Home ဆောင်းပါး အရက်နဲ့ မူးယစ်နွံမှ ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်

အရက်နဲ့ မူးယစ်နွံမှ ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်

ရှင်ငြိမ်း   

“မူးယစ်ဆေးဆိုတာ တခါဆိုပေမယ့် အဲ့ဒီတခါရဲ့နောက်ကွယ်မှာ နှစ်ခါ သုံးခါ လေးခါ လာတယ်။ အဲ့ဒီ ၄၊ ၅ ခါနဲ့ အခါတရာ လာဖို့အတွက်က တခါက စတယ်။ အဲ့ဒီတခါကိုစလိုက်တာနဲ့ နောက်မှာ အခါတစ်ရာက တွဲကပ်ပါလာမယ်။”လို့ စကားဆိုလာသူကတော့ အဆိုတော် တွင်ကယ်(Twinkle)ပါ။

သူဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်က “ရှင်နော်” ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိ ခဲ့တဲ့အမျိုးသမီးအဆိုတော်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အပျော်ဆိုပြီး စလိုက်မိတဲ့အရက်နဲ့ မူးယစ်ဆေးနွံမှာ ၁၄ နှစ်လုံးလုံးနစ်မြုပ်ခဲ့ရပြီး ဒီမူးယစ်ဆေးကြောင့်စုဆောင်း ထားတဲ့ ရွှေငွေစည်းစိမ် အောင်မြင်မှုတွေအပြင် အိမ်ထောင်ရေးပါပြိုကွဲခဲ့ရတဲ့သူပါ။

စမ်းသုံးမိရင်လည်း တခါဆို ဆိုသလောက်စွဲသွားတတ်ပြီး လှုပ်လေ မြုပ်လေနဲ့ ရုန်းထွက်မရဖြစ်ကာ နောက်ဆုံး မှာ မူးယစ်ဆေးရဲ့ကျေးကျွန်ဖြစ်ရသူတွေထဲ အဆိုတော် တွင်ကယ်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

မီးကို ပူမှန်းသိရက်နဲ့သွားကိုင်ရင် ကိုယ့်ကိုလောင်မှာဖြစ်သလို မူးယစ်ဆေးလည်း မကောင်းတဲ့အရာလို့ သိထား ရင်တော့ တကြိမ်တခါတောင် မစမ်းသပ်ကြဖို့ အဆိုတော် တွင်ကယ်က သတိပေးစကားဆိုနေတာဖြစ်ပါတယ်။

ဒါဆိုရင် အဆိုတော် တွင်ကယ်အနေနဲ့ အရက်နဲ့ မူးယစ်နွံထဲကနေ ဘယ်လိုရုန်းထွက်နိုင်ခဲ့သလဲဆိုတာ မေး စရာရှိပါတယ်။ 

တကယ်တော့ အဆိုတော် တွင်ကယ်ရဲ့မိဘတွေဟာ လက်မထပ်ဘဲ ချစ်ကြိုက်မှားယွင်းပြီးရခဲ့တဲ့ ကလေးဖြစ်လို့ သူဟာ ၃ ရက်သမီး အရွယ်ကတည်းက အဖွား(ဖခင်ရဲ့အမေ)က ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတာဖြစ်ပါတယ်။

သူဟာ မလင်းလက်ထွန်းအမည်နဲ့ ၉ တန်းအောင်တဲ့အထိပညာသင်ခဲ့ပြီး အနုပညာလောကထဲကို တွင်ကယ် အမည် နဲ့ ဝင်ရောက်လာခဲ့တဲ့အဆိုတော်တစ်ဦးပါ။

“ကိုးတန်းတက်နေကတည်းက အမက သီချင်းလေးတွေမှာ နဲနဲစရိုက်နေပြီ။ ၁၀ တန်းတက်ရမယ့်နှစ်မှာ အမက အနုပညာ လုပ်ငန်းထဲရောက်နေပြီ။ အဲ့မှာ ကျောင်းလည်းဆက်မတက်ဖြစ်တော့ဘူး။”လို့ အဆိုတော် တွင်ကယ် က ပြောပါတယ်။

ကျောင်းထွက်ပြီးနောက် အဆိုတော် တွင်ကယ်ဟာ Trader Hotel ရဲ့ဂလက်ဇီဘားနဲ့ လော်ဘီဘားမှာ သီချင်းဆို တဲ့ အလုပ်ကို ၂ နှစ်ခွဲလောက်လုပ်ကိုင်ခဲ့တယ်။ ၉ တန်းကျောင်းသူအရွယ်မှာ သူရဲ့တလဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၃၀၀၊ ၁၄၀၀ လောက်ရခဲ့တာဖြစ်ပါတယ်။

