Home အယ်ဒီတာ့အာဘော် ဖဲကြိုးဖြူနှင့်ကတိပြု

ဖဲကြိုးဖြူနှင့်ကတိပြု

HI Editorial

ဒိုမေနီကန်သမ္မတနိုင်ငံတွင် အာဏာရှင်ရာ့ဖဲလ်ထရူဂျီလို (Rafael Trujillo) အုပ်ချုပ်စဉ်ကာလ ၁၉၆၀ ခုနှစ်က အစိုးရကို ဆန့်ကျင်တော်လှန်ရာတွင် ဉီးဆောင်ပါဝင်ခဲ့သော မီရာဘဲလ် (Miraba) ညီအစ်မသုံးဦးအား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခဲ့သည့်နေ့ကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနေ့” ဟု သတ်မှတ်ခဲ့သည်။

ထိုနေ့ရောက်တိုင်း မီရာဘဲလ်ညီအစ်မများကို ချီးကျူးဂုဏ်ပြုကြပြီး ကမ္ဘာကလည်း ထိုအဖြစ်အပျက်ကို လိင်ကွဲပြား မှုအပေါ်အခြေခံသော အကြမ်းဖက်မှုအဖြစ် အသိအမှတ်ပြုခဲ့သည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ၏ ၅၄ ကြိမ်မြောက် အထွေထွေ ညီလာခံ ၏ ၈၃ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ မီရာဘဲလ်ညီအစ်မများ လုပ်ကြံသတ်ဖြတ်ခံခဲ့ ရသည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ် မှတ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

“အမျိုးသမီးများအပေါ်အကြမ်းဖက်မှု” ဆိုသည့်ဝေါဟာရကို ပုဂ္ဂလိကဘ၀၌ဖြစ်စေ၊ အများပြည်သူရှေ့၌ဖြစ်စေ၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာစေသော ပြုမှုဆောင်ရွက်မှုဖြစ်သည်ဟု အထွေထွေညီလာခံ ကြီးက ထပ်လောင်းအတည်ပြုခဲ့ပါသည်။

လိင်ကွဲပြားမှုအပေါ်အခြေခံသော အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် ၁၆ရက်တာ လှုပ်ရှားမှုသည် အမျိုးသမီး များ၏ အခွင့်အရေးအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ်လည်း ပေါ်ထွက်လာသည်။ ၁၉၉၁ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများခေါင်းဆောင်မှုဗဟိုဌာန (The Center of Women’s Global Leadership, CWGL) က နိုင်ငံပေါင်း ၂၀ မှ အမျိုးသမီး ၂၃ ယောက်ပါဝင်၍ အမျိုးသမီးရေး၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးတို့အတွက် ပထမဦးဆုံးဖွဲ့စည်းသော ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့သည် လိင်ကွဲပြားမှုအပေါ် အခြေခံသော အကြမ်းဖက်မှု များကို ဆန့်ကျင်သည့် ၁၆ ရက်တာ လှုပ်ရှားမှုကို စတင်ရန် ဖိတ်ခေါ်ခဲ့သည်။

ဤလှုပ်ရှားမှုသည် အမျိုးသမီးရေး၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးတို့အကြား ဆက်နွယ်မှုကို အဓိကအလေး ထား၍ နိုဝင်ဘာ ၂၅ ရက်နေ့ မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ လှုပ်ရှားဆောင်ရွက်သည့် လှုပ်ရှားမှုကြီးဖြစ်သည်။

အချိန်ကာလက ထူးခြားအရေးပါသည့် နေ့ကြီးလေးရက်ဖြစ်သည့် နိုဝင်ဘာ ၂၅ ရက်နေ့ – နိုင်ငံတကာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့၊ ဒီဇင်ဘာ ၁ ရက်နေ့ – ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာ ၆ ရက်နေ့ – အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်သော အင်ဂျင်နီယာကျောင်းသူ ၁၄ ဦးအား ပစ်ခတ် သတ်ဖြတ် သည့် မွန်ထရီရယ်မြို့လူသတ်ပွဲနှစ်ပတ်လည်နေ့နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ – လူ့အခွင့်အရေးနေ့တို့ပါဝင် ကြသည်။

