Home ဆောင်းပါး လူမူဝန်းကျင်အကျိုးပြုတဲ့ ငှက်မျိုးစိတ်တွေ ထိန်းသိမ်းစေလိုတဲ့ အမျိုးသမီး

လူမူဝန်းကျင်အကျိုးပြုတဲ့ ငှက်မျိုးစိတ်တွေ ထိန်းသိမ်းစေလိုတဲ့ အမျိုးသမီး

ရှင်ငြိမ်း   

နံနက်ခင်း နေရောင်အောက်က ကြီးမားတဲ့သစ်ပင်ပေါ်မှာ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက်ရက်ငှက်လေးတွေ ခေါင်းမည်း၊ နှုတ်သီးအနီ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သာလိကာလေးတွေ နေပူစာလှုံနေပုံက ရောင်စုံသစ်သီး လေးတွေတန်းစီ ထားသလိုပါပဲ။

သူတို့လေးတွေရဲ့လှုပ်ရှားမှုကို မီတာ ၃၀၀ အကွာကနေ အသက်မရှု၊ မျက်တောင်မခတ် မလှုပ်မရှက်နဲ့ မှန်ဘီလူး ကိုယ်စီ လူအုပ်စုတစ်စုက မှတ်တမ်းတင်နေပါတယ်။

သူတို့တွေဟာ ဒီငှက်လေးတွေရဲ့လှုပ်ရှားမှုကို ကြည့်ရဖို့အတွက် မနက်လင်းအာရုဏ်မရောက်မီအချိန်ကတည်းက လာစောင့်နေကြတဲ့သူတွေဖြစ်ပြီး ငှက်ကြည့်နေသူတွေထဲမှာ ထူးခြားစွာနဲ့ အမျိုးသမီးတစ်ဦးပါဝင်နေတာကို တွေ့ရမှာပါ။

ဒီအမျိုးသမီးရဲ့နာမည်က ဒေါက်တာ သီရိဒေဝီအောင်ပါ။ သူဟာ ငှက်နဲ့ပတ်သက်ပြီး သုတေသနပြုတာ၊ ငှက်မျိုး စိတ်စာရင်းကောက်တာ၊ ဝါသနာအရ ငှက်ကြည့်တာတွေကို တစိုက်မတ်မတ်လုပ်ဆောင်နေသူဖြစ်ပြီး ငှက်နဲ့ ဒေါက်တာဘွဲ့ရထားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဝါသနာအရ ငှက်ကြည့်တာက လွယ်တဲ့ကိစ္စမဟုတ်သလို အမျိုးသမီးတွေအတွက်လည်း စိန်ခေါ်ချက်လွန်စွာ များလွန်းပါတယ်။ ဒီအလုပ်က ဝင်ငွေရလုပ်ငန်းမဟုတ်သလို အမျိုးသားများစွာနဲ့ ရင်ဘောင်တန်း လုပ်ဆောင်ရတာကြောင့် မိသားစုဝင် အများစုက ခွင့်ပြုလေ့မရှိပါ။

ဥပမာ ငှက်ကြည့်သွားရင် လမ်းပြပေးတဲ့နယ်မြေခံအများစုက အမျိုးသားတွေဖြစ်တော့အမျိုးသမီးတစ်ယောက်ထဲ အမျိုးသားလမ်းပြတွေနဲ့အတူ တောထဲမှာ ရက်အတန်ကြာအတူနေရတာမျိုးရှိတတ်ပါတယ်။

နေရတဲ့တဲလေးတွေက မလုံမခြုံဖြစ်ပြီး လာချင်တဲ့အချိန်မှလာရောက်တတ်တဲ့ငှက်တွေကို စောင့်ကြည့်ရတာ ဖြစ်လို့ မှန်းထားတဲ့ရက်ထက်ပိုကြာတာမျိုးဖြစ်တတ်သလိုလမ်းပြမခေါ်ရင်လည်း ဒေသတချို့မှာ စစ်ကျန်မိုင်း တွေရှိတာနဲ့ လမ်းမှားတာမျိုးလည်းကြုံရနိုင်ပါတယ်။

