Home ဆောင်းပါး လုံခြုံမှုကင်းမဲ့နေတဲ့ မူဆယ်ဒေသခံ အမျိုးသမီးများ

လုံခြုံမှုကင်းမဲ့နေတဲ့ မူဆယ်ဒေသခံ အမျိုးသမီးများ

နန်းဆိုင်နွမ်

“ဒေါင်” ဆိုပြီး ရုတ်တရက် ဖုန်းကထွက်ပေါ်လာတဲ့မြည်သံကြောင့် နန်းမေ (အမည်လွှဲ) ကသူမရဲ့ အွန်လိုင်းက ပစ္စည်းမှာတဲ့သူ ပို့တဲ့စာလို့ထင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ဖုန်းကိုဝမ်းသာအားရ ကောက်ကိုင်လိုက်ချိန် “အခွန်လာပေးဖို့ ခြိမ်းခြောက်”စာဖြစ်နေမှန်းသိလိုက် ရတော့ နန်းမေတစ်ယောက် မျက်နှာတစ်ခုလုံး ဖြူဖျောသွားကာ တုန်လှုပ်ခြောက်ခြားသွားပါတော့တယ်။

“ကျမ ရဲ့ Viber မှာ အခွန်ပေးဖို့ စာတစ်စောင်နဲ့ လာမပေးရင် ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီးတော့ပိုလာတော့ လန့်သွား တယ်။ အဲ့အချိန်မှာ ကျမ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ တော်တော်တုန်လှုပ်သွားတယ်” လို့ သူကရှမ်းဘာ သာစကားဖြင့် ပြောပြလာပါတယ်။

သူတို့နေထိုင်တဲ့ မူဆယ်မြို့ဟာ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးဇုံ (၁၀၅)မိုင်တည်ရှိရာ မြို့ လည်းဖြစ်ပါတယ်။

မူဆယ်မြို့နဲ့ (၆)မိုင်ကွာဝေးတဲ့ နယ်စပ်ကုန်သွယ်ရေးဇုံ (၁၀၅)မိုင်မှာ ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ သိမ်းပိုက်နေရာယူထားပြီး မူဆယ်မြို့နဲ့ ၁၉မိုင်ကွာဝေးတဲ့ နမ့်ခမ်းမြို့ကိုလည်း TNLA တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။

လက်ရှိ မူဆယ်မြို့မှာတော့ စစ်ကောင်စီ နှင့် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

နန်းမေ ကို ပေးပို့လာတဲ့ အခွန်ပေးဆောင်ဖို့စာဟာ တော်လှန်ရေးအယောင်အဆောင် (MSPDF/MSGFA) တပ်ဖွဲ့ ဆိုတဲ့ နာမည်နဲ့ဖြစ်ပြီး အခွန်ဆောင်ရန် ငြင်းဆိုမှုရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေကို တာဝန် မယူကြောင်း အွန်လိုင်းကနေတဆင့် ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ ခြိမ်းခြောက်စာပို့လာခဲ့ပါတယ်။

“ စာထဲမှာ ကျမကို သိန်းတစ်ရာကျပ် လို့ရေးထားတယ်။ ဒီလိုအချိန်အခါက ငွေဆိုတာ ရှာရခက်တယ်လေ။ သွား မ ပေးရင်လည်း တိုက်ခိုက်ခံရမယ်။ ကျမ အသိတစ်ယောက်ဆို အခွန်မဆောင်လို့ သူတို့အိမ် ဗုံးလာထောင်သွား တယ်လေ။ ကျမလည်း ကြောက်လို့ သူတို့နဲ့ညှိတာ သိန်း ၂၀ကျပ် ပေးလိုက်ရတယ်” လို့ သူကပူပန်နေတဲ့အသံနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။​

အခုလို စာပို့ အခွန်ဆောင်ဖို့ ခြိမ်းခြောက်ခံရတဲ့သူအများစုဟာ မူဆယ်မြို့ပေါ်မှာ တရုတ်-မြန်မာငွေလဲလှယ်တဲ့ သူ၊ အွန်လိုင်းပစ္စည်းရောင်းချသူအမျိုးသမီးတွေကို ဦးတည်ပြီး ပြုလုပ်နေကြောင်းသူက ဆိုပါတယ်။

