Home ဆောင်းပါး စွန့်ပစ်ပုလင်းတွေကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ်ပြောင်းလဲလုပ်ကိုင်နေတဲ့ ဇနီးမောင်နှံ

စွန့်ပစ်ပုလင်းတွေကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ်ပြောင်းလဲလုပ်ကိုင်နေတဲ့ ဇနီးမောင်နှံ

ကေခိုင်

 မီးဖိုချောင်မှာရှိတဲ့ ငံပြာရည်ပုလင်း (ဒါမှမဟုတ်)ဘီယာပုလင်းတစ်လုံးက အသုံးပြုပြီးတဲ့အခါ အမှိုက်ပုံးထဲကို ရောက် သွား တာပါ။ စွန့်ပစ်ခါနီး ပုလင်းလေးတစ်လုံးကို စနစ်တကျဖြတ်တောက်ပြီး ဖန်တီးပုံဖော်လိုက်ရင် လှပတဲ့ အိမ်တွင်း အလှဆင် ပစ္စည်းလေးတွေအဖြစ် အသုံးပြုလို့ရတယ်ဆိုတာသိသူကရှားပါတယ်။

အမှိုက်ပုံးထဲစွန့်ပစ်ရတော့မယ့် အမျိုးမျိုုးသော ဖန်ပုလင်းတွေကို ဖန်ခွက်၊ ပန်းအိုး၊ မီးအိမ် စတဲ့ တန်ဖိုးမြင့်လက်မှုထုတ်ကုန် တွေအဖြစ်မကေသွယ်ဖြူတို့ ဇနီးမောင်နှံကဖန်တီးနေတာပါ။

 သူတို့ဇနီးမောင်နှံက စွန့်ပစ်ဖန်ပုလင်းတွေကို ပြန်လည်ပြုပြင်ပြီး တန်ဖိုးမြင့်လက်မှုထုတ်ကုန်အဖြစ် ပြုလုပ် ရောင်းချနေတာ သုံးနှစ် ဝန်းကျင်ရှိနေပါပြီ။

 ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကာလတွေကခရီးသွားကုမ္ပဏီတည်ထောင်ခဲ့ပြီး၊ ကိုဗစ်ကြောင့်လုပ်ငန်းတွေရပ်နားခဲ့ရချိန် ဝါသနာ ပါတဲ့လက်မှုပညာတွေလေ့လာရင်း ဖန်ပုလင်းတွေကနေ အိမ်တွင်းလက်မှုပစ္စည်း တွေပြုလုပ်တာကိုလေ့လာခဲ့တယ်လို့ဆိုပါတယ်။

 (YouTube) ယူကျု့ကနေ ကြည့်ရှု့လေ့လာပြီး ဖန်ပုလင်းတစ်လုံးကို ဖြတ်တောက်လုပ်ဆောင်ကြည့်တဲ့အခါမှာ ၈၅ရာခိုင်နှုန်း ခန့်အကောင်းအတိုင်းဖြစ်ခဲ့တဲ့အတွက် အဲ့ဒီဖန်ပုလင်းကို မီးအိမ်အဖြစ်စတင်အလှဆင်ခဲ့ပြီးအိမ်မှာရှိတဲ့ ဖန်ပုလင်း တွေ ကို အမျိုးစုံ စမ်းသပ်လုပ်ဆောင်ကြည့်ရင်း တဖြည်းဖြည်း လက်ရာတွေ သေသပ်လာသလို အိမ်မှာရှိတဲ့ ဖန်ပုလင်းတွေလည်း ရှင်းလင်းသွားခဲ့တယ်လို့ပြောပါတယ်။

 ကိုဗစ်ကပ်ရောဂါကတဖြည်းဖြည်းဆိုးရွားလာပြီးလုပ်ငန်းတွေပြန်မစနိုင်သေးတဲ့အခါဒါကိုအပျော်တမ်းလုပ်ခဲ့ရာကနေတ ဖြည်းဖြည်းဝါသနာပါလာပြီး ဆိုင်ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တာပါ။

