Home ဆောင်းပါး လူဦးရေမူဝါဒက အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကို အာမခံဖို့လိုပါသည်။

လူဦးရေမူဝါဒက အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကို အာမခံဖို့လိုပါသည်။

579813-familyplanning-1374349174-360-640x480

Photo: http://bic.icmr.org.in/issrf/theme-of-the-conference/#theme3

နန်းခမ်း။    ။

မြန်မာနိုင်ငံမှာ အိမ်ထောင်မကျတဲ့အမျိုးသမီးရာခိုင်နှုန်း မြင့်တက်လာသလို ကလေးမွေးဖွားမှုနှုန်းက လည်း ကျဆင်းလာတဲ့အတွက် လူဦးရေမူဝါဒတရပ်ကို ရေးဆွဲပြဌာန်းဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

လူဦးရေမူဝါဒနဲ့ပတ်သက်ပြီး ရေးဆွဲရင် ဘယ်လိုအချက်တွေပါဝင်မလဲဆိုတာ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီးထုကတော့ စိတ်ဝင်စားနေကြပါတယ်။

လူဦးရေမူဝါဒရေးဆွဲရင်တော့ အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေး၊ လွတ်လပ်တဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ရွေး ချယ်ခွင့်တွေကို တားဆီးမယ့်အရာတွေ မပါဝင်ဖို့က အရေးကြီးပါတယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ် ရှားတဲ့သူတွေကဆိုပါတယ်။

“ အမျိုးသမီးတွေရဲ့ လွတ်လပ်တဲ့ဆုံးဖြတ်ခွင့်နဲ့ ရွေးချယ်မှုတွေကို တားဆီးစွက်ဖက်နေတဲ့ အရာတွေ ဘာအကြောင်းမှ မဖြစ်သင့်ဘူး။ အဲဒီတော့အမျိုးသမီးတွေ ဘယ်တော့အိမ်ထောင်ပြုမယ်၊ သားသမီးတွေ ဘယ် လောက်ယူမယ်ဆိုတဲ့ကိစ္စတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ပဲဖြစ်သင့်တယ်။ နိုင်ငံတော် အပါအဝင် ဘယ်ဥပဒေ၊ ဘယ်မူဝါဒတွေနဲ့မှ ထိန်းချုပ်ကန့်သတ်တာမဖြစ်သင့်ဘူး” ဟု ကျားမရေးရာ တန်းတူ ညီမျှကွန်ရက်(Gender Equality Network ) မှဒေါ်မေစံပယ်ဖြူကပြောပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး တွက်ချက်မှုအရ အမျိုးသမီး တယောက်လျှင် ကလေး(၂)ယောက်ခွဲနှုန်းရှိကြောင်း၊ ထို့ကြောင့် (၁၀)စုနှစ်တခုတွင် ကလေးမွေးနှုန်းမှာ (၁)ဦး ကျဆင်းလာသည်ကို လေ့လာတွေ့ရှိရပါတယ်ဟု ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတဲ့အတွက် ဒေါက်တာခိုင်ခိုင်စိုးက “ယောကျာ်းမယူတဲ့ အပျိုကြီးတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းရှိလာပါပြီ” ဟုလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ လူဦးရေမူဝါဒ ချမှတ်ရမည်ဖြစ်ပြီး၊ လူဦးရေမူဝါဒရေးဆွဲရာမှာ မွေးဖွားခြင်း၊ အိမ်ထောင်ပြုခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ မူဝါဒများ ပါဝင်ရမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အဖက်ဖက်က ဆင်းရဲပြီး ဝန်ဆောင်မှုအားနည်းနေချိန် ကျန်းမာရေးဆိုင်ရာနှင့် ကလေးပြုစု စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒမျိုး မရှိတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အလုပ်လုပ်တာတွေကို ပံ့ပိုးကူညီပေးတဲ့ မူဝါဒမရှိတာတွေကြောင့် အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ အဟန့် အတားတခု ဖြစ်နေတာမျိုး စဉ်းစားဖို့လည်း လိုအပ်ပါတယ်လို့ ဟု ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

population

Photo: http://www.mediaterre.org/actu,20160712111438,3.html

 

ကလေးမွေးဖွားနှုန်းသည် မြို့ပြမှာ(၁.၉)ဦး၊ ကျေးလက်တွင်(၂.၈)ဦး၊ ကလေးမွေးဖွားမှုနှုန်း အမြင့်ဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး ရန်ကုန်တိုင်းမှာတော့ အနိမ့်ဆုံးဖြစ်ကြောင်း၊ ကလေးအများဆုံးမွေးသည့် အမျိုးသမီး အသက်အရွယ်မှာ(၂၅)နှစ်မှ (၂၉)နှစ်ကြားဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန်ဦးမြင့်ကြိုင်က ပြောသည်။

“အိမ်ထောင်ရေးဆိုင်ရာအချက်အလက်များအရလည်း အသက်(၅၀)အထိ အိမ်ထောင်မကျဖူးတဲ့ အမျိုးသမီး အချိုးအစားက သိသိသာသာမြင့်မားနေပါတယ်”ဟု ဦးမြင့်ကြိုင်ကပြောသည်။

