Home ဆောင်းပါး အခက်အခဲတွေကြားက ရင်သားကင်ဆာကို တိုက်ပွဲဝင်ကုသသွားဖို့ ဆုံးဖြတ်ထားသူ အမျိုးသမီး

အခက်အခဲတွေကြားက ရင်သားကင်ဆာကို တိုက်ပွဲဝင်ကုသသွားဖို့ ဆုံးဖြတ်ထားသူ အမျိုးသမီး

ကေခိုင်  

  “ဆရာဝန်က Ultrasound ရိုက်ရင်းနဲ့ သမီး နင်အကျိတ်က ကင်ဆာဆဲလ်ပြန့်နေပြီလို့ပြောတဲ့အချိန်မှာ အမ အရမ်း ဝမ်းနည်း မိတယ်။ ကင်ဆာဆိုတာမျိုးကလူတိုင်းကြောက်ကျတယ်လေ”လို့အသက်၃၆နှစ်အရွယ်ကလေးနှစ်ယောက်မိခင်ဖြစ်သူမဖြူဖြူကပြောပါတယ်။

မဖြူဖြူဟာပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ ညာဘက်ရင်သားပေါ်မှာ အကျိတ်လုံးလေးစတွေ့ခဲ့တာကစ ရင်သား ကင်ဆာအဆင့် ၂ ရှိနေမှန်းသိခဲ့ရပြီး ကင်ဆာရောဂါကုသမှု ခံယူနေရသူပါ။

အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာရောဂါတွေအနက် ရင်သားကင်ဆာကလည်းတစ်ခုအပါအဝင်ဖြစ်ပြီး ရင်သား ကင်ဆာက အမျိုးသမီး ၁၀၀မှာ ၁၂ဦး ဝန်းကျင်ခန့် ခံစားနေရတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပါတယ်။ WHO ရဲ့ စစ်တမ်းတွေအရ ၂၀၂၀ခုနှစ်အထိကို  ၂ဒသမ ၃မီလီယံခန့်အမျိုးသမီးတွေက ရင်သားကင်ဆာခံစားနေရပြီး တစ်ကမ္ဘာလုံးအနေနဲ့ အမျိုးသမီး ၆၈၅,၀၀၀ ဦးဟာ ရင်သားကင်ဆာကြောင့်သေဆုံးခဲ့ရပါတယ်။

ရင်သားကင်ဆာ ဖြစ်တယ်လို့ကြားလိုက်တိုင်း ထိတ်လန့်ကြောက်ရွှံရတဲ့အထိ   ခက်ခဲကြမ်းတမ်းတဲ့ ကင်ဆာခရီး လမ်းက ငွေ ရောလူရောစိတ်ရော ပင်ပန်းပေမယ့်လည်း လက်မလျှော့ဘဲ ရင်ဆိုင် ကုသနေတဲ့ အမျိုးသမီး တွေလည်း အများအပြား ရှိနေပါတယ်။

အဲ့ဒီလိုအမျိုးသမီးတွေထဲ မဖြူဖြူအပါအဝင်ပါ။ မဖြူဖြူက ရင်သားမှာ အကြိတ်ဖြစ်နေတာကို သတိထားမိပေမယ့် ကလေး မိခင်ဖြစ်တာကြောင့် နို့ချောင်းပိတ်တယ်အထင်နဲ့ရေနွေးအိတ်နဲ့ချေပြီး သာမန်ကုသခဲ့ရာ၊ ၃လအကြာမှာ ညာဘက် နို့သီးခေါင်းက အထဲကိုဝင်သွားခဲ့ရာကနေဇီဝိတ‌ဒါနဆေးရုံမှာ ဆရာဝန်နဲ့ပြသပြီးUltrasound ရိုက်တဲ့အခါ အကျိတ်က ကင်ဆာ ဆဲလ်တွေပြန့်နေပြီဆိုတာသိခဲ့ရတယ်လို့ဆိုပါတယ်။

အကျိတ်ကတဖြည်းဖြည်းကြီးလာတာကြောင့် ညဘက်တွေအိပ်မရသလိုအသက်ရှုရလည်းခက်လာပြီးညာဖက်ချိုင်းအောက်မှာ အကျိတ်တခုထွက်လာတာ ဆံပင်ကျွတ်တာ၊ ညာဘက်ခြေသူကြွယ်မှာ ကြွက်နို့ထွက်လာတာစတဲ့ လက္ခဏာတွေ ပြလာတယ်လို့ပြောပါတယ်။