စွန့်ပစ်ပုလင်းတွေကနေ လက်မှုထုတ်ကုန်တွေဖန်တီးရာမှာ သူနဲ့အမျိုးသားဖြစ်သူတို့က စိတ်တူဝါသနာတူနဲ့ အတူတကွ ဖန်တီးလုပ်ဆောင်ကြတာပါ၊ထုတ်ကုန်အသစ်ထုတ်လုပ်တာဖြစ်စေ၊ ဒီဇိုင်းအသစ် ဖန်တီးတာဖြစ်စေ နှစ်ဦးတိုင်တိုင်ပင်ပင် နဲ့ပေါင်းစပ်ပြီး လုပ်ဆောင်ကြတာလို့မကေသွယ်ဖြူကဆိုပါတယ်။

“အမတို့နှစ်ဦးစလုံးက Gender Equality  ကို အလေးထားသူတွေဖြစ်လို့ စီးပွားရေးမှာသာမက အခြားအရာ​တွေမှာလည်း ကဏ္ဍ ခွဲခြားထားတာမျိုးမရှိပါဘူး”လို့သူက​ပြောပါတယ်

ဆိုင်ဖွင့်လှစ်နိုင်ဖို့အချိန်နှစ်လခွဲလောက်ပြင်ဆင်ပြီးသားဖြစ်သူမွေးနေ့လေးမှာသားဖြစ်သူရဲ့အမည်ဂင်္ဂါကိုအစွဲပြုပြီး  Ginga Recycle  Arts & Crafts ဆိုတဲ့ ဆိုင်လေးကို သူတို့ရဲ့ ခရီးသွားကုမ္ပဏီရုံးခန်းမှာပဲတွဲပြီး ဖွင့်လှစ်ခဲ့တာလို့သူကဆက် ပြောပါတယ်။

“သားသားအတွက် ရည်ရွယ်ပြီးပေးတယ်ဆိုတာ အနာဂတ်မျိုးဆက်သစ်လေးတွေကို အသိပညာပေးချင်တာ၊ အမှိုက်တွေ လျှော့ချမယ် သဘာဝပတ်ဝန်းကျင်ကို ထိန်းချင်တယ် ၊ လျှော့ချလိုက်တဲ့အမှိုက်တွေ အသုံးမလိုတော့တဲ့ အမှိုက်တွေက ဒီလိုထုတ်ကုန် ထုတ်နိုင်တယ်ဆိုတာကို ကလေးတွေကို အသိပညာပေးချင်တဲ့ရည်ရွယ်ချက်နဲ့စခဲ့တယ်” လို့ သူကဆိုပါတယ်။

ဆိုင်စတင်ဖွင့်လှစ်ရောင်းချစဉ်က အများဆုံးဖန်တီးနိုင်တာက သောက်စရာဖန်ခွက်နဲ့ ပန်အိုးတွေပဲဖြစ်ပါတယ်၊ ဒီပစ္စည်းတွေ ကို ဘီယာပုလင်း၊ ဝိုင်ပုလင်းတွေနဲ့ မီးဖိုချောင်က ငံပြာရည်ပုလင်း၊ဆော့စ်ပုလင်းတွေနဲ့ ပြုလုပ်ထားတော့  တစ်ချို့ တွေက ဒါကို မနှစ်သက်ကြဘူးလို့သူကဆက်ပြောပါတယ်။

“Recycle ရဲ့သဘောသဘာဝကိုလည်းအခုလောက်ထိ မသိကြသေးတာရယ်၊ အရက်ပုလင်းတွေကို လုပ်တဲ့အခါ အားမပေးချင်သူတွေလည်းရှိတယ်” လို့သူကပြောပါတယ်။  

ကြုံရတဲ့အခက်အခဲတွေကို အားမလျှော့ဘဲ ဖန်ခွက်၊ပန်းအိုးတင်မက ဆေးလိပ်ပြာခံခွက်၊ မီးအိမ်၊ မီးဆိုင်း၊ စားပွဲတင်မီးအိမ်၊ ဖယောင်းတိုင်ထွန်းမီးအိမ်၊ ပန်းစိုက်အိုးစသဖြင့်ဒီဇိုင်းမျိုးစုံ ဖန်တီးခဲ့ရာ လက်ရှိမှာ ဒီဇိုင်းအမျိုးပေါင်း ၆၀ကျော်ဖန်တီးနိုင်ခဲ့ပြီ လို့သိရပါတယ်။

