Home ဆောင်းပါး လက်ကျိုးခဲ့ပေမယ့် စိတ်ဓါတ်ကျိုးမကြေခဲ့တဲ့ ဆရာမနှစ်ဦး

လက်ကျိုးခဲ့ပေမယ့် စိတ်ဓါတ်ကျိုးမကြေခဲ့တဲ့ ဆရာမနှစ်ဦး

Honest Information (HI)

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကချင်ပြည်နယ် ၊ မြစ်ကြီးနား ပညာရေးကောလိပ်အရှေ့မှာ ဆန္ဒထုတ်ဖော်ဖို့ အတွက် လူစတင်စုဝေးစဉ်မှာပဲ ၁၅ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲက ဝန်ထမ်းဆရာမနှစ်ဦးကို တော့ ဆိုးဆိုးရွားရွားနဲ့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ဆိုတဲ့သတင်းဟာ သူတို့ရိုက်နှက်ခံံရတဲ့ပုံတွေနဲ့ အတူ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာတွေ့မိကြမှာပါ။

ဆရာမ နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးကြင်စိန်ကတော့ လက်ဆစ်ကျိုးခဲ့ပြီး၊ သူလဲကျသွားချိန်မှာ တောင် ဖြတ်ပြီးရိုက်တာ၊ နောက်ဆုံး သူ့ရဲ့ဦးခေါင်းကိုတောင် ရိုက်မလို့ကြံရွယ်နေချိန် ရဲမေတယောက်က ဝင်တားဆီးလိုက်လို့သာလွှတ်သွားခဲ့တာကိုလည်း Myitkyina News Journals ရဲ့ အင်တာဗျူးမှာ ဆရာမ တွေအနေနဲ့ သူတို့ ရဲ့အတွေ့အကြုံကို ပြန်ဖလှယ်သွားတာတွေ့ရပါတယ်။ တကယ်လို့ဦးခေါင်းကိုသာ ထပ်ရိုက် ခံခဲ့ရမယ်ဆိုရင် ဒါကသေစေနိုင်လောက်တဲ့အထိ ရည်ရွယ်သလိုဖြစ်နေပါတယ်။

သူတို့ကို ဘာကြောင့်ဖမ်းဆီးရတာလည်းဆိုတာနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ပြောဆိုမှုအရတော့ အဲဒီ နေ့က လုံခြုံရေးတာဝန်ယူတဲ့ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့အတွက် တာဝန်အရ ဖမ်းဆီး ထိန်း သိမ်းခံရတာဖြစ်တယ်လို့အကြောင်းပြချက်တွေကိုပြောသွားပေမယ့်လည်း ဆရာမနှစ်ယောက်ရဲ့ပြောဆိုချက်နဲ့ ရော အခြားမျက်မြင်ကြသူတွေရဲ့ ပြန်ပြောချက်နဲ့တော့ကွဲလွဲနေပါတယ်။ ဆရာမတွေ စရောက်တဲ့ အချိန်မှာ လူအများကြီးမရောက်သေးဘဲ ၁၅ ယောက်လောက်က စပြီးရပ်နေတဲ့အချိန် ဆန္ဒတောင်မပြရသေးချိန်မှာ ရဲကားတွေနဲ့ဝင်လာပြီး စစ်ဝတ်စုံဝတ်ထားသူတွေက စပြီးရိုက်ခဲ့တယ်လို့ပြောထားတာတွေ့ရပါတယ်။

“ ပညာ‌ရေးကောလိပ်ဆိုင်းဘုတ်ရှေ့ထောင့်မှာ ဆိုင်ကယ်စီးပြီးသွားနေတာကို ‌ရဲတွေက ရှေ့ကာတဲ့ဒိုင်း နဲ့ပြေး တက်လာပြီး လိုက်ရိုက်တယ် နှစ်ယောက်စီးလာတာကို အတင်းဆွဲချတယ် ရိုက်ချတယ် ပစ်လဲတယ်။ သွေး‌ ထွက်သံယိုဖြစ်ပြီး လဲကျနေတာတွေ့လိုက်တယ်။” လို့ မျက်မြင်သက်သေတယောက်က ပြောဆိုထားတာ လည်း ဖတ်လိုက်ရပါတယ်။

