Home ဆောင်းပါး “၈၈ မျိုးဆက်တို့၏ ဒုတိယမြောက်အာဏာရှင်တော်လှန်ရေး”

“၈၈ မျိုးဆက်တို့၏ ဒုတိယမြောက်အာဏာရှင်တော်လှန်ရေး”

Honest Information (HI) ။ ။

သပိတ်စစ်ကြောင်းရဲ့တပ်ဦးမှာ ကျောင်းသားသမဂ္ဂအလံတွေတလူလူလွှင့်ထူရင်း ‘ကမ္ဘာမကြေဘူး’သီချင်းကို သီဆိုလျှက် သပိတ်မှောက်ခဲ့တဲ့ ရှစ်လေးလုံးအာဏာရှင်ဆန့်ကျင်ရေးမြင်ကွင်းတွေအကြောင်း ပြောနေရင်း အသက်(၅၁) နှစ်အရွယ် ဒေါ်မိုးမိုးနွယ်ဟာ သက်ပြင်းရှည်ကြီးချလိုက်ပါတယ်။

သူ့အသက် ၁၇ နှစ်ခန့်အရွယ်တုန်းက အာဏာရှင်ကိုတော်လှန်ဖို့အတွက် အိမ်ကနေထွက်ခဲ့ပြီး တောခိုခဲ့တဲ့ ဒေါ်မိုးမိုးနွယ် (အမည်လွှဲ) တယောက် ဆယ်စုနှစ်သုံးခုအကြာမှာ သမိုင်းပေးတာဝန်ကို နောက်ထပ်တကျော့ပြန်ထမ်းဆောင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

၁၉၈၈ ရှစ်လေးလုံးလူထုလှုပ်ရှားမှုနဲ့ စခဲ့ပြီး နှစ်ပေါင်း(၃၀)ကျော်သည့်တိုင်အောင် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေက အပြည့်အဝမရခဲ့သလို၊ ဒီမိုကရေစီပန်းတိုင်ကိုလည်းမရောက်သေးချိန်မှာဘဲ စစ်အာဏာသိမ်းမှုနဲ့ ထပ်မံရင်ဆိုင်ရပါတော့တယ်။ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် ဒေါ်မိုးမိုးနွယ်ဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတိုက်ပွဲကို ဆက်နွဲဖို့ အကြောင်းဖန်လာပါတော့တယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစခဲ့တဲ့ အာဏာသိမ်းမှုကိုအပြင်းအထန်ဆန့်ကျင်ကြသူတွေထဲမှာ “Generation Z” လို့အမည်ပေးထားကြတဲ့ မတရားမှုကိုလက်မခံနိုင်တဲ့ ဆယ်ကျော်သက် မျိုးဆက်သစ်လူငယ်တွေပါဝင်သလို ဒေါ်မိုးမိုးနွယ်တို့လို အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို နှစ် (၃၀) ကျော် မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ဖူးကြတဲ့ (၈၈) မျိုးဆက်တွေလည်းပါဝင်ပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် နှစ်စဉ်သြဂုတ်လရောက်တိုင်း (၈၈) မျိုးဆက်တွေဟာ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေကိုကျင်းပဖို့ အားတက်သရောပြင်ဆင်ကြပါတယ်။ စစ်အစိုးရလက်ထက်တုန်းက ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားတွေကို ပုန်းလျှိူးကွယ်လျှိုးသာကျင်းပခဲ့ရပြီး အရပ်သားအစိုးရလက်ထက်မှာတော့ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံလို အထင်ကရနေရာတွေမှာ ခြိမ့်ခြိမ့်သဲကျင်းပခွင့်ရခဲ့ကြတာဟာ မကြာသေးပါဘူး။

