ၊ ကျန်းမာရေး၊ ပညာရေးစတာတွေရဲ့ လို အပ်ချက်တွေကို မခင်စန္ဒာညွှန့်က သိရှိသဘောပေါက်လာခဲ့တယ်။

“ စစ်ရှောင်တွေက တိုက်ပွဲဖြစ်လို့ ရွှေ့ပြီဆိုရင် သူတို့ကလေးတွေအတွက် ကျောင်းအဆင်ပြေမယ့်နေရာနဲ့ လုံခြုံတဲ့နေရာကို ဦး စားပေးရွေ့တယ်။ ပညာရေးကလည်း ရွေ့ပြောင်းဖို့အတွက် အဓိကတွန်းအားတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားမိခဲ့တယ်။” လို့ သူက ရှင်းပြပါတယ်။

ဒါနဲ့ ရောက်တဲ့နေရာ တောထဲစစ်ရှောင်နေရင်း စစ်ရှောင်မိဘတွေက အကူအညီတောင်းတာနဲ့ ကလေးတွေကို စာသင်ပေး ဖြစ် ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကရင်နီဒေသကို စရောက်တော့ အတူနေတဲ့သူငယ်ချင်းအဖွဲ့အစည်းတစ်ခုကနေ ကမ်းလှမ်းတဲ့အတွက် “နွေဦးဂုရုလေးများပညာရေးစင်တာ”ကို ဦးစီးအုပ်ချုပ်ဖို့ ဖြစ်လာပါတယ်။

ဒီကျောင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ မခင်စန္ဒာညွှန့်အပါအဝင် လူငယ်ခြောက်ဦးက စုပေါင်းထူထောင်ခဲ့တာဖြစ်ပြီး အဖွဲ့ သားတွေရဲ့တောင်းဆိုမှုကြောင့် သူက ကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့တယ်။

“အာဏာသိမ်းပြီးတော့ စစ်ရှောင်စခန်းတွေမှာက ကိုယ်ထူကိုယ်ထကျောင်းတွေမှာ မူလတန်းအဆင့်ပဲရှိတယ်။ အဲ့မှာ အလယ် တန်းနဲ့ အထက်တန်းက ကလေးတွေကျောင်းမတက်ရဘူး။ ဒါနဲ့ ကျောင်းဆက်မတက်ဖြစ်တော့တဲ့စစ်ရှောင်တွေကိုပဲ ဦးစား ပေးပြီးတော့မှ လက်ခံသင်ကြားပေးတာ အခုထိပဲပေါ့။”လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

မခင်စန္ဒာညွန့်ဟာ ဒေသနဲ့ကိုက်ညီမယ့် သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲပြီး သူကိုယ်တိုင် ကလေးငယ်တွေကို သင်ကြားပေးနေ တာပါ။ ကျောင်းမှာ မိခင်ဘာသာစကား၊ အသက်မွေးသင်တန်းကျောင်းနဲ့ Diploma in Social Studies program ကို အဓိက သင်ပေးနေတာဖြစ်တယ်။

ဒီကျောင်းမှာ Social Study ဘာသာရပ်ဆိုလည်း ပြင်ပက ပညာရှင်တွေခေါ်ပြီး ခေါင်းဆောင်မှု၊ ကျား မ တန်းတူညီမျှရေး ၊ ဖက်ဒရယ်၊ လူ့အခွင့်အရေး၊ ကရင်နီသမိုင်းအစရှိတာတွေကိုလည်း တစ်ပတ်ကို တစ်ကြိမ်(၁ရက်တာ)ဆွေးနွေးဟောပြော တာ လည်း လုပ်ပေးပါတယ်။

ဒါ့အပြင် ဖြတ်လေးဖြတ်တောက်ခံထားရတဲ့ကရင်နီဒေသမှာ စစ်ရှောင်တွေအနေနဲ့ ရိက္ခာပြတ်တောက်သွားပါက တောထဲက စားလို့ရတဲ့သီးနှံတွေ၊ ဆေးဝါးအဖြစ်သုံးလို့ရတဲ့သစ်ဥ၊ သစ်ဖုတွေနဲ့ ဆေးမြစ်ပင်တွေအကြောင်းကိုလည်း ဒေသခံ အကြီးအကဲ တွေက သင်ပေးနေတာပါ။

