Home ဆောင်းပါး ငရဲခွေးကြီးများ လွတ်နေသည်

ငရဲခွေးကြီးများ လွတ်နေသည်

လင်းဇေ(မဏ္ဍိုင်)။ ။

(ယခုဆောင်းပါးတွင် စိတ်မချမ်းမြေ့ဖွယ်ရာများပါဝင်ကြောင်း စာဖတ်သူများကို လေးစားစွာအသိပေးအပ်ပါသည်။)
ပြီးခဲ့တဲ့ရက်က အလုပ်ကိစ္စနဲ့ ဂွမြို့ကိုခဏရောက်ခဲ့တယ်။ အလုပ်ကိစ္စတွေပြီးသွားတဲ့အခါ ဦးလေးဆီခဏဝင်လိုက်တယ်။ ဦးလေးဆီဝင်ရတဲ့အကြောင်းက လွန်ခဲ့တဲ့တစ်လကျော်လောက်က ကျွန်တော့်ဆီကို ဖုန်းဆက်ထားလို့ပါ။ သူ့မှာ စိတ်ဝင် စားဖို့ကောင်းတဲ့ သက်ငယ်မုဒိမ်းဇာတ်လမ်းတစ်ပုဒ်ရှိကြောင်း ပြောပြတယ်။

အဲဒီအကြောင်းအရာက ၂၀၂၀ခုနှစ် တုန်းကဖြစ်ခဲ့တာမို့ ကြာခဲ့ပြီကြောင့် ဘာထူးခြားတာရှိလို့လဲလို့ မေးကြည့်တဲ့အခါ “သူ ပြောမပြတတ်ဘူး၊ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတယ်” လို့ပဲ ပြောပြတယ်။

အဲဒါနဲ့ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်နေခဲ့ရာက အခုလမ်းကြုံတဲ့အခါ သူ့ကိုဝင်တွေ့လိုက်တယ်။ ဇာတ်လမ်း အ ကြောင်းကို မေးကြည့်တော့ သူက “ငါနဲ့လိုက်ခဲ့” ဆိုပြီး ကျနော့်ကို အိမ်တစ်အိမ်ကိုခေါ်သွားတယ်။ အိမ်ထဲမှာ အမျိုးသမီး တစ်ယောက်နဲ့ ၁၀ နှစ်အရွယ်မိန်းကလေးတစ်ယောက်ထိုင်နေကြတယ်။

“ဟဲ့ အေးသန်းရေ နင်ကြုံခဲ့ရတဲ့ဇာတ်လမ်းအကြောင်း ပြောပြပေးလိုက်ပါဦး။ ဒီမှာငါ့တူ ငါပြောတဲ့တစ်ယောက်လေ” လို့ ဦးလေးက မိတ်ဆက်စကားဆိုတော့ အမျိုးသမီးက “ဘယ်ကိစ္စလဲမသိ” ဆိုတဲ့အကြည့်မျိုးနဲ့ဇဝေဇဝါကြည့်နေတယ်။

ဦးလေးက “ဟဲ့ ဟိုဘက်ကမ်းမှာတုန်းက နင်တို့ကြုံခဲ့ရတဲ့အကြောင်းလေ” လို့ပြောမှ “အော်…သိပြီ၊ သိပြီ၊ ပြောပြမယ်။ လာထိုင်ကြ” လို့ ဆိုပြီး မအေးသန်းဆိုသူ အဆိုပါအမျိုးသမီးက ခရီးဦးကြိုပြုတယ်။

သူပြောပြမယ့်အကြောင်းအရာက ၂၀၂၀၊ မတ်လတုန်းက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျည်းငူကျေးရွာမှာ ဖြစ်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းပါ။ ဂွမြို့တစ်ဖက်ကမ်း၊ မကျည်းငူကျေးရွာမှာဖြစ်ပွားခဲ့တာပါ။ အဲဒီအမှုဖြစ်တုန်းက မအေးသန်းတို့မိသားစု ဟာ မကျဉ်းငူကျေးရွာနားက ပင်လယ် ကမ်းနားအုန်းခြံထဲမှာ အိမ်ဌားနေကြတာပါ။

အဲဒီရွာလေးဟာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြပြီး ရွာခံငါးဖမ်းနေကြတဲ့သူတွေရှိသလို တခြားဒေသက ပြောင်းရွှေ့လာပြီး နေစရာဌားရမ်းကာ ငါးဖမ်းစက်လှေတွေမှာ လုပ်ကိုင်နေကြတဲ့ တံငါသည်တွေလည်း ရှိပါတယ်။

သက်ငယ်မုဒိမ်းဖြစ်ခဲ့တဲ့ကလေးလေးကို မအေးသန်းဟာ ဒီနေ့အထိ မျက်စိထဲ မြင်ယောင်နေသေးတယ်လို့ဆိုရင်း သူ့ ဇာတ်လမ်းကို အစပျိုးလိုက်ပါတယ်။

ကလေးဟာ အသက် ရှစ်နှစ်အရွယ်သာရှိပါသေးတယ်။ အဖေနဲ့အမေဟာ ပင်လယ်ကမ်းနားမှာ ငါးဖမ်းသွားတဲ့အခါ အဲဒီ ကလေးမလေးဟာ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ပြီး သူ့ရဲ့ခွေးလေးနဲ့ဆော့နေတတ်ပါတယ်။ အဲဒီနေ့ကတော့ အိမ်နီး နားချင်း တံငါသည် အလုပ်လုပ်ကိုင်တဲ့ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မောင်ဖြိုးကိုဆိုသူက “နင့်အဖေ အခေါ်ခိုင်းလိုက်လို့၊ လိုက်ခဲ့” ဆိုပြီးခေါ်တာကြောင့် ကလေးဟာ အဲဒီအသိအမျိုးသားခေါ်ရာကို လိုက်သွားခဲ့ပါတယ်။

“ သူတို့နှစ်ယောက်ကို ရွာအထွက်မှာကျွန်မတွေ့လိုက်တာ။ ကျွန်မကငါးဝယ်နေတော့ ‘ဟဲ့ သဋ္ဌေးမ ဘာတွေဝယ်နေတာ လဲ’ဆိုပြီးတောင် ကျွန်မကိုနှုတ်ဆက်သွားသေးတယ်။ သူနဲ့ကျွန်မနဲ့က မရင်းနှီးပေမယ့် တစ်ရွာတည်းဆိုတော့ တစ်ယောက် နဲ့ တစ်ယောက်သိနေကြတာ” လို့ အဲဒီအမျိုးသားနူတ်ဆက်သွားပုံကို မအေးသန်းက ပြန်ပြောပြပါတယ်။

သူတို့နှစ်ယောက်နဲ့တွေ့တဲ့အချိန်က မနက် ၈ နာရီခန့်ပါ။ အမျိုးသားက နောက်ကဖြစ်ပြီး ကလေးမလေးက ရှေ့ကလမ်း လျှောက်သွားပါတယ်။ ကလေးမလေးဟာ အားကစားအင်္ကျီအကြားလေးကို ဝတ်ထားပါတယ်။ အောက်ပိုင်းက ဘောင်းဘီ ကလည်း အားကစားဘောင်းဘီနဲ့ဖြစ်ပါတယ်။ ဆံပင်တိုတိုလေးနဲ့ဖြစ်သလို သူ့ခေါင်းပေါ်မှာလည်း ပုဆိုးကို ခြုံထားတာ ကြောင့် မအေးသန်းစိတ်ထဲ ယောင်္ကျားလေးလို့သာ ထင်လိုက်မိတယ်လို့ဆိုပါတယ်။

မအေးသန်းလည်း ငါးဝယ်ပြီးတာနဲ့ လမ်းမပေါ်ကနေ သူနေထိုင်ရာ အုန်းခြံထဲသွားတဲ့လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ အမျိုး သားနဲ့ကလေးမလေးကလည်း ခပ်လှမ်းလှမ်းရောက်တဲ့အခါ လမ်းမပေါ်ကနေဆင်းပြီး တောထဲသွားတဲ့လမ်းအတိုင်း လျှောက်သွားတာမြင်လိုက်ရတယ်လို့ မအေးသန်းက ဆိုပါတယ်။