“ ဒီလိုခြိမ်းခြောက်ခံရတာ ဘယ်သူ့ကိုအားကိုးလို့ အားကိုးရမှန်းမသိ။ တိုင်လို့လည်းမရ။ မူဆယ်မှာက ဖြစ်ချင် တာ ဖြစ်နေတာပဲ။ ခံရတာ ကျမတို့ ပြည်သူတွေပဲလေ” လို့ လက်ရှိ ကြုံတွေနေရတဲ့အခက်အခဲကိုဆက်ပြော ပါတယ်။

သူမနည်းတူ မတ်လ ၁၃ရက်နေ့တွင် PDF အယောင်အဆောင်အဖွဲ့က Viber ကနေ အခွန်ဆောင်ရန် ခြိမ်း ခြောက် စာပို့ခဲ့ပြီး အခွန်သွားမဆောင်တဲ့ မူဆယ်မြို့ တောင်ရပ်ကွက်မှာနေထိုင်တဲ့ အွန်လိုင်းငွေလဲလှယ်ပြုလုပ် သူရဲ့ နေအိမ်ကို ဗုံးနဲ့လာရောက် တိုက်ခိုက်ခဲ့ပါတယ်။

“ ကျမတို့ အိပ်မောကျချိန် မနက် ၃နာရီမှာ ပေါက်ကွဲသံက အကျယ်ကြီးကြားတော့ ကျမတောင်လန့်သွားတယ်။ အဲ့မတိုင်ခင် ကတည်းက လက်ပစ်ဗုံးလာချခြိမ်းခြောက်တယ်။ ဗုံးခွဲမယ်ဆိုတာ မထင်ထားဘူး။ လူတော့ထိခိုက်မှု မရှိဘူး” လို့ တိုက်ခိုက်ခံရသူရဲ့ဆွေမျိုးဖြစ်သူ နန်းအေး(အမည်လွှဲ) က ပြောပြပါတယ်။

မူဆယ်မြို့ဟာ အရင်ကလို နေချင်စရာကောင်းတဲ့မြို့မဟုတ်တော့ကြောင်း၊ အချိန်တိုင်းအမြဲတမ်း ထိတ်လန့်မှု ကြုံနေရကြောင်း၊နေ့စဥ်နဲ့အမျှ စိုးရိမ်သောကနဲ့ အသက်ရှင်သန်နေရကြောင်း နန်းအေး ကထောက်ပြပါတယ်။

“ကိုယ့်အလှည့်လည်း ဘယ်နေ့ဖြစ်လာမယ်မသိဘူး။ ဓားပြတိုက်လိုက်၊ ပြန်ပေးဆွဲလိုက် ခြိမ်းခြောက်ငွေတောင်း လိုက်၊ အခုလည်း ဓားပြတိုက်တာတမျိုးပဲ။ ဘယ်အဖွဲ့ကမှ ဖမ်းဆီးပေးတာ မရှိဘူး။ အသက်ခြိမ်းခြောက်တဲ့အ ဆင့်ထိပဲလေ” လို့သူကဆက်ပြောပါတယ်။

ဒ့ါအပြင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး မူဆယ်မြို့မှာ လက်နက်ကိုင် အယောင်ဆောင်အဖွဲ့ တွေဖြစ်တဲ့မူ ဆယ်မြို့ပြ ပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နဲ့ မူဆယ် PDF အယောင်ဆောင် အဖွဲ့ (MSPDF) စတဲ့နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက်တာ ငွေညှစ်တောင်းခံပြီး ပြန်ပေး ဆွဲ မှုတွေလည်း ရှိနေပါတယ်။

“ ကျမ အသိတယောက် ပြန်ပေးဆွဲခံရတာဆိုရင် အိမ်ဆိုင်ဖွင့်တဲ့သူပဲ။ သူတို့တောင်းတဲ့ငွေ ကနည်းတာ မဟုတ်ဘူး။ တရုတ်ယွမ်ငွေ သိန်း၃၀၊သိန်း ၅၀ တောင်းတာ မြန်မာငွေ ကာလပေါက်စျေးဆိုရင် ကျပ်သိန်းတစ်သောင်းခွဲကျော်၊ ကျပ်သိန်း ၂သောင်းကျော်တွေ ဘယ်လိုရှာရမှာလဲ၊ ချေးငှားပြီး သွားပေးရတာပဲလေ” လို့မူဆယ်ဒေသခံ နန်းခွမ် က မူဆယ်မြို့ အတွင်းဖြစ်ပျက်နေတာတွေကို ပြောပြပါတယ်။