 ဇီဝိတဒါနဆေးရုံကနေကင်ဆာလို့ယူဆတာကြောင့်ကုသမှုခံယူဖို့ရန်ကုန်ဆေးရုံကြီး မေးရိုးခွဲစိတ်ဌာနကိုလွှဲလိုက်ပြီး ရင်သား အကျိတ်ကအသားစယူပြီး စစ်ဆေးတဲ့အခါကင်ဆာအဆင့် ၄လို့ အဖြေ ထွက်လာပေမယ့် မတိကျနိုင်ဘူးဆိုကာခွဲစိတ် ဌာန(၃)ကို ထပ်မံလွှဲခဲ့ပါတယ်။ထပ်မံ စစ်ဆေးပြီးနောက် ရင်သားကင်ဆာ အဆင့်၂လို့ သတ်မှတ်ပြီး ကင်ဆာဌာန ကိုလွှဲခဲ့ကာ ကင်ဆာဆေးသွင်း မှုစတင်ခဲ့တယ်လို့ဆိုပါတယ်။

 “ဆေးသွင်းပြီးပြီးချင်း စိတ်ကဘာမှမဖြစ်ဘူး၊ ၇ရက် မြောက်နေ့မှာ ဆံပင်တွေစကျွတ်တာ မကိုင်ပဲကျွတ်တာနော်။ ကိုရီးကား အွန်စော ဂတုံးဖြစ်တဲ့ခံစားချက်ကအဲ့ဒီမှာစတာ ငါသေတော့မှာလား၊ တစ်ခါပဲဆေးသွင်းရသေးတယ် ဆံပင်တွေ ကျွတ်လာပြီ သားနဲ့ သမီးကို ထားခဲ့ရတော့မယ်ဆိုတဲ့အတွေးတွေဝင်လာတယ် “လို့ မဖြူဖြူက ပြောပါတယ်။

ငွေကြေးတက်နိုင်တဲ့သူတွေက နိုင်ငံခြားဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ လွယ်လွယ်ကူကူကုသနိုင်ပေမယ့်၊ သူအပါ အဝင်ငွေကြေးမတက်နိုင်သူတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်း ကုသရတာလည်း အခက်အခဲ တစ်ခုလို့ဆိုပါတယ်။

 “ပိုက်ဆံမရှိတဲ့ လူနာတွေ ရန်ကုန်ဆေးရုံကြီးမှာအများကြီး၊ မသေအောင် ဆေးသွင်း၊ ဆရာဝန်ကြီးတွေ လုပ်ခိုင်းသမျှ လုပ်ရတာ အပြင်ဆေးခန်းတွေမှာဆေးစစ်ရတယ် ရန်ကုန်ဆေးရုံကြီးမှာ လူပေါင်းစုံကင်ဆာပေါင်းစုံပဲ လူနာတွေ အပြည့် ထိုင်စရာ နေရာတောင်မရှိဘူး”လို့သူကဆက်ပြောပါတယ်။

 ဆေးရုံကြီးမှာကုသမှုကပြင်ပမှာလောက်ငွေကြေးကုန်ကျမှုမများပေမယ့်ဆေးစစ်သွေးစစ်တာ၊ အချို့ဆေးဝါးတွေ ကိုဝယ်ယူရတာရှိပြီး ကုန်ကျစရိတ်တွေမတက်နိုင်သူတွေလည်းအများအပြားပဲလို့ဆိုပါတယ်။

“ကျွန်မဆိုတော်တော်စိတ်ဓာတ်ကျတယ်၊ ကျွန်မက အသက်ငယ်သေးတယ်၊ လူကြီးပိုင်းတွေစောင့်ရတာပိုဆိုးတယ် ဘုန်းကြီးတွေ သီလရှင်တွေနယ်က လူတွေအများကြီးပဲ” လို့သူကဆက်ပြောတယ်။

 ဒါ့အပြင် ရောဂါကုသနေစဉ်အတောအတွင်းမှာ  အဟာရပြည့်အောင်စားဖို့အရေးကြီးပေမယ့်လည်း ငွေကြေးကြပ်တည်းကြတဲ့ အတွက် အဟာရပြည့်ဝအောင်စားဖို့ မတက်နိုင်သူတွေလည်းအများအပြားလို့ဆိုပါတယ်။

 “ဈေးကြီးတဲ့ အချိန် အာဟာရဖြစ်ဖို့ စားသောက်ဖို့ ခက်ခဲလာတာအမှန်၊ ကင်ဆာသမားတိုင်းဈေးဒဏ်ကိုခံနေရပြီ အိမ်ရှင်မ တွေဆို တွေးပြီလေ ဟင်းတစ်ခွက်သုံးထောင်နဲ့ညမနက်ရတယ်။ ကျွန်မဆိုလည်း အမျိုးသားအလုပ်ဝင်ငွေတစ်ခုပဲရှိတာလေ ကိုယ့်အတွက်ဆေးဖိုး ဆရာဝန်ပြခတွေနဲ့လို့ “သူကပြောပါတယ်။