သူ့အသက် ၁၆ နှစ်မှာ kid for future ဆိုပြီး မိန်းကလေး ၄ ယောက်သီချင်းထွက်ခဲ့ပြီး စုံတွဲအခွေများစွာနဲ့ live show တွေ မှာလည်း သီဆိုနေရသူဖြစ်လို့ အဲ့ဒီအချိန်အခါက တွင်ကယ်ဟာ ဝင်ငွေကောင်းတဲ့အဆိုတော် တစ်ဦး ဖြစ်ခဲ့ပါတယ်။ အပိုင်ရမှပေးမယ်ဆိုတဲ့ သူရဲ့ပထမဆုံးတကိုယ်တော်စီးရီးမှာလည်း ပရိသတ်ရဲ့အားပေးမှုကို အခိုင် အမာရရှိခဲ့ပြန်တယ်။

“အမက အဲ့ဒီအချိန်တုန်းက အသက်ငယ်ငယ်နဲ့ ပိုက်ဆံအရမ်းရှာတတ်နေပြီ။ ဒါပေမဲ့မဖြုန်းတတ်သေးဘူး။ သီ ချင်းဆိုဖို့ အထည်လေးဝယ်ပြီးရင် မိသားစုကိုပေးတယ်။ ဘုရားကျောင်းလှူတယ်။ ကျန်တာအားလုံး ရွှေတုံး တွေ စုတာ။”လို့ သူ့ဘဝ အကြောင်းကို ပြောပြပါတယ်။

ဒါပေမဲ့အဆိုတော် တွင်ကယ်ဟာ အပျော်အပါးကြိုက်ပြီး အပေါင်းအသင်းမက်လွန်းတာတွေက သူ့ဘဝ ဒုက္ခ ရောက်စေခဲ့တာဖြစ်ပါတယ်။ အလုပ်မှာ လူမူရေးပြဿနာတစ်ခုကြောင့် စိတ်ညစ်တာကို အကြောင်းပြုပြီး အ ပေါင်းအသင်း တွေနဲ့ အရက် သောက်မိရာကနေ သူ့ဘဝပျက်စီးဖို့ဖြစ်သွားခဲ့တာလို့ဆိုပါတယ်။

“ပထမတော့ စိတ်ညစ်လို့သောက်တယ်။ ပျော်လို့သောက်တယ်။ ခေါင်းစဉ်မျိုးစုံတပ်ပြီးသောက်တယ်။ ပြီးလည်း ပြီးတော့ စွဲလို့ စွဲနေမှန်းမသိတော့ဘူး။ ညတိုင်း မသောက်ရမနေနိုင်ဘူး။ အတင်းလိုက်ရှာသောက်တာပဲ။”လို့ သူကဆက်ပြောပါတယ်။

ကိုယ်တိုင်ကအစပိုင်းမှာ အရက်ကို ခပ်ပေါ့ပေါ့တွေးထင်ခဲ့ပြီး အကြောင်းအမျိုးမျိုး ပြသောက်ရင်းနဲ့ ၅ နှစ် လောက် အကြာမှာတော့အရက်စွဲမှန်းမသိ စွဲသွားခဲ့တာလို့ဆိုပါတယ်။

“အပျော် အပျော်ဆိုပြီး အပျော်ကနေ အပျက်ပေါ့။ အဲ့မှာ အရက်သမားရုပ်ဖြစ်နေပြီ။ မျက်နှာတွေလည်းဖော ၊အလုပ်လည်း တာဝန်ကျေရုံလုပ်တယ်။ အရှက်တွေလည်းကွဲပေါ့။ အပြင်မှာတွေ့တဲ့အရက်သမားတွေသာကြည့် လိုက် အမအဲ့လိုဖြစ်ခဲ့တာ။ နောက်အမက အရက်သောက်ရင် အရမ်းသောင်းကျန်းတယ်။”လို့ဆိုပါတယ်။

သူရဲ့မိခင်ကြီးလိုဖြစ်နေတဲ့အဖွားက တွင်ကယ်ရဲ့အခြေအနေကို သိရှိတာကြောင့် ပထမတော့ ဆူတယ်။ နောက် အမျိုးမျိုး ချော့ပြော ခြောက်ပြောပေမယ့် မရတော့တဲ့အခြေအနေမှာ မျက်ကွယ်ပြုနေလိုက်ရတာဖြစ်ပါတယ်။

အရက်စွဲနေတဲ့အချိန်မှာ သူရဲ့ဒုတိယအကြိမ် တကိုယ်တော်အခွေဖြစ်တဲ့ အာရုံနောက်တဲ့အချစ်ထွက်တာနဲ့ အဖွား နဲ့အတူ အမေရိကန်နိုင်ငံမှာရှိတဲ့ဆွေမျိုးတွေဆီသွားလည်ရင်း သူတို့အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။

