Home ဆောင်းပါး နွေဦးတော်လှန်ရေးထဲက အစ္စလာမ်ဘာသာဝင် အမျိုးသမီးသူရဲကောင်း

နွေဦးတော်လှန်ရေးထဲက အစ္စလာမ်ဘာသာဝင် အမျိုးသမီးသူရဲကောင်း

ရှင်ငြိမ်း   

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နည်းလမ်းမျိုးစုံတွန်းလှန်နေကြသူတွေထဲမှာမြန်မာနိုင်ငံအတွင်းမှာလူနည်း စုဖြစ်တဲ့အစ္စလာမ်ဘာသာဝင်တွေလည်းပါဝင်နေတာကို တွေ့မြင်ကြရမှာပါ။

သူတို့အနေနဲ့အခုလိုပါဝင်ဖို့ဆိုတာ တခြားဘာသာဝင်ထက်ပိုတဲ့စိန်ခေါ်မှုများစွာရှိပါတယ်။ အကြောင်းကတော့ အစ္စလာမ် ဘာသာဝင်တွေရဲ့ကျမ်းစာမှာ ဆိုထားတဲ့ကန့်သတ်ချက်တွေကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအတွက်ပိုလို့ကန့်သတ်ချက်များတာကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ ဝင် ရောက်ဖို့ဆိုတာ များစွာအဟန့်အတားရှိပါတယ်။ ဥပမာ အစ္စလာမ်ဘာသာမှာပြဌာန်းထားတဲ့အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှုမှာဆိုရင် အချက်( ၃ )ချက်နဲ့ ညီစွာဝတ်ဆင်ရပါတယ်။

နံပါတ်(၁)အချက်က အရှက်လုံရမယ် (အမျိုးသမီးက ရင်နဲ့ တင်သားကို တင်းကြပ်တဲ့အဝတ်အစား၊ ပါးတဲ့အ ဝတ်အစားတွေကို ရှောင်ရတယ်)၊နံပါတ်( ၂) က ရာသီဥတုဒဏ်ခံနိုင်အောင်ဝတ်ရပြီး (၃)အချက်ကတော့တင့် တယ်မှုရှိဖို့ဆိုတဲ့ကန့်သတ်ချက်တွေပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သွေးသားရင်းအမျိုးသားတွေအရှေ့နဲ့ သူစိမ်းအမျိုးသားတွေအရှေ့ ဝတ်စားဆင်ယဉ်မှုကလည်းကွာ ခြားပါသေးတယ်။ နောက်အစ္စလမ်ဘာသာဝင်အမျိုးသမီးတွေဟာ ဆံပင်ကို ဖုံးအုပ်ထားရမယ် ဆိုတဲ့ အချက်ကို လည်းလိုက်နာကြရတာဖြစ်ပါတယ်။

အစားအသောက်မှာဆိုလည်း ဝက်သားအပြင် သူအလိုအလျောက်သေတဲ့အသားလည်း မစားရသလို ကြက်၊နွား တို့ကနေထွက်တဲ့သွေးတွေကို မစားရဘဲ အသားဆိုရင် လည်လှီးသားဖြစ်ပေမယ့် အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ သူလှီးတဲ့ အသားကိုစားလို့မရပါဘူး။

တစ်နေ့ ၅ ကြိမ် မဖြစ်မနေဝတ်ပြုဆုတောင်းရာမှာလည်း အမျိုးသမီးတွေ ဓမ္မတာလာတဲ့အချိန်မှာတော့ ဝတ်ပြု ဆုတောင်းတာကိုကင်းလွတ်ခွင့်ပေးထားပါတယ်။ သို့ပေမဲ့ သူတို့ရဲ့ကျမ်းအစာအရ ၁ နှစ်မှာ ၁ လသာစောင့်ထိန်း ရတဲ့ဥပုဒ်ကတော့ ဆိုင်းငံထားလို့ရပြီး ဘယ်လိုအကြောင်းနဲ့မှ ပျက်ကွက်လို့မရပါလို့ ဆိုထားတာဖြစ်ပါတယ် ။

