Home အယ်ဒီတာ့အာဘော် ၈၈ မှသည် ၂၁ ထိ မပြီးဆုံးသေးသောအာဏာရှင်စနစ်ကို အမြစ်ဖြတ်မည့် တိုက်ပွဲဝင်အမျိုးသမီးများ

၈၈ မှသည် ၂၁ ထိ မပြီးဆုံးသေးသောအာဏာရှင်စနစ်ကို အမြစ်ဖြတ်မည့် တိုက်ပွဲဝင်အမျိုးသမီးများ

Honest Information (HI)

ရှစ်လေးလုံးအရေးတော်ပုံ ၃၃နှစ် ပြည့်မြောက်ခဲ့သော်လည်း မြန်မာနိုင်ငံမှ ရဲရင့်တက်ကြွသည့်အမျိုးသမီးများသည် စစ်အာဏာရှင်ကို တော်လှန်နေသည့် သမိုင်းပေးတာဝန်ကို ယနေ့ထိဆက်လက် ထမ်းဆောင်နေရဆဲပင်။ နှစ်ပေါင်းများစွာ ပြောင်းခဲ့သော်လည်း အာဏာရှင်စနစ်သည် မပြောင်းမလဲ ရှိနေသေးသောကြောင့်ပင်ဖြစ်၏။

ထို့ကြောင့် အာဏာရှင်ကိုတော်လှန်သည့် ခရီးသည် မပြီးဆုံးသေး။ မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုသို့ ကူးလာခဲ့ ပြီး အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရမည်ဆိုသည့်စိတ်များကိုလည်း ရဲရင့်သော နောက်မျိုးဆက်ကို လက်ဆင့်ကမ်း ခဲ့ကြပေသည်။ အာဏာရှင်ကို တော်လှန်ရမည်ဆိုသည့် စိတ်ဓာတ်များသည်လည်း မပြောင်းလဲခဲ့ကြ။

စစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သူများတွင် မတရားမှုကိုလက်မခံနိုင်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်သလို၊ စစ်တပ်၏ ဆိုးမွေများကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ဖူးကြသည့် (၈၈) မျိုးဆက်များလည်း ပါဝင်ခဲ့ကြပါသည်။ အမျိုးသမီးများသည် ၈၈၈၈ တိုက်ပွဲတုန်းကလည်း စွမ်းစွမ်းတမာန်ပါဝင်ခဲ့ကြသလို ယခု ၂၀၂၁ တကျော့ပြန် တိုက်ပွဲတွင် လည်း အားမာန်မလျော့ဘဲပြန်လည်ပါဝင်လျှက်ရှိသည်။ တိုက်ပွဲဝင်အမျိုးသမီးများသည် နှစ် ၃၀ အပြီး တကျော့ပြန် တိုက်ပွဲ ဝင်နေကြသော်လည်း မမောနိုင်မပန်းနိုင်ကြရှာသေး၊ အာဏာရှင်ကို လုံးဝအမြစ်ဖြုတ် တော်လှန်ရမည်ဆိုသော စိတ်ဓါတ် များလည်း ပိုမိုခိုင်မာခဲ့ကြပြန်သည်။ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အားလုံးကဆန္ဒပြင်းပြနေဆဲပင်။

တော်လှန်ရေး၌ အသက် ငါးနှစ်မပြည့်သေးသော သမီးငယ်… ၁၀ ကျော်သက်မှသည် နို့တိုက်ကလေးငယ်မိခင်၊ သက်ကြီး ပိုင်းအဖွားအို စသဖြင့် အရွယ်ပေါင်းစုံအလွှာပေါင်းစုံမှ အမျိုးသမီးထုတို့အနေဖြင့် လမ်းမပေါ်တွင်ဆန္ဒထုတ်ဖော်ခြင်းဖြင့် တစ်မျိုး၊ လက်နက်ကိုင်ခြင်းဖြင့်တဖုံ ရရာနည်းလမ်းများဖြင့် ဆက်လက်ပါဝင်တိုက်ပွဲဝင်နေကြသည်။

သူတို့၏ နောင်လာမည့်မျိုးဆက်များအတွက် စစ်အာဏာရှင် ဆိုးမွေများ မကျန်ရစ်စေရန် နောက်ဆုံးတိုက်ပွဲအဖြစ် စွမ်းစွမ်း တမာန် အသက်နဲ့ရင်းကာ အားမာန်တင်းတိုက်ပွဲဝင်နေကြပြီး အသက်ပေးကျဆုံးခဲ့သူများလည်းရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ဤပေးဆပ်မှုများက မြန်မာနိုင်ငံမှအမျိုးသမီးများအတွက် ဂုဏ်ယူစရာ သမိုင်းမှတ်ကျောက်တင်ကျန်ခဲ့မည်က အသေ အချာပင်ဖြစ်၏။

၈၈၈၈ အရေးတော်ပုံကြီးမှ မွေးဖွားပေးခဲ့သည့် မိမိတို့မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့်လည်း စတင်ဖွဲ့စည်းတည်ထောင် ကတည်းက တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးတို့ကို တွန်းလှန်ရာတွင် အမျိုးသမီးများ ကိုယ်စွမ်း ညဏ်စွမ်း တို့ဖြင့် ပါဝင်လုပ်ဆောင်ရန် ခိုင်မြဲစွာမျော်မှန်းခဲ့သလို ယနေ့ထိတိုင်လည်း အာဏာရှင်စနစ် အဆုံးသတ်ရေးကို တစိုက် မတ်မတ် ပါဝင်တိုက်ပွဲဝင်ခဲ့ပါသည်။ ဒီမိုကရေစီရှင်သန်အားကောင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် စစ်အာဏာရှင်စနစ်အောက်သို့ ပြန်လည်မကျရောက်စေရေးတို့အတွက် မိမိတို့ မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့်လည်း အမျိုးသမီးထုများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

ထို့အတူ လူထုလှုပ်ရှားမှု နှစ်ပေါင်း ၃၀ ကျော်သည့်တိုင်အောင် တောင်းဆိုခဲ့ကြသည့် ပြည်သူတို့၏ ဒီမိုကရေစီရည်မှန်း ချက်များ မပြည့်မီသေးသ၍ တိုင်းရင်းသားထု တစ်ရပ်လုံး မျှော်လင့်ထားသော တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပန်း တိုင် မရောက်သေးသ၍ အမျိုးသမီးများသည်လည်း အခြားသော မျိုးဆက်အသီးသီးတို့နှင့်အတူ ၂၁ ရာစု စစ်အာဏာ ရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ဆက်လက်တိုက်ပွဲဝင်နေကြမည်မှာ ဧကန်မုချပင်ဖြစ်လေသည်။

Related Articles