ဒါ့အပြင် မထင်မှတ်ထားတဲ့သဘာဝဘေးအန္တရာယ်တွေလည်း ကြုံရနိုင်သလို မြွေဆိုးအန္တရာယ်လည်း သတိထား ရပါသေးတယ်။ နောက် ငှက်ကြည့်ရာမှာလိုအပ်တဲ့ပစ္စည်းကိရိယာများစွာကိုသယ်ပိုးပြီး မြင့်မားတဲ့တောတောင် နဲ့ ရေစီးသန်တဲ့ ချောင်းမြောင်းတွေကို ဖြတ်သွားရတဲ့အခက်အခဲတွေလည်းရှိတတ်တယ်လို့ ဒေါက်တာ သီရိဒေဝီ အောင်က ပြောပါတယ်။

“ငှက်သွားကြည့်ရင် ငှက်ဖမ်းတဲ့ဒေသခံမုဆိုးတွေရှိတယ်။ သူတို့တွေက ကျမတို့ငှက်လာကြည့်တာကို မကြိုက် ဘူး။ ဒီဒေသ က ဒီလိုသတ်မှတ်ထားတာနော်။ ဒါမျိုးလုပ်လို့မရဘူး။ ဝတ်လို့မရဘူး။ ဆံပင်ကို ချထားလို့မရဘူး စသဖြင့် ဘူလီ(Bully) လုပ်တာပေါ့။”လို့  သူကပြောပါတယ်။

ငှက်ကြည့်တဲ့အတွေ့အကြုံ နှစ် ၂၀ နီးပါးရှိပြီဖြစ်တဲ့သူမကတော့ ငှက်သွားမကြည့်မှီကတည်းက သွားမယ့်ဒေသရဲ့ အခြေအနေ ရာသီဥတုနဲ့ ကြုံရနိုင်တဲ့အခက်အခဲတွေကို လေ့လာပြီး ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့ဆက်သွယ်ပြီးမှ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အခက်အခဲ စိန်ခေါ်မှုတွေကြောင့် မိသားစုဝင်အများစုက ငှက်ကြည့်ဖို့ခွင့်မပြုကြတဲ့အတွက် ဝါသနာ အရ ငှက်ကြည့်တဲ့အမျိုးသမီးအရေအတွက်နည်းရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာနေထိုင်တဲ့အသက် ၁၉ နှစ်အရွယ် မသွင်မေစိုးဆိုရင် ငှက်ကြည့်ဝါသနာပါလို့ သစ်ခွပင် ရောင်းလို့ရတဲ့ငွေကိုစုပြီး မိဘတွေမသိအောင် ငှက်ကြည့်သမားတွေနဲ့အတူ လိုက်ကြည့်ရတာလို့ ဆိုပါ တယ်။

“ငှက်ကြည့်ရရင် စိတ်ပျော်တယ်။ သူတို့အသားမစားဘူး။ မသတ်ဘူး။ အမေတို့ကတော့ အချိန်ကုန်ပိုက်ဆံမ ရလို့တဲ့။ မကြည့်ခိုင်းဘူး။ ကျမကတော့ခိုးသွားတာဘဲ။”လို့ သွင်မေစိုးကပြောပါတယ်။

အလားတူ မန္တလေးတိုင်းမှ မရှင်နှင်းအေးလည်း ငှက်ကြည့်တာဝါသနာပါပေမယ့် အမျိုးသမီးတစ်ယောက် အတွက် စိန်ခေါ် မှုတွေများလွန်းတဲ့အတွက် မိဘတွေက ခွင့်မပြုတာတွေနဲ့ကြုံနေရတယ်လို့ဆိုပါတယ်။

“ငှက်ကြည့်တာက မိန်းကလေးတယောက်အတွက် အန္တရာယ်များပါတယ်။ တောတောင်တွေထဲ သွားကြည့်ရတာ ဆိုတော့ တခါကြည့်ရင် ငါးရက်။ ရက်နှစ်ဆယ်ကြာတာမျိုးရှိတတ်တယ်။ အဲ့တော့ မိသားစု စိတ်မချလို့မသွားရတာတွေလည်းရှိတယ်။ ”လို့ မရှင်နှင်းအေးက ပြောပါတယ်။