အဲဒီနေ့ညနေမှာပဲ ရဲစခန်းမှာ PCG အဖွဲ့က ကြားကနေ လိုက်လံပြီး ညှိနှိုင်းပေးတဲ့အတွက် သူတို့တွေပြန် လွှတ်ခဲ့ကြပါတယ်။ သို့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူး အကြောင်းပြပြောဆိုသလို ဒီဆရာမနှစ်ဦးက လုံခြုံရေး တာဝန်ယူထားသူတွေနဲ့ထိပ်တိုက်တွေ့တယ်၊ မတွေ့တယ်ဆိုတာ အသာထား၊ မိန်းမသားဖြစ်တဲ့ အပြင် ကျောင်း ဆရာမ ယူနီဖောင်းဝတ်စုံဝတ်ထားသူ အမျိုးသမီး နှစ်ဦးကို အခုလို ဝိုင်းပြီး လူမဆန်စွာရိုက်နှက်တာကတော့ အရမ်းကို ကြည့်ရရုပ်ဆိုးလွန်းလှပါတယ်။ ကျွန်မအတွက်တော့ ကိုယ်ကိုယ်တိုင် မျက်မြင်မတွေ့ရရင်တောင် ဆရာမနှစ်ဦးပြောတဲ့ စကားတွေကို နားထောင်တာနဲ့တင် ဒါက ရဲတပ်ဖွဲ့က အမျိုးသမီးနှစ်ဦးကို လူမဆန်မှု စွာ အကြမ်းဖက် ရိုက်နှက်တာဖြစ်တယ်လို့ ကွက်ကွက်ကွင်းကွင်းခံစားမိရပါတယ်။

ဆရာမ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတာတွေကို အတိအကျမသိရပေမယ့် သူတို့နှစ်ဦးကို ခံဝန် ချက်နဲ့ “ရုံးမတင်သောတရားခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်လွှတ်ပေးတယ်ဆိုပါတယ်။ ကျမအနေနဲ့က ဥပဒေပညာ ရှင်လည်းမဟုတ်တော့ ဒီခံဝန်ချက်၊ ရုံးမတင်သောတရားခံစတဲ့ အသုံးအနှုန်းခေါင်းစဉ်အပေါ်ကို သေချာနားမ လည်သလို ငြင်းချက်ထုတ်ရှင်းလင်းမှုလည်း မလုပ်လိုပါဘူး။

သို့သော်လည်းပဲ ကျွန်မအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့ထောက်ပြချင်တာက ဒီဆရာမ နှစ်ဦးဟာ သူတို့ရဲ့ နိုင်ငံသားတယောက်အရရော အမျိုးသမီးအခွင့်အရေးရဲ့အောက်က နိုင်ငံရေးအခွင့်အရေးအရ အများပြည်သူနဲ့ဆိုင်သော လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်အခွင့်အရေးရှိပါတယ်။ အဲ့ဒီအခွင့်အရေးအရ လွတ်လပ်စွာ နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့အရာလေးကြောင့် လူမဆန်အောင်ရိုက်နှက်ခံရရုံတင်မကဘူး တရားခံဆိုတဲ့ အထိပါ နာမည်တပ်ပေးလိုက်တာက တော်တော်ကိုဆိုးရွားတဲ့လုပ်ရပ်ဖြစ်ပါတယ်။

တရားခံဆိုတော့ သူတို့က ဘာပြစ်မှှုကို ကြီးကြီးမှားမှား ကျူးလွန်ပါသလဲ မေးခွန်းထုတ်ချင်လာပါတယ်။ နိုင်ငံ မှာ သက်ကြီးမုဒိမ်းကျင့်ပြီး သတ်ဖြတ်တာ၊ သက်ငယ်ဖြစ်တဲ့ နှစ်နှစ်တောင်မပြည့်သေးတာကို ကျူးလွန်တဲ့ မုဒိမ်းမှုတရားခံတွေကိုတောင် ဖမ်းဆီးအပြစ်ပေးဖို့မပြောနဲ့ ခုထိ ဘာလက်သည် မပေါ်တာရော ဖမ်းမမိသေးတဲ့ အမှုတွေ ရာနဲ့ချီရှိနေတာ တနိုင်ငံလုံးအသိပါ။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုတော့ လူမဆန်စွာ အကြမ်းဖက်ပြီး ပုဒ်မတွေအမျိုးမျိုးတပ်ဖမ်းဆီးနေတာက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ၊ အရည်အချင်းနဲ့ ကျင့်ဝတ် တွေ ညီပါရဲ့လား။