 ကင်ဆာရောဂါဖြစ်ပြီဆိုရင် လူရောစိတ်ရောခက်ခဲပင်ပန်းမှုနဲ့အတူ ကုသမှုတစ်လျှောက်လုံးမှာ ငွေကုန်ကြေးကျများတာကြောင့် ငွေကြေး ကြပ်တည်းတာ၊ စိတ်ပူပန်ရတာတွေကို ရောဂါရှင်ရော၊ မိသားစုဝင်တွေပါကြုံရပါတယ်။

ကင်ဆာဖြစ်လို့ဆေးကုသနေရပေမယ့် မိဘတွေစိတ်ပူပန်မှာကြောင့် ဖွင့်မပြောဘဲ တစ်ယောက်တည်း ကျိတ်ငိုခဲ့ရတဲ့နေ့တွေ ကြုံခဲ့ရတာတွေကိုရပ်ကွက်ထဲက ခင်မင်ရတဲ့ မိတ်ဆွေတွေက စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပါ ကူညီ ပံ့ပိုးခဲ့တာတွေကြောင့် စိတ်ခွန်အားရခဲ့တယ်လို့ဆိုပါတယ်။

ငွေကြေးပြည့်စုံသူတွေမှာတောင်ကုသရင်း ငွေကြေးလိုအပ်ချက်ရှိလာတာ၊ငွေကုန်ကြေးကျများတာကြောင့်  မိသားစု ကိုငဲ့ကာ ကုသမှုကို လက်လျှော့လိုက်ရတာတွေရှိပြီး၊ မပြည့်စုံသူတွေမှာတော့ ဒီထက်ကြပ်တည်းခက်ခဲ တဲ့အခြေအနေနဲ့ ရင်ဆိုင် နေရတာလို့ မနုဆွေကလည်း ပြောပါတယ်။

မနုဆွေရဲ့ အသက် ၃၁နှစ်အရွယ် ညီမဖြစ်သူက ပြီးခဲ့တဲ့ နှစ်ဇန်နဝါရီလမှာ ရင်သားကင်ဆာရောဂါ နဲ့ဆုံးပါးခဲ့တာပါ။ ရောဂါ ဖြစ်နေပေမယ့်လည်း ပေါ့ဆပြီး ဆေးခန်းပြဖို့ကြန့်ကြာနေတာရယ် ၊ဆေးသွင်းတဲ့ဒဏ်၊ ခွဲစိတ်ထားတဲ့ နေရာက အနာ မသက်သာတာတွေကြောင့် ဆုံးပါးခဲ့တာလို့ မနုဆွေကပြောပါတယ်။

 “ကင်ဆာဖြစ်လို့ လူနာကသေတာသွားတယ်၊ ဆေးကုဖို့ ချေးငှားရတဲ့အကြွေးတွေက ဆပ်နေရတုန်း “ လို့သူကဆိုပါ တယ်။

 သူ့ရဲ့ ညီမဖြစ်သူက ကင်ဆာလို့မသိခင်က ရင်သားတွေနာကျင်ပြီး နို့သီးခေါင်းထိပ်မှာ အရည်ထွက်တဲ့ လက္ခဏာတွေပြခဲ့ ပေမယ့်အပျိုအရွယ်လေးဆိုတော့ ရှက်တာရယ်၊သာမန်လိုပဲထင်ပြီး ဆေးမြီးတိုတွေ လိမ်းနေခဲ့ရာကနေ နောက်ဆုံးမသက်သာတဲ့အချိန်ဆေခန်းပြ စစ်ဆေးတဲ့အခါမှ ရင်သားကင်ဆာအဆင့် ၂ ဖြစ်နေမှန်းသိခဲ့ရတယ်လို့ပြောပါတယ်။

 မိသားစုကငွေကြေးကြွယ်ဝသူမဟုတ်တော့ ရန်ကုန်ဆေးရုံကြီးမှာပဲတောက်လျှောက် ပြသပြီး ကင်ဆာဆေး သွင်းတာ၊ရင် သားဖြတ် တာပြုလုပ်ခဲ့ပြီးနောက်  ဖြတ်ထားတဲ့နေရာကအနာမသက်သာပဲ ကြာနေတာကနေ ပိုးဝင်ပြီး ဆုံးပါးခဲ့တာလို့ဆို ပါတယ်။

ကင်ဆာရောဂါဖြစ်တဲ့အခါငွေကြေးပြည့်စုံသူတွေကပြင်ပဆေးရုံတွေမှာစိတ်အေးလက်အေးကုသနိုင်ပေမယ့်ငွေကြေးမပြည့်စုံ သူတွေက ပိုပင်ပန်းခက်ခဲကြတာပါ၊