“ ၁၀ နာရီလောက်မှာ ကလေးတစ်ယောက်ပျောက်တယ်ဆိုပြီး ရွာထဲမှာ လိုက်ရှာနေသံကြားတယ်။ မိန်းကလေးပျောက် တာဆိုတော့ ကိုယ့်စိတ်ထဲမှာ ဟိုကလေးကို ဘယ်လိုမှ သတိမထားမိခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားတစ်ယောက်နဲ့ ကလေးမလေးတစ်ယောက် တောထဲဝင်လာတာကို ထင်းခွေနေတဲ့ အမျိုးသမီး နှစ် ယောက်လည်း မြင်လိုက်ပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ဘုရားတောင်ဘက်ကို တက်သွားတာမြင်လိုက်တယ်လို့ ထင်းခွေတဲ့သူတွေက လမ်းညွှန်တာကြောင့် ကလေးရှာသူတွေဟာ ဘုရားတောင်ဘက်ကို တက်လိုက်သွားကြပါတယ်။

ဘုရားတောင်ပေါ်ရောက်တဲ့အခါ သွေးတွေကိုတွေ့တယ်။ ပြီးတော့ ကျောက်ခဲတွေနဲ့ ဖုံးအုပ်ထားတဲ့ကလေးအလောင်း ကို လည်း တွေ့လိုက်ရပါတော့တယ်။

“ ကလေးအလောင်းက မြင်လို့တောင်မကောင်းတော့ဘူး။ လက်တွေမှာ အသားစတွေကမွနေပြီ။ ခေါင်းကိုလည်း ထုထား တော့ မျက်နှာကပျက်နေပြီ။ သူက ဒရွတ်တိုက်ဆွဲသွားတော့ ကျောမှာလည်း သွေးတွေချည်းပဲ။ သူ့အဖေဆိုတာ ရူးမတတ် ဘဲ၊ သူ့သမီးအလောင်းကို ထမ်းပြီးလျှောက်ပြေးနေတာ” လို့ မအေးသန်းက ဆက်ပြောပြပါတယ်။

သူဟာ အားကစားအင်္ကျီကြားကြားလေးဝတ်ထားတဲ့ ကလေးအလောင်းကို မြင်တော့မှ မနက်က သူနဲ့ဆုံခဲ့တဲ့ကလေးကို သတိရသွားပါတယ်။ ပြီးတော့ ကလေးနဲ့အတူပါသွားတဲ့ မောင်ဖြိုးကို ကိုလည်း သတိထားမိသွားတယ်။ ကလေးပျောက်လို့ လိုက်ရှာနေကြတဲ့အချိန်မှာ အဲဒီမောင်ဖြိုးကိုဟာ အင်္ကျီကိုပုခုံးပေါ်တင်ပြီး အင်္ကျီချွတ်နဲ့ ပင်လယ်ကမ်းခြေအတိုင်းလမ်း လျှောက်သွားတာကို မအေးသန်းမြင်လိုက်ပါသေးတယ်။

ပြီးတော့ ကလေးအလောင်းတွေ့တော့လည်း လူအုပ်ကြားထဲလာပြီး “ဘာဖြစ်တာလဲ”လို့ မေးသွားတာကိုလည်း သတိ ထားမိလိုက်တယ်လို့ ဆိုပါတယ်။ ရဲတွေရောက်လာပြီး အဲဒီမနက်က ကလေးနဲ့အတူ ဘယ်သူရှိနေလဲလို့ စုံစမ်းတဲ့အခါ မှာတော့ မအေးသန်းအပါအဝင် ရွာထဲက လူတချို့ဟာ မောင်ဖြိုးကိုနဲ့ထွက်သွားတာ မြင်တဲ့အကြောင်း ပြောပြကြတယ်။

ဒါကြောင့် ကျေးရွာကလူတွေဟာ ရဲတွေနဲ့အတူ မောင်ဖြိုးကိုရဲ့အိမ်ကို လိုက်သွားကြပါတယ်။ သူဟာ အိမ်မှာရှိနေတယ်။

