Home အယ်ဒီတာ့အာဘော် သွေးစက်တွေကြား ကြေကွဲစွာ ကျော်ဖြတ်ရတဲ့ မိခင်များနေ့

သွေးစက်တွေကြား ကြေကွဲစွာ ကျော်ဖြတ်ရတဲ့ မိခင်များနေ့

နှစ်စဉ်မေလ ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့ဟာ နိုင်ငံတကာ မိခင်များနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ အမေတွေရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ပေးဆပ်မှုတွေကို သားသမီးတွေကပြန်ပြီးဂုဏ်ပြုတာ၊ မိခင်ဖြစ်ခြင်းဆိုတဲ့အရာကို အသိအမှတ်ပြုကြတာ၊ အမေ နဲ့ သားသမီးအတူတူရှိနေခြင်း စသဖြင့် အစီအစဉ်တစ်ခုခု ပြုလုပ်တတ်ကြပါတယ်။

သာမာန်အခြေအနေအောက်မှာ အတူတူရှိနေကြမယ်ဆိုရင်တော့ ဒီလိုနေ့မျိုးမှာ အမေနဲ့သားသမီးတွေ တွေ့ဆုံပွေ့ဖက် ကြ၊ ထမင်းလက်ဆုံစားကြ ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံက မိခင်တွေအဖို့တော့ စစ်အာဏာရှင်လက်ချက်ကြောင့် သူတို့ရဲ့သားသမီးလေးတွေနဲ့ ဖြတ် သန်းခွင့် ဆုံးရူံးခဲ့ရပါပြီ။ သူတို့သားသမီးလေးတွေဟာ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းတွေမှာပါဝင်ရင်း ကျဆုံးခဲ့ရ သူတွေရှိသလို အသက်ငါးနှစ်အရွယ်သာရှိသေးတဲ့ အပြစ်မဲ့ကလေးငယ်တွေအထိပါ အိမ်ထဲမှာနေရင်း သို့မဟုတ် ပြေးလွှား ဆော့ကစားနေရင်းကနေ အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်သတ်ခံခဲ့ရတဲ့အထိ ဓားစာခံတွေဖြစ်ခဲ့ရပါတယ်။

အချို့မိခင်တွေဟာ ကျဆုံးသွားတဲ့ ကိုယ့်သားသမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတောင် ပြန်မရခဲ့တဲ့ အခြေအနေအောက်မှာ နောက်ဆုံးအကြိမ်တောင် မြင်ခွင့်မရှိခဲ့ဘဲ သောကမျက်ရည်တွေနဲ့ ဖြေမဆည်နိုင်အောင် ရင်နာစရာအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ ရပါတယ်။

သားသမီးတွေကျဆုံးလို့ ဖြေမဆည်နိုင်ဖြစ်ခဲ့ရတဲ့နည်းတူ စစ်အာဏာရှင်တော်လှန်ရေးအောက်မှာ မိခင်လောင်းကိုယ်ဝန် သည်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မိခင်အများအပြားဟာ သူတို့ရဲ့သားသမီးတွေဆုံးရှုံးခဲ့ရပြီး မိခင်တွေကိုယ်တိုင် လည်း တော်လှန်ရေးမှာ ရဲရင့်စွာပါဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အရွယ်မရောက်သေးတဲ့ သားသမီးတွေ ကျန်ခဲ့ကြပါတယ်။

အချို့သော မိခင်တွေကတော့ သားသမီးကိုထားရစ်ပြီး တကွဲတပြားနဲ့ ဘေးကင်းရာကို တိမ်းရှောင်နေကြရတယ်။ ရင်ခွင် ပိုက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင် အများအပြားကလည်း တောထဲတောင်ထဲ ပြေးလွှားရင်းစစ်ဘေး ရှောင်နေကြရ တယ်။ ပြေးလွှားရင်းနဲ့တောထဲမှာ အသက်လုပြီး ရင်သွေးငယ်တွေကို မွေးဖွားကြရတယ်။

အသက်မသေ၊ တောထဲမပြေးရပေမယ့်လည်း ပူဆွေးနေရတဲ့ မိခင်တွေလည်းရှိပါသေးတယ်။ နွေဦးတော်လှန်ရေးမှာ အဖမ်းခံလိုက်ရတဲ့ သားသမီးတွေအတွက် ပူဆွေးနေရတာပါ။ ထောင်ထဲရောက်နေတဲ့ သူတို့သမီးတွေ ထောင်ထဲမှာ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအရ ဘယ်လောက်ထိ ညှဉ်းပန်းနှိပ်စက်ခံနေကြရမလဲဆိုပြီး တွေးပူနေကြရတယ်။

မိခင်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ သူတို့ရဲ့သားသမီးတွေ ရဲဝံ့စွာပါဝင် လျှောက်လှမ်းနေတဲ့အပေါ် မှန်ကန် သင့်လျော်တာမို့ တစ်စက်မှမတားမြစ်ခဲ့ကြပါဘူး။ တိုက်ပွဲဝင်မယ့် သားသမီးတွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း နေအိမ်မှာကျန်ခဲ့တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေ ဘေးမသီရန်မခဖို့ ဆုတောင်းရင်း အိမ်ပြန်လာမယ့် သားသမီးတွေ ကို ရင်ထဲက အပူမီးတွေနဲ့ စောင့်မျှော်နေခဲ့ကြတယ်။

စစ်အာဏာရှင်စနစ်ဆိုးကြောင့် သားသမီးများကျဆုံးသွားလို့ ပူဆွေးနေရတဲ့မိခင်တွေ၊ ထောင်ထဲရောက်နေတဲ့ သားသမီး တွေအတွက် သောကရောက်နေရတဲ့မိခင်တွေ၊ တော်လှန်ရေးမှာ အသက်ပေးဆပ်ခဲ့ရတဲ့မိခင်တွေ၊ အာဏာရှင် ဆန့်ကျင် ရေး CDM လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေစတဲ့ မိခင်များအားလုံးကို ဒီနှစ်ရဲ့နိုင်ငံတကာ မိခင် များနေ့မှာ သူတို့ရဲ့ကြီးမားတဲ့ပေးဆပ်မှု၊ ဆုံးရှုံးမှုတွေအတွက် အားပေးဂုဏ်ပြုရင်း သောကမျက်ရည်တွေထပ်မကျပါစေနဲ့ တော့လို့လည်း ဆုတောင်းကာ ဂုဏ်ပြုမှတ်တမ်းတင်ချင်ပါတယ်။

Related Articles