Home ဆောင်းပါး သတင်းမီဒီယာလောကထဲ ပထမဆုံးတစ်သက်တကျွန်းပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီးဒါရိုက်တာ ရှင်ဒေဝီ

သတင်းမီဒီယာလောကထဲ ပထမဆုံးတစ်သက်တကျွန်းပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီးဒါရိုက်တာ ရှင်ဒေဝီ

ရှင်ငြိမ်း

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးဒါရိုက်တာ ရှင်ဒေဝီဟာ မှတ်တမ်းရုပ်ရှင်ပေါင်း ၃၀ နီးပါးရိုက်ကူးခဲ့ပြီး အဲ့ဒီထဲက တချို့ရုပ်ရှင်ကားတွေကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသနိုင်ခဲ့သလို ဆုများစွာလည်းရရှိထားသူပါ။

သူ့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရိုက်ကူးရေးဒရုန်းနဲ့အတူတွေ့လို့ဆိုကာ အကြမ်းဖက်စစ်တပ်ကဖမ်း ဆီးခေါ်ဆောင်သွားပြီး ပြင်းထန်တဲ့စစ်ကြောရေးကို သူဟာ ၁၀ ရက်နီးပါးဖြတ်သန်းခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်က ၃ လကြာ စစ်ဆေးရုံးထုတ်အပြီးမှာ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

အခုလိုပြစ်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်လို့ ရှင်ဒေဝီရဲ့ခင်ပွန်းဖြစ်သူ ကိုဦးကိုက“မတရားချတဲ့ပြစ်ဒဏ်ပဲ။”လို့ ခပ်ပြတ်ပြတ် ဆိုပါတယ်။

“ဒရုန်းနဲ့မိလို့ တသက်တကျွန်းကျတယ်ဆိုတာကြီးက filmmaker တစ်ယောက်အနေနဲ့ရော ပြည်သူတစ်ယောက်အနေ နဲ့ရော ဘယ်လိုအခြေအနေမျိုးမှာမဆို လက်ခံနိုင်စရာအကြောင်းကိုမရှိဘူး။”လို့ filmmaker တစ်ဦးဖြစ်တဲ့ Can Dal က ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

အကြောင်းကတော့ filmmaker နဲ့ ရုပ်ရှင်ရိုက်ပစ္စည်းတွေဆိုတာက ခွဲခြားလို့မရတဲ့အရာဖြစ်ပြီး ရုပ်ရှင်သမားတစ်ယောက်မှာဒရုန်းတွေရှိနေတယ်ဆိုတာ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ သူက ထောက်ပြထားပါတယ်။

အလားတူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မကေတီကလည်း ပြည်သူကို အကျိုးပြုနေတဲ့ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေသူကို မတရားပြစ်ဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာလို့ ပြောပါတယ်။

ရှင်ဒေဝီရဲ့ဝမ်းကွဲမောင်ဖြစ်တဲ့ကိုမြင့်သူကတော့“အမ ကျန်းကျန်းမာမာနဲ့ အိမ်ပြန်လာတာကိုမြင်ချင်တယ်။”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ရှင်ဒေဝီကို ပြင်းထန်တဲ့ပြစ်ဒဏ်ချတာနဲ့ပတ်သက်လို့  ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ခြွင်း ချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်အနုပညာနဲ့ သတင်းမီဒီယာတွေကလည်း တောင်းဆိုနေကြတာဖြစ်ပါ တယ်။

ရှင်ဒေဝီဟာ စစ်အာဏာသိမ်းရန်ကြိုးပမ်းစဉ် ၃နှစ်ကျော်ကာလအတွင်းသတင်းမီဒီယာနယ်ပယ်အတွင်းမှ အမျိုးသမီးအနေနဲ့ ပထမဆုံးထောင် ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ပြီး မှတ်တမ်းရုပ်ရှင်လောကမှာတော့ မြန်မာရုပ်ရှင်ဒါရိုက်တာနဲ့ script writer တစ်ဦးအဖြစ် လူသိများတဲ့မအိမ့်က စစ်တပ်ရဲ့ ပထမဆုံးဖမ်းဆီးထိန်းသိမ်းခံရသူပါ။