“ သူ့မှာလည်း အိမ်ထောင်နဲ့ သားတစ်ယောက်နဲ့။ သူကသွေးအေးအေးပဲ။ ဘာကိစ္စရှိလို့လဲ၊ သူမသိဘူးဆိုတာပဲပြောတယ်။ ရဲက စခန်းကိုခဏလိုက်ခဲ့ပါဆိုပြီး သူ့ကိုခေါ်သွားကြတာ” လို့ မအေးသန်းက ဆိုပါတယ်။

သူအပါအဝင် ကျေးရွာက လူတွေကတော့ မောင်ဖြိုးကို ကို ရိုက်နှက်ချင်ကြတယ်၊ ထိုးကြိတ်ချင်ကြတယ်။ သမီးလေး တစ် ယောက်မွေးထားတဲ့ မအေးသန်းကိုယ်တိုင်ကလည်း အဲဒီလူကို စီးထားတဲ့ ဖိနပ်နဲ့ချွတ်ရိုက်ပစ်ချင်စိတ်တွေ ဖြစ်နေခဲ့တယ် လို့ဆိုပါတယ်။ တရားစွဲဆိုမယ်ဆိုရင်လည်း သက်သေလိုက်ပေးမယ့်အကြောင်းကိုလည်း တစ်ခါတည်းပြောခဲ့တယ်လို့ သူက ဆိုတယ်။

မောင်ဖြိုးကိုဟာ ရဲစခန်းရောက်တဲ့အခါ သူမလုပ်ဘူး၊ မသိဘူးဆိုတာကိုဘဲ ပြောနေခဲ့တယ်။ ဒါပေမဲ့ ညဘက်ရောက်လို့ ရဲက ရိုက်နှက်စစ်ဆေးတဲ့အခါမှာတော့ သူလုပ်ခဲ့တဲ့အကြောင်းကို ဝန်ခံပြီး ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြခဲ့ပါတယ်။

ဒါနဲ့ နောက်နေ့မှာတော့ တရာခံအမျိုးသားကို ရဲတွေက ရွာကိုပြန်ခေါ်လာပြီး သူကျူးလွန်ခဲ့တဲ့ပုံစံအတိုင်း ကလေးကိုခေါ် သွားပုံ၊ အဓမ္မပြုကျင့်ပုံ၊ ရိုက်သတ်ပုံတွေကို ပြန်ပြီး သရုပ်ပြလုပ်ခိုင်းပါတယ်။ အဲဒီလိုပြန်သရုပ်ပြတဲ့အခါ မအေးသန်းလည်း လိုက်ကြည့်ခဲ့ပါတယ်။

သူဟာ အိမ်မှာကစားနေတဲ့ ကလေးမလေးကို သူ့အဖေခေါ်ခိုင်းလို့ဆိုပြီး တောထဲကိုလိမ်ညာခေါ်ဆောင်သွားခဲ့တာပါ။ ဘုရားတောင်ပေါ်မှာ အဖေရှိတယ်ဆိုပြီးသွားခဲ့ကြတယ်။ တကယ်က ကလေးမလေးရဲ့ အဖေနဲ့အမေဟာ ပင်လယ် ကမ်း နားမှာ ငါးဖမ်းပိုက်နဲ့ ငါးဖမ်းနေကြတာပါ။

သူဟာ ဘုရားတောင်ပေါ်ကို ရောက်တဲ့အခါ ကလေးကိုတွန်းလှဲလိုက်ပါတယ်။ ကလေးက အဖေဘယ်မှာလဲ အဖေဆီ သွား မယ်၊ အဖေ့ဆီလိုက်ပို့ပေးလို့ အော်နေခဲ့တယ်။ ကလေးကအသံကုန်ဟစ်အော်နေတာကြောင့် မုဒိမ်းသမားဟာ ကလေး မလေး ခေါင်းမှာခြုံလာတဲ့ပုဆိုးနဲ့ မျက်နှာကိုအုပ်စည်းလိုက်တယ်။ ဒါပေမဲ့သူ့ကို ကလေးမလေးက လက်နှစ်ဖက်နဲ့ ရိုက်နှက် ကုတ်ဖဲ့ပါတယ်။

