Home ဆောင်းပါး စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြန်အပ်ဖို့ဖိအားဖြစ်နေကြတဲ့ CDM တက္ကသိုလ်ကျောင်းသူ/သားများ

စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြန်အပ်ဖို့ဖိအားဖြစ်နေကြတဲ့ CDM တက္ကသိုလ်ကျောင်းသူ/သားများ

 ဒေဝီ

 “မဖြစ်မနေမလို့သာကျောင်းအပ်တာကျောင်းပြန်မတက်ချင်ဘူး၊ ကိုယ်ကဒီလောက်အထိတောင့်ခံထားပြီးကျောင်းအပ်ရတော့ကျောင်းပြန်တက်နေပြီလားပြောကြမှာ၊ကျောင်းအပ်တဲ့သူတွေကတော့အများကြီးပဲ၊”လို့တတိယနှစ်ပထဝီ ကျောင်းသူ မသင်ဇာက ပြောပါတယ်။

သူကစစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့အနေနဲ့ စာသင်ခန်းကိုကျောခိုင်းခဲ့တာသုံးနှစ်နီးပါးရှိလာပြီဖြစ်ပေမယ့်၊ လက်ရှိကြုံနေရတဲ့ အခြေအနေတွေကြောင့် ကျောင်းစာသင်ခန်းတွေဆီ ပြန်လှည့်ဖို့ဖြစ်လာတာပါ။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကနေမပါဖို့လက်တလောပညာသင်ကြားနေသူဖြစ်ရင် ယာယီကင်းလွတ်ခွင့်ရတာကြောင့် သူတင်မက ရပ်ကွက်ထဲက ကျောင်းသားတွေ၊ သူနဲ့နီးစပ်တဲ့  သူငယ်ချင်းအချို့တွေလည်း ကျောင်းပြန်အပ်ကြသလို၊ တချို့တွေ ကလည်း အဝေးသင်ကနေ  Day(နေ့သင်တန်း)  ပြန်ပြောင်းကြမှာတွေလည်း ရှိနေတယ်လို့သူက ပြောပါတယ်။

စစ်မှုထမ်းဥပဒေမှာနိုင်ငံဝန်ထမ်းများ၊ပညာသင်ကြားနေသူများ၊ စောင့်ရှောက်ရမည့်သူမရှိတဲ့ မိဘအိုတို့ကိုပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ကုသနေသူများ၊ ထောင်ဒဏ်ကျခံနေသူများ၊ သတင်းပို့ခြင်းမပြုရသေးတဲ့ ကာလ အတွင်းမိဘ၊ အိမ်ထောင်ဖက် တစ်ဦးဦး ရုတ်တရတ်ဆုံးပါးခြင်း၊ သတင်းပို့ခါနီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူနဲ့ ဥပဒေအရ ချုပ်နှောင်ခံနေရသူ အမှုရင်ဆိုင်နေရသူတို့ကို ယာယီရွှေ့ဆိုင်းခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်မှာစစ်မှုမထမ်းချင်ပေမယ့်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲလည်းမဝင်နိုင်၊နိုင်ငံခြားလည်းမထွက်နိုင်တဲ့ လူငယ်တချို့က စစ်မှုထမ်းတာကနေ ယာယီရှောင်ရှားနိုင်ဖို့ ကျောင်းပြန်တက်ဖို့ ကိုရွေးချယ်လာကြပါတယ်။

ဒီလိုသူတွေထဲမသင်ဇာလည်းအပါအဝင်ပါ သူကတက္ကသိုလ်တတိယနှစ်နဲ့ CDM လုပ်ဆောင်ခဲ့ပြီးအွန်လိုင်းမှာစျေးရောင်း အသက်မွေးဝမ်းကြောင်းပြုရင်း အပြင်သင်တန်းတွေ တက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

သူနဲ့ အတူတူCDM လုပ်ခဲ့တဲ့ သူငယ်ချင်းတချို့ကတော့ ပြီးခဲတဲ့နှစ်တည်းက  ကျောင်းပြန်တက်နေကြပြီး ဘွဲ့ရသွားကြ သူတွေရှိပေမယ့်သူအပါဝင်သူငယ်ချင်းအချို့ကတော့ယုံကြည်ချက်နဲ့ကျောင်းပြန်မတက်ခဲ့ပါဘူး။ ဒါပေမယ့်အခုကြုံနေရတဲ့ အခြေအနေတွေကြောင့် ကျောင်းပြန်တက်ဖို့ရွေးချယ်ခဲ့ရတယ်လို့ပြောပါတယ်။

လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာကတည်းက လူငယ်လူရွယ်အချို့က ပြည်သူ့ ကာကွယ်ရေးတပ်တွေထဲဝင်သွားကြသလို၊ အချို့ကလည်း နိုင်ငံရပ်ခြားမှာ ပညာသင်ကြားဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ ဖြစ်စေ နိုင်ငံကထွက်ခွာကြတာတွေရှိပေမယ့် သူ့လိုပညာသင်ကြားဖို့ရော အလုပ်လုပ်ဖို့အတွက်ရော နိုင်ငံခြားထွက်ခွာဖို့ အခက်အခဲရှိသူတွေကတော့ ရွေးချယ်စရာမရှိဘူးလို့ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ လူငယ်တွေကိုစာရင်းကောက်ပြီး‌အသက် ၁၈ကနေ ၃၀ အရွယ်အတွင်း လူငယ်တွေထဲက ကျောင်းတက်နေတဲ့သူတွေနဲ့လက်ရှိအစိုးရဝန်ထမ်းဖြစ်နေတဲ့သူတွေရဲ့သားသမီးတွေကိုဖယ်ကာ ကျန်လူငယ်တွေကိုမဲနှိုက်ခိုင်းပြီးစစ် မှုထမ်းဖို့ရွေးချယ်ခဲ့တယ်။

 “ညီမတို့လမ်းထဲကဆို ကျောင်းတက်နေတဲ့သူတွေဖယ်လိုက်တော့တကယ်မဲနှိုက်တဲ့အချိန် ငါးယောက်ပဲရှိတော့တာ၊ ကျောင်း တက်နေတဲ့သူတွေက မဲနှိုက်တဲ့ထဲမပါတော့အိမ်ကလည်းမိန်းကလေးတွေခေါ်တဲ့အလှည့်ကျရင်ကြိုကာတဲ့အနေနဲ့ကျောင်း ပြန်တက်ဖို့ပြောလာတာ”လို့ မသင်ဇာကပြောပါတယ်။

 သူ့အနေနဲ့  ကျောင်းပြန်မတက်ချင်ပေမယ့် ပြည်ပထွက်ဖို့လည်း အဆင်မပြေသေးတဲ့အချိန်မှာ စစ်မှုထမ်းဥပ‌ဒေကို ရှောင်လွှဲ ဖို့ ဒီတနည်းပဲရှိတာကြောင့် ကျောင်းပြန်တက်ရမလားဆိုတာဝေခွဲမရဖြစ်နေရတယ်လို့ ဆိုပါတယ်။

လက်တလောမှာ စစ်မှုထမ်းဖို့ အမျိုးသမီးတွေ မပါသေးဘူးဆိုပေမယ့်လည်း တိကျတဲ့သတင်းအချက်လက် အမှန်မရှိဘဲ အောက်ခြေမှာထင်သလိုလုပ်နေတာကြောင့် စစ်အစိုးရရဲ့ ကြေညာချက်တွေကိုမယုံကြည်နိုင်ဘူးလို့သူကဆက်ပြောပါတယ်။

 “အခုလည်း သင်္ကြန်ပြီးမှ စမယ်ဆိုပြီး မတ်လကတည်းက စစ်မှုထမ်းဖို့ခေါ်သွားတာ၊သူတို့ခေါ်ချင်ရင် ခေါ်သွားတာပဲ။ မိန်း ကလေး တွေကို ငါးကြိမ်မြောက်မှ ခေါ်မှာဆိုပေမယ့် ဒါကလည်းဟုတ်ချင်မှဟုတ်မှာ”လို့ပြောပါတယ်။

အမျိုးသမီးတွေကို ခေါ်တဲ့အချိန်မှာ  ကျောင်းတက်နေရင် လောလောဆယ်ရှောင်ရှားနိုင်မှာဆိုပေမယ့် ရေရှည်အတွက်တော့ တွေးပူနေရတယ်လို့ဆက်ပြောပါတယ်။