 မနုဆွေတို့ မိသားစုကသာမာန်လက်လုပ်လက်စားဖြစ်တာကြောင့် စျေးရောင်းမထွက်ရတဲ့နေ့ဆို စားရေးသောက်ရေးမလွယ် ကူသလိုညီမဖြစ်သူ နာမကျန်းဖြစ်ပြီးတဲ့နောက် စျေးလည်းမထွက်နိုင်တော့တဲ့အခါ စားဝတ်နေရေးပိုကြပ် တည်းလာတဲ့အပြင် ဆေးဖိုးကထပ်ဆင့်လာတဲ့အခါ လူရောစိတ်ရော ပိုပင်ပန်း ခက်ခဲရတယ်လို့ဆိုပါတယ်။

 ဆေးသွင်းဖို့ ဆေးဝယ်ရတာ ဆေးစစ်သွေးစစ်ရတာတွေက အနည်းဆုံး  လေးငါးသောင်း ကနေ သိန်းဂဏန်းထိ ကုန်ကျ တယ်လို့ ဆိုတယ်။ ဒီပမာဏက သာမန်သူတွေအဖို့ မပြောပပေမယ့်လည်း သူတို့လိုလက်လုပ်လက်စားတွေမှာတော့ ချေးငှားပေါင်နှံရနဲ့ အကြွေးသံသရာလည်နေရတယ်လို့ပြောပါတယ်။

 ကင်ဆာဆေးတွေ အကြိမ်ကြိမ်သွင်းရတဲ့ ညီမဖြစ်သူမှာ ဆေးသွင်းတဲ့ဒဏ်၊ ရင်သားဖြတ်ထားတဲ့ နေရာက နာကျင်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ အိပ်ရာထက်မှာပင်ပင်ပန်းပန်းနဲ့ နာနာကျင်ကျင် အော်ဟစ်ငိုယိုနေရတာကို တွေ့မြင်နေပေမယ့်လည်း မိသားစုတွေမှာ ဘာမှမလုပ်ပေးနိုင်ဘဲ ဒီတိုင်းကြည့်နေရတာလို့ သူကဆက်ပြောတယ်။

 “သူ့ကြည့်ပြီး ကျန်တဲ့သူတွေမှာ နေစရာမရှိဘူး၊နာလွန်းလို့အော်ငိုနေတာ၊ ကိုယ်တွေကလည်း ဘာမှ မလုပ်ပေးနိုင်ဘူး လေ၊ သူ့ကြည့်ပြီး တခါတည်းသေမယ့်ရောဂါပဲဖြစ် ကင်ဆာတော့မဖြစ်ပါစေနဲ့လို့ ကိုယ်တွေမှာ ဆုတောင်းနေရတယ်”လို့ဆိုတယ်။

 ရင်သားကင်ဆာရောဂါကအမျိုးသမီးတိုင်းမှာဖြစ်နိုင်ချေရှိပြီး အသက်အရွယ်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ သက် ဆိုင်နေပါတယ်။

ရင်သားကင်ဆာဖြစ်ပွားတဲ့အခါမှာဖြစ်ပွားမှုပုံစံနဲ့ကင်ဆာအဆင့်အပေါ်မူတည်ပြီးရင်သားခွဲစိတ်ဖြတ်ထုတ်တာ(Mastectomy)၊(သို့မဟုတ်)ရင်သားအကျိတ်အစိုင်အခဲများဖယ်ရှားခြင်း(Breast-Conserving Surgery) တို့ပြုလုပ်ရ တဲ့အခါ အမျိုး သမီးအချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရင်သားမဖြတ်ချင်ဘဲအချိန်ဆွဲကုသရာကနေရောဂါအဆင့်တိုးလာတာတွေ ကြုံရတာမျိုးရှိပါတယ်။

မခင်ဥမ္မာက ရင်သားကင်ဆာရောဂါခံစားရတာ တစ်နှစ်ကျော်ပါပြီ။ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာမှာ ရေချိုးရင်း အကျိတ်လေး စမ်းမိတာကနေ ရင်သားကင်ဆာ အဆင့် ၂ ရှိနေတယ်လို့သိရှိခဲ့ပြီး ဆရာဝန်က ကီမိုဆေးသွင်းပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ တာ ကြောင့်  ကီမိုဆေး ၆ ကြိမ်သွင်းခဲ့ရပါတယ်။

ကင်ဆာဆေးသွင်းပြီးနောက် ခွဲစိတ်မှု လုပ်ရမှာဖြစ်ပေမယ့် သူက ရင်သားဖြတ်ရမှာကို စိုးရိမ်တဲ့အတွက် မခွဲစိတ်ချင် တာ ကြောင့်  ကုသမှုနှောင့်‌နှေးခဲ့ရတယ်လို့ဆိုပါတယ်။