ရုပ်ရှင်ထုတ်လုပ်ဖန်တီးသူ မအိမ့်ကို စစ်တပ်က ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်မှာ ရန်ကုန်မြို့ နေအိမ်မှ ထွက်လာတဲ့အချိန်မှာ ဖမ်း ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ မအိမ့်လည်း ရှင်ဒေဝီနည်းတူ ရွှေပြည်သာစစ်ကြောရေးမှာ ခြေချောင်းတွေကျိုးတဲ့အထိ နှိပ်စက် ခံရတဲ့ဒဏ်ရာတွေကြောင့် ၁၀ ရက်ခန့် ဆေးရုံတက်ကုသမှုယူခဲ့ရပါတယ်။

မအိမ့်ဟာ ၂၀၂၂ ခုနှစ် ဧပြီလမှာ ရာဇသတ် ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ် မေလ ၃ ရက်မှာ သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလို့ ပြောလိုက်ရင် မှတ်တမ်းရုပ်ရှင်လောကမှာ မသိသူမရှိအောင်ထင်ရှားပါတယ်။ ရှင်ဒေ ဝီရယ်လို့ လူအများအသိအမှတ်ပြုခဲ့တဲ့မှတ်တမ်းရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ “An Untitled Life” အမည်နဲ့ မင်းကွန်းမှ ပန်းချီဆရာ ရာဟုလာရဲ့အကြောင်းဖြစ်ပါတယ်။

“Take Me Home” အမည်နဲ့ ကချင်ဒေသက အိုးအိမ်စွန့်ခွာပြေးနေရတဲ့ဒေသခံတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ဆို လည်း သူရဲ့အောင်မြင်မှုတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။

နောက်ထပ် အောင်မြင်မှုကတော့“Brighter Future”ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ မန္တလေးရှိ ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအကြောင်းရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် ပြည်တွင်းပြတဲ့ Art of Freedom ရုပ်ရှင်ပြပွဲမှာ အကောင်း ဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာလည်း ရှင်ဒေဝီရိုက်ကူးခဲ့တဲ့ ဆင်းရဲလို့ ပညာမသင်ကြားနိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ဘဝ အကြောင်း ၁၅ မိနစ်စာမှတ်တမ်းရုပ်ရှင် “Now I am 13”ဟာလည်း ဆုနှစ်ခုရရှိခဲ့ပါတယ်။ Kota Kinabalu နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ငွေဆု(Silver Award)နဲ့ ၂၀၁၄ ခုနှစ်ဝဿန်ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့တာပါ။

အမှန်တော့ အခုလိုမှတ်တမ်းရုပ်ရှင်များစွာရိုက်ကူးနိုင်ဖို့ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မလွယ်ကူလှပါဘူး။ သူဟာ အမျိုးသားတွေ အုပ်စိုးချယ်လှယ်နေတဲ့ရုပ်ရှင်လောကမှာ အမျိုးသမီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အနည်းငယ်ထဲကတစ် ယောက်ဖြစ်ပါတယ်။

Filmmaker လောကမှာ အမျိုးသမီးများစွာရှိပေမယ့် မှတ်တမ်းရုပ်ရှင်ရိုက်တဲ့အမျိုးသမီးကတော့ လက်ချိုးရေတွက်လို့ ရတဲ့အထိနည်းပါးနေသေးတယ်လို့ filmmaker တစ်ဦးဖြစ်တဲ့ Can Dal က ပြောပါတယ်။   

ဒါကလည်း အမျိုးသမီးတွေအနေနဲ့ ဒါရိုက်တာတစ်ဦးဖြစ်လာဖို့အတွက် သူတို့မှာ စိန်ခေါ်မှုများစွာရှိတာကြောင့်ဖြစ်ပြီး အထူး သဖြင့် အမျိုးသမီးဖြစ်ခြင်းကလည်း filmmaker တစ်ယောက်ဖြစ်ဖို့ တခြားသူတွေထက် ပိုပြီးခက်ခဲတယ်လို့ ဆိုပါတယ်။