လက်ရှိမှာ နိုင်ငံရေး အခြေအနေကြောင့် စီးပွားရေး ကျဆင်းလာခြင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပျက်စီးသွားကာ ကုန်စျေးနှုန်းကလည်း အရှိန်ဟုန်နဲ့ မြင့်တက်လာနေပါတယ်။

အဲ့ဒါကို အခွင့်ကောင်းယူကာ မသမာသူများက အလွယ်နည်းလိုက်ပြီး ဓားပြတိုက်၊ ပြန်ပေးဆွဲတာ တစ်နေ့ထက် တစ်နေ့ ပိုများလာပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်ရေမှတ်ထိဖြစ်လာနေတယ်လို့ဆိုပါတယ်။

“မူဆယ်မှာ ပြန်ပေးဆွဲပြီး ဖမ်းခံရတာ အများကြီးပဲ။ ဘယ်သူမှလည်း မတိုင်ရဲဘူး။ ဘယ်ကိုတိုင်ရမှာလဲမသိဘူး။ ငွေညှစ်ခြိမ်းခြောက် စာပို့တာတွေကတော့နေ့တိုင်းပါပဲ” ဟု နန်းခွမ် က လက်ရှိအခြေအနေကို ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီ ၉ရက် ညနေပိုင်းမှာလည်း မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်ရှိ Best House ဟိုတယ်အနီးဖွင့်လှစ် ထားတဲ့ ဆေးခန်းမှာ ဆေးကုသနေတဲ့ ဆရာဝန်ကို အမည်မသိ လက်နက်ကိုင် (၄)ဦး ပြန်ပေးဆွဲခဲ့သဖြင့် မူဆယ် မြို့ဟာ ဥပဒေမဲ့အလားဖြစ်နေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသမီးတွေကထောက်ပြ ပြောဆိုကြပါတယ်။

“ လူနာတွေကို ဆေးကုသနေတဲ့ ဆရာဝန်တောင် ညနေ ၃နာရီအချိန်မှာ ဆေးခန်းထဲဝင်ပြီး ပြန်ပေးဆွဲတာပဲကြည့် ၊ မူဆယ်မြို့က လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့သဘောပဲ။ လက်နက်ရှိရင် လုပ်လို့ရတယ်ဆိုတဲ့သဘောပဲ။ ဘယ် သူမှ အရေးမယူဘူး။ ရဲတွေလည်း သိနေတာပဲ တမင်လွှတ်ထားတာလေ” လို့ ဒေသခံ​ နန်းခွမ်က ဆိုပါတယ်။

အခုလို ပြန်ပေးဆွဲမှုကိစ္စ၊ အွန်လိုင်းခြိမ်းခြောက်ငွေတောင်းကိစ္စကို ကြည့်ချင်းအားဖြင့် စစ်ကောင်စီလက်အောက် ခံ ရဲတပ်ဖွဲ့တွေက သိပေမယ့် အရေးယူမှု မပြုလုပ်ခြင်းဟာ ပူးပေါင်းပြီး လုပ်ကြံနေသည့် သဘောဖြစ်နေတယ် လို့  သူကဆက်ပြောပါတယ်။

မူဆယ်မြို့ အနီးဝန်းကျင်မှာတအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင် လွတ် လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ကျင်လည်လှုပ်ရှားကာ မူဆယ်မြို့တွင်း စီးပွားရေးလုပ်ငန်းရှင်တွေကို  ဆက်ကြေး(အခွန်) ကောက်ယူနေ ကြောင်း ဒေသခံတွေသတင်းပေးပို့ချက်အရသိရပါတယ်၊

ဒါ့အပြင် မူဆယ်မြို့တွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ၎င်းလက်အောက်ခံ ပြည်သူ့စစ်တွေလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