မရှင်နှင်းအေးရဲ့အသက်မွေးဝမ်းကျောင်းအလုပ်က ဧည့်လမ်းညွန်ဖြစ်ပေမယ့် ငှက်ကြည့်ဝါသနာပါတာကြောင့် စိတ်တူ ကိုယ်တူအမျိုးသမီး ၅ ဦးစုကာ lady ga ga အမည်နဲ့ ငှက်ကြည့်အဖွဲ့တစ်ခုဖွဲ့ထားတာဖြစ်တယ်။

ဒေါက်တာ သီရီဒေဝီအောင်ကတော့“ငှက်ကြည့်တာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေမှာတော့ စိန်ခေါ်မှုများပါ တယ်။ ကိုယ်ဝါသနာပါရာလုပ်နေရတော့လည်း အခက်အခဲဆိုတာကို မမြင်တော့ဘူး။ ကျမ မိသားစုကတော့ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်တာမရှိဘူး။”လို့ ပြောပါတယ်။

သူဟာ ဒီစိန်ခေါ်မှုတွေကို ဂရုမစိုက်ဘဲ ငှက်အထူးပြုနဲ့ ဒေါက်တာဘွဲ့ရအောင်ယူနိုင်ခဲ့သလို ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်နဲ့ ချိတ်ပြီး ငှက်ထိန်းသိမ်းရေးလုပ်နေတဲ့ ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး ဘန်ကာအသင်းရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာ ဖြစ်လာတဲ့အထိ ကြိုးစားပြခဲ့တဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

သူဟာ ငှက်ဝါသနာရှင်အမျိုးသမီးတွေကို လမ်းပြပေးနိုင်ခဲ့လို့ သူ့နောက်မှာ အမျိုးသမီးအတော်များများဟာ ငှက်ကြည့်ဖို့ စိတ်အားထက်သန်လာခဲ့တယ်လို့ ငှက်ချစ်သူ မသွင်မေစိုးက မှတ်ချက်ပြုပါတယ်။

ဒေါက်တာ သီရီဒေဝီအောင်ဟာ ရန်ကုန်မြို့၊ ဒလမြို့နယ်မှာမွေးဖွားပြီး မွေးချင်းညီအစ်မ သုံးဦးမှာ အကြီးဆုံးသမီး ဖြစ်ပြီး သူဟာ ရန်ကုန်တက္ကသိုလ်မှ Zoologyနဲ့ ကျောင်းတက်နေစဉ်အထိ ငှက်တွေကိုမချစ်တတ်သေးခဲ့ပါ။

တက္ကသိုလ်ဖိုင်နယ်တန်းမှာ ကွာလဖိုင်းဝင်ပြီး မဟာတန်းမှာ ပုဇဉ်းနဲ့ သုတေသနစာတမ်းတင်ခဲ့ကာ မာစတာတန်း ရောက်မှ ငှက်တွေကို စတင်လေ့လာခွင့်ရမှ ငှက်ချစ်သူဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

“၂၀၀၅/၆ လောက်မှာ ဒေါက်တာ ခင်မောင်ဆွေကနေ ဌက်နဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ အားပေးခဲ့တယ်။ ကျမကို လည်း သင့်ရာအပ်ပေးခဲ့တယ်။ အဲ့ဒီတုန်းက မြန်မာငှက်ဝါသနာရှင်အသင်းမှ ဆရာဦးသက်ဇော်နိုင်နဲ့ အတူတူ မြန်မာနိုင်ငံအနှံ့ ငှက်လိုက်ကြည့်တာကို ဝါသနာအရဆောင်ရွက်ခဲ့တယ်။”လို့ သူကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ခင်ပွန်းနဲ့ သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ရင်း နေအိမ်မှာ အေးဆေး သက်သာစွာနေထိုင်လို့ရပေမယ့် အမျိုးသမီးတစ်ယောက်လုပ်ကိုင်နိုင်စွမ်းကို သက်သေပြလိုတဲ့အတွက် သူဝါသနာ ပါရာအလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ငှက်ကြည့်ဖို့အတွက် ကုန်ကျစရိတ်တွေကိုတောင် ခင်ပွန်းဖြစ်သူထံမှ မတောင်းခံဘဲ ကလေးတွေကို စာပြလိုရတဲ့ ကိုယ်ပိုင် ဝင်ငွေနဲ့ ငှက်ကြည့်သွားနေသူပါ။