 ဈေးနှုန်းတွေကငွေကျပ် ငါးထောင်ဝန်းကျင်ကစပြီးသစ်ကိုင်းခြောက်လို အခြားစွန့်ပစ်ပစ္စည်းတွေနဲ့ တွဲဖက် ဖန်တီးတဲ့ လက်မှု ပစ္စည်းတွေ၊ဝယ်သူစိတ်တိုင်းကျပြုလုပ်‌ပေးရတဲ့သီးသန့်ဒီဇိုင်းတွေကတော့တစ်သိန်းကျော်၊နှစ်သိန်းဝန်းကျင်အထိ ရှိပါတယ်။

 “ပုလင်းအမျိုးအစားပေါ်မမူတည်ပဲ ဖန်တီးမှုပေါ်မူတည်သွားတယ်၊ စားပွဲတင်မီးအိမ်ဆို သစ်ဆိုင်မှာ ထင်းအဖြစ်ရောင်းဖို့ ပုံထားတာမျိုးကို ဖန်တီးယူရတာ အချိန်အရမ်းပေးရတယ်၊ creationလုပ်ရတယ် “လို့ သူကဆိုပါတယ်။

ဆိုင်ဖွင့်ပြီးတနှစ်အကြာမှာတော့ သူတို့လက်မှု ထုတ်ကုန်တွေကို လူသိများလာပြီး အားပေးသူတွေလည်းရှိလာပါတယ်။ အများစုက  recycle ကိုအားပေးချစ်မြတ်နိုးသူတွေပါ။

 “ဝယ်သွားတဲ့ပစ္စည်းတွေကို ကြိုက်နှစ်သက်ပြီးတော့ကို လိုလိုချင်ချင်ဝယ်တယ်၊ recycle လုပ်လို့ အမတို့ကိုအားပေး ချင်လို့ တကူတက လာပြီး ဝယ်သူမျိုး များပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီပစ္စည်းဝယ်သွားလဲ နောက်တခေါက် လာလို့  ငါတို့မှာ ဒီပစ္စည်း မရှိသေးဘူဆိုထပ်ပြီး ဝယ်ကြတယ်” လို့ သူကပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုချစ်မြတ်နိုးတဲ့သူတွေကဝယ်ယူကြသလို၊ သူတို့နေအိမ်တွေကမသုံးတော့တဲ့ပုလင်းခွံမျိုးစုံကို လည်း ပေးပို့ကြပါတယ်။

“အိမ်နီးနားချင်းမိတ်ဆွေတွေဆိုလည်း အမတို့ ဒီအလုပ်လုပ်မှန်းသိတော့ သူတို့မီးဖိုချောင်ကထွက်တဲ့ ငံပြာရည်ပုလင်းတွေ ဆော့ပုလင်းတွေလာပေးတယ်၊အမတို့ကတော့လာပေးလို့ရှိရင်အမျိုးအစားမခွဲဘဲ အကုန်လုံးလက်ခံတယ်”လို့သူကပြောပါ တယ်။

 စွန့်ပစ်ပုလင်းခွံကနေ လက်မှုထုတ်ကုန်တွေဖန်တီးဖို့အတွက် ပုလင်းအမျိုးအစားမရွေး အသုံးပြုလို့ရသလို၊ ပုလင်း တစ်လုံး လုံးကိုအပေါ်ကနေအောက်ပိုင်းအထိ စွန့်ပစ်စရာမရှိဘဲ လှပတဲ့ လက်မှုထုတ်ကုန် တစ်ခုဖန်တီးနိုင်တယ်လို့သူကဆက်ပြော ပါတယ်။

“ဒီ  Candle Holder (ဖယောင်းတိုင်ထွန်းတဲ့မီးအိမ်) ဆို ဘီယာပုလင်းနဲ့သုံးထားတယ်၊  ငံပြာရည်ပုလင်းတို့ ဆော့ပုလင်း တို့ဆိုလည်း  Shape လှတဲ့ပုလင်းတွေဆို ပန်းအိုးလေးတွေသုံးမလား၊ ပုလင်းက အရမ်းမလှဘူး ဆိုရင်လည်း Bottle art ပုံစံ မျိုးလေး လုပ်လို့ရတယ်”လို့ ပြောပါတယ်။