နေ့သင်တန်း(day)တွေရဲ့ပထမနှစ်ဝက်စာမေးပွဲတွေကပြီးခဲ့တဲ့မတ်လမှာဖြေဆိုပြီးစီးခဲ့ပါတယ်။ အဝေးသင်တက္ကသိုလ်တွေ ကတော့ ပထမနှစ်အတန်းတွေက ဧပြီလကုန်၊ဒုတိယနှစ်နဲ့အထက် အတန်းတွေက မေလကုန်အထိ ကျောင်းအပ်လက် ခံနေ တာဖြစ်ပြီး ကျောင်းလာအပ်တဲ့သူတွေများတယ်လို့  ကျောင်းအပ်ခဲ့တဲ့ သူတွေကဆိုပါတယ်။

ပညာသင်ကြားနေတဲ့ ကျောင်းသားတွေစစ်မှုထမ်းဖို့မခေါ်သေးဘူးဆိုတဲ့အတွက်ကြောင့်  ကျောင်းအပ်လိုက်ပေမယ့် ကျောင်း တက်ရမလား၊မတက်ရမလားဆိုတာတော့ဒွိဟဖြစ်နေဆဲလို့တက္ကသိုလ်ပထမနှစ်နေ့သင်တန်းပြန်အပ်ခဲ့တဲ့မအိကပြောပါတယ်။

မအိက တက္ကသိုလ်ပထမနှစ်နဲ့ CDM လုပ်ခဲ့တဲ့အတွက်‌ ယခု  ၂၀၂၄ခုနှစ်ပညာသင်နှစ်မှာ ပထမနှစ်ပဲပြန်တက်ရမှာပါ။ ကျောင်း နား ထားတဲ့ ကာလမှာ အလုပ်တွေလိုက် လျှောက်ဖြစ်ပေမယ့် စီးပွားရေးကြပ်တည်းနေတဲ့ကာလဆိုတော့ အလုပ်မရခဲ့ပဲ အိမ်မှာပဲ အချိန်ကုန်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

 “ဘွဲ့မရချင်လည်းနေပါစေ မယူတော့ဘူးလို့နေလာတာပေါ့။ အခုစစ်မှုထမ်းဥပဒေကြီးလည်းပေါ်လာတော့။ဘာလုပ်လို့လုပ်မလဲ မသိတော့ဘူး။ အိမ်ကမိဘတွေကလည်းစိတ်ပူလာတယ်”လို့ သူကပြောပါတယ်

ဒါပေမယ့် စစ်မှုထမ်းဥပဒေမှာ ကျောင်းသား/သူတွေဆို စစ်မှုထမ်းဖို့ နောက်ဆုတ်ပေးတယ်ဆိုတဲ့အတွက်ကြောင့် မိသားစု တွေကကျောင်းပြန်တက်ဖို့ တိုက်တွန်းသလို  ကျောင်းတက်ရမယ့် အနေအထားပြန်ရောက်လာတဲ့အတွက် ကျောင်းပြန် အပ် ဖြစ်သွားတာလို့သူကပြောပါတယ်။

အာဏာသိမ်းပြီးတည်းက သုံးနှစ်လုံး CDM လုပ်ခဲ့ပြီးမှ ကျောင်းပြန်တက်တဲ့အခါ သူလုပ်ဆောင်ခဲ့တာတွေက အလကားဖြစ်သွားမလား စိုးရိမ်မိပေမယ့် ကျောင်းမတက်ရင်လည်း စစ်မှုထမ်ဥပဒေကြောင့်စဉ်းစားရကြပ်တဲ့အနေအထားဖြစ်နေတာပါ။

“စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး NUGအနေနဲ့ကလည်းဘာမှရှင်းရှင်လင်းလင်းလုပ်တာမတွေရဘူး။ CDMကျောင်းသားတွေကို ဘယ်လိုကာကွယ်မှုမျိုးပေးမလဲ။ ဘာဆက်လုပ်ရမလဲ။ ဘာမှညီမတို့မသိရဘူး။”လို့မအိကဆက်ပြောပါတယ်။

 စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်လို့ ကျောင်းသားလူငယ်တွေအတွက်သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေက တိကျတဲ့လမ်းညွှန်မှုတွေလုပ်ပေးစေချင်တယ်လို့ဆိုပါတယ်။

 စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူမှုကို သင်္ကြန်အပြီးဧပြီလနောက်ပိုင်းမှ ခေါ်ယူမယ်လို့ဆိုပေမယ့် မတ်လလယ် ကတည်းက မြို့နယ် အလိုက် စာရင်းကောက်ပြီးရွေးချယ်သွားတာ၊ မဲနှိုက်တာတွေလုပ်ခဲ့ပြီး၊ မဲပေါက်တဲ့သူတွေကို ရက်ပိုင်းအတွင်း လေ့ကျင့်ရေးကျောင်းတွေကို ခေါ်ဆောင်တာတွေ လုပ်သွားခဲ့တာကြောင့် ရပ်ကွက်ထဲက ရင်နှီးသူတွေနဲ့ သူငယ်ချင်းတစ်ချို့လည်း ပါသွားတယ်လို့  ဒုတိယနှစ် ဥပဒေမေဂျာ နဲ့ CDM လုပ်ထားသူ ကိုသူကပြောပါတယ်။

ဒီတကြိမ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးက အမည်အတိအကျနဲ့သူတို့ဘာသာရွေးချယ်ခေါ်ယူသွားတာကြောင့် စစ်မှုထမ်းပထမအသုတ်မှာသူမပါဘဲလွတ်ကင်းသွားခဲ့ပြီး၊နောက်အလှည့်တွေကျရင်တော့ မသေချာနိုင်တဲ့အတွက် ကျောင်းတက်နေတဲ့ အတောအတွင်းစစ်မှုထမ်းဖို့လွတ်ကင်းနိုင်တာကြောင့် ကျောင်းအပ်ဖြစ်ခဲ့ပြီးကျောင်းတက်မှာတော့မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။  

 “လောလောဆယ်တော့ကျောင်းအပ်လိုက်ပြီ၊ ကျောင်းသွားတာမသွားတာတော့ ကိုယ့်သဘောပဲ၊ နှစ်နှစ်လောက် အကျခံပြီး ကျောင်းတက်နေလည်း ဖြစ်တာပဲ” လို့ သူကဆိုပါတယ်။

 လက်တလောမှာ စစ်မှုထမ်းဖို့ကိုရှောင်ရှားလိုတဲ့အတွက် လူငယ်တွေကျောင်းပြန်တက်ကြတာက ရွေးချယ်စရာမရှိတဲ့အခြေအနေမှာ အားကိုးစရာအဖြစ်ရွေးကြတာဖြစ်ပြီး စစ်ထဲ မဝင်ရဖို့က အရေးကြီးတယ်လို့ ကိုသူ ရဲ့ ဖခင်ဖြစ်သူကပြောပါတယ်။

 သားဖြစ်သူနဲ့ တူ၊ တူမတွေကို  ကျောင်းပြန်တက်ဖို့ တိုက်တွန်းပြီး ကိုယ်တိုင်ကျောင်းအပ်ပေးခဲ့သလို၊ ရပ်ကွက် အုပ်ချုပ် ရေးမှုးကိုလည်း သားဖြစ်သူက ပညာသင်ကြားနေတဲ့သူဖြစ်တယ်ဆိုတာ သွားရောက်ပြောဆိုထားတဲ့အတွက် ကျောင်းတက် နေစဉ်အတောအတွင်းတော့ ကင်းလွတ်နေမှာဖြစ်တာကြောင့် မိဘ‌အနေနဲ့စိတ်ပူပန်မှုတစ်ခု လျော့သွားတယ်လို့ဆိုပါတယ်။

“ လောလောဆယ်တော့ ဒါကလည်း ကယ်ပေါက်တစ်ခုပဲပြောရမှာပေါ့၊ စစ်တပ်ထဲရောက်သွားမှာထက်စာရင်၊ တစ်ခုရှိတာ က ကျောင်းတွေမှာ ဆရာဆရာမ မရှိတာကလည်း ပြသနာ၊ ဘွဲ့တော့ရသွားမှာပဲ စာတော့တက်မှာမဟုတ်ဘူး”လို့ သူကဆိုပါတယ်

 ပြည်တွင်းမှာနေထိုင်သူတွေမှာ  စစ်အစိုးရရဲ့ အုပ်ချုပ်မှုကနေ မလွတ်ကင်းသေးတာကြောင့် စိတ်ရောကိုယ်ရော မလုံခြုံတဲ့ အခြေအနေမှာ သူတို့တက်နိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်မှုမထမ်းရဖို့  ရှောင်ရှားတာတွေ ရှိနေပြီး၊တစ်ဦးနဲ့တစ်ဉီး မိသားစု နောက်ခံအခြေအနေ၊ငွေကြေးနဲ့အဆက်အသွယ်တွေမတူကြတဲ့အတွက်တော်လှန်ရေးတပ်တွေ ထဲဝင်သွားတာရှိသလို၊ နိုင်ငံ ခြားထွက်သူ၊ ကျောင်းပြန်အပ်ကြတက်ကြသူတွေကို အပြစ်မပြောလိုဘူးလို့ CDM တက္ကသိုလ် ဆရာမတစ်ဦးကမှတ် ချက် ပြုခဲ့ပါတယ်၊

