Home ဆောင်းပါး အကျဉ်းထောင်ထဲက အသက်တွေပိတ်မထားပါနဲ့

အကျဉ်းထောင်ထဲက အသက်တွေပိတ်မထားပါနဲ့

နန်းဆိုင်နွမ်

“ထောင်ထဲမှာ ပါလာစီတမောပဲ။ ဗိုက်နာလည်း ဒီဆေး၊ ဝမ်းလျော အစာအိမ်၊ နေမကောင်း ပါလာစီတမောပဲ သောက်ရတယ်” လို့ အကျဥ်းကျပြီးပြန်လွှတ်မြောက်လာ တဲ့ ဒေါ်ကေသီမိုးက ပြန်ပြောပြပါတယ်။

ဒေါ်ကေသီမိုး ဟာ ၂၀၂၁ခုနစ် ဧပြီလ ၂၇ရက်နေ့မှ ပုဒ်မ- ၅၀၅(က) နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ကို ပျက်ပြားစေရန် ဆိုတဲ့အမှုနဲ့  မကွေး ဗဟိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၃နှစ်ကျခဲ့ပါတယ်။ သို့ပေမယ့် သူမဟာ ၂၀၂၃ ခုနစ် မေလ ဆန်းပိုင်းမှာ  ပြန်လွတ်မြောက်လာခဲ့ပါတယ်။

“ နိုင်ငံရေး အကျဥ်းသားတွေ ထောင်ထဲမှာ ဆေးဝါးကုသဖို့က အဆင့်ဆင့်တင်ပြရတယ်။ နောက်ပြီး ဘာပဲဖြစ်ဖြစ် ပါလာစီတမောဆေးပဲ တိုက်တာ။ ကျန်းမာရေး စောင့်ရှောက်မှုက အရမ်းညံ့တယ်။ အသက်မသေဆုံးသင့်တာတွေ သေဆုံးရတဲ့ အဆင့်ပါပဲ” လို့သူက ဆိုပါတယ်။

သူမဟာ ထောင်ကျစဥ် ကာလတလျောက် နိုင်ကျဥ်းသူ/သားတွေ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မရတဲ့အကြောင်းကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူနဲ့ အကျဥ်းထောင်ထဲတွင် အတူတူနေထိုင်ခဲ့တဲ့  အသက် ၂၂ နှစ်အရွယ်ရှိ မစုမေအောင်လည်း ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် ဇန်နဝါရီလနှောင်းပိုင်းမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

“ သူ (မစုမေအောင်) က ထောင်ထဲမရောက်ခင်တည်းက ရောဂါရှိထားပြီးသား၊ သူဆေးအမြဲတမ်းသောက်ရသူပါ။ ကျမတို့ သူဘာကြောင့်ဆုံးလည်းမေးတော့ ဆေးကုသနောက်ကျတယ်လို့ မိဘတွေကပြောပါတယ်” လို့ ထောင်ထဲဆေးကုသဖို့ ခက်ခဲပြီး အသက်ဆုံးရှုံးခဲ့သူအကြောင်းကို  ဒေါ်ကေသီမိုးက  ရှင်းပြပါတယ်။

ထောင်ထဲမှာ နေထိုင်စဥ် ကျန်းမာရေး အတွက် ဆေးကုသဖို့ ပြောဆိုရာမှာ ထောင်ဦးစီးမှူးကနေ ထောင်ပိုင်  အဆင့်ဆင့် စာတင်ရပြီး၊ ထောင်ဦးစီးမှူးတွေရဲ့ ဆဲဆိုမှုတွေကြောင့် အကျဥ်းသားတွေဟာ မပြောရဲ မဆိုရဲပဲ ကိုယ့်နည်း ကိုယ့်ဟန် ဆေးမြီးတိုဖြင့်သာ ကုသနေရကြောင်း သူက ထောင်ထဲက အဖြစ်အပျက်ကို ပြောပြပါတယ်။

ဒ့ါကြောင့် မစုမေအောင် ဟာ ဆေးကုသဖို့ အချိန်မမီတဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပါတယ်။