ဒါကြောင့် မုဒိမ်းသမားဟာ အနားမှာရှိတဲ့ ကျောက်ခဲတစ်လုံးကိုယူပြီး ကလေးရဲ့ လက်တစ်ဖက်ကို ထုချလိုက်ပါတယ်။ ပြီးတော့ ဆက်ကာ၊ ဆက်ကာ ထုလိုက်တာကြောင့် ကလေးရဲ့လက်ဟာ လှုပ်မရဖြစ်သွားတယ်။ အဲဒီအခါ ကျန်တဲ့လက် တစ်ဖက်ကို ဆက်ထုတယ်။ ကလေးငယ်ရဲ့လက်နှစ်ဖက်စလုံးဟာ အသားတွေကြွေမွပြီး လုံးဝမလှုပ်လာတော့ပါဘူး။

ဒီအခါမှာ မုဒိမ်းကောင်ဟာ သူ့စိတ်ဆန္ဒကို တဒင်္ဂကျေနပ်သွားစေမယ့် အလိုရမ္မက်ကို ရယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာ တော့ သူဟာကလေးမလေးခေါင်းကို အုပ်စည်းထားတဲ့ ပုဆိုးစကိုဆွဲပြီး ကလေးမလေးကို ကျောက်တုံးကြီးတစ်တုံးရှိရာသို့ တရွတ်တိုက်ဆွဲခေါ်သွားပါတယ်။ ကလေးဟာမလှုပ်ရှားနိုင်တော့ပေမယ့် အသက်မသေသေးပါဘူး။ ငြီးထွားလို့နေတယ်။

မုဒိမ်းကောင်ဟာ ကလေးမလေးရဲ့ခေါင်းကို ကျောက်တုံးကြီးပေါ်တင်လိုက်တယ်။ ပြီးတော့ ကျောက်ခဲတစ်လုံးကိုယူပြီး ကလေးခေါင်းကို ဆင့်ကာဆင့်ကာ ထုချလိုက်ပါတော့တယ်။ ကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးသွေးချင်းချင်းရဲသွားတယ်။ အသက်ဝိညာဉ်ချုပ်ငြိမ်းသွားတဲ့ ခန္ဓာကိုယ်ကို တခြားသူတွေ မမြင်ရလေအောင် ကျောက်ခဲတုံးတွေနဲ့ ဖုံးအုပ်လိုက်တယ်။ မုဒိမ်းကောင်ဟာ သူ့ရဲ့တဒင်္ဂစိတ်ကျေနပ်မှုအတွက် ကလေးငယ်ရဲ့ဘဝကို ရက်ရက်စက်စက်ကြီး လဲလှယ်ပစ်ခဲ့ပါတယ်။

မအေးသန်းပြောပြနေတာတွေကို နားထောင်ရင်း ကျွန်တော်ဟာ သွေးတိုးသလိုဖြစ်ပြီး မျက်နှာတွေတင်းအန်းလာတယ်။ အရွယ်နဲ့မလိုက်အောင် နာကျင်တဲ့ဝေဒနာကိုခံစားရပြီး အသက်ထွက်သွားတဲ့ ကလေးအဖြစ်ကိုတွေးရင်း ကျနော် စုတ် တသပ်သပ် ဖြစ်နေမိတယ်။ မုဒိမ်းကောင်ရဲ့လုပ်ရပ်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ရတယ်။ သူ့ရဲ့ယုတ်မာမှုအတွက် ကြီးလေးတဲ့ အပြစ်ဒဏ်ပေးသင့်တယ်လို့ တွေးမိတယ်။

မအေးသန်းအပါအဝင် ကျေးရွာသူကျေးရွာသားတွေအားလုံးကလည်း မုဒိမ်းကောင်ကျူးလွန်ခဲ့ပုံကို ပြန်သရုပ်ပြတာကို ကြည့်ပြီး ဒေါသထွက်ပြီး ချက်ချင်းသတ်ပစ်ချင်တဲ့အထိဖြစ်ကြတယ်။ ရွာထဲမှာ ကျန်ခဲ့တဲ့ မုဒိမ်းကောင်ရဲ့ မိန်းမနဲ့ကလေးရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတာကြောင့် ရွာလူကြီးတွေဟာ သူတို့သားအမိကို ရွာထဲကနေ မောင်းထုတ်လိုက် ပါတယ်။