လက်ထဲပုလင်းလေးတစ်လုံးရောက်လာတာနဲ့ ပုလင်းအမျိုးအစား ပေါ်မူတည်ပြီး ဘယ်လိုထုတ်ကုန် ဒီဇိုင်း ဖန်တီးလို့ ရမလဲ ဆိုတာစဉ်းစားရပါတယ်။ရလာတဲ့ပုလင်းတွေကိုသန့်ရှင်းအောင်အတွင်းရောအပြင်ရောသေချာဆေးကြောသန့်စင်ပြီး တံဆိပ် တွေခွာရတယ်။ပြီးလိုချင်တဲ့ဒီဇိုင်းရရှိအောင်ပုလင်းကိုအရာပေးပြီးရေပူရေအေးအသုံးပြုကာဖြတ်တောက်ရတယ်၊နောက်ဆုံးအဆင့်မှာတော့ ဖြတ်တောက်ထားတဲ့ နေရာတွေကို အချောသတ်ရတယ်။

 “အချောသတ်တာက အကြာဆုံးအဆင့်ပဲ ဒီလိုနှုတ်ခမ်းတွေ ချောနေဖို့က အချိန်တော်တော်ယူရတယ်” လို့ ပြောပါတယ်။

လက်မှုထုတ်ကုန်တွေပြုလုပ်ဖို့ အိမ်မှာ မလိုတော့တဲ့ပုလင်းတွေနဲ့ မိတ်ဆွေတွေက ပေးတဲ့ စွန့်ပစ်ပုလင်းခွံတွေအပြင် အဟောင်းဆိုင် တွေကနေလည်း ပြန်ဝယ်ယူရတာတွေလည်းရှိပါတယ်။

  စားသောက်ဆိုင်၊ ကော်ဖီဆိုင်အချို့က သူတို့ဆိုင်အတွက် ကော်ဖီခွက်၊ အအေးခွက်တွေကို အသစ်ထက် အဟောင်းကို ပြန် ပြုပြင်ထားတဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်တာကြောင့် အရေအတွက်များများ  မှာယူကြ တာတွေလည်းရှိပြီး အဲ့ဒီအခါ မျိုးမှာ ပုလင်းခွံရောင်းတဲ့ အဝယ်ဒိုင်တွေဆီက ပြန်ဝယ်ယူရတာမျိုးလည်းရှိပါတယ်။

  “ဆိုင်အော်ဒါတွေဆို ၁၀၀ ယူမယ်၊ ၂၀၀ယူမယ်ရှိတယ်။ တချို့ကြတော့ ဘယ်ဘရန်းလေးနဲ့လိုချင်တယ်ဆိုပြီးဒိုင်ကြီးတွေ ဆီက ကုန်ကြမ်းတွေဝယ်ရပါတယ်”လို့ သူကပြောပါတယ်။

 ကိုယ်တိုင်လည်း လက်မှုပညာကို ဝါသနာပါပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုတက်အားသရွှေ့လုပ်ဆောင် ချင်တာ ကြောင့် ဆိုင်ဖွင့်လှစ်တဲ့အခါမှာ စွန့်ပစ်ရတော့မယ့် ပစ္စည်းလေးတွေကို လှပတဲ့ လက်မှုပစ္စည်းတွေအဖြစ် ကိုယ်တိုင် ခံစားပြီး ဖန်တီး လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။

 ဖန်ပုလင်းတွေက ပလတ်စတစ်လောက် မညစ်ညမ်းစေပေမယ့် ပုလင်းတစ်လုံးထုတ်လုပ်ဖို့ ဖန်ချက်စက်ရုံတွေမှာ အပူတွေ စွမ်းအင်တွေ အများကြီးအသုံးပြုရတာဖြစ်တာကြောင့် အသစ်ကိုသုံးစွဲတာထက် သုံးပြီးသားပစ္စည်းတွေကို ပြန်လည် ပြုပြင် ခြင်းက စွမ်းအင်ချွေတာပြီးဖြစ်သလို သဘာဝပတ်ဝန်းကျင်မှာ ကာဗွန်ထုတ်လွှတ်မှု၊ လေထု ညစ်ညမ်း မှုနဲ့ရေထုညစ်ညမ်းမှု ကို လျှော့ချပြီးသား ဖြစ်တယ်လို့ရှင်းပြပါတယ်။

