Home ဆောင်းပါး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို အမျိုးသမီးတွေကိုယ်တိုင် ကာကွယ်ပါ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို အမျိုးသမီးတွေကိုယ်တိုင် ကာကွယ်ပါ

Photo: www.adcouncil.org

သွေး (စစ်ကိုင်း)။                  ။

“တည်တည်ကြည်ကြည်ပုံစံနဲ့ဆိုတော့ ညီမက မထင်မိဘူးလေ။ ကုမ္ပဏီမှာဆို ညီမက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲ စိတ်ဝင် စားတယ်။ တရက်ကတော့… အလုပ်ကိစ္စ ပြောစရာရှိလို့ဆိုပြီး ညီမကိုသီးခြားခေါ်တွေ့တယ်။ ဒါပေမယ့် ရုံးဆင်းချိန်ကျော် နေပြီ။ တခြားရုံးသူရုံးသားတွေလည်း ပြန်ကုန်ကြပြီ။ ရုံးခန်းတွေလည်း ပိတ်နေပြီ။ ညီမကို လက်တွေကိုင်၊ ပခုံးတွေကိုင်နဲ့…၊ အဲဒီလို စကားမပြောပါနဲ့လို့ဆိုတော့… သူဌေးက မင်းအသားပဲ့ပါသွားလို့လားတဲ့”

“ဘတ်စ်ကားကြပ်ရင်… အရင်ဆုံးဂရုစိုက်ရတာက ခါးပိုက်နှိုက်နဲ့ လက်သရမ်းသူတွေပဲ။ ကိုယ့်အနားတအားတိုးလာပြီဆို ရင်… ဘာလို့လဲလို့ စဉ်းစားရပြီ။ တရက်က YBS 4 လိုင်းကားစီးသွားတယ်။ ရုံးချိန်ဆိုတော့… ကားကလည်း ကြပ်လိုက်တာ၊ ညီမနောက်ဘက်ကနေ တအားဖိကပ်ပြီး ယောက်ျားတယောက်က ခါးကိုပါဖက်မလိုအထိ ဖြစ်တယ်။ ဒေါသဖြစ်လိုက်တာ လေ…။ ဒါနဲ့ရှေ့ကိုရအောင်တိုးတယ်၊ သူကပါလိုက်တိုးတယ်။ ဒေါသဖြစ်ဖြစ်နဲ့ ‘ရှင်… ဘာလုပ်တာလဲ’ လို့ အော်လိုက် တော့မှ ရပ်သွားတယ်”

“မကြီးရယ်… ညီမက သတင်းထောက်တယောက်ပါ။ သတင်းထောက်မို့ တောင်ငူကနေ ရန်ကုန်ပြန်အလာ၊ အဝေးပြေး ခရီးသည်တင်ယာဉ်ပေါ်မှာဖြစ်တာ။ ညီမထိုင်ခုံရဲ့ နောက်ခုံက ခရီးသည်အမျိုးသားတဦးက ညီမတင်ပါးကို လက်နဲ့ မထိတ ထိလာလုပ်တယ်။ ညီမက ‘ဘာလို့ အဲဒီလိုလုပ်တာလဲ’ လို့ မေးတော့ သူက ‘နင်ဘာလုပ်ချင်တာလဲ၊ ဘယ်လို ေ-ာက်ချိုးနဲ့ လာမေးနေတာလဲ၊ ဘာဖြစ်ချင်လဲ’ လို့ ဆိုတယ်။ ကားသမားကလည်း ရဲစခန်းကို မောင်းမပေးနိုင်ဘူးတဲ့။ ဒါနဲ့ Facebook ပေါ်တင်ပြီး ကျမနဲ့သိတဲ့ တခြားသတင်းသမားတွေကို အကူအညီတောင်းတော့မှ… ဘောနီအမြန်လမ်းမကြီးရဲစခန်းက သစ်နီရဲကင်းကနေ ကားကိုတားပြီး စစ်ခဲ့တာပါ”

အခုပြောခဲ့တာက မတူညီတဲ့နယ်ပယ်က အမျိုးသမီးသုံးဦးရဲ့ “လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှုတွေနဲ့ ပတ်သက် တဲ့ ရင်ဖွင့်သံတွေ” ပါ။ လုပ်ငန်းခွင်မှာ၊ လမ်းပေါ်မှာ၊ သွားလာလှုပ်ရှားရာမှာ အမျိုးသမီးတွေအနေနဲ့ ကျင့်ဝတ်သိက္ခာ မရှိတဲ့ တချို့သော ယောက်ျားတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ တွေ့ကြုံနေရပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံမှု နဲ့ ပတ်သက်ပြီး မေးခွန်းတွေကိုပါ ထွက်ပေါ်စေပါတယ်။