ကျွန်တော့်ဦးလေးက စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ ဇာတ်လမ်းဟာ တကယ့်ကို ရင်နင့်ကြေကွဲစရာဇာတ်လမ်း တစ် ပုဒ်ဖြစ် နားထောင်လိုက်ရပေမယ့် ကျွန်တော့အတွက် သတင်းသမားတစ်ယောက်ရဲ့ ပေတံနဲ့တိုင်းကြည့်တဲ့အခါ လက်ရှိမှာ ထူးထူးခြားခြားဖြစ်တဲ့အရာ ဘာမှမရှိဘူးလို့ တွေးမိလိုက်တယ်။

ဒါပေမဲ့ မအေးသန်းရဲ့ ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့်နှုတ်က “ဟာ” ဆိုပြီး အာမေဋိတ်သံထွက်သွားရ တဲ့အထိ အံ့သြမှင်တက်သွားတယ်။

“အဲဒီလူက အခုလွတ်သွားပြီ” လို့ သူက ဆိုလိုက်တာပါ။

၂၀၂၀ ခုနှစ်မှာ သူ့ကို အပြစ်ပေးထောင်ဒဏ်ချမှတ်လိုက်ပေမယ့် ၂၀၂၁ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်း ချမ်းသာခွင့်တွေပေးတဲ့အခါ အဲဒီမုဒိမ်းကောင်ဟာ ထောင်ကနေလွတ်မြောက်သွားခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ တစ်နှစ် တောင် ပြည့်အောင် မနေလိုက်ရပါဘူး။

သေဆုံးသွားတဲ့ကလေး မိဘရဲ့သောကတွေဟာ ပူပူနွေးနွေးလေးပဲ ရှိနေဦးမှာပါ။ သူတို့သမီးလေးကို မုဒိမ်းကျင့်သတ်ဖြတ် သွားတဲ့ မုဒိမ်းကောင်ကတော့ ပျော်ရွှင်စွာနဲ့ ထောင်ကနေ ပြန်လည်လွှတ်မြောက်လာပါပြီ။ ဒီမုဒိမ်းကောင်လွတ်ပြီးဆိုတဲ့ သတင်းကိုကြားရတဲ့အခါ သူတို့ဘယ်လောက်တောင် ယူကျုံးမရဖြစ်လေမလဲလို့ တွေးမိတယ်။

တကယ်တော့ ဒီလိုသက်ငယ်မုဒိမ်းအမှုတွေဟာ ပြစ်ဒဏ်အနေနဲ့ထောင်ဒဏ် အနှစ် ၂၀ ကနေ အသက်တစ်ကျွန်းထိကျ မှတ်လို့ရတဲ့ ကြီးလေးနဲ့ပြစ်မှုကြီးတွေပါ။ အခုက သက်ငယ်မုဒိမ်းအပြင် လူသတ်မှုပါ ထပ်မံကျူးလွန်ခဲ့တာကြောင့် သေဒဏ် အထိပါ အပြစ်ပေးလို့ရတဲ့ ပြစ်မှုကြီးပါ။

လူသတ်မုဒိမ်းမှုကျူးလွန်သူကို မှတ်သားလောက်တဲ့ ပြစ်ဒဏ်၊ စံနမူနာဖြစ်လောက်တဲ့ အပြစ်ဒဏ်ကို ပေးသင့်တာပါ။ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ ဘယ်လိုနည်းနဲ့မှ ပြန်လွှတ်ပေးဖို့မသင့်တဲ့အမှုပါ။ ဒီမုဒိမ်းကောင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အရေး နဲ့ ဘယ်လိုမှ မထိုက်တန်တဲ့ ရာဇဝတ်သားတစ်ယောက်လို့မြင်တယ်။

ဒါပေမဲ့ အဲဒီလူတစ်ယောက်ကို ကျွန်တော်တို့လူ့အဖွဲ့အစည်းကြီးထဲ ပြန်ထည့်ပေးလိုက်တာကို ဘယ်လိုမှကို နားမလည် နိုင်အောင် ဖြစ်ရပါတယ်။