မြန်မာနိုင်ငံသည် စစ်ပွဲများနှင့်ယဉ်ပါးနေသည့်နိုင်ငံဖြစ်သည့်အလျောက် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျလျက် ရှိပြီး စစ်ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုတို့နှင့် ဆက်စပ်နေသည့် လူမှုအသိပညာများ နိမ့်ကျ လျက်ရှိရာ အမျိုးသမီးများ နှင့် လိင်ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများသည် နှစ်စဉ်တိုးမြှင့် ဖြစ်ပွားနေသည်။

အမျိုးသမီးများအကြမ်းဖက်ခံရမှုများဖြစ်သည့် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ကျွန်ပြုမှုများမှစ၍ နေ့စဉ်ဘဝများတွင် ရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများသည် နေရာတိုင်းတွင် အချိန်မရွေး ဖြစ်ပွားနိုင်သည့်အခြေအနေဖြစ်သည်။ ထို့အပြင် စစ်ပွဲများပြင်းထန်လာခြင်းကြောင့် စစ်ရာဇဝတ်မှုမြောက်သည့် စစ်ကောင်စီ(စစ်တပ်)၏ လိင်အကြမ်းဖက်မှုများလည်း ပိုမိုဖြစ်ပွားနေပြီး အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ၏ လိင်အကြမ်းဖက်မှု များလည်း ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့သည် အမျိုးသမီးများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို ထိရောက်သည့်အကာအကွယ်ပေးနိုင်မှုမရှိခြင်းက အရေးကြီးသည့် လစ်ဟာမှုကြီးဖြစ်နေပြီး ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အစိုးရ၊ လွှတ်တော်၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာပညာရှင်များ ပါဝင်ရေးဆွဲခဲ့သည့် အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေကြမ်း (PoVAW Law) သည် လည်း စစ်ပဋိပကဒေသတွင် ဖြစ်ပွားလျက်ရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အကျုံးမဝင်သည့်အပြင် အတည်ပြုနိုင်ခြင်းလည်း မရှိခဲ့ပေ။

မိမိတို့မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့် လိင်ကွဲပြားမှုအပေါ်အခြေခံ သည့် အကြမ်းဖက် မှုများ ပပျောက်ရေးလုပ်ငန်းစဉ်သည် ရေရှည်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ကြီး တရပ်ဖြစ်ပြီး ယခုကဲ့သို့ နွေဦး တော်လှန်ရေးကာလမှစ၍ ဦီးဆောင်မှုအဆင့်ဆင့်သည် အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို အလေး အနက်ထားကာ ထိုပြစ်မှုများ လျော့နည်းပပျောက်စေမည့် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်ရန် အထူးလိုအပ်နေပါသည်။

စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်သည့် ယန္တရားများ တည်ဆောက်ရန် လိုအပ်နေပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့များအနေဖြင့် တာဝန်ယူတာဝန်ခံမှုရှိပြီး တရားမျှတမှုရရှိစေမည့် လမ်းကြောင်းများကို မဖြစ်မနေ ဖော်ဆောင်ရန် လမ်းညွန်ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ စစ်ပွဲများပြင်းထန်နေသည့် မိမိတို့နိုင်ငံတွင် ပြည်သူများအကြားဖြစ်ပေါ်နေသည့် လိင်အကြမ်း ဖက်မှုများအပြင် လက်နက်ကိုင်တပ်ဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ(လုံးဝ) ကျူးလွန်ခွင့်မရှိစေ ရန်နှင့် ကျူးလွန်သူများအပေါ် ထိရောက်စွာအပြစ်ပေးအရေးယူမှုများ ပြုလုပ်နိုင်ရန် လှုံ့ဆော်အားပေးသည့် “အမျိုး သမီးများအပေါ်အကြမ်းဖက်မှု၊ ဖဲကြိုးဖြူနှင့်ကတိပြု”ဟူသည့် ဆောင်ပုဒ်အတိုင်း ပြည်သူတရပ်လုံးအနေဖြင့် အမျိုး သမီးများနှင့် လိင်ကွဲပြားမှုများအပေါ် အခြေခံသည့် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရေးတို့အတွက် ဖဲကြိုးဖြူ များ တပ်ဆင်ဖော်ပြ၍ တတပ်တအား ပါဝင်ကတိပြု၊ ဆန္ဒပြုကြပါစို့။  

Author:

Related Articles