ခင်ပွန်းရှိတဲ့အမေရိကန်မှာ ပြောင်းနေဖို့အတွက် ရန်ကုန်ပြန်ပြီး စာရွက်စာတမ်းပြန်လာလုပ်တဲ့အချိန်မှာလည်း အရက်တွေ ဆက်သောက်ဖြစ်နေသလို အပေါင်းအသင်းတွေကလည်း ပိုတိုးလာကာအဲ့ဒီထဲမှာ မူးယစ်ဆေးသုံးတဲ့ သူတွေပါလာခဲ့တာဖြစ်ပါတယ်။

“ပထမတော့ အရက်ကြောင့် အရှက်မကွဲချင်လို့ မူးယစ်ဆေးကိုစမ်းသုံးရင်း တဖြေးဖြေးမူးယစ်ဆေးစွဲသွားတယ်။ စာရွက်စာတမ်းတွေရလို့ အမေရိကားကိုလိုက်သွားတယ်။ အဲ့ဒီအိမ်ထောင်မှာ မူးယစ်ဆေးဝါးကပ်ပါသွားတယ်။” လို့ သူကပြောပါတယ်။

နိုင်ငံခြားရောက်တော့ အလုပ်အကိုင်မရှိသေးတဲ့အချိန် မူးယစ်ဆေးကလည်း အချိန်တန်ရင် သုံးရမှဖြစ်လာတော့ အမေရိကန်နိုင်ငံမှာ တွင်ကယ် မနေနိုင်တော့ပါ။ ဒီတော့ ရန်ကုန်နဲ့ အမေရိကန်ကို ခေါက်တုန့်ခေါက်ပြန်သွားရင်း ဆေးသုံးခဲ့တယ်လို့ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့တဲ့ တွင်ကယ်ဟာ အိမ်ထောင်သက် ၂ နှစ်အကြာမှာ မူးယစ်ဆေး ကြောင့် အိမ်ထောင်ရေးပြိုကွဲသွားသလို အနုပညာအလုပ်တွေနဲ့လည်း ကင်းကွာသွားခဲ့ပါတယ်။

“အမေရိကားက ပြန်လာတဲ့အချိန်မှာ မူးယစ်ဆေးစသုံးတတ်နေပြီ။ ရန်ကုန်မှာ မူးလိုက်ရှုးလိုက်နဲ့ အမျိုးစုံဒုက္ခ တွေရောက်။ ၅ နှစ်နေတော့အတော်စွဲသွားပြီ။ အရက်နေရာ မူးယစ်ဆေးဝါးရောက်လာတာ။ အပျော် အပျော် ဆိုပြီး ဒါကြီးက အကျင့်ဖြစ်သွားတာ။”လို့ အဆိုတော် တွင်ကယ်က ဆိုပါတယ်။

ဒါပေမဲ့ အဆိုတော် တွင်ကယ်က တခြားဆေးသမားတွေလို အကြောထဲ အပ်နဲ့ထိုးရတဲ့ဆေးမျိုးမသုံးခဲ့ဘဲ မြူး ဇစ်ရှိမှ ကခုန် ရတဲ့ဆေးပြားကို တစ်နေ့ တစ်လုံးနဲ့ သုံးရက်သုံး၊ သုံးရက်နားပုံစံနဲ့သာ သုံးစွဲခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီဆေးက ကဖို့အတွက်ဖော်ထားတဲ့ဆေး။ အမတို့က အကြွသမားတွေဆိုတော့ အဲ့ဒီဆေးကို သုံးလည်း သုံးပြီး သွားရော အရမ်းပျော်ပြီး အရမ်းကြိုက်တာ။ ဘန်ကောက်မှာ စသုံးဖြစ်တယ်။ ရန်ကုန်မှာတော့ အဲ့ဒီဆေးက အရမ်းရှားတယ်။”လို့ သူက ပြောပါတယ်။

ဒီအချိန်ကတည်းက လူကို ကခုန်ရွင်မြူးစေတဲ့မူးယစ်ဆေး တစ်လုံးရဲ့တန်ဖိုးက မြန်မာငွေကျပ်(ခြောက်သောင်း)ရှိ ပြီး တခါသောက်ရင် သူ့အာနိသင်က ၄ နာရီလောက်ခံတယ်လို့ သိရပါတယ်။

တွင်ကယ်သုံးနေတဲ့မူးယစ်ဆေးက ရန်ကုန်မှာ ဝယ်ယူဖို့ခက်တော့ WY စာတမ်းပါအနီရောင်ဆေးပြား အများ အခေါ်  (ရာဘ) သုံးတဲ့အပေါင်းအသင်းတွေရဲ့တိုက်တွန်းမှုနဲ့ ရာဘတို့၊ အိုက်စ်တို့ကို ပြောင်းသုံးခဲ့ပါတယ်။