ဒါတွေအပြင် မိခင်ဘာသာဖြစ်တဲ့ကရင်နီ (ကယား) စာပေ၊ အင်္ဂလိပ်စာနဲ့ တခြားလက်မှုပညာ၊ အနုပညာဘာသာရပ်တွေပါ သင်ကြားပေးနေတာပါ။ ဒီပညာတွေက ကလေးတွေ ဘယ်လိုအခြေအနေမျိုး၊ ဘယ်နေရာကို ရောက်ရောက်အသုံးချနိုင်ဖို့၊ အကျိုးရှိဖို့အတွက် ရည်ရွယ်သင်ကြားပေးတယ်လို့ မခင်စန္ဒာညွှန့်က ဆိုပါတယ်။ 

ကျောင်းတွေရဲ့သင်ရိုးတွေ၊ အုပ်ချုပ်တဲ့ပုံစံတွေ၊ ပညာရေးနည်းစနစ်တွေကလည်း ဖက်ဒရယ်ပညာရေးစနစ်အတိုင်း ကျောင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လည်ပတ်နေတာဖြစ်တယ်။

ကလေးတွေ အထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်နိုင်ဖို့ နွေဦးတက္ကသိုလ်နဲ့ မိတ်ဖက်ချိတ်ဆက်ထားသလို အသိ အမှတ်ပြုမှုအပိုင်းမှာလည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ပညာရေးဌာနနဲ့ ချိတ်ဆက်ပေးထားပါတယ်။

ကျောင်းဖွင့်စမှာ ကျောင်းသားအယောက် ၅၀ နဲ့ ၆၀ ကြားပုံမှန်လက်ခံခဲ့ပြီး သူအပါအဝင် သင်ကြားရေးဆရာ၊ ဆရာမ လေးဦး နဲ့စတင်ခဲ့ပြီး ကျောင်းဖွင့်ထားတဲ့ နှစ်နှစ်အတွင်း ဆရာ၊ ဆရာမ ၁၇ ဦးထိတိုးလာခဲ့တယ်။

လက်ရှိမှာ ကရင်နီပြည်နယ်ရဲ့ ရွာပေါင်း ၆၅ ရွာမှ ကျောင်းသားကျောင်းသူတွေကို ကျောင်းအိပ်ကျောင်းစား ခေါ်ယူလေ့ကျင့် သင်ကြားပေးနေတာဖြစ်တယ် ။

ဒါ့အပြင် ကျောင်းပြီးသွားတဲ့လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရစေဖို့ မြေပြင်မှာလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၂၀ နီးပါး လောက်နဲ့ မိတ်ဖွဲ့ချိတ်ဆက်ထားပါတယ်။

လူငယ်တွေ တော်လှန်ရေးကာလမှာ အလေအလွင့်ဖြစ်မသွားအောင် ရည်ရွယ်ပြီး အလုပ်အကိုင်တွေဖန်တီးပေးထားတာ ဖြစ် တယ်။ ဒါကတော်လှန်ရေးထဲမှာလည်း မြေပြင်မှာ ပါဝင်လုပ်ဆောင်နိုင်မယ့်လူ့စွမ်းအားအရင်းအမြစ်တွေ အများအပြား လိုအပ် နေတာကြောင့်လို့ မခင်စန္ဒာညွန့်က ပြောပါတယ်။

သင်တန်းပြီးသွားတဲ့ကျောင်းသားတချို့ဆိုရင် တော်လှန်ရေးတပ်တွေထဲမှာ ထောက်ပို့၊ ဆေးဝါးအကူနဲ့ သင်ကြားရေးတွေ ပြန်လုပ်ကြတာရှိသလို စစ်ရှောင်စခန်းကို ပြန်ပြီး စာသင်ပေးနေကြသူတွေလည်း ရှိနေတာဖြစ်တယ်။