 “ဖန်ပုလင်းတစ်လုံးက အမှိုက်ပုံမှာ နှစ်လေးထောင်လောက် မပျက်မစီးပဲရှိနေတက်တယ်၊သူကတော့ Hazardous waste မဟုတ်ပေမယ့်လည်း ကွဲရှသွားရင်အန္တရာယ်ရှိမယ်၊အမှိုက်ပုံမှာ နှစ်ရှည်လများရှိတဲ့ဟာကို ဒီလိုလေးဖန်တီးလိုက်ရတော့ သဘာဝပတ်ဝန်းကျင်ကို အများကြီး အကျိုးပြုတယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာသူတို့ဇနီးမောင်နှံဖန်တီးထားတဲ့ စွန့်ပစ်ပုလင်းခွံတွေက လက်မှုထုတ်ကုန်တွေကို Ginga Recycle Arts & Crafts  တည်ရှိရာ အမှတ် (၂၁)၊မြေညီထပ်၊ မင်္ဂလာလမ်း၊၈ရပ်ကွက် လှည်းတန်းမြို့နယ် မှာ ဝယ်ယူလေ့လာနိုင်သလို၊ အခု ထက် ဆန်းသစ်တဲ့ လက်မှုထုတ်ကုန်တွေလည်း ဖန်တီးသွားဖို့ရှိတယ်လို့ဆိုပါတယ်။

 “လုပ်ရင်းနဲ့ ပျက်စီးသွားတာတွေကို ကာလာတွေခွဲပြီးတော့ ဖန်ချက်စက်ရုံတွေကို သွားပို့ပေးတယ်၊ သူတို့ကပြန် အရည် ကျိုပြီး ပြန်ထုတ်တာပေါ့၊ အနာဂတ်မှာတော့ အလုပ်လုပ်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိလို့ရှိရင် ကွဲသွားတဲ့ အပိုင်းအစတွေကို product အသစ်ထုတ်ဖို့ တိုင်ပင်ထားပါတယ်”လို့ဆက်ပြောတယ်။

ခရီးသွားလုပ်ငန်းကနေ မတူညီတဲ့ လက်မှုပညာနယ်ပယ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့တဲ့အခါ အခက်အခဲတစ်ချို့ ရှိခဲ့ပေမယ့် ဝါသနာပါရာကို တစိုက်မတ်မတ်လုပ်ဆောင်နိုင်ခဲ့တာကြောာင့်အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ဖို့တိုက် တွန်း လိုတယ်လို့ဆိုပါတယ်။

 “အိမ်ထောင်ရှင်မ မလို့ငါဘာမှမလုပ်တက်ဘူးဆိုပြီး  စိတ်ဓာတ်မကျနဲ့ သူ့အစွမ်းအစနဲ့သူရှိတယ်။ အမတို့လက်တွဲခေါ်လို့ ရရင်လက်တွဲခေါ်ပါတယ်၊ မတက်ရင်သင်ပေးတယ်၊ ကိုယ်နဲ့ မအပ်စပ်ဘူး ဆိုရင် အပ်စပ်တဲ့အခြားအဖွဲ့နဲ့ ချိတ်ပေးပါ တယ်လို့ ဆိုတယ်။

 လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးထိန်းသိမ်းလာသူတွေလည်း ရှိလာကြသလို ၊ထိန်းသိမ်းရေးကို စိတ်မဝင်စား သူတွေလည်းရှိတဲ့အတွက်    ရှေရှည်တည်တံ့တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ အားလုံးပူးပေါင်းပါဝင်မှဖြစ်မှာကြောင့် အခြားသူတွေကို လည်း ပတ်ဝန်းကျင် ရေရှည်တည်တံ့စေတဲ့ အမူအကျင့်ကောင်းတွေ ကျင့်သုံးဖို့ တိုက်တွန်းချင်တယ်လို့ဆိုပါတယ်။

 “သဘာဝပတ်ဝန်းကျင်ဆိုတာ ကိုယ်တစ်ဦးတယောက်ထဲကောင်းလို့မရဘူး၊ အားလုံးဝိုင်းဝန်းပြီး ပါဝင်လို့ ရှိရင် ဒီလို လုပ်ငန်း ကြီးလုပ်မှမဟုတ်ပါဘူး၊ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ အားလုံး တနိုင်တပိုင်နဲ့ပါရင် အမတို့ပတ်ဝန်း ကျင်ကြီးက ပိုပြီး အကျိုးသက်ရောက်ပြီး Healthy Environment ဖြစ်မှာပါလို့ ပြောချင်ပါတယ်” လို့ မကေသွယ်ဖြူကပြောပါတယ်။

Author:

Related Articles