Home အယ်ဒီတာ့အာဘော် စစ်ကောင်စီ အတုအယောင်သင်္ကြန်မှာ ပြည်သူတွေ ဘေးကင်းကြစေလို

စစ်ကောင်စီ အတုအယောင်သင်္ကြန်မှာ ပြည်သူတွေ ဘေးကင်းကြစေလို

HI Editorial  

စစ်အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော် ကျရောက်လာတာဟာ ယခုနှစ်ဆိုရင် သုံးကြိမ်မြောက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းမှု မတိုင်ခင် ၂၀၁၉ တည်းက ကိုဗစ်ရောဂါကြောင့် သင်္ကြန်ပွဲတော် မကျင်းပခဲ့ရတာကို ထည့်တွက်ရင် ငါးနှစ်တာရှိလာခဲ့တာပဲ ဖြစ်ပါတယ်။  

ဒါကြောင့် မြန်မာနိုင်ငံမှာ အကြီးဆုံးပွဲတော်တစ်ခုဖြစ်တဲ့ အထင်ကရ သ​င်္ကြန်ပွဲတော်ကြီးကို လွမ်းဆွတ်နေသူတွေလည်း ရှိပါ တယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ အချိန်အခါဖြစ်တဲ့အတွက် သင်္ကြန်ပွဲတော်ကို ထပ်မံလွမ်းရပါ ဦးမယ်။

ဒီနှစ်မှာ စစ်ကောင်စီဟာ အဖက်ဖက်က ကျဆင်းလာတဲ့ နိုင်ငံရဲ့အခြေအနေ၊ ကျပ်တည်းလာတဲ့ ပြည်သူလူထုရဲ့ အသံတွေကို မျက်ကွယ်ပြုပြီး ယခင်နှစ်တွေနည်းတူ ပုံမှန်ဖြစ်နေသယောင်ဖန်တီးဖို့ သင်္ကြန်ပွဲတော်ကို စည်ကားသယောင် ကျင်းပဖို့ စိုင်းပြင် နေပါတယ်။

တော်လှန်ရေးအဖွဲ့တွေကတော့ သင်္ကြန်ကာလကို မပျော်ရွှင်ကြဖို့ ၊ ငိုနေသူတွေနဲ့ ပြန်စရာ နေအိမ်ပျောက်သူတွေကို စာနာ ကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲတော်တွေကိုလည်း တိုက်ခိုက်မယ်ဆိုပြီး သတိ ပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီကာလက မြန်မာ့နိုင်ငံရေးအခြေအနေ ဆိုးရွားကျပ်တည်းနေဆဲကာလဖြစ်ပြီး နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့်လည်း စစ်ရှောင် ဦးရေ သိန်းနဲ့ချီ နေရပ်စွန့်ခွာရှောင်တိမ်းနေရပါတယ်။

အာဏာသိမ်းကာလအတွင်း ပြည်သူထောင်ပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီအထဲမှာ စစ်ပဋိပက္ခကြောင့် အမျိုးသမီးသေဆုံးမှုတွေဟာ ၂၀၂၃ ဇန်နဝါရီကနေ မတ်လအထိသုံးလအတွင်းမှာတင် ၆၅ ဦးအထိရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာတော့ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ဖို့ပြင်ဆင်နေကြ တုန်းပါပဲ။ ဒီလိုပွဲတော်တွေမှာ ပြည်သူတွေအနေနဲ့ ပျော်ရွှင်မှုဆိုတာထက် မိမိအသက်အန္တရာယ်ထိခိုက်နိုင်မှာကို ပိုပြီးသတိ ထားဖို့လည်း လိုအပ်ပါတယ်။  

စစ်ရှောင်စခန်းနဲ့ တောထဲတောင်ထဲမှာ ဒုက္ခဆင်းရဲကြီးစွာနေထိုင်နေကြရတဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ ပြည်သူ တွေကို ကိုယ်ချင်းစာကြဖို့နဲ့ အသက်နဲ့ရင်းကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် လည်း အနှောက်အယှက်မဖြစ်စေဖို့ အရေးကြီးလှပါတယ်။

စစ်ကောင်စီ အတင်းအကျပ်ကျင်းပဖို့ လုပ်နေတဲ့ သင်္ကြန်ပွဲတော်မှာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေရဖို့မရှိတာ သေချာနေတာကြောင့် လုံခြုံအေးခြမ်းစွာနဲ့ မိမိနေအိမ်ထဲမှာသာနေထိုင်ကြတာသာ အကောင်းဆုံးဖြစ်ပြီး စစ်ကောင်စီ လက်အောက်က လွတ်မြောက်မှသာ သင်္ကြန်ပွဲတော်ကြီးကို စစ်မှန်စွာပျော်ရွှင်ဆင်နွဲကြပါစို့လား။

Author:

Related Articles