ဒီထဲမှာပါတဲ့အချက်တော်တော်များများကိုလက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေတဲ့အမျိုးသမီးတွေအနေနဲ့ မပျက်မကွက်လိုက်နာဖို့ဆိုတဲ့နေရာမှာ များစွာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ အမျိုးသားတွေနဲ့တန်းတူတာဝန်ထမ်းနေတဲ့ ရဲဘော် မိုင်မိုင်းဟာ အန္တရာယ်အခက်အခဲတွေကြားကနေ ကျမ်းစာအတိုင်းလိုက်နာကာ တိုက်ပွဲဝင်နေတဲ့ အစ္စလာမ်ဘာသာဝင်အမျိုး သမီးတစ်ဦးဖြစ်ပါတယ်။

“တိုက်ပွဲမသွားခင် ဝတ်ပြုလိုက်တယ်။ တိုက်ပွဲထဲရောက်နေရင် ဝတ်ပြုဖို့ကသိပ်အဆင်မပြေဘူးလေ။ ဒါပေမဲ့ စစ်နားတဲ့ချိန်လေးမှာရသလောက်တော့ဝတ်ပြုတယ်။ နှစ်စပိုင်းကဥပုဒ်စောင့်ဖြစ်တယ်။ ပြီးတဲ့နှစ်မှာတော့ ကျန်း မာရေးမကောင်းတာနဲ့ တိုက်ပွဲကြားရောက်တော့ ဥပုဒ်မရခဲ့ဘူး။ ဒီနှစ်ကတော့ ရက်ခြားဥပုဒ်စောင့်ဖြစ်တယ်။”လို့ ရဲဘော် မိုင်မိုင်းက ပြောပါတယ်။

သူဟာလက်ရှိမှာ ကရင်ပြည်နယ်က တောင်ပိုင်းတိုင်းဗျူဟာ(၃) ဗျူဟာစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေ သူဖြစ်ပါတယ်။သူဟာ စစ်ပွဲထဲပိတ်မိတဲ့အခြေအနေတွေ သူနေထိုင်ရာကို စစ်တပ်ကအကြိမ်ကြိမ်ဗုံးလာကြဲတာ တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

အသက်အန္တရာယ်ရှိနေတဲ့အနေအထားမှာတောင် တော်လှန်ရေးကို ပစ်ခွာမသွားသလို ပြိုလဲလုနီးပါးဖြစ်နေတဲ့သူ့ ကျန်းမာရေးကို လျစ်လျူရှုပြီး ပင်ပန်းဆင်းရဲတဲ့တောထဲကို ပြန်သွားခဲ့တဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

“ကျနော်မဲဆောက်မှာ ဆေးကုနေရင်း တောထဲကို ငွေအားနဲ့ကူညီလို့ရနေပေမယ့် ကိုယ့်ရဲဘော်တွေနဲ့အတူနေပြီး အရာ အားလုံးမျှဝေခံစားချင်လို့ တောထဲပြန်လာခဲ့တယ်။ နောင်မှဖြစ်မယ့်အရာ ကျနော်စိတ်မဝင်စားဘူး။ အရှေ့ မှာအသက်ပေး ထားတဲ့ရဲဘော်တွေအားနာတယ်။”လို့ ရဲဘော် မိုင်မိုင်းက ပြတ်သားစွာဆိုပါတယ်။

အာဏာမသိမ်းမီကသူဟာ မန္တလေးတိုင်းမှာ မွေးဖွားခဲ့ပြီး ၁၀ တန်းရောက်တဲ့နှစ်မှာ မိဘတွေက ရှေ့ဆင့် နောက် ဆင့်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ၁၀ တန်းနဲ့ကျောင်းထွက်လိုက်ပြီး နယ်ပွဲတွေမှာ ဆိုင်ခန်း ရောင်းတဲ့ အလုပ် လုပ်ကာ ကျန်းမာရေးမကောင်းတဲ့အမဖြစ်သူကို စောင့်ရှောက်ရင်း သာမာန်အရပ်သားတွေနည်း တူနေထိုင်ခဲ့တာ လို့ပြောပါတယ်။