 “ဒါကတော့အမကိုယ်တွေ့ပဲ၊မိန်းမသားတွေမှာ လှတာ ဒီရင်သားပဲရှိတယ်လေ။ ကိုယ့်အလုံးလေး(အကျိတ်)က ၁.၈ စင်တီမီ တာပဲ ရင်သားမှာ တွေ့တယ်ဆိုတော့ အမှန်အတိုင်းပြောရင် မခွဲစိတ်ချင်ဘူး၊ ဒါကပဲ အမရဲ့အားနည်းချက်လို ဖြစ်သွားတယ် ” လို့  မခင်ဥမ္မာကပြောပါတယ်။

 ဂျပန်မှာနေထိုင်တဲ့ဆွေမျိုးတွေက သူတို့နိုင်ငံမှာလာရောက်ကုသဖို့တိုက်တွန်းတာကြောင့် ဂျပန်နိုင်ငံမှာ ကုသရင် ခွဲစိတ်တာ ရှောင်ရှားနိုင်မလားဆိုပြီး သွားခဲ့ပေမယ့် ခွဲစိတ်ဖို့ အဆင်မပြေတာရယ်၊ ကုန်ကျစရိတ် ကြီးမြင့်မှု ရယ်ကြောင့် (၁၀)လတာ နေထိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်လို့ဆိုပါတယ်။

မြန်မာပြည်ရောက်တဲ့အခါပြင်ပဆေးရုံတစ်ခုကခွဲစိတ်ဆရာဝန်ဆီမှာခွဲစိတ်ခဲ့ပြီးအကျိတ်ကိုဖယ်ရှားလိုက်နိုင်ပေမယ့်၊ကင်ဆာအထူးကု ဆရာဝန်ထံဆက်လက် ပြတဲ့အခါ အခြားအစိတ်အပိုင်းတွေမှာကင်ဆာဆဲလ်နဲ့ အကျိတ်တွေ ရှိနေတာကို သိခဲ့ ရတယ်ကြောင့်ဆက်ကုဖြစ်တယ်။

“ကင်ဆာဆရာဝန်ဆီမသွားဘဲနဲ့ ခွဲစိတ်ဆရာဝန်ဆီ တန်းသွားလိုက်ပြီးခွဲစိတ်လိုက်တာပေါ့၊ ခွဲစိတ်ပြီး ကင်ဆာဆရာဝန်ကြီး ကြီး ဆီပြတဲ့အချိန် CT သုံးနေရာရိုက်တယ်၊ ညှပ်ရိုးနဲ့ လည်းပင်းကြားမှာ အကျိတ်ထပ်တွေ့တယ်၊ ခွဲစိတ်ခါနီး CT ကိုထပ် မရိုက်ခဲ့ဘူး၊ ဒါဆရာဝန်ရဲ့ပေါ့ဆမှုလို့ပဲ မပြောလိုတော့ပါဘူး၊ ကိုယ့်ကံကြမ္မာပဲ၊ ကိုယ်က ၁၀လနောက်ကျခဲ့တာကိုး။ “လို့ ပြောပါတယ်။

 ကင်ဆာကုသမှုခရီးလမ်းကလူပင်ပန်းသလိုငွေကုန်ကြေးကျလည်းများပါတယ်။ငွေကြေးလိုအပ်ချက်ကြောင့်ပိုင်ဆိုင်တဲ့ တိုက်ခန်း ကိုရောင်းချပြီး ကုသခဲ့ရတယ်လို့သူကပြောပါတယ်။

 “လူမသေ‌ငွေမရှားဆိုသလို တွေပြီးကုသခဲ့တယ်၊ ခက်ခဲတာက ခက်ခဲတယ်။ အဓိက ငွေရေးကြေးရေးပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရင်ညွှန့်နဲ့ ညှပ်ရိုးကြားမှာ အကြိတ်ရှိနေသေးသလို၊ အရိုးမှာလည်း ကင်ဆာဆဲလ် အနည်းငယ် ကျန်ရှိနေသေး တာကြောင့် ကီမိုဆေး ဆက်သွင်းနေရဆဲလို့ဆိုပါတယ်။

 ဆေးရုံမှာ ကင်ဆာဆေးသွင်းတဲ့အခါရောဂါဝေဒနာတူ လူနာတွေထဲ အသက်အရွယ် အမျိုးမျိုး တွေ့ရသလို အထူးသဖြင့် ငယ်ရွယ်တဲ့အသက် ၂၀ကျော် မိန်းကလေးငယ်တွေလည်း ရင်သားကင်ဆာဖြစ်ပွားကြတာ တွေ့ရတယ်လို့ဆိုပါတယ်။