ဒီတော်လှန်ရေးအောင်မြင်သွားရင်တော့ သူဝါသနာပါတဲ့ သုတေသနအလုပ်တွေ လုပ်ရင်း ကရင်နီဒေသမှာ စာတွေဆက်ရေးမှာ ဖြစ်ပြီး ပညာရေးနဲ့အလှမ်းဝေးတဲ့ကလေးတွေရဲ့အနာဂတ်ပညာရေးအတွက် အတူရှိဖို့ သူက ဆုံးဖြတ်ထားပါတယ်။

ကျောင်းကိုလည်း တခဏတာအတွက် ရည်ရွယ်ဖွင့်ထားတာမဟုတ်ဘဲ တော်လှန်ရေးပြီးသွားတဲ့အခါ ပညာရေးအဖွဲ့ အစည်း တစ်ခုအနေနဲ့ ကျန်ခဲ့အောင် မခင်စန္ဒာညွန့်အနေနဲ့ ရည်ရွယ်ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ကျောင်း တစ်နှစ်လုံးလည်ပတ်နိုင်ဖို့ လစဉ်လိုအပ်ချက်တွေအပေါ်မှာလည်း မခင်စန္ဒာညွှန့်မှာ စိတ်ဖိအားများစွာရှိနေတာဖြစ်တယ်။ ဆရာ၊ ဆရာမအခက်အခဲ၊ သင်ထောက်ကူအခက်အခဲတွေအပြင် စစ်တပ်ရဲ့လေကြောင်းရန်ကိုလည်း အမြဲသတိပြုနေရတာပါ။

ဒီလိုစိတ်ဖိအားတွေရှိရက်နဲ့ ဆက်လုပ်နေရတာကလည်း ၈၈ အရေးအခင်းမှာ မွေးဖွားခဲ့တဲ့မခင်စန္ဒာညွှန့်က သူလို အရာရာ ကန့်သတ်ခံရပြီး အရည်အသွေးနိမ့်ပညာရေးမျိုး လူငယ်တွေကို မရစေချင်တာကြောင့်လို့ ပြောပါတယ်။

“ ကျမလူငယ်ဘဝက အရည်အသွေးမြင့်တဲ့ပညာရေးလည်းမရခဲ့ဘူး။ စာကြည့်တိုက်လည်း မရှိဘူး။ နိုင်ငံရေးအကြောင်းရေးလို့ ပြောလို့မရဘူး။ ဒါတွေကို ကိုယ်ရဲ့ညီမငယ်တွေကို မကြုံစေချင်ဘူး။ သူတို့ဘဝအတွက် အရည်အသွေးမြင့်ပညာရေးကို ရစေ ချင်တယ်။”လို့ သူက ဖွင့်ဟပါတယ်။

ဒါ့အပြင် “တော်လှန်ရေးမှာ ပညာမတတ်လို့မရဘူး။” လို့လည်း နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ကျောင်းအုပ် မခင်စန္ဒာ ညွန့်က ဆိုပါတယ်။

တော်လှန်ရေးကာလမှာ စစ်တိုက်တဲ့သူကတိုက်ပြီး ကျန်တဲ့သူက ပညာဖြည့်စရာဖြည့်ထားရမှာဖြစ်တယ်။ ဒါ့ကြောင့် တော်လှန် ရေးနဲ့ ပညာရေးကို တတွဲထဲလုပ်ဆောင်သင့်ကြောင်းကို အခုလိုဆော်သြနေပါတော့တယ်။

“ ဒါမှသာ တော်လှန်ရေးပြီးမြောက်သွားလို့ ကိုယ့်ဒေသကိုပြန်ပြီး နိုင်ငံရေးဆွေးနွေးမှုလုပ်ရတော့မယ်ဆိုရင် လူငယ်တွေ ပါဝင် ဆုံးဖြတ်နိုင်မယ်။ ဒီအတွက် ပညာရေးကို တော်လှန်ရေးနဲ့တတွဲထဲ လုပ်သွားဖို့အရေးကြီးတယ်။ အဲဒီအတွက်လည်း ကျမတို့ လုပ်တာဖြစ်တယ်။”

Author:

Related Articles