“အဲ့ဒီအချိန်က အဲ့ဒီဆေးတွေကို ရှာရင်း၊ ရှာရင်းနဲ့ မွဲတေသွားတာလေ။ အရက်စွဲတာက သိပ်မကုန်ဘူးဆိုပေမယ့် ဖြုန်း တတ်သွားတယ်။ မူးယစ်ဆေးဝါးကို သုံးတတ်သွားတော့ ခွက်ခွက်လန်အောင် အကုန်ဘာမှမရှိတော့ဘူး။” လို့ တွင်ကယ်က ဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီခေတ်က မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ပတ်သက်ပြီး အစိုးရက ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆို တော်တွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေရှိပေမယ့် တွင်ကယ်ဖမ်းဆီးမခံခဲ့ရတာလည်း အဆိုးထဲက အကောင်း တစ်ခုလို့ပြောရမှာပါ။

မူးယစ်ဆေးဝါးကို လုံးလုံးလျားလျားစွဲသွားတဲ့အချိန်မှာ သူပိုင်တဲ့ငွေကြေးဥစ္စာအားလုံးက ကုန်သလောက်ဖြစ် သွားပြီးသူငယ်ချင်းတွေဆိုတာကလည်းသူလာတာမြင်တာနဲ့တံခါးပိတ်တဲ့အခြေအနေထိဖြစ်သွားပါတယ်။

“ဆေးဖိုးမရှိရင် ကိုယ်ခင်တဲ့ဟိုအိမ် ဒီအိမ်တွေမှာ ပိုက်ဆံလိုက်ချေးတယ်။ မရရင် လမ်းဘေးမှာထွက်ပြီးတော့ တောင်းတဲ့ အခြေအနေထိဖြစ်သွားတယ်။ တရပ်ကွက်လုံးသိတယ်။ ကိုယ်သိတဲ့အိမ်တွေ တံခါးတွေခေါက်ပြီး အိမ်တကာလိုက်ချေးတာ။ ဒါရှက်စရာလည်းမလိုဘူး။ ဘဝစစ်ဘဝမှန်ကို ပြောပြတာ။”လို့ သူက ဆိုပါတယ်။

တွင်ကယ်အနေနဲ့ သူဆေးရဖို့အတွက် ငွေကြေးနဲ့ သူငယ်ချင်းမိတ်ဆွေတွေမရှိတော့တဲ့အခါ သူ့ကို ဖေးမစာနာ ပေးပြီး သူ့အနွံတာကို အခံရဆုံးကတော့ သူရဲ့အဖွားဖြစ်ပါတယ်။

“ဒီဆေးရဖို့ သူများဆီက ချေးရတယ်။ အဘွားဆီကဆိုရင် ဒါ ငါရှာတုန်းက ပိုက်ဆံတွေပဲ။ ငါ အလုပ်လုပ်ခဲ့ တုန်း ကတောင် ထောက်ပံ့ပေးခဲ့တာပဲဆိုပြီး အဘွားဆီကလည်း ပြန်ယူတာပဲ။ တခါတလေခိုးတဲ့အခြေအနေတွေ ရှိ တယ်။ လိုတာမရရင် ဆဲတယ်။ ပြဿနာရှာတယ်။ အိမ်ပေါ်တွေလည်းကျော်တက်ပေါ့။ အမက အဘွားကိုပဲ များ များဒုက္ခပေးဖြစ်တယ်။”လို့ သူကပြောပါတယ်။

“အဒေါ်တွေအိမ်ဆိုလည်း အမြဲသွား၊ သွားတံခါးခေါက်ပြီးတော့မှ ဘီယာသောက်ချင်လို့ ဝိုင်သောက်ချင်လို့ ပေးပါ အုန်း။ ပြီးရင် တက်စီခမရှိဘဲ တက်စီဌားလာလို့ အိမ်က နှစ်နဲ့ချီအောင် ရှင်းလာရတယ်။ အမပြဿနာတွေကို။ အဘွားရဲ့ဖုန်းကို ယူသွားပြီးရင် ဆေးတွေနဲ့ လဲတယ်။ အဘွားပန်ကာတွေယူသွားပြီး ဆေး ၁၀ လုံးနဲ့လဲတယ်။ ဖုန်း ရှိရင် ဖုန်း။ နောက်ဆုံး ရေဒီယိုကအစ။ တခါတလေ ဆိုက်ကားဆရာတွေကို ဘီယာဝယ်ခိုင်းပြီး ပေးဖို့မရှိလို့ အိမ် က ပစ္စည်းတွေထိုးပေးလိုက်တာတို့လုပ်တာ။ အဲဒါမျိုးတွေ။ ဆေးသမားအဆင့်တောင် ဟိုးအောက်ဆုံးရောက် သွားတာ။”လို့ ဆက်ပြောပါတယ်။