စစ်အာဏာသိမ်းခဲ့တဲ့ဒီနှစ်မှာတော့ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားတွေ အရပ်သားအစိုးရလက်ထက်တွေတုန်းကလို ကျင်းပနိုင်တော့မှာမဟုတ်ပါဘူး။ အရင်နှစ်တွေတုန်းက ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားတွေကို တတ်ရောက်ခဲ့တဲ့ ဒေါ်မိုးမိုးနွယ်ဟာလည်း ဒီနှစ်မှာတော့မတတ်နိုင်တော့ပါဘူး။ သူဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ဖို့အတွက် တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်နေတာကြောင့်ပါ။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေကို သွားရောက်တဲ့လူငယ်တွေရှိသလို ၁၉၈၈ ကာလတုန်းကလည်း တောထဲကို စစ်သင်တန်းသွားတက်သူတွေအများအပြားရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဒေါ်မိုးမိုးနွယ်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာကြီးပြင်းခဲ့တဲ့ ဒေါ်မိုးမိုးနွယ်ဟာ ၁၉၈၈ခုနှစ်တုန်းက သူ့အသက်(၁၇)နှစ်အရွယ်မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့အတွက် တောထဲသွားကာ စစ်သင်တန်းတက်ရောက်ခဲ့သူပါ။

“အာဏာရှင်လက်အောက်မှာနေရတာထက်စာရင် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ပြီး သေရတာက ပိုမြတ်တယ်လို့ ခံယူပြီး ဒီဆုံးဖြတ်ချက်ကိုချခဲ့တာ” လို့ ဒေါ်မိုးမိုးနွယ်က သူ့ခံယူချက်ကိုပြောပြပါတယ်။

တောထဲမှာ စားစရာ နေစရာအခက်အခဲ၊ ရာသီဥတုဒဏ်၊ ဆေးဝါးမလုံလောက်မှု စတဲ့ဆင်းရဲဒုက္ခမျိုးစုံကို အာဏာရှင်ဆန့်ကျင်လိုတဲ့ စိတ်တစ်ခုထဲနဲ့ ကျော်ဖြတ်ခဲ့တယ်လို့သူကဆိုပါတယ်။

စစ်သင်တန်းဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်နဲ့ လေ့ကျင့်မှုတွေကို မငြီးမငြူလေ့ကျင့်ရင်း ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ ရဲဘော်ရဲဘက်တွေအတွက် မခံချင်စိတ်၊ နာကျည်းစိတ်တွေမွေးရင်း ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ပါတယ်။

သင်တန်းတက်နေစဉ်အတွင်း လေ့ကျင့်ရေးတွေလုပ်တဲ့အခါမှာလည်း နဂိုကခွဲစိတ်ထားဖူးတဲ့ဒဏ်တွေကြောင့် ဒေါ်မိုးမိုးနွယ်ဟာ ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။

တောထဲမှာ ခုနှစ်နှစ်လောက်နေထိုင်ရင်း ၁၉၉၇ ခုနှစ်မှာ တတိယနိုင်ငံတစ်ခုကိုထွက်ခွာခဲ့ပြီး အခုနွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာသိမ်းမှုကို ထပ်မံဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်နယ်မြေကို ပြန်လည်ရောက်လာခဲ့ပါတော့တယ်။ ဒေါ်မိုးမိုးနွယ်ဟာ ဖေဖော်ဝါရီလတုန်းကလဲ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်စစ်ကြောင်းတွေမှာ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

“မပြီးဆုံးသေးတဲ့တာဝန်တွေကို မသေခင်တာဝန်ကျေခဲ့ချင်လို့ပါ” လို့ စစ်သင်တန်း ပြန်လည်တက်ရောက်ဖြစ်တဲ့ အကြောင်းကို ဒေါ်မိုးမိုးနွယ်ကပြောပါတယ်။ အချိန်ကာလနဲ့အခြေအနေတွေ ကွာခြားသွားပေမယ့်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်လိုစိတ်တွေကတော့ မလျော့ပါးသွားပါဘူး။

၁၉၈၈ တုန်းက ငယ်ရွယ်သေးတဲ့အတွက် စိတ်သွားရာကိုယ်ပါခဲ့ပြီး အခုအခါ အသက်အရွယ်ကြောင့် ခက်ခဲတဲ့အပိုင်းတွေ ရှိပေမယ့် ခံယူချက်ပြင်းထန်နေသေးတဲ့အတွက် အခက်အခဲမှန်သမျှကိုကျော်ဖြတ်နိုင်တယ်လို့ ဒေါ်မိုးမိုးနွယ်ကဆိုပါတယ်။