“မှတ်တမ်းရုပ်ရှင်က လူတွေနဲ့ အနီးစပ်ဆုံးလူမူဘဝကို ပုံဖော်ပြီးရိုက်ရတယ်။ နောက်ကိုယ်ရွေးချယ်ထားတဲ့ ဇာတ်ကောင်နဲ့ တသားထဲဖြစ်အောင်လုပ်ရတော့ ခက်ခဲတယ်။ ဇာတ်ကောင်နဲ့ ဘယ်လောက်ရင်းနှီးလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဒီဇာတ် ကားရဲ့ကောင်းခြင်း မကောင်းခြင်းက ဆုံးဖြတ်သွားတာဆိုတော့ ပင်ပန်းတယ်။”လို့ သူက ဆက်ပြောပါတယ်။

နောက် အမျိုးသမီး filmmaker တွေက အမျိုးသမီးဖြစ်ခြင်းကြောင့် တစ်ယောက်ထဲသွားလာရခက်ခဲတာတွေရှိသလို ဇာတ် ကောင်အမျိုးသားနဲ့ တသားကျဖို့ဆိုတာတွေကလည်း မှတ်တမ်းရုပ်ရှင်ရိုက်တဲ့အမျိုးသမီးနည်းရတဲ့အဓိကအကြောင်းအရင်း တွေဖြစ်ပါတယ်။

ဒါ့ကြောင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာအများစု အမျိုးသားတွေဖြစ်နေကြတာပါ။ သို့ပေမဲ့ အခုနောက်ပိုင်းမှာ တော့ ရှင်ဒေဝီလို ထူးချွန်ပြီး ဖန်တီးမှုအားကောင်းကောင်းနဲ့ ပညာသားပါအောင်ရိုက်ပြနိုင်တဲ့ အမျိုးသမီးမှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေ များစွာထွက်ပေါ်လာခဲ့ပါတယ်။

အမျိုးသမီးတွေဟာ ကျား၊ မ တန်းတူအခွင့်အရေးတွေ ရရှိဖို့ဆိုတာထက် ကိုယ်ဝါသနာပါရာနဲ့ အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ အခက်အခဲအတားအဆီးတွေကြားကနေ ရုန်းကန်ဖောက်ထွက်သူတွေရှိလာနေပြီဖြစ်ပါတယ်။

“အမဒေဝီကတော့ သူရဲ့မှတ်တမ်းရုပ်ရှင်နဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ပြဿနာတွေ၊ ရင်ဆိုင်ရမှုတွေကို သူရဲ့အနုပညာနဲ့ များစွာဖော်ပြခဲ့တယ်။ ပြည်သူသိအောင်တင်ပြခဲ့တယ်။ အဲဒီအတွက် အများကြီးလေးစားခဲ့ရတယ်။”လို့  မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Can Dal က ပြောပါတယ်။   

အသက် ၅၀ ကျော်အရွယ် ရှင်ဒေဝီဟာ ရန်ကုန်မြို့ဇာတိဖြစ်ပြီး မောင်နှမမွေးချင်းမရှိတဲ့တစ်ဦးထဲသောသမီးဖြစ်ပါတယ်။ ငယ်နာမည်မှာ ချိုချိုနှင်းဖြစ်ပြီး တက္ကသိုလ်မှာတော့ သူရေးတဲ့ကဗျာတွေ၊ ဝတ္ထုတွေကို ရှင်ဒေဝီဆိုတဲ့အမည်နဲ့လူသိများခဲ့ ပါတယ်။