“မကောင်းတဲ့နယ်ပယ်မှာသွားနေတော့ မကောင်းတာအကုန်လုပ်တတ်သွားတယ်။ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးအကုန်ပါပဲ။ ပြီးရင် ကိုယ့်ကိုကိုယ့် လက်တွေကို ဓါးတွေနဲ့လှီးတဲ့အခြေအနေထိရောက်ခဲ့တာ။”လို့ တွင်ကယ် က ရှင်းပြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ သတ်သေချင်လောက်အောင် စိတ်ဓါတ်ကျတာ၊ သံသယ စိတ်များ တာ၊ စိတ်တိုပြီး ဆဲဆိုတတ်တာအပြင် ကိုယ့်ကိုကိုယ်ပြန်ဒုက္ခပေးတဲ့အခြေအနေတွေပါ ရင်ဆိုင်ခဲ့ရ တယ် လို့ ဆိုပါတယ်။

“မိသားစုက မေတ္တာမပျက်ပေမယ့် စိတ်ဓါတ်ကျလာတယ်။ လောကမှာနေရတာ အဓိပ္ပါယ်မရှိဘူး။ အရှက်တွေ ကွဲ။ မိသားစုကိုလည်း လာထိခိုက်တယ်။ အားလုံးက လက်ညှိုးထိုးစရာဖြစ်ခဲ့တယ်။ သူများတံတွေးခွက်မှာ ပက်လက်မြောရတော့ ရှက်တာပေါ့။”လို့ သူက ပြောပါတယ်။

နောက်ဆုံး တွင်ကယ်ကို မိသားစုက အမျိုးမျိုးပြောမရတဲ့အဆုံး အခုလိုမူးရှူးနေတာထက်စာရင် သေသွား တာ က ပိုကောင်းတယ်ဆိုတဲ့အတွေးတွေ ပြောမိတွေးမိတဲ့အထိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဖွားဖြစ်သူကတော့ သူ ဘယ် အခြေအနေရောက်ရောက် အနားမှာဖေးမဖို့အတွက် အဆင်သင့်ရှိနေခဲ့တာလို့ဆိုပါတယ်။

မူးယစ်ဆေးနွံနစ်နေတဲ့ သူ့ဘဝကို မုန်းတီးနေတာကြောင့် ၁၄ နှစ်တာကာလတလျှောက် ဆေးဖြတ်ဖို့အတွက် တွင် ကယ် အကြိမ်ပေါင်းများစွာကြိုးစားပေမယ့် မပြတ်ခဲ့ပါဘူး။ ရွာသာကြီးဆေးဖြတ်စခန်းဆိုရင် ၂ ကြိမ်၊ ဆေးခန်း တွေဆိုလည်း လတိုင်းနီးပါးသွားပြီး ဖြတ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဆေးမရနိုင်တဲ့နေရာတွေမှာ သွားရောက်နေထိုင်တာလုပ်ပေမယ့် ဆေးသမားတွေဖြစ်လေ့ရှိတဲ့ယင်းကြောင့် ဒီဝဲ ဂယက်ထဲ က မလွတ်မြောက်နိုင်ခဲ့ဘူးလို့  ဝမ်းနည်းစကားဆိုပါတယ်။

“ဖြတ်ချင်လို့ ခဏခဏကြိုးစားတာ မပြတ်ဘူး။ ဒီတခေါက်တော့ ဘယ်နှရက်ရအောင်ဖြတ်မယ်ဆိုပြီး လုပ်ထား လိုက်သေးတယ်။ ဘန်ကောက်သွားတယ်။ မရပါဘူး။ ဘယ်လိုကြိုးစားစား အိမ်ကလည်း ဘယ်လောက်ပိုက်ဆံ ကုန်ကုန်မရဘူး။” လို့ ပြောပါတယ်။

အရာအားလုံးဆုံးရှုံးထားတဲ့ဆေးသမားဘဝကို မဖေးမတဲ့အပြင် ပတ်ဝန်းကျင်ကပါ မကောင်းတဲ့ဘက်တွန်းပို့ နေတဲ့စကား တွေကြောင့် စိတ်ဓါတ်ကျ အားငယ်တာတွေအပြင် အားကိုးရာမဲ့တဲ့အခြေအနေထိရောက်ခဲ့ရတာဖြစ် ပါတယ်။