ဒီလိုဝါသနာအရ ငှက်လိုက်ကြည့်ရင်းနဲ့ သူ့အတွက် အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဆရာ ဦး သက် ဇော်နိုင်ရဲ့ကမ်းလှမ်းချက်နဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး ဘန်ကာအသင်းအတွက် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငှက်စာရင်းကောက်ဖို့အခွင့်အရေးရလာခဲ့တာလို့ဆိုပါတယ်။

“ဆရာနဲ့ မြန်မာပြည်မြောက်ပိုင်း ပူတာအိုအပေါ်ဘက် ခါကာဘိုရာဇီအနီးအောက်ရွာအထိ ကျမငှက်စာရင်း ကောက်ခဲ့တယ် ။ အဲ့ဒီကပြန်လာပြီးတော့ PHD လုပ်ငန်းနဲ့ စာသင်တာဆက်လုပ်နေတယ်။ ဒီကြားထဲမှာလည်း ငှက်ကြည့်တာနဲ့ ငှက်စာရင်း ကောက်တွေကို ဘန်ကာမှာ အချိန်ပိုင်းဆောင်ရွက်ခဲ့တယ်။”လို့  သူကဆက် ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး ဘန်ကာအသင်းရဲ့ထိန်းသိမ်းစောင့်ရှောက်ရေး မန်နေဂျာဖြစ် လာခဲ့ပါပြီး၂၀၁၆ ခုနှစ်မှာတော့ ဘန်ကာရဲ့ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရင်း ၂၀၁၇/၁၈ ခုနှစ်လောက်မှာ မန္တလေးတိုင်း ပုလိပ်အင်းနဲ့ ပြူကန်ဘက်မှာ ရှားပါးမျိုးစိတ် ကမ္ဘာ့မှာ မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပို့ချပ်ခေါင်းစိမ်းဆိုတဲ့ငှက်မျိုးစိတ်ကို ဒေါက်တာ သီရီဒေဝီ အောင်က တွေ့ရှိခဲ့ပါတယ်။

“ဆောင်းရာသီရောက်ရင် ဆောင်ခိုငှက်တွေပျံတဲ့အခါ ကျမတို့မြန်မာနိုင်ငံရဲ့ကန် ၂ ခုကို အများကြီးလာ ကျက်စား ကြတယ်။ အဲဒီဌက်တွေကို လေ့လာတဲ့အခါမှာ ကမ္ဘာ့မှာ မျိုးသုန်းပျောက်ကွယ်လုဖြစ်တဲ့(ပို့ချပ်ခေါင်းစိမ်း) ကို ကျမပြန်တွေ့ ခဲ့တယ်။ သူ့ကိုမတွေ့ရတာလည်း တော်တော်လေးနှစ်ကြာပြီ။”လို့ သူက ရှင်းပြပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ဒီကန်တွေကို ဆောင်းခိုငှက်ပျံသန်းရာလမ်းကြောင်း အရေးကြီးနေရာအဖြစ် သတ်မှတ်နိုင်ခဲ့ ပါတယ်။ သူမဟာငှက်ချစ်တတ်သူဖြစ်သလို ငှက်တွေမျိုးသုန်းပျောက်ကွယ်မှာ စိုးရိမ်သူ တစ်ယောက်ဖြစ်ပါ တယ်။