“၈၈ တုန်းကရောအခုလက်ရှိ နွေဦးတော်လှန်ရေးမှာပါ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ရပါဝင်ရ၊ ဘယ်လိုပဲပေးဆပ်ရပေးဆပ်ရ၊ အောင်မြင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေတယ်” လို့ ဒေါ်မိုးမိုးနွယ်က တတ်ကြွစွာဆိုပါတယ်။

ဒေါ်မိုးမိုးနွယ်လိုပဲ ရှစ်လေးလုံးတော်လှန်ရေးကနေ အခုနွေဦးတော်လှန်ရေးတိုင်အောင် တတ်ကြွစွာပါဝင်နေသူ တစ်ဦးကတော့ ဒေါ်ဝေနှင်း(အမည်လွဲ)ပဲဖြစ်ပါတယ်။

၁၉၈၈ ကာလတုန်းက ဒုတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့တဲ့ ဒေါ်ဝေနှင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး ဗမာပြည်ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦးရဲ့အဖွဲ့ဝင်အဖြစ် မြေအောက်လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၈၈နောက်ပိုင်းကစပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ပါတီအောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

၁၉၉၁ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ လှုပ်ရှားမှုပွဲမှာပါဝင်ခဲ့တဲ့အတွက် တိမ်းရှောင်နေခဲ့ရပြီး ၁၉၉၃ ခုနှစ်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။ သင်္ကြန်ကာလတွေရောက်တိုင်း ခံယူချက်တူသူတွေနဲ့စုပေါင်းကာ ဈေးရောင်းရန်ပုံငွေရှာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ကူညီတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုတောင်းပွဲတွေ ပြုလုပ်ရာမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၉၅ခုနှစ်မှာတော့ဖမ်းဆီးခံရကာ ထောင်(၇)နှစ်ချမှတ်ခံခဲ့ရပါတယ်။

“စစ်အာဏာရှင်မကြိုက်ဘူး။မကြိုက်တဲ့အတွက် သူတို့ဘာလုပ်လုပ် ဆန့်ကျင်မှာပဲ။ ဆန့်ကျင်ပြီးသွားရင် လွတ်အောင်ပြေးတယ်။ မလွတ်ရင်တော့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အချိန်မှာလည်း နောင်တမရဘူး” လို့ ဒေါ်ဝေနှင်းက အားမာန်အပြည့်နဲ့ ဆိုပါတယ်။

အကျဉ်းထောင်ထဲမှာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ရင်း ၂၀၀၁ခုနှစ်မှာတော့ လွှတ်မြောက်လာခဲ့ပါတယ်။

ဘဝရဲ့အချိန်တော်တော်များများကို ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်ဝေနှင်းဟာ နွေဦးတော်လှန်ရေးကာလမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ဖို့ ဆက်လက်ပါဝင်နေပါတယ်။

“ငယ်ငယ်တုန်းကလိုတော့ လှုပ်ရှားတက်ကြွနေတဲ့ လူငယ်တွေကြားထဲမှာမပါနိုင်တော့ဘူး။ နောက်ကွယ်ကနေ လုပ်ပေးလို့ရတာတွေအကုန်လုံးကိုတော့ ကြိုးစားပြီး ဖြည့်ဆည်းပေးတယ်။ ခံယူချက်ကတော့အတူတူပဲ။ စစ်အာဏာရှင်ကို လက်မခံဘူး”လို့ဒေါ်ဝေနှင်းက ခိုင်မာစွာဆိုပါတယ်။

ဒေါ်ဝေနှင်းအနေနဲ့ CDM ဝန်ထမ်းတွေ၊ ကျဆုံးသွားတဲ့မိသားစုဝင်တွေ၊ စစ်အာဏာသိမ်းမှုအပြီးမှာ စားဝတ်နေရေး ခက်ခဲနေတဲ့မိသားစုတွေကို တစ်နိုင်တစ်ပိုင်အပြင် မိတ်ဆွေတွေရဲ့အကူအညီနဲ့ တတ်နိုင်သလောက်ထောက်ပံ့တာတွေ ဆောင်ရွက်နေပါတယ်။

ဒေါ်မိုးမိုးနွယ်နဲ့ ဒေါ်ဝေနှင်းတို့နည်းတူ ဒေါ်မာမာ(အမည်လွဲ)ကလည်း ရှစ်လေးလုံးအရေးတော်ပုံကနေ လက်ရှိ နွေဦးတော်လှန်ရေးကာလအထိ စစ်အာဏာရှင်ဆန့်ကျင်ရာမှာ တစ်ထောင့်တစ်နေရာကပါဝင်နေပါတယ်။