“ပထမတော့ ပျော်စရာကောင်းသလိုလိုနဲ့ နောက်ပိုင်းကျတော့ ကိုယ်က ပိုက်ဆံမရှာနိုင်တဲ့အခါ သိမ်ငယ်မှုတွေ၊ သူများရဲ့ တံတွေးခွက်ထဲမှာ မြောရတာ။ ဒါက ပျော်စရာမှမဟုတ်တော့တာ။ အမက ထွက်ပေါက်မရှိလို့သာ ဒါကို လုပ်နေတာမပြတ် နိုင်သေးလို့ မဟုတ်ဘူး။ လုပ်စရာမရှိလို့ လုပ်နေတာ။ လူက မလုပ်ချင်တော့ဘူး။”လို့ ဆိုပါ တယ် ။

တစ်နေ့မှာတော့ ဒီစိတ်ညစ်မှုတွေ ကိုယ့်ကိုကိုယ်မုန်းတီးလာတဲ့ဖိအားတွေမခံနိုင်လာတဲ့အခါမှာ ကိုးကွယ်တဲ့သခင် ယေရှု ထံ ဆေးသမားဘဝက လွတ်မြောက်ခွင့်ပေးဖို့ဆုတောင်းတာကနေ လုံးဝဆေးပြတ်သွားခဲ့တယ်လို့ ပြောပါ တယ်။

တကယ်တော့ နိုင်ငံတစ်ခုမှာ မူးယစ်ဆေးဝါးတွေသုံးစွဲမှုများလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ် ပါဘူး။ နောက်မူးယစ်ဆေးသမားများလာတာဟာ အမျိုးသမီးတွေရဲ့ဘဝကိုလည်း မလုံမခြုံဖြစ်စေပါတယ်။

“အဲ့ဒီနေ့ကစပြီး ဆေးလုံးဝပြတ်သွားတယ်။ မိသားစုတွေက တပတ်စောင့်ကြည့် နှစ်ပတ်စောင့်ကြည့်နဲ့ တကယ် ဟုတ်ချင်မှ ဟုတ်မယ်ဆိုပြီး စောင့်ကြည့်ကြတယ်။ မူးယစ်ဆေးဝါးသမားဆိုတာက ပြတ်လိုက် ပြန်လုပ်လိုက်ဆို တော့လေ။ တစ်လကြာ အောင်မပြတ်ဖူးဘူးလေ။ အခုဆိုရင် ၅ နှစ်ပြည့်တော့မယ်။”လို့ အဆိုတော် တွင်ကယ်က ဆိုပါတယ်။

ပင်ကိုယ်စိတ်အခံက ဆေးပြတ်ချင်စိတ်ဆန္ဒပြင်းပြနေတာကြောင့် သူဆေးဖြတ်လိုက်တဲ့အချိန်မှာ ဆေးသမားတွေ ခံစားရလေ့ရှိတဲ့ ဆေးယင်းထတဲ့ဝေဒနာမျိုး ဘာတစ်ခုမှမခံစားရဘဲ လုံးဝပြတ်သွားခဲ့တာလို့ပြောပါတယ်။

သူ့အနေနဲ့ တခြားသူတွေလို အလွန်အကျွံဆေးသုံးစွဲတာမျိုးမရှိဘဲ တစ်နေ့ကို တပြားလောက်သောက်ရုံနဲ့ အာသာပြေတတ်သူဖြစ်သလို ဆေးအများကြီးသုံးဖို့လည်း ခံနိုင်ရည်မရှိလို့ တစ်နေ့မှ ဆေးတပြားသာသုံးစွဲခဲ့ တာ ကြောင့်လို့ဆိုပါတယ်။

သူတွေ့ဖူးတဲ့ဆေးသမားအများစုက တခါသောက်ရင် ဆေးလုံးရေ ၂၀ မှ ၃၀ အထိ သောက်သုံးလေ့ရှိပြီး အဲ့လို သုံးစွဲသူ တွေက ဆေးလွန်သေဆုံးတာတွေ ဆေးယင်းထတာတွေဖြစ်တတ်ပါတယ်။

“ဆေးစွဲနေတော့လေ။ ကိုယ့်ကိုကိုယ်အရမ်းအမြင်ကတ်လိုက်တာ။ အသုံးမကျလိုက်တာလို့လည်း ကိုယ့်ကို ကိုယ် ပြောမိတယ်။ ဒါမဲ့ကိုယ်ဖြစ်ချင်တာက ဒါမျိုးမဟုတ်ဘူးဆိုတာသိတယ်။ တနေ့ရုန်းထွက်နိုင်ရမယ်။ ငါ ဒီလိုမျိုး မဟုတ်ဘူးဆိုတာ အမြဲတမ်းသိနေတယ်။ အဲ့အသိပေးတာကြောင့်လည်း အမပြန်ရပ်တည်လာနိုင်တာ။”လို့ ဆိုပါ တယ်။