မအေးသန်းကတော့ ဥပဒေက လုံးဝမမျှတဘူးလို့ မှတ်ချက်ပေးပါတယ်။ တခြားသော လူတွေကို လွှတ်ပေးလို့ရပါလျက်နဲ့ ဒီလိုလူကို လွှတ်ပေးလိုက်တာကို အံ့သြလို့မဆုံးဘူးလို့ သူကဆိုပါတယ်။

“ အဲလူက ငွေဆောင်၊ချောင်းသာဘက် ပြောင်းလာတာလို့သိရတယ်။ အဲဒီမှာနေတုန်းကလည်း သူ့ရဲ့ခယ်မကို အဲဒီလို မျိုးအမှု(မုဒိမ်းမှု)ကျူးလွန်လို့ ဒီဘက်ကို ပြေးလာတာလို့သိရတယ်” လို့ မအေးသန်းက ရှင်းပြပါတယ်။

ကျေးရွာက လူတွေရဲ့စုံစမ်းချက်အရလည်း ဒီမုဒိမ်းကောင်ဟာ ဧရာဝတီတိုင်းဘက်ကဖြစ်ပြီး သူနေခဲ့တဲ့နေရာမှာ သုံးနှစ် အရွယ် ကလေးတစ်ယောက်ကို မုဒိမ်းမှုကျူးလွန်တာရယ်၊ တခြားသော အမျိုးသမီးအိမ်တွေကို မကြာခဏတက်တတ် တာကြောင့် ကျေးရွာက မောင်းထုတ်လိုက်လို့ ဂွမြို့နယ်ဘက်ကို ရောက်လာပြီး ကျော့ပိုက်လုပ်ငန်းမှာ ဝင်လုပ်နေတာဖြစ် တယ်လို့ သိရပါတယ်။

မုဒိမ်းကောင်ဟာ ထောင်ကပြန်လွတ်လာတဲ့အခါ သူ့မိန်းမနဲ့ကလေးကိုခေါ်ပြီး ဂွချောင်းဖျားဘက်ကို တက်သွားတယ်လို့ဆို ပါတယ်။ ဂွချောင်းဖျား၊ ရခိုင်ရိုးပေါ်မှာ နေထိုင်ကြတဲ့ ကျေးရွာတွေဘက်ကို ပြောင်းရွှေ့သွားတဲ့သဘောပါ။ ကျွန်တော့်စိတ် ထဲမှာ ဒီမုဒိမ်းကောင်ဟာ မကောင်းမှုတွေထပ်ပြီး ကျူးလွန်ဖို့ ဝန်လေးမှာမဟုတ်ပါဘူးလို့ပဲ တွေးနေမိတယ်။

ကလေးတစ်ယောက်ကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ခဲ့တဲ့ မုဒိမ်းကောင်၊ အရင်ကလည်း မုဒိမ်းမှုတွေ ကျူးလွန် ဖူးသလို ကျူးလွန်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတဲ့ ဒီမုဒိမ်းကောင်ကို ကျွန်တော်ဟာ လူလို့မမြင်နိုင်ဘဲ ကြောက်မက် ဖွယ် ရာကောင်းတဲ့ ငရဲခွေးကြီးအဖြစ်သာ မြင်မိတယ်။

ဒီလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ ငရဲခွေးကြီးဟာ ဂွချောင်းဖျားမှာ ဘယ်လိုရက်စက်မှုတွေ ထပ်ပြီးကျူးလွန်လေဦးမလဲ လို့တွေးမိတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု တရားဥပေဒစိုးမိုးမှုမရှိဘဲ ပြည်သူတွေရဲ့ နေ့စဉ်လုံခြုံမှုတွေ မရှိတဲ့ အခြေအနေမှာ ဘယ်သူတွေက ဒီလိုမုဒိမ်းကောင်တွေရဲ့ သားကောင်ဖြစ်လာဦးမလဲဆိုတာ တွေးတောရင်လေး နေ မိတယ်။

အမှုဖြစ်စဉ် သတင်းလင့် – (https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/gwa-rape.html?fbclid=IwAR1Y0HKKrpmVzBislvYQmG8itV27SpetHBmGiAroOuQggbNe2V0S3GWNDFA)

Related Articles