Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီ ၁၅ ရက်ကနေ ၂၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

စစ်တပ်ကြောင့်ကလေးမြို့နယ်မှာ နှစ်လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး ထက်ဝက်မှာအမျိုးသမီးတွေဖြစ်

 စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် နှစ်လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး ထက်ဝက် မှာအမျိုးသမီးတွေဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

 စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့ သုံးပွင့်ဆိုင်နယ်နိမိတ်ထိစပ်နေတဲ့ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ တတိယပတ်ကစပြီး စစ်တပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေကာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် နှစ်လကျော်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၈၀ ရှိခဲ့တဲ့အနက် မြို့တောင်ပိုင်း ကျေးရွာ က၃၅ ဦး၊ မြို့မြောက်ပိုင်း ကျေးရွာတွေက ၃၀ဦး နဲ့ မြို့ပေါ်ရပ်ကွက်တွေက ၁၅ ဦးပါဝင်နေပါတယ်။

    သေဆုံးသူတွေအနက် ထက်ဝက်ကျော်မှာ အမျိုးသမီးတွေဖြစ်ပြီး အသက်အငယ်ဆုံးမှာ မိုင်းထိမှန် သေဆုံးခဲတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်တယ်လို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

Source- Myanmar Now

ပေါင်တွင် ရထားနှင့် ကားတိုက်မှုကြောင့် ကားပေါ်ပါ အမျိုးသမီး သေဆုံး

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနဲ့ ကော့ကရင် ကျေးရွာအကြား ရွာချင်းဆက်လမ်းနဲ့ရန်ကုန်- မော်လမြိုင် ရထား လမ်း ဆုံရာနေရာမှာ  အမှတ် (၈၁) အစုန် ရန်ကုန်- မော်လမြိုင် လူစီးရထားနဲ့ ဟိုက်ဂျက်ယာဉ်(ကား) တိုက်မိတာကြောင့် ကားပေါ် ပါလာတဲ့ အမျိုးသမီးတဦး သေဆုံးပြီး ယာဉ်မောင်းအပါအဝင် လူသုံးဦး ဒဏ်ရာရခဲ့ပါတယ်။  

ဟိုက်ဂျက်ယာဉ်မှာ ရထားနဲ့အတူ ပေ ၅၀၀ ကျော် ပါသွားခဲ့ပြီး ရထားနဲ့ ကားတိုက်မိမှုကြောင့် ကားပေါ်ပါလာသူ လေးဦး အနက် အမျိုးသမီးတဦး သေဆုံး၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်ပြီး၊ ယာဉ်မောင်းမှာတော့ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်ကလေးဘူတာနဲ့ သဘက်ဆွဲဘူတာကြားမှာ မော်လမြိုင်က လာတဲ့ မော်လမြိုင်- ရန်ကုန် ရထားနဲ့ ဆိုင်ကယ်တစီး တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းလာတဲ့ ဘီးလင်းမြို့နယ်၊ ရပ်ကွက် (၈)မှအမျိုးသမီးတစ်ဦးမှာ နေရာမှာပင် သေဆုံးခဲ့ပါတယ်။

 Source-  Mizzima

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေရာပြောင်းရွှေ့တယ်လို့သတင်းထွက်ပေါ်

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အချုပ်ထောင်တွေကနေ နေရာပြောင်း ရွှေ့ ထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင် ထားတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင် မပို့ခင်တုန်းက ဖမ်းဆီးထိန်းသိမ်း ထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ လျှို့ဝှက်နေရာတနေရာမှာ စစ်ကောင်စီက  ပြန်ပို့ပြီး အကျဉ်းချထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

 ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းတဲ့အချိန်က  ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် မြနန်းဘုံသာလမ်းရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊၂၀၂၁ ဧပြီ ၂၃ ရက်ကနေ  ၂၀၂၂ ဇွန်လ ၂၂ ရက်အထိ ၁ နှစ်နဲ့ ၂ လကြာ နေပြည်တော်က လျှို့ဝှက်နေအိမ်တအိမ်မှာ ထိန်းသိမ်းထားကာ အမှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ထောင်ဒဏ် အမိန့်ချပြီး နောက်မှာတော့ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပြီး ၁ နှစ်နဲ့ ၁၀ လ ဝန်းကျင်အကြာ ယခုနှစ် သင်္ကြန်ကာလမှာ နေရာပြောင်းရွှေ့ချုပ်ထားတဲ့ ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။