၈၈ အရေးအခင်းကာလမှာ တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ ရှင်ဒေဝီဟာ အစိုးရရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် လောင်စာဆီနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်မားတာကို အကြောင်းပြုပြီး နိုင်ငံတဝှမ်းချီတက်ဆန္ဒပြခဲ့ရာတွင် ပါဝင်သူတစ်ယောက်ဖြစ်ခဲ့ တယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်တာကြောင့် ရှင်ဒေဝီဟာ ၁၉၉၀ ခုနှစ်မှာ တစ်လအချုပ်ကျခဲ့ပြီး နိုင်ငံရေးမှာ ဆက်လက်ပါဝင်တာ ကြောင့် ၁၉၉၁ ခုနှစ်မှာ ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

“အဲ့ဒီတုန်းက အမကကျောင်းသူဘဝဆိုတော့ အဲ့ဒီအချိန် အဲ့ဒီအရွယ် လူငယ်အများစုက နိုင်ငံရေးကိုစိတ်ဝင်စားကြတယ်။ အမလည်း အဲ့လိုပါပဲ။ အဲ့မှာအဖမ်းခံရတယ်ပေါ့။”လို့ မောင်ဖြစ်သူကိုမြင့်သူက ဆိုပါတယ်။

ရှင်ဒေဝီရဲ့ပထမဆုံးခြေလှမ်းကတော့ ၁၉၉၇ ခုနှစ်မှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ လက်ထောက်ဒါရိုက်တာအဖြစ် Audio Visual (AV) Media မှာဝင်ရောက်လုပ်ကိုင်ရင်း ခင်ပွန်းဖြစ်သူနဲ့ စတွေ့ခဲ့တာဖြစ်ပါတယ်။

“ကျနော်က အဲ့တုန်းက ကင်မရာသမား။ သူနဲ့ အဖွဲ့တစ်ခုထဲအတူတူအလုပ်လုပ်ရတယ်။ ၉၇ -၂၀၀၀ ခုနှစ်လောက်ထိ လုပ်ပြီး တော့ ကျနော်တို့အဖွဲ့တစ်ခုလုံးက အကြောင်းတခုခုကြောင့် ထွက်လိုက်ကြတယ်။”လို့ ရှင်ဒေဝီရဲ့ခင်ပွန်းဖြစ်သူ ကိုဦးကိုက ပြောပါတယ်။

အလုပ်ကနေထွက်လာပြီးနောက် တနှစ်မှတခါထုတ်တဲ့ အလှအပနဲ့ ဖက်ရှင်ဆိုတဲ့ဂျာနယ်ကို ခင်ပွန်းဖြစ်လာမယ့်ကိုဦးကို နဲ့ ရှင်ဒေဝီတို့ပေါင်းပြီး ၃ အုပ်လောက်ထုတ်ကာ အလုပ်တူတူလုပ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)မှာ ကိုဦးကိုနဲ့အတူ ရုပ်သံသတင်းထောက်အဖြစ် ဝင်ရောက်လုပ် ကိုင်ရင်း Yangon Film School မှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးသင်တန်းတက်ခွင့်ရခဲ့ပါတယ်။

“အဲ့သင်တန်းက တနှစ်ကို ၁၂ ယောက်ခေါ်တယ်။ ဟိုတယ်မှာ ကန့်(camp)ဝင်ပြီး သင်တဲ့သင်တန်းပါ။ အဲ့မှာသင်တန်းရဲ့ အထောက် အကူနဲ့ မှတ်တမ်းရုပ်ရှင်(Documentary)စရိုက်တယ်။ ၅၊ ၆ ပုဒ်လောက်ရှိတယ်။”လို့ ကိုဦးကိုက ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ ရှင်ဒေဝီနဲ့ ကိုဦးကို လက်ထပ်လိုက်ပြီး ၂၀၀၇ ခုနှစ် သံဃာတော်တွေဦးဆောင်တဲ့ရွှေဝါရောင်တော်လှန် ရေး မှာလည်း သူဟာ ခင်ပွန်းသည်နဲ့အတူ မြေပြင်သတင်းတွေ နေရာအနှံလိုက်လံယူခဲ့သူဖြစ်ပါတယ်။