“အမတို့ကင်ဆာလူနာ အချင်းချင်ဆွေးနွေး စကားပြောကြတဲ့အခါမှာ  အမတို့ဖြစ်တာက သိသိသာသာက  ကိုဗစ်ပြီး နောက် ကိုဗစ်ရဲ့သဘောက အားနည်းတဲ့ဆီသွားတယ်လို့  ယူဆတယ်၊အမအမြင်ပေါ့၊”လို့ သူကပြောပါတယ်။

ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းကင်ဆာဝေဒနာခံစားရသလို၊ သူရဲ့ဖခင်ဖြစ်သူလည်း ဆီးချိုရောဂါခံစားရပြီး အခြားလူနာ တွေလည်း ကိုဗစ်ဖြစ်ပြီးမှ ဒီရောဂါဝေဒနာခံစားရတယ်ဆိုတာကို ကြားသိနေရတဲ့အတွက် မယုံကြည်ချင်ပေမယ့် လည်း တိုက်ဆိုင်တာ တွေ များနေတယ်လို့ သူကပြောပါတယ်။

အမျိုးသမီးငယ်လေးတွေလည်း ငယ်ရွယ်ပေမယ့် ရင်သားကင်ဆာရောဂါခံစားနေရသလို ရောဂါကုသမှု အဖြစ် ရင်သား ဖြတ် ရတာကိုလက်မခံနိုင်ဘဲ အချိန်ဆွဲကုသတဲ့အခါ ရောဂါအဆင့်ပိုတိုးလာတာလည်းတွေ့ရ တယ်လို့ ဆိုပါတယ်။

 မခင်ဥမ္မာကတော့ ကင်ဆာရောဂါကြောင့် ခက်ခဲပင်ပန်းပေမယ့်လည်းစိတ်မလျှော့ဘဲ ရင်ဆိုင်တိုက်ခိုက်နေသလို အခက်အခဲ တွေ ဒုက္ခတွေကို အတူတူဖြတ်ကျော်ရှင်သန်နေကြတဲ့ ကင်ဆာဝေဒနာရှင် တွေအချင်းချင်း  စိတ်ခွန်အားမျှဝေပြီး အခက်အခဲ တွေအတူဖြေရှင်းကြမယ်လို့ ဆိုပါတယ်။

 “အမကိုယ်တိုင်လဲအသက်သေမယ်လို့တစ်ခါမှမတွေးဘူး၊ စိတ်ဓာတ်ကျပြီးအားငယ်ရင် group တွေထဲမှာရင်ဖွင့်ကြပါ။ အ ခက်ခဲတွေအတူဖြေရှင်းကြမယ်။ဖြစ်နိုင်ရင်ငွေကြေးမပြည့်စုံသူတွေအထိပါကူညီနိုင်အောင်အမတို့ကြိုးစားကြမယ်ကင်ဆာ ရောဂါကို အနိုင် တိုက်ထုတ်ကြရအောင် “လို့ အားပေးစကားပြောချင်တယ်လို့ဆိုပါတယ်။

 ရင်သားကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းတွေက အသက်အရွယ်ကြီးရင့်လာခြင်း၊ မျိုးရိုးလိုက်ခြင်း၊ (BRCA genes) လို့ ခေါ်တဲ့ ရင်သားကင်ဆာဗီဇပုံမမှန်ပဲ သန္ဓေပြောင်းလဲခြင်း၊ သဘာဝအရဖြစ်စေ အမျိုးသမီး hormones level များပြားလာခြင်း ၊ အသက် ဆယ်နှစ်နှစ် အရွယ်မတိုင်ခင် ဓမ္မတာ သွေးလာသူများ ၊ ယခင်က ရင်သား ပုံမှန်မဟုတ်တဲ့ အနေအထား တရပ် ကြုံတွေ့ရခြင်းများ (ဥပမာ -ကင်ဆာမဟုတ်တဲ့အလုံးအကျိတ်တခုခုရှိခဲ့ခြင်း)၊ နေထိုင်မှု life style အရလွှမ်းမိုးခြင်း များ၊အရက်ဆေးလိပ်မှီဝဲ သုံးစွဲမှုမြင့်မားခြင်းအဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါး ခြင်း တို့ကြောင့် ဖြစ်တယ်လို့ CDM ကျန်းမာ ရေးဆရာဝန်တစ်ဦးက သုံးသပ်ထားပါတယ်။