“မေမဒီ” ဟာ နာမည်နဲ့လိုက်အောင် ချောမောလှပသူတဦးဖြစ်ပြီး ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီတခုမှာ အလုပ် လုပ်ကိုင်နေသူပါ။ ရုပ်ရည်ချောမောပြီး ယောက်ျားလေးတွေနဲ့ အရောတဝင်နေတတ်သူ မဟုတ်ပါဘူး။ သူမမှာ ချစ်သူရှိ ပေမယ့် အလုပ်ချိန် ပြင်ပမှာသာတွေ့ပြီး၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုပါ ခွဲခြားထားသူပါ။ တရက်မှာတော့ သူမရဲ့ သူဌေးက ဖုန်းဆက်ပါတယ်။ ကုမ္ပဏီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးစရာရှိလို့ဆိုပြီး အကြောင်း ပြပါတယ်။

“ပုံမှန်ရုံးဆင်းချိန်က ညနေ ၅ နာရီခွဲ။ ဆရာလာမယ်၊ ခဏစောင့်ပါဆိုတော့… ညီမက စောင့်ရနိုး၊ မစောင့်ရနိုးနဲ့ပေါ့။ ဒါပေ မယ့် ကုမ္ပဏီအတွက်ဆိုတော့ ညီမလည်း ဘော့စ်ဆိုတော့ မဖြစ်မနေ စောင့်ရတော့တယ်။ ညီမတဦးတည်းအတွက်တင် မကဘူး… ကုမ္ပဏီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုတော့ ညီမမဖြစ်မနေ စောင့်ရတော့တာပဲ အစ်မရယ်။ ဒီလိုနဲ့ ဘော့စ်လည်း ရောက် လာတယ်၊ ပထမတော့… ကုမ္ပဏီနဲ့ပတ်သက်တာတွေ ပြောပါတယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် အလုပ်ကိစ္စတွေလည်း ပါပါ တယ်။ အဲဒီအချိန်အထိ အေးအေးဆေးဆေးပဲ။ နောက်နာရီဝက်လောက်လည်းကြာရော ဘော့စ်က ‘မေမဒီက ချောလိုက် တာ…၊ ကိုယ့်ကို စိတ်မဝင်စားဘူးလား’ လို့ ညီမရဲ့ ပခုံးကိုကိုင်ပြီး ပြောလာတယ်။ မေမဒီဟာ အံ့သြတုန်လှုပ်မိပေမယ့် အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပါတယ်။

“ဆရာက ကျမရဲ့ အလုပ်ရှင်ပါ။ ကျမမှာ ချစ်သူရှိတယ်။ ဆရာ့ကို ကျမစိတ်မဝင်စားပါဘူး။ လက်ကိုမကိုင်ပါနဲ့။ ကျမက မိ ကောင်းဖခင် သားသမီးပါ” လို့။

မေမဒီက သူမရဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းခဲ့ပေမယ့် ကံကြမ္မာက သူမကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အဲဒီကိစ္စဖြစ်ပြီး (၂)လလောက်အကြာမှာ ကုမ္ပဏီမှာ လူလျှော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမကို အလုပ်က နှုတ်ထွက်စေခဲ့လို့ပါပဲ။

“ညီမက စိတ်ဓာတ်မကျဘူး။ အခုဆို ညီမကျွမ်းကျင်တာက ဘာသာစကားမို့… အိမ်တွေမှာ အင်္ဂလိပ်စာလိုက်သင်ပေး တယ်။ နောက်မှ ညီမသိလိုက်ရတာက ဘော့စ်က သူ့အကြိုက်မလိုက်တဲ့သူတွေကို အနုနည်းနဲ့ ပ,ထုတ်ခဲ့တယ်ဆိုတာပဲ”

“မအေးသီတာချစ်” ကတော့ အစိုးရဝန်ထမ်းတဦးဖြစ်ပြီး၊ သူမနေထိုင်တဲ့ ယုဇနဥယျာဉ်မြို့တော်ကနေ မြို့ထဲကို နေ့စဉ် ရုံး တက်ရသူပါ။ မြို့ထဲကို ရောက်ဖို့ဆိုရင် YBS 4 ကိုစီးရတာမို့… ဘတ်စကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာကို ပြန်ပြောပြပါတယ်။ သူမက အနည်းဆုံးတော့ သူမလွယ်ထားတဲ့အိတ်ထဲမှာ တွယ်ချိတ်ဆောင်ထားတယ်လို့လည်းဆိုပါ တယ်။