 “တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းမတူတော့၊ ဒီကလေးတွေ ကျောင်းပြန်တက်တာက မတက်ပါနဲ့ဦးလို့ ပြောလို့လည်းမရဘူး၊ ဒီလိုလုပ်မှ ကင်းလွတ်မယ်ဆိုလို့‌ ရွေးချယ်ကြတာ၊ ဘာမှမလုပ်နိုင်ဘဲ ခေါ်သွားခံရတဲ့ သူတွေလည်း ရှိတော့၊ အကုန်လုံးက ကောင်းမယ်ထင်တာကိုလုပ်ကြတာပဲ၊”လို့ သူကဆိုပါတယ်။

ဒါပေမယ့် ဒီနည်းလမ်းက ယာယီရှောင်ရှားရတဲ့သဘောမျိုးပဲ ဖြစ်နိုင်တဲ့အတွက် ရေရှည်မှာ သင့်တော်တဲ့ နည်းလမ်းတွေကို ကြိုတင်စဉ်းစားသင့်သလို၊ ပြည်သူကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေကလည်း လက်တွေ့ကျတဲ့ နည်းလမ်းတွေချမှတ်ပြီး လူငယ်တွေအတွက် စဉ်းစားပေးသင့်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို အမျိုးသမီးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တော်လှန်ရေး အင်အားစုတွေကလည်း ကန့်ကွက်ရှုတ်ချခဲ့ပြီး၊ ဒီဥပဒေကို အသက်သွင်းလိုက်ခြင်းက ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုမိုကျူးလွန်စေမှာဖြစ်သလို မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ဖိနှိပ်မှု၊စစ်ဘောင်ချဲ့မှု သံသရာကို အဓွန့် ရှည်ကြာစေနိုင်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။

 အဖက်ဖက်ကနေရှုံးနိမ့်နေတဲ့စစ်တပ်ကစစ်အင်အားဖြည့်ဆည်းဖို့နည်းလမ်းပေါင်းစုံကြိုးစားနေတဲ့အနေအထားဖြစ်ပြီး ဒီဥပ ဒေကနေကင်းလွတ်ခွင့်ရဖို့ ကျောင်းပြန်တက်ကြပေမယ့်လည်း တကယ်တမ်း သူတို့အတွက်လိုအပ်ရင် စာသင်ခန်းတွေထဲကနေ အချိန်မရွေးခေါ်မယ့်အနေအထားဖြစ်တယ်လို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ရန်ကုန်ရဲ့ပြောရေးဆိုခွင့်ရှိသူ Christine ကပြောပါတယ်။

“ဘာလို့ဆို စစ်တပ်ဖြစ်တဲ့အတွက်ကြောင့် ရှေ့အဆက်ဆက်မှာလည်း ဥပဒေဆိုတာ သူတို့လိုချင်သလိုမျိုး ချုံ့လိုက်၊ ချဲ့လိုက် လုပ်နေတဲ့သူဖြစ်တော့ ဒါကစိတ်ချရတဲ့နည်းလမ်းမဟုတ်ဘူး၊ ဒါက သင့်တော်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူး”လို့ဆိုပါတယ်။

 လူငယ်တွေအနေနဲ့ ကိုယ့်ရပ်ကွက်တွေထဲ စစ်မှုထမ်းထမ်းရမယ့်အခြေအနေကို နားစွင့်နေပြီး ကိုယ်တိုင် အခက်အခဲ ကြုံလာရပြီဆိုရင် ကူညီတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးလွတ်မြောက်ဒေသကို သွားဖို့အကြံပြုချင်တယ်လို့ သူကဆက်ပြောပါတယ်။

“လူငယ်တွေအနေနဲ့ဘာပဲဆက်လုပ်ချင်ချင်လုံခြုံကျန်းမာနေဖို့လိုအပ်တယ်၊ လွတ်မြောက်ရာဒေသကိုသွားဖို့ကူညီပေးနေတဲ့အဖွဲ့ အစည်းတွေ ချိတ်ဆက်ပြီး‌တော့သွားဖို့အတွက်တော့အကြံပြုချင်တယ်”လို့ သူကပြောခဲ့ပါတယ်။

Author:

Related Articles