ဒါ့အပြင် ငယ်ရွယ်တဲ့အမျိုးသမီးတွေ ရင်သားကင်ဆာ ဖြစ်တာရဲ့ တဝက်ကျော်ဟာ ရင်သားကင်ဆာဗီဇ ပုံမမှန်ပဲ သန္ဓေ ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး အဆိုပါ မျိုးဗီဇပြောင်းလဲခြင်းကြောင့်မဟုတ်ပဲ တချို့အရာတွေကတော့ အမျိုးသမီးဟော်မုန်း မှီဝဲသုံးစွဲမှုများခြင်း၊ ဆေးလိပ်အရွက်မှီဝဲမှုများခြင်း၊ ကိုယ်ဝန်ဆောင်အသက်အရွယ်နောက်ကျခြင်း တို့ကလည်း ဖြစ်နိုင် တယ်လို့ဆိုပါတယ်။

ကင်ဆာရောဂါရဲ့ သဘာဝအရ စောလျင်စွာသိရှိခြင်းက အင်မတန်အရေးကြီးပြီး၊ ရောက်ရှိနေတဲ့ ကင်ဆာအဆင့်ပေါ် မူတည် ကာ အသက်ရှင်သန်နိုင်မှုနှုန်း ကွာခြားနိုင်တဲ့အတွက် မိမိရင်သားအခြေအနေကို ဂရုပြုစောင့်ကြည့် စစ်ဆေးသင့်ပြီး ဒါမှသာ ကြိုတင်ကာကွယ်ကုသနိုင်မယ်လို့ဆိုပါတယ်။

 ရေချိုးတဲ့အခါဖြစ်စေ မိမိရင်သား၊ချိုင်းကြား နဲ့ ညှပ်ရိုးအထက်ကို စမ်းသပ်ကြည့်ပြီးပုံမှန်မဟုတ်တဲ့ အလုံးအကျိတ် တွေ စမ်းမိ တာ၊ နို့သီးခေါင်းနီရဲကွဲအက် နေပြီး ပုံစံပြောင်းတာ၊ နို့ အပေါ်ယံအရေပြား ထူအမ်းလာတာ၊ အပေါ်ယံအရေပြား ပုံပြောင်းချိုင့်ဝင်လာတာတို့ကို ကြိုသိရှိနိုင်သလို Mammogram လို့ခေါ်တဲ့ X ray တမျိုးဖြင့် လည်းစစ်ဆေး သိရှိနိုင် တယ်လို့သူကဆက်ပြောပါတယ်။

  ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီးတွေမှာကင်ဆာဆဲလ်ပြန့်နှံ့မှုပေါ်မူတည်ပြီး ရင်သားခွဲစိတ်ဖြတ်ထုတ်တာနဲ့ ပတ်သတ်လို့ အမျိုးသမီးတွေ ကြားမှာ ဝေခွဲရခက်တဲ့အခြေအနေရှိပေမယ့်  ရင်သားကင်ဆာဆဲလ်က ပွားနှုန်းမြန်ပြီး ကုသရအင်မတန်မှ ခက်ခဲတဲ့အတွက် ကင်ဆာမဖြစ်မှီ အကြိုအဆင့်မှာပင် ဖယ်ရှား ဖြတ်ထုတ် သင့်တယ်လို့ဆိုပါတယ်။

“လူတဦးတယောက်ရဲ့အလှတရားက ရုပ်ပိုင်းဆိုင်ရာပေါ်မှာ လုံးလုံးလျားလျား မှီတည်မနေပါဘူး၊ ထိုလူရဲ့တန်ဖိုး စိတ်နေ စိတ်ထား အပြုအမူ စတဲ့အချက်တွေပေါ်မှာပါမူတည်နေတဲ့အားလျော်စွာ မကောင်းတဲ့အရာ မိမိ ဘဝအပေါ်၊ အသက်အပေါ် သက်ရောက်လာမဲ့အရာကို မိမိခန္ဓာကိုယ်ထဲမှာလုံးဝမထားသင့်ပါ” လို့ အဆိုပါဆရာဝန် ကပြောပါတယ်။

ကိုယ့်ရဲ့ မိခင်၊အဖွားစတဲ့ဆွေမျိုးတွေမှာရင်သားကင်ဆာဖြစ်ပွားတဲ့သူရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေများတဲ့ အတွက်  အချို့ အမျိုးသမီးတွေမှာမျိုးရိုးဗီဇဆဲလ်တွေစစ်ကာ၊ ဖြစ်နိုင်ချေများတဲ့ မျိုးဗီဇတွေတွေ့တယ်ဆိုရင် ကာကွယ်တဲ့အနေနဲ့ ရင်သားကို ကြိုတင်ဖြတ်ထားတဲ့အမျိုးသမီးတွေလည်း ရှိနေတယ်လို့ Health Educator တစ်ဦးဖြစ်သူ ဒေါက်တာ ဖွေးနုမိုး ကပြော ပါတယ်။