ကိုဗစ်ကာလမှာ ပွဲလုပ်ငန်းရပ်နားလိုက်ရတော့ သူရဲ့ဝင်ငွေရလုပ်ငန်းလည်း တနှစ်လောက်ရပ်သွားခဲ့ရပြီး နောက် နှစ်မှာ တော့ ဝါသနာပါတဲ့သူနာပြုအကူသင်တန်းတက်ပြီး နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ ရန်ကုန်မြို့ကို တက်လာခဲ့ ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ရောက်ပြီး နောက်နေ့ မနက်မှာ အာဏာသိမ်းလိုက်တာကြောင့် သင်တန်းမတက်တော့ဘဲ လမ်းလျှောက်သပိတ်တွေ ထိုင်သပိတ်တွေမှာပါဝင် ဆန္ဒပြခဲ့ပြီးနောက်ပိုင်း ဧည့်စာရင်း အကြောင်းပြ အိမ်တွေထဲအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးတာတွေလုပ်လာတော့ ရဲဘော် မိုင်မိုင်းဟာဘားအံမြို့ က အပ်ကော်နီကျေးရွာလေးမှာသွားပုန်းရင် ပြောက်ကြားသပိတ်တွေဖော်ဆောင်ခဲ့ပါတယ်။

ဒီလိုဆန္ဒပြရင်း အတူနေဆန္ဒပြနေတဲ့သူငယ်ချင်း ဖမ်းဆီးခံလိုက်ရသလို မန္တလေးမှာ ကျန်ခဲ့တဲ့သူ့ရဲ့အိမ်လည်း ဝင်ရှာဖွခံရလို့ အမဖြစ်သူနဲ့ပါ အဆက်အသွယ်ပြတ်သွားခဲ့ရပါတယ်။လက်ရှိနေရာမှာဆက်နေဖို့ မဖြစ်တော့ တာကြောင့် ၂၀၂၁ ခုနှစ်ဧပြီလ ၁၁ ရက်မှာ ခိုလှုံသူအဖြစ်နဲ့ တောထဲရောက်သွားခဲ့ပါတယ်။

“ကျနော်တို့ဘဝတွေကို ရှင်လျှက်နဲ့အသေမခံနိုင်ဘူး။ အဲ့ဒါကြောင့် လက်နက်ကိုင်ထဲဝင်ခဲ့တယ်။”လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ်တောထဲက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ စစ်သင်တန်းတက်ရောက်တာမဟုတ်ဘဲ ခိုလှုံသူအနေနဲ့ ခွင့်တောင်းပြီး နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲ မြို့ပေါ်တက်ပြီး မြေအောက်တော်လှန်ရေး(UG)လုပ်လိုက် လိုက်ဖမ်းရင် တောထဲပြေးလိုက်နဲ့ လှုပ်ရှားနေခဲ့တာပါ။

၉ လပိုင်းရောက်တော့ ကရင့်ကာကွယ်ရေးတပ်မတော်(KNDO)မှာ စစ်သင်တန်းတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သင်တန်း ၃ လတက်ပြီးတာနဲ့ သရီးကော်ပဒါစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမဲ့တော်လှန်ရေးလုပ်စဉ်ကာလတလျောက် သူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း လူတိုင်းကိုအသိမပေး ခဲ့ပါဘူး။ ဘာလို့ဆို ခွဲခြားဆက်ဆံခံရမှာစိုးတာကြောင့် မပြောဖြစ်ခဲ့တာလို့ဆိုပါတယ်။

“စိုးရိမ်မှုတော့ရှိတယ်။ ဘာသာမတူတဲ့အတွက်တော့ ကိုယ့်လုပ်ရပ်နဲ့ ကိုယ်စရိုက်အပေါ်အမြင်မကြည်မှာ စိုးခဲ့ တယ်။ တချို့ မှိုင်းတိုက်ထားတဲ့အရှိန်ကျန်နေသေးတော့ နှိမ်တာတွေတော့ရှိတယ်။ ဒီအတွက် ကျနော်စိတ်မဆိုး ပါဘူး။ ကျနော်တို့ရဲ့ ဘုံ ရည်မှန်းချက် ဒီမတရားမှုကို တွန်းလှန်ဖို့လေ။”လို့ ရဲဘော် မိုင်မိုင်းက ဆိုပါတယ်။