“ ကျမတို့ နိုင်ငံရေး အကျဥ်းကျသူတွေ ဆေးခန်းသွားဖို့အရေးကို ဆဲဆိုတဲ့အသံတွေ ကို မကြားချင်တော့ သွားမပြောတော့ဘဲ ဆေးမြီတိုနဲ့ ကုကြတာ။ ဥပမာ ခေါင်းမူးရင်  သံပရာသီးဝါးစားနေရတာ” လို့ သူက ထောင်ထဲက ကျန်းမာရေး စောင့် ရှောက်မှုကို ပြန်ပြောပြပါတယ်။

အလားတူ မန္တလေး အိုးဘိုထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသူ အသက် ၃၅နှစ်အရွယ် မယဥ်မိုးလည်း ကျောက်ကပ်ရောဂါ ဖြစ်ပွားကာ ဆေးဝါးကုသခွင့်မရတဲ့အတွက် ဖေဖော်ဝါရီ (၄)ရက်မှာ အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေး အကျဥ်းသားကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦး က ပြောပြပါတယ်။ 

မယဥ်မိုးဟာ ပုဒ်မ ၅၀၅ (က) အမှု ၂ခုနဲ့  ၂၀၂၁ခုနစ် မတ်လမှာ အဖမ်းခံရပြီး ထောင်ဒဏ် ၆နှစ်ချမှတ်ချမှတ်ခံရ သူဖြစ် ပါတယ်။

“ ထောင်ကို စကျတုန်းက သာမာန်လူတစ်ယောက်လိုပါပဲ။ ထောင်ကျပြီး ၇လ လောက်မှာ နေမကောင်း စဖြစ်တယ်။ နောက် ထောင်ဆေးရုံကိုပို့လိုက်တယ် စစ်ဆေးလိုက်တော့ ကျောက်ကပ်ဖြစ်တယ်လို့သိရတယ်။  ကျောက်ကပ်ကို အချိန်မီမသိရှိ ဆေးကောင်းကောင်းကုသခွင့်မရလို့ ဆုံးသွားတာ” လို့ ကိုသိုက်ထွန်းဦးက ရှင်းပြပါတယ်။

အကျဉ်းထောင်တွင် ဆေးဝါးကုသစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခဲ့မှု ရှိသည်ဟု ဆိုထားပေမယ့် အကျဉ်းဦးစီးအနေနဲ့ လုံခြုံရေးမပေးနိုင်တဲ့အတွက်  ပြင်ပဆေးရုံသို့ အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်း တို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

စစ်အာဏာလုမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ရက် မှ မတ် ၁၅ရက် အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံရသူ စုစုပေါင်း (၂၆၂၄၄)ဦးရှိပြီး၊ ထိန်းသိမ်းခံရသူ(၂၀၂၂၁)ဦး ထဲမှာ (၈၈၃၂)ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ဒါ့အပြင်  ၂၀၂၁ခုနစ်  ဖေဖော်ဝါရီ ၁ရက်နေ့ မှ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုး သမီး ( ၃,၃၃၂)ဦးအထိရှိနေပြီး၊ အဲ့အထဲက အမျိုးသမီး ၇၈၁ဦးဟာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းတွေကြောင့် အမျိုးသမီး သေဆုံးမှု အရေအတွက် (၈၀၆)ဦးထိရှိတယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU )က  မတ် ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယခုနှစ် ၂၀၂၄ခုနှစ်ဆန်းပိုင်း မှာ  ဆေးဝါစောင့်ရှောက်မှု‌လုံလောက်စွာ မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၇)ဦး အထိ ရှိလာနေပြီး အဲ့အထဲမှာ အမျိုးသမီး (၂)ဦးပါဝင်ပါတယ်။

“ ကျနော်တို့ ကောက်ယူလို့ရတဲ့ဟာတွေပဲရှိသေးတယ်။ ထက်ရှိကောင်းရှိနိုင်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုက လုံးဝ မရှိဘူးဆိုတော့ ရှေ့ဆက် နိုင်ကျဥ်းတွေ ဒုက္ခရောက်နိုင်တယ်” လို့ PPNM က ကိုသိုက်ထွန်းဦး က ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ရောဂါအခံရှိထားသူ၊ အသက်ကြီးသူများလည်းပါသလို ထောင်ထဲရောက်မှ ကျန်းမာရေး ဖောက်လာကြသူလည်းရှိသလို ရောဂါကြောင့် ဆေးမှီဝဲနေရသူများလည်းပါကြောင်း မြင်းခြံထောင်မှလွတ်လာသူ မငြိမ်းက ပြောပြပါတယ်။