 လက်ရှိအချိန်အထိ အပြောင်းအရွှေ့ သတင်းတွေ တကယ်ဟုတ်မဟုတ်ဆိုတာ ခိုင်လုံတဲ့တဲ့ သတင်းမှမရသေးဘဲ စစ်ကောင် စီပြန်ကြားရေးတာဝန်ခံရဲ့ ပြောစကားအဆင့်မှာသာရှိနေတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးကပြောပါ တယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ (၁၄) ခုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားကာ နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားခဲ့တာပါ။

 Source- DVB

ရမည်းသင်းရဲလေ့ကျင့်ရေးကျောင်းအုပ်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနဲ့ အဓမ္မပြုကျင့်မှု ပြုလုပ်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ်( ၁) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ ရဲမှူးကြီး မျိုးသန့် ကျော်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနဲ့အဓမ္မပြုကျင့်မှုများ လုပ်ဆောင်ခဲ့ပြီး အသက် အန္တရာယ် နဲ့ပတ် သတ် တဲ့ ခြိမ်းခြောက်မှုတွေကြောင့်  အထက်သို့ တိုင်ကြားမှု ပြုလုပ်ဖို့ခက်ခဲနေတယ်လို့ ရဲသတင်းရင်း မြစ်နဲ့ အဓမ္မပြု ကျင့်ခံရသူ ကာယကံ ရှင်ရဲမေ တစ် ဦးကပြောကြားပါတယ်။ 

 ရမည်းသင်း အမှတ်( ၁) ရဲသင်တန်းကျောင်းက ရဲမေများကို သင်တန်း ပို့ချရာနေရာဖြစ်ပြီး၊အရာရှိမဟုတ်သတဲ့ အခြားအ ဆင့် ရဲမေများ သင်တန်းတက်စဉ် ရဲမှူးကြီး မျိုးသန့်ကျော်နဲ့ ကိုယ်ရေးအရာရှိ ရဲအုပ်တို့က ရုပ်ရည်ပြေပြစ်ပြီး ကိုယ်ခန္ဓာ အချိုး အစား ကောင်းမွန်တဲ့ ရဲမေတချို့ကို ရုံးခန်းသို့ ခေါ်ဆောင်ကာ မိသားစုကို စောင့်ရှောက်ပေးမည်၊ ရာထူးတိုးနဲ့ နေရာ ကောင်း ရရှိအောင်​ စောင့်ရှောက်ပေးမည်ဟု ပြောဆိုသလို၊ ဂေါက်ရိုက်သွားချိန်၊ ပြင်ပ ခရီးစဉ်တွေမှာ ရဲမေတချို့ကို ခေါ်ယူသွားကာ ကာမလိမ်လည်မှုနဲ့ အဓမ္မပြုကျင့်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

 ရဲမှူးကြီး မျိုးသန့်ကျော်က အခြားသော ရဲမေအသစ်တချို့ကို ရှာဖွေ၍ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ကာမ လိမ်လည် မှုများ ဆက်လက် လုပ်ဆောင်လာချိန်တွင် ကိုယ်ရေးအရာရှိရဲအုပ်က ပြုကျင့်ခံရပြီးတဲ့ ရဲမေကို ထပ်မံ၍ အဓမ္မ ပြုကျင့်တာ ၊အဓမ္မပြုကျင့်ရန် ကြံစည်တာတွေ ပြုလုပ်နေပြီးတိုင်ကြားပါက ကာယကံရှင်နဲ့မိသားစုရဲ့ အသက်အန္တရာယ် ကိုထိပါးမယ် လို့ဆိုကာ ခြိမ်းခြောက်ပြောဆိုတယ်လို့ ကာယကံရှင် ရဲမေက ပြောပါတယ်။