ဒါ့ကြောင့် မူးယစ်ဆေး တကယ်ပြတ်ချင်ရင် ရုန်းထွက်ချင်တဲ့ဆန္ဒရှိဖို့ အဓိကလိုအပ်တယ်လို့ ပြောပါတယ်။ သူ ဆေးပြတ် သွားတော့ ဆေးအတူသုံးခဲ့တဲ့သူငယ်ချင်းတချို့ကို ဆေးဖြတ်ဖို့ အကြံဉာဏ်တွေ၊ အကူအညီပေး ပေမယ့် ရန်တွေ့လွှတ်တာနဲ့ ကြုံရတာဖြစ်ပါတယ်။

“ရုန်းထွက်ချင်တဲ့ဆန္ဒရှိဖို့ လိုတယ်။ တချို့က ပျော်နေတယ်။ တချို့က သွားပြောရင်တောင် မကြိုက်ဘူး။ တချို့ ကတော့ မလွန်ဆန်နိုင်လို့ကို ဆက်သုံးနေရတာပေါ့။”လို့ တွင်ကယ်က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်မြို့တွေသာမက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာပါ လူငယ်တွေကြား တွင်တွင်ကျယ်ကျယ်နဲ့အသုံးပြုလာကြတာတော့ မူးယစ်ဆေးဝါးတွေပါပဲ။

မြို့ပြတွေက Bar တွေ၊ Night Club တွေမှာ လွတ်လပ်စွာရောင်းချခွင့်ပေးထားပြီး ဈေးပေါပေါနဲ့ ဝယ်ယူရရှိနေ တာတွေကြောင့် လူငယ်တွေကြား မူးယစ်ဆေးပျံနှံမှုက စိုးရိမ်စရာဖြစ်လာနေခဲ့ပါတယ်။

“ဘားတွေ၊ ကလပ်တွေမှာဆိုရင် အသက် ၁၅ နှစ်ကနေ ၃၀ အတွင်း အမျိုးသားတွေသာမက အမျိုးသမီးငယ် လေးတွေပါ မူးယစ်ဆေးဝါးကို အကြောင်းအမျိုးမျိုးနဲ့ သုံးစွဲလာတယ်”လို့ ရန်ကုန်မြို့ရှိ Bar တစ်ခုမှမန်နေဂျာ ကိုဘိုစိုးက ပြောပါတယ်။

လူတိုင်းသိထားသလိုပဲ မူးယစ်ဆေးဝါးဆိုတာ အချိန်တိုအတွင်း လူတစ်ယောက်ရဲ့ဘဝကို ကြေမွပျက်စီးသွား အောင်လုပ်နိုင်သလို အသက်ခန္ဓာကိုယ်ကိုလည်း ဆုံးရှုံးသွားအောင်လုပ်နိုင်စွမ်းတဲ့အရာဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတစ်ခုမှာ မူးယစ်ဆေးဝါးတွေသုံးစွဲမှုများလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ် ပါဘူး။ နောက်မူးယစ်ဆေးသမားများလာတာဟာ အမျိုးသမီးတွေရဲ့ဘဝကိုလည်း မလုံမခြုံဖြစ်စေပါတယ်။

ဆေးသမားတွေက မူးယစ်ဆေးဝါးသုံးဖို့ ငွေကြေးလိုအပ်လိုလာတဲ့အခါ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ် ပစ္စည်းယူတာတွေဖြစ်လာနိုင်တာကြောင့် စိုးရိမ်စရာဖြစ်နေတာပါ။

ဒါ့အပြင် မူးယစ်ဆေးစွဲနေတဲ့အမျိုးသားကို ပတ်ဝန်းကျင်က ဝိုင်းဝန်းဖေးမစောင့်ရှောက်တတ်ပေမယ့် အမျိုးသမီး တစ်ဦး ဆေးစွဲရင်တော့ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံရပြီး အားကိုးမဲ့တဲ့အခြေအနေတွေရင်ဆိုင်ရ တတ် တယ်လို့ မခေါန်လွမ့် က ပြောပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်လှိုင်ကျေးရွာမှ မခေါန်လွမ့်ဆိုရင် အသက် ၁၅ နှစ်အရွယ်မှာ ချစ်သူကောင် လေးရဲ့ စည်းရုံးတိုက်တွန်းမှုကြောင့် ဆေးစွဲခဲ့သူဖြစ်ပါတယ်။

“ဆေးစွဲနေတုန်းက အိမ်ကလည်းနေ့တိုင်းဆူတယ်။ ပတ်ဝန်းကျင်ရဲ့အကြည့်တွေ အပြောခံရတွေမှာတင် သေ လောက် တယ်။ အဲ့တုန်းက ကျမထွက်ပေါက်ပိတ်နေတာကို ဘယ်သူကမှဆွဲမခေါ်ခဲ့ဘူး။ အားလုံးက နစ်သထက် နစ်အောင်ဘဲ ဝိုင်းလုပ်ခဲ့ကြတာ။”လို့ သူကဆိုပါတယ်။