ဒီအချိန်မှာ ငြိမ်းချမ်းစွာဆန္ဒပြလို့ ဒီလိုပဲရိုက်နှက်ပြီး တရားခံလို့သာနာမည်တပ်ရမယ်ဆိုရင်တော့ လက်တစ် ဆုပ်စာသောသူတွေကလွှဲလို့ တနိုင်ငံလုံးမှာ တရားခံတွေချည်းပဲဖြစ်နေတော့မှာ မြင်ယောင်နေမိပါတယ်။ လူတစ်ယောက်ကို တရားခံလို့ရဲက နာမည်တပ်လိုက်တာ လွယ်ကူပေမယ့် တကယ်လည်း အပြစ်ကြီးကြီး မားမားမရှိတဲ့ ဒီဆရာမ နှစ်ယောက်က အစွန်းအထင်းဖြစ်မသွားစေဘူးလား။ အသားနာတဲ့အပြင် သူတို့ရဲ့ဂုဏ်သိ က္ခာတွေ ရိုက်ချိုးမခံလိုက်ရဘူးလား။ သူတို့ကိုရိုက်ခဲ့တဲ့ ရဲတစ်အုပ်ကရော တာဝန်အရ လုပ်တဲ့ အတွက် တာဝန် ကျေပြွန်လှပါသော ရဲဝန်ထမ်းများလို့ ဂုဏ်ပြုခေါ်ဆိုမလားပေါ့။ ကျွန်မခေါင်းထဲမှာ အတွေး တွေ တန်းစီဝင်လာပါတော့တယ်။

ပိုဆိုးတာက အဲဒီမြို့နယ်ရဲတပ်ဖွဲ့မှူးဆိုသူက ဘာဆက်ပြောသေးလဲဆိုတော့ “ ခင်ဗျားတို့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် ခံဝန်အရ၊ နောက်နေ့တော့ ဒီလိုမျိုးခွင့်လွှတ်ချင်မှခွင့်လွှတ်မယ်” ပြီးတော့ သူက ဆက် ပြောတာက “ကျနော်လည်း ဒီစကားပြောရင် ကျနော့အတွက်အန္တရာယ်ရှိပါတယ်ပေါ့လေ” ဆိုတော့ ပခုံးမှာ ကြယ်ပွင့်များစွာနဲ့သောလူပုဂ္ဂိုလ်က သူ့ကိုယ်သူတော့ အန္တရာယ်ရှိမှာကိုပူပန်နေပြီး အပြစ်မရှိ ဘာမှအပ်တိုတစ် ချောင်းတောင်မပါပဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ပြည်သူတွေကိုတော့ တာဝန်အရဆိုပြီး ရိုက်နှက်ချင်သလိုရိုက် နှက်ခဲ့တဲ့ အခြေအနေကိုမငဲ့ညှာ၊ မထောက်ဘဲ လုံးဝတာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ပြောဆိုမှု စဉ်းစားမှုတွေပါပဲ။

ဒါ့အပြင် ရိုက်နှက်ခံရလို့ လက်ကျိုးသည်အထိ ဒဏ်ရာတွေရနေတာတောင် ထွန်းရွှေဝါလောက်ကိုလိမ်းပေး ခဲ့တာလောက်ပဲရှိခဲ့တယ်ဆိုတာသိရပါတယ်။ ဒါကရော လုံလောက်သော ဆေးကုသမှုုဖြစ်ပါသလား။ ကျွန်မတို့ တွေဟာ လူသားတွေဖြစ်ကြပြီး ယဉ်ကျေးမှုအရဖြစ်စေ လူ့အသိစိတ်ဓာတ်အရဖြစ်စေ လူ့အသိုင်းအဝိုင်းမှာ တယောက်နဲ့တယောက် လမ်းသွားလို့ ခလုတ်တိုက်မိရင်တောင် ဆောရီးကန်တော့ပါလို့ တောင်းပန်စကား ပြောကြသေးတာပဲမလား။ အခုဟာက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက်ခဲ့တာတောင် ဆေးရုံပို့မလား၊ ဒီရိုက် နှက်မှုအတွက် တာဝန်ယူဖို့လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်မလားဆိုတဲ့ အဆင့်ကဝေလာဝေး၊ ပြည်သူ့ဝန်ထမ်း ကူညီပါရစေဆိုသော ရဲတပ်ဖွဲ့များက တောင်းပန်စကားတောင် နှုတ်ကနေမထွက်နိုင်လောက်အောင်ကို တာဝန် မဲ့နေကြပါတယ်။ လက်ကျိုးသွားတဲ့ဆရာမအနေနဲ့ သူ့လက်ကရော ပုံမှန်အတိုင်း ပြန်ကောင်းမလား၊ ကျိုးတာ ကလည်း ညာဖက်ဖြစ်တဲ့အတွက် အရင်လိုစာပြန်သင်ဖို့အတွက် အခက်အခဲတွေရှိနေစေမလား၊ သို့မဟုတ် နောက်ဆက်တွဲရော ဒဏ်ရာကဘယ်လောက်ထိ ဆက်ပြီးခံစားရဦးမလဲဆိုတာကိုလည်း ကိုယ့်ဘာသာမေးခွန်း တွေထုတ်နေမိတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် နာကျင်မှု ကြောက်ရွံ့မှုတွေကြားမှာတောင်မှ ဆရာမနှစ်ဦးရဲ့သတ္တိကတော့ အံ့မခန်းပါပဲ။ ဒီလှုပ်ရှားမှုတွေအရှိန် ရပ်တန့်မသွားအောင် ပြည်သူတွေကို “တွေးပြီးပူပါ၊ ခေါင်းအေးအေး ထားပါ ” စသဖြင့် ပြန်ပြီးအားပေးစကားပြောနေတာကိုတွေ့ရတော့ ဒီဆရာမနှစ်ဦးရဲ့စိတ်ဓာတ်ကို ကျွန်မ မချီးကျူးပဲ မနေနိုင်အောင်ကို အရမ်းကိုအားရမိပါတယ်။