An illustration by Safe Street Campaign in Yemen

“ကျမက ရုံးဝန်ထမ်းဆိုတော့ ရုံးသွား၊ ရုံးပြန်ချိန်မှာဆို ကားကြပ်တာ များတယ်။ အောက်ဆိုက်ကားကို ငွေ(၅၀၀)ကျပ်ပေး ပြီး စီးလို့ရပေမယ့် အသွားအပြန် (၁၀၀၀)ကျပ်ဆိုတော့ ဝန်ထမ်းတစ်ယောက်အနေနဲ့ အမြဲမစီးနိုင်ဘူးလေ။ ကားပေါ်မှာ လူ ပေါင်းစုံဆိုတော့… နှမသားချင်းမစာနာသူက ပါလာတတ်တာပဲ။ မသိချင်ယောင်ဆောင် ငြိမ်ခံနေရင်လည်း ပိုဆိုးလာမှာ လေ” လို့ပြောပြတယ်။

သတင်းထောက် မသဲကိုကတော့ ရဲရင့်သတ္တိရှိသူတယောက်မို့ ဟိုင်းဝေးဘတ်စကားလိုင်းပေါ်မှာ ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားသူကို ရဲစခန်းရောက်အောင် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ သူမကို အဲဒီလို ပြုမူသူက လှိုင်သာယာ မြို့နယ်မှာ နေထိုင်တဲ့အမျိုးသားတယောက်ဖြစ်ပြီး သူပြုမူခဲ့တာကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်သူက သူ့အမှား ကို တောင်းပန်ပြီး ဝန်ခံခဲ့တာကြောင့် သတင်းထောက်မသဲကိုက ခံဝန်ထိုးခိုင်းတာလောက်ပဲ လုပ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူမစီးနင်းခဲ့တဲ့ ယာဉ်မောင်းကနေ မသဲကိုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာတွေကို နောက်ဆက်တွဲ တွေ့ကြုံ ခဲ့ရပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မသဲကိုက “အမျိုးသမီးများရဲ့ စိတ်ဓာတ်ကို မုဒိန်းကျင့် မခံရအောင် ကာကွယ်ပါ” ဆို တဲ့ ဆောင်းပါးတပုဒ်ကို ဧရာဝတီသတင်းစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“ကျမကြောင့် ခရီးသည်တွေ ခရီးစဉ်မှာ နှောင့်နှေးသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်။ ကျမရဲ့ လုပ်ရပ်ဟာ ပုံကြီးချဲ့ တယ်လို့ မြင်ချင်မြင်ကြမယ်။ တကယ်တော့ တခြားအမျိုးသမီးတွေကို ဒီလို ထပ်မစော်ကားရဲအောင်…၊ အမျိုးသမီးတွေကို တန်ဖိုးထားတတ်အောင် သင်ခန်းစာပေးတာပါ။ ကျမတို့ အမျိုးသမီးတွေကို တန်ဖိုးထားကြပါ” လို့ ပြောခဲ့ပြီး ကားပေါ်က ပြန်ဆင်းလာခဲ့သည်လို့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ မသဲကိုဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် အမျိုးသမီး ထုအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကို ငုံ့မခံတဲ့သတ္တိကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Sexual Harassment လို့ ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ ဖြစ်ကြ တဲ့ Gender Equality Network ၊ ဖန်တီးအိမ်အပါအဝင် အဖွဲ့အစည်းများက ပြင်းထန်စွာရှုံ့ချကြောင်း သဘောထား ထုတ် ပြန်ချက်တွေ ထုတ်ပြန်ကြတာလည်း ရှိပါတယ်။ ဒီလိုတွေ့ကြုံလာရတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ရှက်ရွံ့လို့ ငုံ့ခံနေတာ မျိုးက အခြေအနေကို ပိုမိုဆိုရွားသွားစေပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်၊ လူမှုအခြေပြုဆောင်းပါးများ ရေးနေသူလည်းဖြစ်တဲ့ ဒေါ်ဇာခြည်ညိမ်းက သူမရဲ့အမြင် ကို အခုလို ပြောပြပါတယ်။

“လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုရာမှာ နှုတ်၊ ရုပ်ပုံ သို့မဟုတ် အမြင်အာရုံနဲ့ ကိုယ်ထိလက်ရောက်ဆိုပြီး ခွဲခြားနိုင် ပါတယ်။ နှုတ်အားဖြင့်ဆိုရာမှာ ဝတ်စားဆင်ယင်ပုံကို လှောင်ပြောင်ပြောဆိုမှု၊ လူတဦးတယောက်ရဲ့ ကိုယ်ခန္ဓာ၊ လိင်စိတ် ကိုင်းညွတ်မှု၊ ကျား/မ ဖြစ်တည်မှုတို့အပေါ် လှောင်ပြောင်တဲ့ ဟာသတွေ၊ မှတ်ချက်ချပြောဆိုမှုတွေ ပါဝင်ပါတယ်”

အဲဒီတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို ဘယ်လိုနေရာတွေမှာ တွေ့ကြုံနိုင်ရ မလဲလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။

အိမ်မှာ၊ အလုပ်ခွင်မှာ၊ လမ်းပေါ်မှာ၊ ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေမှာ… စသဖြင့် နေရာစုံမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ – တ အိမ်တည်းမှာ နေထိုင်ကြတဲ့ မောင်နှမတွေကြားမှာတောင် အစ်ကိုဖြစ်သူက မိဘတွေမရှိခိုက်မှာ ညီမဖြစ်သူကို မဖွယ်မရာ လုပ်တာမျိုးတွေ ဖြစ်တတ်တဲ့သဘောရှိပါတယ်။ တချို့မိဘတွေကလည်း အဲဒီလိုပြုမူတဲ့ သားဖြစ်သူကို ကြပ်ကြပ်မတ်မတ် မဆုံးမဘဲ သမီးမိန်းကလေးကိုသာ အနေအထိုင်မတတ်လို့ ဖြစ်ရသလို အပြစ်တင်တာတွေလည်း တွေ့နေရပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကနေ ကာကွယ်ဖို့က အမျိုးသမီးတွေမှာသာမကဘဲ အမျိုးသား တွေမှာပါ တာဝန်ရှိပါတယ်။ နှောင့်ယှက်စော်ကားမှုနဲ့တွေ့လာရင် ငုံ့ခံမနေဘဲ တခုခုကို တုံ့ပြန်တာ၊ ဒီထက်ပိုဆိုးလာရင် အမှု ဖွင့်တိုင်ကြားတာ၊ အမျိုးသမီးအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကို အကြောင်းကြားတာမျိုး ပြုလုပ်သင့်ပါတယ်။

အမျိုးသမီးတွေအပေါ် ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ခဲ့ရင် ပြစ်ဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ရာဇသတ်ကြီး ဥပ ဒေ ပုဒ်မ (၃၅၄)အရ –  အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်(၂)နှစ်နဲ့ှ ငွေဒဏ်ကို ချမှတ်နိုင်တာပါ။ ရှက်ရွံ့ပြီး တိုင်ကြားတာမျိုး မရှိခဲ့ရင်တော့… လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ချင်တဲ့ ယောက်ျားသားတွေအကြိုက် ဖြစ်သွားနိုင်တာကိုလည်း သတိပြုကြစေ လိုပါတယ်။

“မအေးသီတာချစ်” ကတော့ အမျိုးသမီးတွေအနေနဲ့ အမူအရာနဲ့ပဲ ဖြစ်ဖြစ်၊ နှုတ်အားဖြင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ပဲ ဖြစ်ဖြစ် နှောင့်ယှက်မှုတွေကို လက်မခံဖို့ အခုလို တိုက်တွန်းလိုက်ပါတယ်၊

“ခေတ်ရဲ့အခြေအနေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်နေရတာပါ။ တဆင့်နိမ့်ပြီး ညီမတို့ကို နှောင့်ယှက်တာကို ခံလိုက်ရင် နောက်တခါ နှောင့်ယှက်ဖို့ကို အခွင့်အရေးပေး၊ လက်လှမ်းခေါ်နေသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ရတဲ့နည်းနဲ့တုံ့ပြန်ပါလို့ ပြောချင်တယ်။ မိန်းကလေးတွေဟာ ယောက်ျားတွေရဲ့ အဖျော်ဖြေခံ မဟုတ်ဘူး၊ တိုင်ကြားဖို့ လိုလာရင် တိုင်ကြားကြပါ၊ ဒါမှ ညီမတို့ဘ၀ လုံခြုံမှု ရှိမှာပါ” လို့ ပြောပါတယ်။

 

Related Articles