သစ်တောအနေအထားနဲ့ ပင်လယ်ရေမျက်နှာပြင်လည်းရွေးကာ အရောင်အသွေးစုံလင်လှတဲ့ဒေသရင်းငှက်တွေနဲ့ ကမ္ဘာ့မှာ မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ရှားပါးငှက်မျိုးစိတ်တွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အလှ မွေးအနေနဲ့ မွေးမြူ ရောင်းချနေတာတွေကို တွေ့တိုင်း သူက အမြဲလိုလို စိတ်မသက်မသာဖြစ်နေရတာပါ။

“ဆယ်လီတချို့ကိုယ်တိုင်က ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ရေဘဲသားတွေကို ကြော်စားဟင်းချက်စားပြ တာအတော် လေးအဆင် မပြေဘူး။ စားတဲ့သူရှိရင် ဖမ်းရောင်းမှာပဲ။ ကျမတို့ဆီမှာက ဥပဒေအရလည်း အရေးယူမှုအားနည်း တယ်။”လို့ သူကဆက်ပြောပါတယ်။

အခုလိုရှားပါးငှက်တွေကို သတ်စားတာမဖြစ်အောင် ငှက်တွေဟာ ပြစားလို့ရတယ်ဆိုတဲ့အသိရှိအောင် ဒေသခံ တွေကို ငှက်ကြည့်သင်တန်းပေးတာမျိုးရှိသလို ငှက်ကြည့်ဝါသနာရှင်တွေတိုးလာဖို့လည်း လုပ်ဆောင်နေတာလို့ဆိုပါတယ်။

“ငှက်လေးတွေကို စိတ်ဝင်စားပြီး ကြည့်ချင်လာရင် ငှက်ဖမ်းချင်တဲ့စိတ်လည်းမရှိတော့ဘူး။ စားချင်စိတ်လည်း မရှိတော့ဘူး။ အဲ့ဒီရည်ရွယ်ချက်နဲ့ ငှက်ကြည့်တဲ့အဖွဲ့ဆိုပြီး ဖွဲ့ထားတာပါ။”လို့ဆိုပါတယ်။

သို့ပေမဲ့ ရှားပါးအကောင်တွေစားမှ သားကောင်ပျောက်တာတော့မဟုတ်ပါ။ ငှက်တွေနေထိုင်ကျက်စားရာမှာ အိမ်ယာဖော်တာ၊ သစ်ခုတ်တာ၊ တောင်ယာမီးရှို့တာနဲ့ ငှက်ပစ်တာတွေကြောင့်လည်း တောရိုင်းတိရိစ္ဆာန်တွေ ပျောက်သွားနိုင်ပါတယ်။  

“ကျမတို့နိုင်ငံမှာက သစ်ခုတ်တွေ့ရင် တိုင်လို့မရဘူး။ ဒေသခံတွေကလည်း ပြောခွင့်မရှိဘူးဆိုတော့ အဲ့ဒါတွေကို မှတ်တမ်း တင်ဓါတ်ပုံရိုက်ပြီး သစ်တောကို အကြောင်းကြားတာပဲလုပ်လို့ရတယ်။”လို့  ဒေါက်တာ သီရီဒေဝီ အောင်က ပြောပါတယ်။

နောက် မုဆိုးတွေအနေနဲ့လည်း သားပေါက်တဲ့အချိန်တို့၊ ဇီး(ကိုယ်ဝန်ရှိတဲ့သားကောင်)တွေ မဖမ်းဆီးခြင်းဖြင့် သားကောင် တွေကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။

“မိသားစု စားဝတ်နေရေးအတွက် သားကောင်တွေကိုသတ်မစားပါနဲ့လို့တော့ တားလို့မရဘူး။ အဲ့တော့ မုဆိုးတွေ ကို ဝင်ငွ ရနိုင်တဲ့ဒေသတွင်းလုပ်ငန်းတွေဖန်တီးပေးထားသင့်တယ်။”လို့ သူက အကြံပြုပါတယ်။