 ယင်းရဲမှုးကြီးမှာဧရာ၀တီတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း အောက်လက်ငယ်သား ရဲမေတချို့ကို ကာမလိမ် လည်မှုနဲ့အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ဖူးကြောင်း၊ ယင်းဖြစ်စဉ်များကို ဇနီးဖြစ်သူက ငွေကြေးပေး၍ ကျေအေးခြင်း၊ တိုင်ကြားစာ အပေါ်သို့ မရောက်ရှိစေရန် လုပ်ဆောင်ခဲ့ဖူးတယ်လို့    ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်ကလည်းပြောပါတယ်။  

Source- Khit Thit

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ပြန်လွတ်

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ စစ်တွေ အကျဥ်းထောင်မှ ပြန်လွတ်လာပြီဖြစ်တယ်လို့သိရပါတယ်

  ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးက ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသမီးတွေကို အလုပ် အကိုင်အခွင့်အလမ်းနဲ့ အမျိုးသမီးအခွင့်အရေးတွေကို တက်ကြွစွာကူညီဆောင်ရွက်ပေးနေသူတဦး ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဩဂုတ် ၁၃ ရက် မှာစစ်တွေမြို့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ ၅၆ နှစ်မြောက် စစ်တွေ ဆန်ရှား ပါးမှုအရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ဟောပြောတာကြောင့်စစ်ကောင်စီက သြဂုတ် ၁၅ ရက်နေ့ မှာ ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

 ဒေါ်ညိုအေးကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်လိုက်ပေမယ့် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက လက်ရှိ ပြစ်မှု တွေကိုရော ပေါင်းပြီးကျခံရမယ်လို့ဆိုတာ လက်မှတ်ထိုးခဲ့ရတယ်လို့ သမီးဖြစ်သူကပြောပါတယ်။

လွတ်ငြိမ်းမှာ စစ်တွေထောင်မှ ၃၇ ဦး ပါဝင်ပြီး ဒေါ်ညိုအေး အပါအဝင် ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀ ဦးထိ ပါဝင်ကြောင်းသိရပါတယ်။ 

Source- The Irrawaddy

ဝက်လက်မှာ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ ဧပြီ ၁၈ ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး နေအိမ်ပေါ် ကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံများ ထံမှသိ ရပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှ စဉ့်ကူးမြို့နယ်၊ ထုံးကြီးတိုက်နယ် စစ်တပ်အထိုင်စခန်းက ဟောင်ဝစ်ဆာ အမြောက် နဲ့ နှစ် ချက် ပစ်ခတ်ခဲ့ရာ မြစ်တစ်ဖက်ကမ်း ၄ မိုင်ခန့်အကွာ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာအတွင်းရှိနေအိမ်တစ်အိမ်ကို  ကျည်ကျခဲ့ကာ အသက် ၃၅ နှစ်အရွယ် မသန္တာကျော်မှာ ပွဲချင်းပြီး သေဆုံးပြီး၊ ဘေးအိမ်ရှိအမျိုးသမီးနှစ်ယောက်မှာ ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့သိရပါတယ်။

 ဒဏ်ရာရရှိတဲ့ အမျိုးသမီးနှစ်ဦးမှာလည်း  စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ခရီးသွားလာရန် မလွယ်ကူသေးတဲ့အတွက် ကျေး ရွာ မှာပင် ရှိနေတယ်လို့သိရပါတယ်။

Source- Myanmar Now

 စားဝတ်နေရေးကြပ်တည်းမှုကြောင့် ဧရာဝတီတိုင်းက အမျိုးသမီး တစ်ချို့ ဆံပင်ဖြတ်ရောင်း

 စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ အတွက် ဧရာဝတီတိုင်းက အမျိုးသမီးတချို့က ဆံပင်တွေကို ဖြတ်ရောင်းကာ စားဝတ်နေရေး ဖြေရှင်းနေရ တယ်လို့ ဒေသခံ တွေ ဆီက သိရပါတယ်။