ဒီလိုခွဲခြားဆက်ဆံမှုတွေက နေရာတိုင်းကြုံရတာမဟုတ်ပေမယ့် အများစုသော လက်နက်ကိုင်အဖွဲ့တွေကတော့ ဘာသာခြားတွေအပေါ် နားလည်မှုရှိကြောင်း သူက ရှင်းပြပါတယ်။

“ဘာသာခြားဖြစ်လို့ ကျနော့်ကို သူတို့က ဝတ်ပြုဖို့ကအစ သန့်ရှင်းတဲ့နေရာလေးလုပ်ပေးတယ်။ လည်လှီးသား မဟုတ်ရင် မစားတဲ့ကျနော့်အတွက်ဆိုပြီး ကြက်ဥကြော်တို့ လ္ဘက်သုတ်တို့ ငါးခြောက်ကြော်တို့လုပ်ပေးကြတယ်” လို့ပြောပါတယ်။

ယခင်သူအဖွဲ့ကွဲသွားတော့ ရဲဘော် မိုင်မိုင်းဟာ ဖိုးနေဒါးမြရဲ့လက်အောက် ဆင်ဖြူစစ်ကြောင်းထဲက အမျိုးသမီး ၄ ဦးသာပါတဲ့ဗီးနပ်စ်အထူးကွန်မန်ဒိုစစ်ကြောင်းမှာ ဆေးကုသရေးနဲ့ စားဖိုဆောင်တာဝန်ခံအဖြစ် တာဝန်ထမ်းခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီမှာတာဝန်ထမ်းနေစဉ် ဆန္ဒပြစဉ် ဗိုက်ကို သေနတ်ဒင်နဲ့ ရိုက်ခံရတဲ့ဒဏ်ကြောင့် အတွင်းသားအိမ်ဒဏ်ရာရခဲ့ လို့ ရန်ကုန်မှာ ဆေးသွားကုရင်း ဧည့်စာရင်းဝင်စစ်တာကြောင့် လက်နက်ကိုင်တွေရှိတဲ့ကျောက်မိုင်းစခန်းကို ပြန်လာခဲ့ရတယ်။

“စခန်းကိုရောက်ပြီး ရက် ၂၀ နေရသေးတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲလို့ ကျနော်တို့တွေ တောထဲမှာ ၄ ရက်ပိတ်မိ ခဲ့တယ်။ လူအယောက် ၁၀၀ လောက်ရှိတယ် တောထဲဝင်ပုန်းရတာ။ ၄ ရက်မြောက်နေ့မှာ ပူးပေါင်းအဖွဲ့တွေလာ ကယ်လို့ လွတ်လာတာပေါ့။”လို့ ရဲဘော် မိုင်မိုင်းက ပြောပါတယ်။

ဗုံးလာကြဲစဉ်က လက်နက်ကြီးကျဉ်စတွေက သူရဲ့ခါးနဲ့ ခြေထောက်ကို ထိမှန်ခဲ့ပါတယ်။ ဒီဒဏ်ရာတွေနဲ့ ပင်ပန်း မှုဒဏ်တွေ ကြောင့် ရဲဘော် မိုင်မိုင်းဟာ အားပြတ်ကာ သွေးအန်ပြီး သတိလစ်သွားခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းအဖွဲ့တွေက သူ့ကို ပုပ္ပဆေးရုံပို့ပေးပေမယ့် မသက်သာလို့ဆိုကာ ဆုံဆည်းမြိုင်ဆေးရုံမှာ တစ်လလောက် ဆေးကုသမှုခံယူခွင့်ရခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တာပါ။

သူ့အနေနဲ့ ဆေးရုံဆင်းကာစ စခန်းမှာနားနေစဉ် လူကလည်း သွေးပေါင်းတွေကျပြီး သတိလစ်မတတ်ဖြစ်နေတဲ့ အချိန် ရုတ်တရက် ပြင်းထန်တဲ့လေနဲ့ မိုးရွာလာတော့ သူနားနေတဲ့အဆောင်ပေါ်ကို ဝါးရုံပင်ပိလို့ သတိလစ် သွား ခဲ့ ကြောင်းအမှတ်တရအနေနဲ့ ပြန်ပြောပြပါတယ်။