နောက် မူးယစ်ဆေးစွဲနေတဲ့အမျိုးသမီးတွေဟာ ဆေးရှိန်တက်နေတဲ့အချိန်ဆို အသိစိတ်လွတ်နေတဲ့အတွက် ကိုယ်ကို ကိုယ်ထိခိုက်အောင်လုပ်တာ၊ ပစ္စည်းခိုးခံရတာတွေအပြင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံ ရတဲ့အထိ ဖြစ်နိုင်ပါသေးတယ်။

မခေါန်လွမ့်ဆိုရင် အသက် ၂၈ နှစ်အရွယ်မှာ အတူဆေးသုံးတဲ့အမျိုးသားတစ်ဦးရဲ့မုဒိမ်းကျင့်မှုကြောင့် ကိုယ်ဝန်ရ ကာ ကလေး အသေမွေးတာကိုမြင်ပြီး ကိုယ်တိုင်မူးယစ်နွံထဲက ရအောင်ရုန်းထွက်ခဲ့တာပါ။

အိမ်ခြေ ၂၀၀ ဝန်းကျင်သာရှိတဲ့မခေါန်လွမ့်တို့ရွာမှာ ယခင်က မူးယစ်ဆေးသုံးသူ ၂ ဦး၊ ၃ ဦးလောက်သာရှိပေမယ့် လက်ရှိ ကာလမှာတော့ ဆေးစွဲနေတဲ့လူငယ် ၂၀ ဦးထက်မနည်းရှိနေတဲ့အပြင် အမျိုးသမီး ၃ ဦးပါ ပိုလာခဲ့တယ် လို့ သိရပါတယ်။

ကချင်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်နေတဲ့လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan)က ကိုဗစ်က လမှာ လုပ်ငန်းရပ်နားသွားတာကြောင့် ဆေးသုံးစွဲမှုပိုမြင့်လာရတယ်လို့ မခေါန်လွမ့်က ထင်ကြေးပေး ပါတယ်။

၂၀၂၀ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာမှာဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ် ထဆေးဖြတ်စခန်းကို ရောက်လာတဲ့မူးယစ်ဆေးစွဲသူပေါင်း ၃၇၀ ဦးရှိပြီး အားလုံးက အမျိုးသားတွေ ဖြစ်တယ် လို့ စခန်းတာဝန်ခံ ဦးညီထက်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဆေးဖြတ်ချင်တဲ့အမျိုးသမီးတွေ မကြာခဏလာရောက်အကူ အညီတောင်းတဲ့ အတွက် ၃ ဦးနဲ့ စတင်လက်ခံရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆေးဖြတ်စခန်းကို ရောက်လာတဲ့အမျိုးသမီး ပေါင်း ၁၀ ဦးအထိရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ၂၀၀၆ ခုနှစ်မှ စတင်ကာ ဆေးဖြတ်လိုသူတွေကို မက်သာဒုန်းအစားထိုး တိုက်ကျွေးရာမှစပြီး ၂၀၁၈ မှာ မက်သာဒုန်းတိုက်ကျွေးတဲ့ဌာနပေါင်း ၅၃ ခု ရှိခဲ့ပါတယ်။ ဒီ ၅၃ ခုထဲမှာ ၁၆ ခုကတော့ ရှမ်းမြောက်မှာအများ ဆုံးရှိနေတာ ဖြစ်ပါတယ်။ 

ဘိန်းဖြူ၊ စိတ်ကြွဆေးစတာတွေဟာ ဥပဒေအရ တားမြစ်ထားတဲ့မူးယစ်ဆေးဝါးဖြစ်တာကြောင့် ခန္ဓာကိုယ်အ တွက် ဆိုးကျိုးများစွာဖြစ်စေပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဥပဒေ ပုဒ်မ ၁၆(ဂ)အရ မူးယစ်ဆေး သုံးစွဲ သူတွေဟာ မူးယစ်ဆေး ပမာဏ အနည်းငယ်လက်ဝယ်တွေ့ရှိရုံနဲ့ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေး ခံရနိုင်ပါတယ်။

ဒါကြောင့် အဆိုတော် တွင်ကယ်က “ဒီလိုမကောင်းဘူးဆိုတဲ့အရာကို ဖြစ်နိုင်ရင်လက်တည့်လည်း မစမ်းစေချင် ဘူး ။ သုံးဖူးတယ်ရှိအောင် သုံးကြည့်တယ်ဆိုတာမျိုးလည်းမလုပ်စေချင်ဘူး။”လို့ သတိပေးစကားဆိုနေပါတော့ တယ်။

Author:

Related Articles