 ကျန်းမာရေးလိုအပ်ချက်အရ ရင်သားဖြတ်ထားတဲ့အခါမှာလည်း ကိုယ့်ခန္ဓာကိုယ်သွင်ပြင်အတွက် လိုချင်တဲ့ပုံစံဖြစ်အောင် ပြန်လည်ခွဲစိတ်ပြုပြင်လို့ရတဲ့ နည်းလမ်းတွေ ရှိနေတာကြောင့်အသက်ရှင်သန်မှုကို ဦးစားပေးပြီးတွေးစေချင်တယ်လို့ဆိုပါ တယ်။

“ဖြတ်လိုက်ရမယ့်အခြေအနေကို ဖြတ်ဖို့လိုအပ်နေသားနဲ့ရှောင်လွှဲမယ်ဆိုရင်ကိုယ့်မှာ ရောဂါဝေဒနာခံစားရတာတွေ၊ အများကြီးမကောင်းတဲ့  အကျိုးဆက်တွေဖြစ်လာနိုင်တယ်ပေါ့”လို့ ဒေါက်တာ ဖွေးနုမိုးကပြောပါတယ်။

ရင်သားကင်ဆာက စောစီးစွာသိရှိလေ ကုသမှုအောင်မြင်နိုင်ခြေ မြင့်တက်စေတဲ့အတွက် ရင်သားကို အမြဲဂရုပြု စစ်ဆေး တာလုပ်ဆောင်သင့်သလို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံများစားသုံးပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ဖြစ်စေတာ၊ ကိုယ်အလေးချိန်ထိန်းသိမ်းပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာ၊ ဆေးလိပ်နှင့် အရက်ရှောင်ကျဉ်တာတွေကို လုပ်ဆောင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုန်းကိုလျှော့ချနိုင်မှာဖြစ်တယ်လို့ကျန်းမာရေးဆရာဝန်တွေက အကြံပြုထားပါတယ်။

ကင်ဆာရောဂါကိုလက်ရှိတိုက်ပွဲဝင်နေတဲ့မဖြူဖြူကတော့ ဘယ်လို နည်းနဲ့ ကုသမှုခံယူရပါစေ ရောဂါဝေဒနာသက် သာအောင် ပုဂ္ဂလိက ဆေးရုံတွေမှာအမြန်ဆုံးကုသ မှုတွေ ခွဲစိတ်တာတွေ လုပ်ချင်ပေမယ့်လည်း ငွေကြေးမတက်နိုင်တော့ ဆေးရုံကြီးကိုပဲ အားကိုးရပြီး စောင့်ဆိုင်းရ ဦမယ် လို့ဆိုပါတယ်။

ဆေးရုံကြီးမှာလည်းဆေးဖိုးဝါးခတွေနဲ့ အခြားကုန်ကျစရိတ်တွေမပါဘဲ ခွဲစိတ်ခတစ်ခုကိုတင်ငွေကျပ် ငါးသိန်းနီးပါး ကုန်ကျ မယ် လို့ ဆိုတဲ့ အတွက် ခွဲစိတ်စရိတ်လျှော့နည်းသက်သာဖို့ ဆေးရုံကို တောင်းဆိုကြည့်မယ်လို့ဆိုပါတယ်။

  “ဆေးရုံကြီးမှာ ညှိလို့ရရင်ခွဲမယ် မရရင်တော့ တခြားမှာ စုံစမ်းခွဲရမယ်။ “လို့သူကပြောတယ်။

 သူ့အနေနဲ့တော့ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ပြင်ဆင်ထားပေမယ့်လည်း ခွဲစိတ်ခစရိတ်ကြောင့် စိတ်ပူပန်နေရတဲ့အတွက် အဆင်ပြေပြေနဲ့ ခွဲစိတ်မှုလုပ်ရဖို့ဆုတောင်းမိတယ်လို့ဆိုတယ်။ကင်ဆာရောဂါ ဖြစ်ပွားတဲ့အခါ ငွေကြေးရောလူရောစိတ်ပါ ပင်ပန်းခက်ခဲတဲ့အတွက် အခြားသူတွေကို ရောဂါမဖြစ်အောင်နေထိုင်စားသောက်ဖို့ တိုက်တွန်းချင်တယ်လို့ဆိုပါတယ်။

 “ဘာရောဂါမှမဖြစ်တာ အကောင်းဆုံးပဲဖြစ်လာပြီဆိုရင်တော့အားရှိအောင်စားသောက်ဖို့နဲ့ ကိုယ်စိတ်ကိုမကျအောင် လုပ်ဖို့ ကအဓိကပဲ၊ ကင်ဆာဂရုတွေထဲဝင် စကားပြော စိတ်ကို ပေါ့ပါးစွားထားနိုင်အောင်ထား ဘုရားမမေ့နဲ့”လို့ပြောပါတယ်။

Author:

Related Articles