အိမ်ထောင်ပြုဖို့အရေးနဲ့ ပတ်သက်ပြီးဒေါ်မေစံပယ်ဖြူက “ စီးပွားရေးအရ မပြေလည်တာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မပြေလည်တာ၊ ဘယ်လောက်ပဲ တအိုးတအိမ် ထူထောင်ချင်ပေမယ့်လည်း စီးပွားရေး ငွေကြေးအခက်အခဲရှိတာ၊ ဝင်ငွေရှိတဲ့အလုပ်အကိုင် ပုံမှန်မရှိတာတွေကလည်း အိမ်ထောင်ပြုတဲ့ အသက်အ ရွယ်ရောက်ပေမယ့် မပြုဖြစ်အောင် တားဆီးနေတဲ့အရာတွေပါဘဲ”ဟု သုံးသပ်ပါတယ်။

“အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုနိုင်အောင် အစိုးရအနေနဲ့ဝန်ဆောင်မှုတွေ လုပ်ပေးရင် တော့ ကောင်းတာပေါ့။ အခုခေတ်က စီးပွားရေးအဖက်ဖက်က ကျဆင်းနေတာ၊ ကိုယ်ရတဲ့လစာက ကိုယ် တစ်ယောက်သုံးလို့ မလောက်ငှတဲ့ခေတ်ဖြစ်နေတယ်။ အိမ်ထောင်ပြုဖို့က အစစအရာရာ စဉ်းစားရမှာဘဲ”  ဟု ရန်ကုန်၊ ကျောက်မြောင်းက မသန္တာက ဆိုပါတယ်။

ဆက်လက်ပြီး အသက်(၇၅)နှစ်အရွယ် အလုံမြို့နယ်မှ အဖွားဒေါ်တင်နွဲ့ကလည်း “ အဖွားတို့ခေတ်က အိမ် ထောင်တစုမှ တယောက်တည်း အလုပ်လုပ်ရင် တမိသားစုလုံးအေးဆေးနေလို့ရတယ်။ ဒီခေတ်က အိမ်သား အားလုံးအလုပ်လုပ်တာတောင် လောက်လောက်ငှငှမစားရဘူး။ အပျိုလူပျိုတွေဖြစ်တဲ့ မြေးတွေ အိမ်ထောင်ပြုဖို့ မတိုက်တွန်းရဲဘူး” ဟုပြောပြပါတယ်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသနေထိုင်တဲ့ လူဦးရေက မြို့ပြနေလူဦးရေထက် ပိုများသဖြင့် ကျေးလက်နေ အမျိုးသမီးတွေ အများကြီးရှိကြောင်း၊ အမျိုးသမီးတွေ အိမ်ထောင်ပြုလိုက်ရင် မြန်မာဓလေ့ထုံးတမ်းစဉ်လာအရ အိမ်ထောင့်တာဝန်အားလုံးကို အမျိုးသမီးတွေလုပ်ဆောင်ရပြီး အမျိုးသမီးတွေရဲ့ကိုယ်ပိုင်ဘဝ ဆုံးရှုံးမှုများ ဖြစ် ပေါ်လာတာကိုလည်းတွေ့ရပါတယ်။

“ဘာသာတူမှ လူမျိုးတူမှ အိမ်ထောင်ပြုနိုင်မယ်ဆိုတော့ အဲ့ဒါကိုဘာသာမတူတဲ့သူတွေ၊ လူမျိုးမတူတဲ့သူတွေ အချင်းချင်းချစ်ကြိုက်နေပေမယ့် တရားဝင်အိမ်ထောင်ပြုဖို့ အဟန့်အတားဖြစ်စေပါတယ်” ဟုလည်း မမေစံပယ် ဖြူက ဆိုပြန်ပါတယ်။

ဆက်လက်ပြီး အသက်(၄၀)အရွယ် တောင်ဒဂုံမြို့နေ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီး ဒေါ်သူဇာက “အိမ်ထောင်မကျတဲ့ အမျိုးသမီးတွေ များလာတာ၊ ကလေးမွေးနှုန်း ကျဆင်းလာတာတွေကို ထိန်း ချုပ်မယ့် လူဦးရေမူဝါဒထက် အမျိုးသမီးဘဝလုံခြုံရေးတွေ၊ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေရဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေမြင့်တင်ပေးဖို့ပိုလိုပါတယ်။ စီးပွားရေးနဲ့ အလုပ်အကိုင်ကောင်းရင်တော့ မိသားစုဘဝ တွေလည်း သာယာမှာဘဲ” ဟုဆိုပါတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ကိစ္စထက် အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေး၊ အိမ်ထောင်သည်အမျိုးသမီးတွေ အတွက် ပံ့ပိုးမယ့်မူဝါဒ၊ ကလေးတွေစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်မယ့်မူဝါဒ၊ မိခင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးတဲ့မူဝါဒတွေကို ပိုပြီးဆောင်ရွက်သင့်တယ်လို့လည်း အမျိုးသမီးအဖွဲ့ အစည်းများက တိုက်တွန်းပြောဆိုနေကြပါတယ်။

Related Articles