“ဗီးနပ်စ်စစ်ကြောင်းကနေ ဝေါလေမြိုင်ရဲစခန်းကို သွားသိမ်းတယ်။ သိမ်းတဲ့အချိန် PDF ၃ ယောက်ကိုကယ် လာ နိုင်တယ်။ ရဲ ၅ ယောက်ကိုအရှင်ဖမ်းလာနိုင်တယ်။ အဲ့ဒါပြီးတော့ ရက်ပိုင်းပဲခြားတယ်။ ဥကရစ်ထပွဲကို ထိုးစစ် စဆင်တယ်။”လို့ သူက ပြောပါတယ်။

ဥကရစ်ထပွဲမှာလည်း သူ့စခန်းက ရဲဘော်တွေပါဝင်တိုက်ခိုက်ရင်း ၅ ဦးကျဆုံးသွားတာကိုသိပြီး စိတ်ထိခိုက်ကာ ရောဂါ အခြေအနေပြန်ဆိုးလာတာကြောင့်မဲဆောက်ကမယ်တော်ဆေးခန်းမှာ လများစွာအချိန်ယူကုသမှုခံယူခဲ့ရ ပါတယ်။

လက်ရှိမှာတော့ လက်နက်ကျဉ်စမှန်တဲ့ဒဏ်ရာက သက်သာသွားတယ်ဆိုပေမယ့် ခြေချောင်းလေးတွေကတော့ အရင်လို သွက်လက်စွာလှုပ်ရှားလို့မရတော့ပါဘူး။

သူဟာအာဏာမသိမ်းမီ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD မဲဆွယ်စဉ်မှာ ပါတီဝင်မဟုတ်ပေမယ့် တက်ကြွ လှုပ်ရှားသူအနေနဲ့ မဲဆွယ်ရေးမှာအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သူပါ။

မဲဆွယ်နေစဉ် သူတို့ကို NLD ပါတီကို မကျေနပ်တဲ့လူတစ်စုက ကားနဲ့လိုက်တိုက်လို့ သူ့ခြေထောက်နှစ်ချောင်းနဲ့ သွားတွေ ကျိုးသွားခဲ့ရပါတယ်။ ဒီအတွက် ပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေကို အချိန်တော်တော် ကြာ စွဲသောက်ခဲ့ရတာဖြစ်ပါတယ်။

“အရင်က စွဲသောက်တဲ့ပိုးသတ်ဆေးတွေကြောင့် အစာအိမ်၊ ကျောက်ကပ်၊ အာရုံကြောထိသွားတယ်။ ပထမ တော့ နှလုံး တို့၊ အာရုံကြောတို့ကိုသွားတဲ့သွေးကြောလေးတွေမှာ သွေးစအနည်းငယ်ခဲနေတာပေါ့။ ဆေးရုံကပေး တဲ့ သွေးကြဲဆေးကို နှစ်လလောက်သောက်လိုက်ရတယ်။”လို့ ရဲဘော် မိုင်မိုင်းက ဆိုပါတယ်။

နောက် ဆန္ဒပြစဉ်က ဗိုက်ကို သေနတ်ဒင်နဲ့ရိုက်လို့ အတွင်းသားအိမ်မှာ ဒဏ်ဖြစ်သွားပြီး မကြာခဏ သွေးဆင်း တာ ၊ ကိုက်ခဲတဲ့ဝေဒနာတွေကြောင့် မကြာခဏဆေးရုံတက်နေရတာပါ။

ရဲဘော် မိုင်မိုင်းဟာ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ထိခိုက်ဒဏ်တွေရရှိထားပေမယ့် တော်လှန်ရေးနှောင့် နှေးမှာစိုးတာကြောင့်ဆေးကုသမှုမခံဘဲ တောထဲမှာ ရဲဘော်တွေနဲ့အတူ ကျရာတာဝန်ကို ထမ်းဆောင်နေတာလို့ ဆိုပါတယ်။

“အခက်ခဲတွေကြုံနေရလဲ အရှုံးပေးဖို့စိတ်ကူးလုံးဝမရှိ ဒဏ်ရာကြောင့် အလျော့ပေးလိုက်ရမယ်ဆိုရင် ကျနော်ရဲ့ ထွက်သက် မှာ နားကျည်းမှုတွေပါသွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ဆက်တိုက်နေရတယ်။”လို့ သူကပြတ်သားစွာဆိုပါ တယ်။

အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလိုနွေဦးတော်လှန်ရေးရဲ့လက်နက်ကိုင်လမ်းစဉ်တွေမှာ ပါဝင်နေသလို သူရဲ့စွန်လွှတ်ရဲ့တဲ့စိတ်ဓါတ်ကလည်း လေးစားစရာပါ။

သူနဲ့တာဝန်အတူ ထမ်းဆောင်နေတဲ့အမျိုးသားတစ်ဦးဖြစ်တဲ့ ရဲဘော် ကိုအောင်မျိုးဇော်က“သူကအမျိုးသမီးဖြစ် ပေမယ့် ကျနော်တို့ထက်ပိုလုပ်နိုင်တယ်။ ရှေ့တန်းရိက္ခာပို့ဆိုလည်း သွားတယ်။ ထမင်းဟင်းချက်ဆေးကုပေးတာ ဆိုလည်း ရတယ်။ အလှူငွေလည်းရှာတတ်တယ်ပေါ့။ ဒါတွေကိုသူတခါမှမငြီးဖူးဘူး။”လို့ ဆိုပါတယ်။

ဒီအတွက် သူတို့အနေနဲ့ ရဲဘော် မိုင်မိုင်းရဲ့လုပ်ရပ်အပေါ် လေးစားဂုဏ်ယူရတယ်လို့လည်း မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့နိုင်ငံရေး အမြတ်ထုတ်မှုကြောင့်  အစ္စလာမ်ဘာသာဝင်တွေ ဟာဘာသာရေး၊ လူမျိုးရေး ၊ အသားအရောင်ပေါ်အခြေခံပြီး နည်းမျိုးစုံနဲ့ ခွဲခြားဖိနှိမ်တာတွေကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

“ဒီတော်လှန်ရေးဟာ လူမျိုးတစ်ခုရဲ့တော်လှန်ရေး၊ ဘာသာတရားတစ်ခုရဲ့တော်လှန်ရေးမဟုတ်ဘူး။ လူမျိုးစုံ၊ ဒေသအစုံ၊ ဘာသာအစုံတော်လှန်ရေးဖြစ်တယ်။ အဲ့လိုတော်လှန်ခဲ့လို့ နွေဦးတော်လှန်ရေးက ဒီအထိခရီးရောက် ခဲ့တာဖြစ်တယ်။”လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက မှတ်ချက်ပြုပြောပါတယ်။

အခုဆိုရင် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသူတွေထဲမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၁၀၀ ကျော်ထိ ပါဝင်နေပြီးအဲ့ဒီထဲမှာ အမျိုးသမီး ၁၀ ရာခိုင်နှုန်းပါဝင်တယ်လို့ အစ္စလာမ်ဘာသာဝင်တက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးက သူကောက်ယူထားတဲ့စစ်တမ်းကို ကိုးကားပြောဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေမှာသာမက ယခင် ၈၈ အရေးတော်ပုံ ကာလတွေမှာ လည်း မိုက်ကိုင်ပြီး အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

“ကျနော့်အမေက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က ကံရွာမှာ မိုက်ကိုင်ပြီး ရှေ့ကနေချီတက်ခဲ့တာ။ အဲ့ဒီကနေ အစ္စလာမ် စစ်ကြောင်းထွက်ခဲ့တယ်။ မန္တလေးမြောက်တန်းမှာလည်း ထွက်ခဲ့တယ်။ ရန်ကုန်မှာလည်း စစ်ကြောင်း တော်တော်များများ ထွက်ခဲ့ကြတယ်။”လို့ ကိုစိုးနေဦးက ပြောပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာလည်း အစ္စလာမ်ဘာသာဝင်တွေက ဆန္ဒပြသံဃာတော်တွေကို ဖျော်ရည်တွေဝေလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ထောင်ချခံရတဲ့အထဲမှာ အမျိုးသမီးတချို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်(SRMMN)ရဲ့ထုတ်ပြန်ချက်အရ တော်လှန်ရေး ၃ နှစ်တာကာလ အတွင်း အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်စုစုပေါင်း ၇၈ ဦးထိရှိတယ်လို့သိရ ပါတယ်။

Author:

Related Articles