ဒေါ်မာမာဟာ ၁၉၈၈ခုနှစ်တုန်းက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ပါတယ်။ မြေအောက်လှုပ်ရှားမှုတွေ ပြောက်ကျားသပိတ်တွေမှာလည်းပါဝင်ခဲ့ပါတယ်။

“အကုန်လုံးက စိုးရိမ်ထိတ်လန့်ပြီးတော့ လုပ်ရတာတွေချည်းပဲ။ နံပါတ်တုတ်နဲ့လိုက်ရင်လည်း ပြေးရတာတွေလည်းရှိတယ်” လို့ သူ့အတွေ့အကြုံကိုပြောပြပါတယ်။

ကျောင်းသူဘဝကတည်းက သိုးမွှေးချည်ထိုးတဲ့အလုပ်တွေလုပ်ကိုင်ကာ ဝင်ငွေရှာပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုပါတယ်။ ဒေါ်မာမာတစ်ယောက်လည်း ဒေါ်ဝေနှင်းနည်းတူ ၁၉၉၅ခုနှစ် မှာဖမ်းဆီးခံရပြီး ထောင်(၇)နှစ်ချမှတ်ခံခဲ့ရပါတယ်။

“ဒီအလုပ်တွေငါ့အတွက်ငါလုပ်တာမဟုတ်ဘူး။ မကောင်းတဲ့အလုပ်ကိုလုပ်တာမဟုတ်ဘူး။ မတရားတာကို မခံနိုင်လို့ အမှန်တရားအတွက် လုပ်တယ်ဆိုတဲ့ အဲ့ဒီစိတ်တစ်မျိုးကိုပဲ သွင်းထားတယ်။ မကြောက်ဖူးလား မေးရင်တော့ကြောက်တယ်။ အဲ့ဒီစိတ်ကိုပဲ ဦးဆောင်ပြီးလုပ်တယ်။ စိတ်ပင်ပန်းရင်လည်းအဲ့ဒါပဲစဉ်းစားတယ်။ ဝမ်းနည်းရတဲ့အခါမှာလည်း အဲ့ဒါပဲ စဉ်းစားတယ်” လို့ ဒေါ်မာမာက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာတော့ ၈၈ကာလတုန်းကလောက်ရှေ့တန်းကမပါဝင်တော့ပေမယ့် တစ်နိုင်တစ်ပိုင်အနေနဲ့ လိုအပ်တဲ့မိသားစုတွေကိုထောက်ပံ့တာ၊ ဖမ်းဆီးခံရသူတွေအတွက် ထောင်ဝင်စာ ကူညီပေးတာ စတာတွေကို ဆောင်ရွက်နေတယ်လို့ ဒေါ်မာမာကဆိုပါတယ်။

အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေမတူပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်လိုစိတ်တွေကတော့ မျိုးဆက်တိုင်းမှာ ကိန်းအောင်းတုန်းပါပဲ။

ရှစ်လေးလုံးအရေးတော်ပုံ (၃၃)နှစ်ပြည့်မြောက်ခဲ့တဲ့တိုင်အောင် မျိုးဆက်အသီးသီးအလိုရှိနေတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အားလုံးက ဆန္ဒပြင်းပြနေဆဲပါ။

လက်နက်ကိုင်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေတဲ့ ဒေါ်မိုးမိုးနွယ်က “အာဏာရှင်စနစ် မြန်မာပြည်မြေပေါ်ကနေ လုံးဝချုပ်ငြိမ်းသွားတဲ့အထိ၊ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်တော်လှန်သွားမယ်”လို့ သူ့ဆုံးဖြတ်ချက်ကိုပြောပါတယ်။

“တစ်သက်လုံးမတရားမှုက အနိုင်ကျင့်တာခံနေခဲ့ရတယ်။ ဒီတခါလေးတော့တရားတာနိုင်သွားစေချင်တယ်” လို့ ဒေါ်မာမာက မျှော်လင့်ချက်အပြည့်နဲ့ဆိုပါတော့တယ်။

Related Articles