ဒါဆိုရင် ငှက်တွေက လူတွေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုနေလို့လဲ။ ငှက်တွေထိန်းသိမ်းဖို့ ဘာကြောင့် လိုအပ်တာ လဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ငှက်တွေဟာ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ သတ္တဝါ မျိုးစိတ်ဖြစ်ပါတယ်။

ငှက်မျိုးစိတ်တွေဟာ ပတ်ဝန်းကျင်က အဓိကက ပိုးမွှားတွေကို သန့်စင်ပေးတယ်။ ဝတ်မှုန်ကူးပေးပြီး အသီး စားတဲ့ ငှက်တွေဖြစ်တာကြောင့် အပင်စိုက်ပေးကာ ပျံနှံမှုကိုလည်း အကူအညီပေးနေတာဖြစ်ပါတယ်။

နောက် ငှက်တွေက လူတွေရဲ့အဖော်အနေနဲ့လည်း စောင့်ရှောက်ပေးသလို အစာကွင်းဆက်မှာလည်း အထောက် အကူ ဖြစ်စေပါတယ်။

ယခင်နှစ်တွေက တရုတ်က မြွေတွေကို ဈေးကောင်းပေးဝယ်တော့ ပုဂံမှာ ဖမ်းရောင်း ကြလို့  ကြွက်တွေသောင်း ကျန်းလာပြီး လယ်တွေပျက်စီးတာအပြင် လူတွေလည်း ကျန်းမာရေးထိခိုက်ခဲ့ရတဲ့သာဓကတွေရှိခဲ့ပါတယ်။

“လယ်ကွင်းထဲမှာ ကြွက်တွေများလာပြီဆို သိန်းငှက်တွေ၊ ခရုစုတ်ငှက်တွေက စားပေးရင်လည်း သဘာဝပတ် ဝန်းကျင်ကို မျှတအောင်စေပါတယ်။။ ဒီလိုငှက်တွေက စိုက်ပျိုးရေး ဦးကြီးတွေကို ကူညီပေးတယ်။”လို့သူက ဆိုပါတယ်။

နောက် သစ်ပင်တစ်ပင်မှာ ပိုးကျပြီဆိုရင်လည်း သစ်တောက်ငှက်က ဒီပိုးတွေကို စားပေးရင် သစ်တောပြုန်း တီးမှုကို ကာကွယ်ပြီးသားဖြစ်တယ်။ ငှက်တွေက သူ့တာဝန်သူထမ်းပြီး ဂေဟစနစ်မှန်ကန်အောင်လို့ ကူညီ ပေးပါတယ်။

ငှက်တွေက လူတွေကို အကျိုးပြုတာလည်းရှိသလို ငှက်တွေမရှိတော့ရင် ဂေဟစနစ်ကို ထိခိုက်လာနိုင်တယ်လို့ လည်း ဒေါက်တာ သီရီဒေဝီအောင်က ထောက်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ငှက်မျိုးစိတ် စုစုပေါင်း ၁၁၄၆ မျိုးရှိပြီး တနင်္သာရီမှ ငှက်က မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့ ငှက်မျိုးစိတ်တွေထက် မျိုးစိတ်ပိုများတယ်လို့ သိရပါတယ်။

ငှက်ကြည့်ဖို့သက်သက်လာတဲ့နိုင်ငံခြားခရီးသွားတွေရှိတာကြောင့် ရှားပါးဒေသရင်းငှက်တွေမရှိတော့ရင် ခရီးသွားလုပ် ငန်းကိုလည်း ထိခိုက်နိုင်သလို နိုင်ငံခြားဝင်ငွေလည်း လျော့သွားမှာဖြစ်ပါတယ်။

ဥပမာ တနင်္သာရီတိုင်းမှာတွေ့ရပြီး ဘယ်နိုင်ငံမှမရှိတော့တဲ့ တောင်ကုတ်ရင်မဲဆိုတဲ့ငှက်တစ်မျိုးဆိုရင် နိုင်ငံခြား သားတွေက အထူးတလှယ်လာကြည့်ရတဲ့ငှက်ပါ။ ယခင်က ထိုင်းနိုင်ငံမှာရှိခဲ့ပေမယ့် မျိုးသုန်းသွားပြီး မြန်မာနိုင်ငံ မှာပဲရှိတော့တာဖြစ်ပါတယ်။

