Home အယ်ဒီတာ့အာဘော် “အမျိုးသမီးများနဲ့ ကလေးငယ်များဟာ ငြိမ်းချမ်းရေးအရသာခံစားဖို့ ထိုက်တန်ပါတယ်”

“အမျိုးသမီးများနဲ့ ကလေးငယ်များဟာ ငြိမ်းချမ်းရေးအရသာခံစားဖို့ ထိုက်တန်ပါတယ်”

Hi အယ်ဒီတာ့အာဘော်။ ။

ယနေ့ စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနေ့တွေကို အကြိမ်ကြိမ် ကျော်ဖြတ် ခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းမှုအနစ်သာရ ကင်းမဲ့လာတာ နှစ်ပေါင်း ၇၀ ကျော်လာပါပြီ။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုပြီး အရပ်သားအုပ်ချုပ်မှု ၁၀ နှစ်တာမှာလည်း ငြိမ်းချမ်းမှုကို ပြည်သူတွေ ပီပီပြင်ပြင် မခံစားခဲ့ရပါဘူး။

ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေး အသီးအပွင့်တွေကို ယနေ့တိုင် မခံစားရသေးတဲ့အပြင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ပိုပြီး အလှမ်းဝေးသွားစေပါတော့တယ်။

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်းရပ်တန့်ခဲ့ရသလို နိုင်ငံတစ်ဝန်း စစ်ပွဲတွေဟာ ပိုပြီးများ သထက် များလာခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်သေဆုံးကြရသလို စစ်ဘေးရှောင်ပြည် သူဦးရေကလည်း တစ်နိုင်ငံလုံးမှာ တိုးသထက်တိုးလာနေပါတယ်။

စစ်ပွဲရဲ့ အဓိကထိခိုက်နစ်နာရသူတွေက ကလေးနဲ့အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေပဲဖြစ်သလို စစ်ဘေးရှောင်နေစဉ် ကာလမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်နဲ့ စိုးရိမ်ရမှုတွေကို ပိုမိုတွေ့ကြုံနေရပြီး သူတို့တွေအတွက် ပံ့ပိုးကာကွယ်မှု အစီအစဉ်တွေလည်း ပိုမိုလိုအပ် နေပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူကြီး၊ ကိုယ်ဝန်သည်၊ မွေးကင်းစကလေးငယ်တွေပါမကျန် စစ်ဘေးရှောင် စခန်းတွေမှာ အခက်အခဲဒုက္ခတွေကို ခံစားနေရပြီး သူတို့ရဲ့တစ်နေ့တာကို မျှော်လင့်ချက်မဲ့စွာနဲ့ ဖြတ်သန်းနေရပါတယ်။ ယခင်ကတည်းက စစ်ပွဲကြောင့် ၁၀ စုနစ်တစ်ခုကျော်လွန်တဲ့အထိ အကြောက်တရားတွေနဲ့ လုံခြုံမှုကင်းမဲ့စွာ စစ်ရှောင် စခန်းတွေမှာ နေထိုင်နေကြရသူတွေဟာလည်း သူတို့ရဲ့ အိမ်တွေဆီကို ပြန်ဖို့အိပ်မက်တွေကို ထပ်ပြီးစွန့်လွှတ်လိုက်ရပြန် ပါပြီ။

HI က နိုင်ငံတကာငြိမ်းချမ်းရေးနေ့အတွက် စစ်ရှောင်အမျိုးသမီးတွေရဲ့ ရင်တွင်းစကားသံတွေကို ဖော်ထုတ်တင်ဆက်ရာ မှာ စစ်ရှောင်အမျိုးသမီး ၁၀ ဦးမှာ ၁၀ ဦးစလုံးက ငြိမ်းချမ်းရေးကို ယခုရလျှင် ယခုချက်ချင်းပင် ယူချင်သည်ဟု တစ်ညီ တစ်ညွတ်တည်းပြောဆိုခဲ့ကြပါတယ်။ ဤအချက်ကိုကြည့်ချင်းအားဖြင့် စစ်ရှောင်တွေရဲ့ မငြိမ်းချမ်းမှုသောကတွေကို အတိုင်းသား မြင်တွေ့နိုင်ပါတယ်။

ယနေ့မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေကြောင့် ငြိမ်းချမ်းမှုပျက်စီးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်း ရေးဆိုတဲ့ အလင်းရောင်ကိုမြင်တွေ့ရဖို့ အာဏာရှင်တွေ၊ စစ်ပွဲတွေမရှိဖို့ အရေးကြီးလှပါတယ်။ စစ်အာဏာရှင်စနစ်အောက် မှာတော့ ဘယ်ငြိမ်းချမ်းရေးပန်း ရှင်သန်ပွင့်လန်းမှာ မဟုတ်ပါဘူး။

ဒါကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်အာဏာရှင်ကို ပြည်သူတွေက ဆန့်ကျင်တိုက်ထုတ်နေကြပါတယ်။ ထိုအထဲ အမျိုးသမီး သူရဲကောင်းများစွာလည်း ပါဝင်ခဲ့၊ ပါဝင်တိုက်ထုတ်နေကြဆဲပါ။ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက်လည်း အစဉ် အဆက်ရှေ့တန်းမှာ ပါဝင်ခဲ့ကြသလို အာဏာရှင်တိုက်ပွဲမှာလည်း ကျရာကဏ္ဍကနေ ပါဝင်နေကြပါတယ်။

အချုပ်ဆိုရရင် ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ကမ္ဘာတစ်ဝန်းမှာ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ကြပေ မယ့် မြန်မာနိုင်ငံက ပြည်သူတွေဟာ မငြိမ်းချမ်းမှု၊ စိတ်သောကတွေ၊ ကြောက်ရွံ့မှုတွေနဲ့ပဲ ပြေးလွှားပုန်းရှောင်ရင်း ငြိမ်းချမ်းရေးနေ့ကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

မငြိမ်းချမ်းမှုကို တိုက်ရိုက်ခံစားနေကြရတဲ့ စစ်ရှောင်တွေနဲ့ မြန်မာနိုင်ငံက ပြည်သူအများစုဟာလည်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုံခြုံစွာနေထိုင်ပြီး၊ အေးအေးဆေးဆေးနဲ့ လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့ဆိုတဲ့အခြေအနေတစ်ခုကို အမြန်ဆုံး ရောက်ဖို့ မျှော်လင့်တောင့်တနေကြတာပါ။

မည်သို့ဆိုစေ စစ်ပွဲတွေကို မဖန်တီးခဲ့သော်လည်း စစ်ပွဲရဲ့မြေဇာပင်များအဖြစ် ထိခိုက်ခံစားမှုပိုခံရနိုင်ခြေရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ရှောင်စခန်းတွေဆီကနေ သူတို့တွေရဲ့နေရပ်ဒေသကိုပြန်ကာ လုံခြုံစွာလုပ်ကိုင် စား သောက်နိုင်မယ့် ငြိမ်းချမ်းတဲ့ တိုင်းပြည်သစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ထိုက်တန်ပြီး အမြန်ဆုံးလည်းရရှိနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

Related Articles