“ကျနော်တို့အဲ့ဒီမှာ အကြမ်းမဖက်ဆန္ဒပြနေတဲ့သူတွေကို စစ်အစိုးရက လက်နက်နဲ့ပစ်ခတ်နှိမ်နင်းတာကို မှတ်တမ်းတင်နိုင် ခဲ့တယ်။ ဒါမဲ့ကျနော်တို့ရွှေတိဂုံဘက်ကနေ ဆူးလေရောက်လာတော့ ဂျပန်သတင်းထောက်က ပစ်ခံရလို့သေနေပြီ။”လို့ ကိုဦးကိုက သူကြုံခဲ့ရတဲ့အခြေအနေကို ပြန်ပြောပြပါတယ်။

 စစ်တပ်ရဲ့ဖမ်းဆီးတာကို သူတို့ဇနီးမောင်နှံ နှစ်ဦးလုံးခံခဲ့ရတာဖြစ်တယ်။ ရှင်ဒေဝီကတော့ စစ်ကြောရေးမှာ ၁ ပတ် ဖြတ်သန်းပြီး လွတ်သွားပေမယ့် ကိုဦးကိုကတော့ ၁ လလောက်အချုပ်ကျခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဥရောပရုပ်ရှင်ထူးချွန်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ BURMA VJ မှတ်တမ်းရုပ်ရှင်မှာ သူတို့တင်ပြခဲ့ တဲ့ရွှေဝါရောင်တော်လှန်ရေးမှတ်တမ်းအကြောင်းလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီကာလမှာ ခင်ပွန်းဖြစ်သူကီုဦးကိုက လေ ဖြတ်သွားတဲ့အတွက် ရှင်ဒေဝီတစ်ယောက်ထဲ ရိုက်ကူးရေးလုပ်ခဲ့ရပါတယ်။

 “နာဂစ်ပြီးတော့ DVB နဲ့ လမ်းခွဲလိုက်တယ်။ ၂၀၀၇ ခုနှစ်တုန်းက ကျနော်တို့အဖမ်းခံခဲ့ရတဲ့လစာတွေမပေးတာကိုအကြောင်း ပြုပြီး ထွက်လိုက်တာပေါ့။”လို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။

နာဂစ်မှာလည်း Yangon Film School အထောက်အကူနဲ့ အစုအဖွဲ့အများကြီးနဲ့ ပေါင်းထုတ်ခဲ့တဲ့“နာဂစ်”လို့ အမည်ပေး ထားတဲ့တစ်နာရီစာ မှတ်တမ်းရုပ်ရှင်ဆိုလည်း ဥရောပနိုင်ငံအထိ ပေါက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား ပညာရေးဥပဒေ ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေကိုလည်း သူက သွားရောက်မှတ်တမ်းတင်ခဲ့ပါသေးတယ်။

“ကျနော်ထင်တာက RFA နဲ့ ၂၀၁၅ လောက်မှာတွဲလုပ်တယ်။ ဝန်ထမ်းတော့မဟုတ်ဘူး။ သတင်းစာချုပ်နဲ့ Documentary စာချုပ် တနှစ်ကို ၁၀ ပုဒ်နှုန်းနဲ့ စာချုပ်ချုပ်ထားတယ်။ တပုဒ်ပြီးရင် ဘယ်လောက်ပေါ့။ အဲ့အချိန်က DVB မှာပေါ့။”လို့ ကိုဦး ကိုက ရှင်းပြပါတယ်။

DVB ကနေထွက်လာပြီး BBC media action ရဲ့ခံစားကြည့်မှာ ဝင်လုပ်နေရင်း ကိုဗစ်ရောဂါတွေစတင်တော့ ဒီပရိုဂရမ် လည်း ရပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာတော့ NGO အဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေက လာအပ်တဲ့မှတ်တမ်း ရုပ် ရှင်တွေကိုသာ ဆက်ရိုက်ကူးနေခဲ့တာပါ။