“ ရောဂါအခံရှိတဲ့ ကျမနဲ့ အတူ ထောင်ကျသူ (မစုမေအောင်)ဆိုရင် အိမ်က ပို့တဲ့ဆေးကို သောက်နေရသူပါ။ ဆေးပြတ်ရင် သူမှာ အခက်အခဲဖြစ်တယ်။ ဆေးမသောက်တဲ့ရက်ဆိုရင် သူက မအိပ်ဘူး။ ဆုံးတော့ မသောက်ဘဲကျန်တဲ့ဆေးတွေ ၂လစာ လောက်ရှိတယ်။ ထောင်ပိုင်တွေ ထောင်မှူးတွေ မတိုက်လို့လားပေါ့” ဆိုပြီးမငြိမ်းက စိတ်မကောင်းစွာ ပြောပြပါတယ်။

ထောင်ထဲမှာက အခန်းကျဥ်းထဲမှာ အတူနေရတော့  တစ်ဦး နေမကောင်းတစ်ဦး ကူညီရိုင်းပင်းရကြောင်း၊ ရောဂါအခံရှိတဲ့ သူအတွက် အလွန်ပင် အခက်အခဲဖြစ်ကြောင်း၊ နေအိမ်က ပို့တဲ့ဆေးဝါးကိုလည်း အဆင့်ဆင့် ဖြတ်ကျော် သယ်ရကြောင်း သူကဆက်ပြောပါတယ်။

အမျိုးသမီးတွေအတွက် ကျန်းမာရေး ချို့တဲ့မှုတွေ၊ မီးယပ်နာရောဂါတွေဖြစ်ပွားရင်လည်း အလွန်ပင်ခက်ခဲကြောင်း၊ မီးယပ် နာကျင်ရင်လည်း ကျိတ်ခံစားနေရကာ ထောင်ဦးစီးမှူးကိုလည်း မပြောရဲကြဘူးလို့ဆိုပါတယ်။

“ ရာသီလာရင်လည်း ဒီလိုပါပဲ။ ဗိုက်အောင့်တာ ဗိုက်နာတာတွေခံစားရတာပေါ့ နေ့တိုင်း ဆဲသံတွေပဲ။ ကိုယ့်ဘာသာကိုယ် ကြိတ်ခံလိုက်တယ်။ ဂျူတီစောင့် ဆရာမသဘောကောင်းရင်တော့ အဆင်ပြေတယ်။ ရာသီလာချိန်ဆိုရင် ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

နိုင်ငံရေး အကျဥ်းကျတဲ့သူတွေဟာ နေမကောင်းပါက ထောင်ဆေးရုံတွေမှာ သက်တမ်းကုန်ဆုံးတဲ့ဆေးဝါးတွေ၊ အဆင်မမှီ တဲ့ဆေးဝါးတွေကို သာပေးတဲ့အတွက် အကျဥ်းသားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း မငြိမ်းက ဆိုပြန် ပါတယ်။

နိုင်ငံရေးအကျဥ်းနဲ့ကျတဲ့ထဲသူ ကိုယ်ဝန်သည် အမျိုးသမီးတွေပါရှိသော်လည်း ကိုယ်ဝန်သည်တွေ အတွက် သီးသန့် အဟာရ ကျွေးမွေးတာ ကျန်းမာရေး စိစစ်မှုပေးတာမျိုး မရရှိကြောင်း ကိုလည်း နိုင်ငံရေးအကျဥ်းထောင်မှ လွတ်မြောက်လာတဲ့ သတင်းထောက် အလှလေးသူဇာ (ခ) သူဇာကပြောပြပါတယ်။

“ ကိုယ်ဝန်သည်ဆိုပြီး သီးသန့်ကျွေးမွေးတာ အဟာရရှိတာကျွေးတာဆိုတာမျိုး မရှိဘူး။ အားလုံးနီးတူစားရတယ်။ဆေးစစ် မှုက တော့ရှိပေမယ် နာမည်ခံပါပဲ။ ရိုးရိုးသာမာန်လူတောင် ကျန်းမာရေး စောင့်ရှောက်မှုမရတာ ကိုယ်ဝန်သည်အတွက် ပိုဆိုးပေါ့” ဟု သူက ရှင်းပြပါတယ်။