“ငှက်လေးတွေကိုပြပြီး စီးပွားရေးလုပ်တယ်ဆိုတာ မြန်မာနိုင်ငံအတွက် မီးခိုးတိတ်တဲ့စီးပွားရေးပေါ့။ ဘာမှမလုပ် ရဘဲ ငှက်ပြရုံနဲ့ နိုင်ငံခြားဝင်ငွေရတယ်။ ဒေသခံတွေလည်း အလုပ်ရကြတယ်။ နောက်ခရီးသွား လုပ်ငန်းလည်း မြှင့်တင်ရာရောက်တယ်။ ငှက်ကိုပြစားနေရတဲ့အတွက်လည်း ထိန်းသိမ်းရမယ်ဆိုတဲ့အသိရမှာဖြစ်တယ်။”လို့ သူက ရှင်းပြပါတယ်။

သို့ပေမဲ့ စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံဟာ သစ်ခိုးထုတ်တာတွေ၊ အိမ်ယာဖော်တာတွေကြောင့် သစ်ပင် အများ အပြားဆုံးရှုံးရသလို ငှက်မျိုးစိတ်တွေလည်း နှစ်တိုင်းဆုံးရှုံးနေရတာဖြစ်ပါတယ်။

“ဥပမာနတ်မတောင်လို့မျိုး။ အခုတခေါက်သွားရင်တွေ့ရတဲ့ငှက်က နောက်တခေါက်သွားရင် မတွေ့ရတော့ဘူး။ မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အများကြီးလိုနေသေးတယ်။”လို့ ငှက်ချစ်တတ်သူ မရှင်နှင်း အေးက ဆိုပါတယ်။

အခုဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့အနေအထားဆိုးယုတ်လာတာနဲ့အတူ သူတို့ခိုနားရာနေရာပုံစံပျက်ယွင်းမှု တွေ ရှိလာတာကြောင့် နှစ်စဉ်လာရောက်လေ့ရှိတဲ့ဆောင်းခိုငှက်တွေအရေအတွက်ဟာ လျော့နည်းနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ငှက်ချစ်တတ်သူ မသွင်မေစိုးကလည်း ဆောင်းအကုန်နွေအကူးအချိန်ဟာ ငှက်ကလေးတွေရဲ့ ဥကနေ သားပေါက်တဲ့ ရာသီဖြစ်လို့ အကောင်ပေါက်တွေ ဥလေးတွေကို စားသုံးတာ သတ်ဖြတ်တာတွေမလုပ်ဖို့ သူက သတိပေးပါတယ်။

“မုဆိုးတွေကလည်း ငှက်အသိုက်တွေ ငှက်သားလေးတွေကို ဖမ်းဆီးတာ သတ်တာတွေမလုပ်ခြင်းဖြင့် ငှက် ကောင် ရေလျော့ကျမှုနဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းပေးပါ။”လို့ သူက မေတ္တာရပ်ခံထားပါ တယ်။

ဒေါက်တာ သီရီဒေဝီအောင်ကလည်း ငှက်ဖမ်းသူတွေကို တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူတာမျိုး ပြည်သူကလည်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ငှက်ကောင်ရေလျော့လာတာကိုထိန်းသိမ်းနိုင်မယ်လို့ အခု လို အသိပေးစကားဆိုပါတယ်။

“ဒါထိန်းသိမ်းတာက ဘယ်သူ့ဘယ်သူအတွက်ရဲ့ကိုယ်ကျိုးမှမပါဘူး။ ဒါက ကိုယ့်နိုင်ငံအတွက် နောက်မျိုးဆက် ကလေးတွေအတွက် စိတ်မျိုးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ကျမတို့ငှက် မျိုးတုန်း ပျောက်ကွယ် တဲ့အဆင့်က တဖြေးဖြေးလျော့ကျလာမယ်လို့ ကျမက ယူဆပါတယ်။”

Author:

Related Articles