ဒီလို အမျိုးသမီးတွေကို ရိုက်နှက်အကြမ်းဖက်ဖြိုခွဲတာက မြစ်ကြီးနားက ပထမဆုံးသောဖြစ်ရပ်တော့ မဟုတ်ခဲ့ ပါဘူး။ အဲဒီရှေ့မတိုင်ခင်က မန္တလေးမှာဆန္ဒပြသူအမျိုးသမီးငယ်ကို သွေးထွက်သံယိုနဲ့ ဝိုင်းပြီး လူမဆန်အောင် ဒရွတ်တိုက်ဆွဲခေါ်သွားတာ၊ နေပြည်တော်က မမြသွဲ့သွဲ့ခိုင်လို ဦးခေါင်းကျည်ဖောက်ဒဏ်ရာနဲ့ သေဆုံးခဲ့မှုတွေ ဖြစ်ခဲ့တာပါ။ မြစ်ကြီးနားမှာသာမက အခြားနေရာတွေမှာလည်း အကြမ်းဖက်ဖြိုခွင်းခံရမယ်ဆိုတာ ကြိုတင်သိရှိ ထားရဲ့သားနဲ့အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေ၊ ရင်ခွင်ပိုက်မိခင်တွေပါမကျန်၊ ကျောင်းဆရာမ တွေနဲ့ ပြည်သူ တွေက အသက်ကိုစတေးပြီး လမ်းပေါ်ထွက်လာရတာက တခုတည်းသော သူတို့ရဲ့လိုအင်ဆန္ဒတွေကြောင့်ပါ။

လက်နက်ရှိသူတွေကို ဒီအပ်တစ်ချောင်းတောင်မရှိသူများက ထိပ်တိုက်တွေ့ချင်မှာလည်းမဟုတ်သလို ဒီလို လူမဆန်စွာဖြိုခွင်းမယ့်အနေအထားတွေကိုလည်း ခါးစည်းရင်ကော့ပြီး ရင်ဆိုင်ရမယ်ဆိုတာ သိသိနဲ့အသက်ကို စတေးပြီး လမ်းပေါ်ထွက်လာကြတာပါ။

ဒီသေကြေမှု၊ အင်အားသုံးပြီး လက်နက်မဲ့ပြည်သူကို ဖြိုခွင်းမှု၊ လူမဆန်မှုတွေအတွက် တရားခံကတော့ တာဝန် အရ လုပ်ရတာပါဆိုသော၊ နိုင်ငံတော်အပေါ်တာဝန်ကျေရတာပါဆိုသော အကြမ်းဖက်နေကြသူတွေက သာ တရားခံအစစ်ဖြစ်ပြီး ပြည်သူတရပ်လုံးက ခွင့်မလွှတ်သင့်၊ ဝန်ခံကတိနဲ့တောင် ပြန်မလွှတ်သင့်သော တရားခံ များဖြစ်တယ်လို့ရှုတ်ချပြောလိုက်ပါရစေ။

Related Articles