ဒ့ါအပြင် အကျဥ်းထောင် ဆေးရုံတွင်း မွေးဖွားတဲ့ သွေးနုသားနုအမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက်လည်း သီးသန့် စီစဥ်ပေးမှု မရှိကြောင်း၊ ကလေးမွေးဖွားမှုပြီးတဲ့ မိခင်ကိုလည်း ထောင်ထဲမှာ အများနည်းတူ ပြန်ထားရှိကြောင်း သူက ဆိုပြန်ပါ တယ်။

“ ကလေးမွေးပြီးရင် လည်း ဒီလိုပဲ။ အရင်နေရာကို ကလေးနဲ့ပြန်လာ။ သွေးနုသားနုလည်း သူတို့ကျွေးတာပဲစားရတယ်။ ကလေးအတွက် အဟာရမရဘူး။ တချို့ကတော့ အပြင်မှာ ကလေးကြည့်မယ့်သူရှိရင် အပြင်ကို ထုတ်ပေးလိုက်တာ။ တချို့လည်း ထောင်ထဲမှာပဲ ခေါ်မွေးထားတာ။ ထောင်ထဲက ကြပ်လည်းကြပ်၊ ပူလည်းပူ တော်တော်ခက်ခဲတယ်။” လို့ သူမက ထောင်တွင်းက ကိုယ်ဝန်သည်တွေအကြောင်းကို ပြောပြလာပါတယ်။

နိုင်ငံရေးသမားတွေ အတွက်ဆေးဝါးကုသမှု ကို အဆင့််ဆင့် တင်ရသော်လည်း  ဆေးကုသခွင့်မပေးကြောင်း၊ အဖက်ဖက် မှလည်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဥ်းကျသူများအပြင် အခြား အမှုကြောင့် အကျဥ်းကျသူများလည်း ဆေးဝါး အလွယ် တကူကုသနိုင်ရန် ဆောင်ရွက်ပေးစေချင်ကြောင်း ဒေါ်ကေသီမိုး က တောင်းဆိုလိုက်ပါတယ်။

သေဆုံးသွားတဲ့ နိုင်/ကျဥ်းမိသားစုဝင်တွေကို စစ်ကောင်စီ အကျဥ်းဦးစီးနဲ့ ထောင်ဦးစီးတွေ ရဲ့ ညွန်ကြားချက်ကြောင့်  သေဆုံးမှုတွေ မပေါက်ကြားဖို့ ဖေ့ဘွတ်ပေါ်မတင်ဖို့ ခြိမ်းခြောက်မှုတွေလည်းရှိကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ ဒီလို ခြိမ်းခြောက်မှုတွေကြောင့် နိုင်ကျဥ်းတွေ ထောင်ထဲမှာ သေဆုံးရင် သတင်းပေးမသိကြတော့ဘူး. အဲ့ထဲမှာလည်း နည်းမျိုးစုံ လူ့အခွင့်အရေး ဆုံးရှုံးနေပါတယ်” လို့ သူကဆက်ပြောပါတယ်။

PPNM အနေနဲ့ အကျဉ်းထောင်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေ (ပို့ဆောင်နိုင်ရန်ခက်ခဲ) နဲ့ ထောင်ဝင်စာပစ္စည်းတွေကို ပို့ ဆောင် ကူညီပေးလျှက်ရှိပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ခြင်း၊ ကျူး လွန်သူများကိုအပြစ်ပေးအရေးယူနိုင်ရေးအတွက် အစဥ်တစိုက် ကြိုးစားသွားမယ်လို့ လည်း ကိုသိုက်ထွန်းဦးက ပြောပါ တယ်။

အကျဉ်းထောင်တွေမှာ  ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိဘဲ သေဆုံးခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ တွေ ကိုယ်စား ပြင်ပမှပို့ဆောင်သော ထောင်ဝင်စာပါဆယ်မှာ နိုင်ငံခြားဆေးဝါးတွေ လက်ခံရန်နှင့်အကျဉ်း ထောင်တွင်း လုံလာက်သောဆေးဝါးစောင့်ရှောက်မှုပေးရန် လည်း PPNM က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Author:

Related Articles