“လုပ်ချင်တာကတော့ နိုင်ငံရေးပဲ။ တော်လှန်တာကိုယ်က အစွမ်းအစမရှိလို့ မတော်လှန်ပေမယ့် သူတတ်တဲ့မှတ်တမ်း ရုပ်ရှင် နဲ့ နိုင်ငံရေးလုပ်ချင်တာပဲ။”လို့ ခင်ပွန်းဖြစ်သူက ရှင်ဒေဝီရဲ့ဆန္ဒသဘောထားကို ဖွင့်ဟပါတယ်။

သို့ပေမဲ့ သူတို့တွေက နိုင်ငံရေးသမားစစ်စစ်တွေ မဟုတ်တာကြောင့်သူတို့ဇနီးမောင်နှံက တတ်တဲ့ပညာနဲ့သာ အာဏာသိမ်း မှုဆန့်ကျင်ရေးကို လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရှင်ဒေဝီဟာ စစ်တပ်နဲ့စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းလို ပဋိပက္ခပြင်းထန်တဲ့ နေရာတွေအထိသွားရောက်ပြီး ရုပ်သံ မှတ်တမ်းတွေ ရိုက်ကူးနေခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ၃ လကျော်တဲ့ထိ ရန်ကုန်မြို့ရဲ့မြေပြင်အခြေအနေတွေကို ရှင်ဒေဝီက မှတ်တမ်းလိုက် ယူခဲ့သလို တချို့တည်းဖြတ်ဖို့လိုတဲ့ကိစ္စလိုမျိုး အကူအညီတောင်းရင်လည်း ကူညီပေးတာတွေရှိခဲ့တယ်လို့ ကိုဦးကိုက ပြော ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ ရိုက်ကူးရေးအတွက် အွန်လိုင်းကမှာယူထားတဲ့ဒရုန်းတခုကို အောင်မင်္ဂလာ အဝေး ပြေးကားဂိတ်မှာ သွားရောက်ယူနေတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“အဲ့နေ့က မနက်ပိုင်းမှာ ရိုက်ကူးရေးအတွက် ဒရုန်းမှာထားတာသွားယူမယ်လို့ပြောသွားတယ်။ နေ့လယ်ထိမရောက်လာဘူး။ အသံတွေကတော့ကြားနေရပြီ စိတ်ပူတာပေါ့။ ညနေ ၃ နာရီမှာလာရှာတဲ့အဖွဲ့ရောက်လာတော့မှ အဖမ်းခံရတယ်ဆိုတာ သေချာသွားတာ။”လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ရှာဖွေရေးအဖွဲ့တွေက သူ့ရဲ့လက်တော့နဲ့ ကင်မရာတွေကို လာသိမ်းယူသွားခဲ့တာဖြစ်ပါတယ်။ သူ့ကိုဖမ်းသွား ပြီးနောက် ၁၀ ရက်နီးပါးကြာ ရိုက်နှက်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းသွားပြီး တစ်လလောက်ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသလို အမှုလိုက်ပါဆောင်ရွက်ခွင့်လည်း မရခဲ့ပါဘူး။ အချုပ် ကနေ အင်းစိန်ထောင်ကို ရွှေ့တော့မှ မိသားစုဝင်တွေ တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ အင်းစိန်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

ခင်ပွန်ဖြစ်တဲ့ကိုဦးကိုကတော့ “ကိုယ်က မတရားတာမလုပ်ခဲ့လို့ ပြစ်ဒဏ်အပေါ်မှာ တုန်လှုပ်မှုမရှိဘူး။ အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက် ထောင်ထဲမှာ ဆင်းဆင်းရဲရဲနေရတာကို မြင်ရတော့ ကိုယ်ပါနာကျင်ရတယ်။” လို့ဆိုပါတယ်။

သို့ပေမဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရှင်ဒေဝီရဲ့မိသားစုဝင်တွေနဲ့ ချစ်ခင်ရင်းနှီးသူတွေကတော့ သူမအမြန်ဆုံးလွတ် မြောက်ပြီးအိမ်ပြန်ရောက်လာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

Author:

Related Articles