 ဧရာဝတီတိုင်းမှာ အလုပ်အကိုင်ရှားပါလာတာ၊ ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ လုပ်နေရတဲ့ လုပ်အားခနဲ့ ကုန်ကျငွေ မမျှတ တာ၊ အလုပ်အကိုင် အဆင်မပြေတာတွေကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာတဲ့အတွက် ဆံပင်တွေကို ဖြတ် ရောင်းချ နေ ရတယ်လို့ ဟင်္သာတမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

 ဆံပင်ကုန်သည်တွေမှာလည်းယခင်က ဆံပင်ကို အမျိုးသမီးတွေက ဖြတ်ရောင်းချဖို့နည်းတာကြောင့် ဝယ်ယူရခက်ခဲပေမယ့် လက်ရှိမှာတော့ ဆံပင်ရောင်းချသူ များလာကာ ဝယ်ယူသူတွေအနေနဲ့ အခက်အခဲမရှိ ဝယ်ယူရရှိ နေတယ်လို့ ပုသိမ်မြို့က ဆံပင်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးကလည်း ပြောပါတယ်။

ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက  ဆံပင်တွေကို ကျွတ်စ၊ အပွ အရိုင်းနဲ့ အတိုအရှည်ဆိုပြီး ဆိုဒ်ခွဲကာ ဆံပင် ၁၂ လက်မမှ ၃၅ လက်မ အထက်အထိ ဆံပင်တပိဿာကို ငွေကျပ် ၂သိန်းခွဲ မှ ၁၈ သိန်းအထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

 Source- DVB

မြဝတီတွင် လေကြောင်းတိုက်ခိုက်ခံရကာ အမျိုးသမီးနဲ့က‌လေးငယ်တစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီလ ၂၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရကာ အမျိုးသမီးနဲ့ ကလေးငယ်တစ်ဦး သေဆုံးပြီး  ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 ဝါးစကင်းရပ်ကွက်ရှိ နေအိမ်ပေါ်ကို ဗုံးသီးပြုတ်ကျမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာ ရရှိကာ၊ ရေပူကျေးရွာရှိ မဟာစည်ဘုန်းကြီးကျောင်းဝင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိသွားတယ် သိရသည်

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိတဲ့အပြင်ရေပူကျေးရွာ၊ (၁၃) ဂိတ်၊ မြေနီကုန်းရပ်ကွက်တို့မှာ အဆောက်အဦး ပျက်စီးမှု၊ မီးလောင်မှုများလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – Mizzima

မြေပုံမြို့နယ်မှာ စစ်ကောင်စီ ရေတပ် ပစ်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် အမျိုးသမီးသေဆုံး

  ရခိုင်ပြည်နယ်၊ ​မြေပုံမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်​ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်၂၃ နှစ် အရွယ် စစ်​ဘေး​ရှောင်အမျိုးသမီးတဦး​ သေဆုံးသွားတယ်လို့ သိရပါတယ်။

 ဧပြီလ ၂၀ ရက် နံနက် ပိုင်းက ​ကျောက်ဖြူမြစ်နဲ့ မြေပုံမြို့နယ် ကျွန်းသာယာရွာ အနီး နောင်တော်ကြီး မြစ်ထဲရှိ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်   စညှင်း ကျေးရွာ ပုဇွန်ဆည်နံ​ဘေးတွင် စစ်ဘေးရှောင်နေတဲ့ အသက် ၂၃အရွယ် မမေသန္တာ ရင်ဘတ်သို့ လက်နက်ကြီးကျည်စ ထိမှန်ကာနေရာတွင်ပင် သေဆုံးသွားခဲ့​တယ်လို့​ဒေသခံသတင်းရင်း မြစ်တဦးကပြောပါတယ်။

 Source – Mizzima

လွိုင်ကော်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး  

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးက ကုန်းသာရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၀ ရက်၊ မနက်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး သွားတယ်လို့ ကရင်နီတော်လှန်ရေး အင်အားစု တွေဆီကနေ သိရပါတယ်။

 သေဆုံးတဲ့သူတွေထဲ အသက် ၃ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၆၅ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသမီး သုံးဦးနဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးတို့ဖြစ်တယ်လို့သိရပါတယ်။

 Source- Delta News Agency

Author:

Related Articles