“ မူဆယ်မြို့မှာ ရှိသမျှ လက်နက်ကိုင်တွေကဆက်ကြေးကောက်တယ်။ ဒါပေမယ့် လုံခြုံရေး ကိုတော့ ဘယ်သူမှ တာဝန်မယူပေးဘူး။ တခုခုဆိုရင် လာတိုင်ပါလို့ပြောတယ်။ သွားတိုင်မှ အရေးယူပေးမယ့်သဘောပဲ။ အခုမူဆယ် မြို့တွင်းထဲကသူတွေက အချိန်တိုင်း ထိတ်လန့်မှုနဲ့နေထိုင်နေရတယ်” လို့ နန်းခွမ်ကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်နေကြောင်း ပြည်သူ တွေ ရဲ့ လုံခြုံရေးကိုမည်သူကမှ တာဝန်မယူခြင်းမရှိတဲ့အပြင် လက်ရှိ မူဆယ်မြို့မှာ ဓားပြတိုက်မှု၊ အွန်လိုင်း ငွေခြိမ်း ခြောက်မှုတွေကို သက်ဆိုင်ရာက သိရှိပေမယ့် အရေးယူဆောင်ခြင်း၊ဖမ်းဆီးခြင်းမျိုးမရှိတော့တာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါ။

“ အခုက ကျမတို့မြို့မှာ ဖြစ်နေတာ ရဲတွေကမသိဘူးထင်နေလား။ တမြင်လွတ်ထားတဲ့သဘောပဲ။ ဗုံးခွဲခြိမ်း ခြောက်တုန်းကဆိုရင် သူတို့ ဗုံးစတွေလာရှင်းတယ်။ ဒီလူတွေကို မဖမ်းတာ စဥ်းစားစရာပဲ။ သူတို့ (ရဲ)တွေများပါ ဝင်ပတ်သက်နေလားဆိုတာ ကျမတို့တောင် သံသယရှိတယ်” လို့ နန်းခွမ်က ထောက်ပြပြောဆိုလိုက်ပါတယ်။

ဒ့ါအပြင် မူဆယ်မြို့ ပတ်ပတ်လည်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဒေသခံ စီးပွား ရေးသမားတွေ၊ တပိုင်တနိုင် ကုန်သည်တွေ၊ စျေးဆိုင်တွေမှာ ဆက်ကြေး(အခွန်)တွေ ကောက်ယူကြပေမယ့် မြို့၊ ကျေးရွာလုံခြုံရေးကို တာာဝန်ယူပေးတာမျိုးမရှိကြောင်းလည်း မူဆယ်မြို့အတွင်း ကုန်စုံဆိုင်ဖွင့်ထားတဲ့ နန်းဖြူ က ပြောပြလာပါတယ်။

“ဆက်ကြေးတော့ အဖွဲ့တိုင်းနီးပါးပေးနေရတယ်။ ဒါပေမယ့် တခုခုဆိုရင် သူတို့ကို အကြောင်းကြားဆိုတာ တော့ ပြောပေမယ့် ဘယ်သူက သွားတိုင်ရဲမှာလဲ။ တိုင်မှလုပ်ပေးမယ်ဆိုတာကတော့ မဟုတ်သေးဘူးလေ” လို့ နန်းဖြူ က စိတ်မကောင်းစွာပြောပါတယ်။

မူဆယ်မြို့ လုံခြုံရေးကိစ္စနှင့်ပတ်သက်ပြီး Honest Information (HI) အနေနဲ့ TNLA၊ SSPP၊ KIA ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

မူဆယ်မြို့ ကဒေသခံအမျိုးသမီးများကတော့ နောက်ကျော မလုံတဲ့ဘဝတွေ  မကြာခဏ ပြန်ပေးဆွဲမှုတွေအပြင် ကလေးပြန်ပေးဆွဲမှုတွေပါရှိလာတဲ့အတွက် မိခင်တိုင်း ရင်တမမနဲ့ နေ့စဥ် ကျော်ဖြတ်နေကြရတယ်လို့ဆိုပါတယ်

နိုင်ငံရေး ရှုပ်ထွေး တိုင်းပြည် မငြိမ်းချမ်းတာကို အခွင့်ကောင်းယူပြီး နည်းမျိုးစုံနဲ့အွန်လိုင်းကနေ ငွေခြိမ်းခြောက် မှုတွေ၊ ပြန်ပေးဆွဲမှုတွေ အမြန်ဆုံးပပျောက်အောင် တာဝန်ရှိအာဏာပိုင်တွေ အနေနဲ့ ဖြေရှင်းပေးကြဖို့ မူဆယ် မြို့ ဒေသခံ အမျိုးသမီးတွေက တိုက်တွန်းပြောဆိုထားကြပါတယ်။

Author:

Related Articles