Home ဆောင်းပါး ကြွေလွင့်ခဲ့ရတဲ့ တော်လှန်ရေးကြယ်တစ်ပွင့်

ကြွေလွင့်ခဲ့ရတဲ့ တော်လှန်ရေးကြယ်တစ်ပွင့်

ရှင်ငြိမ်း။ ။

အရပ်သားပြည်သူတွေ အိပ်မောကျနေချိန် ညသန်းခေါင်ယံ(နံနက်) နှစ်နာရီမှာ ဆောင်ဒူလာကျေးရွာလေးထဲမှာ လက်နက် ကြီး ကျသံ၊ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေနဲ့ ဆူညံသွားပါတယ်။

ဆောင်ဒူလာကျေးရွာဟာ ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး ကရင်နီပြည် နယ် မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်တပ်တွေကြား ခုခံစစ်ပွဲတွေဖြစ်နေကြတာပါ။

အာဏာသိမ်းစစ်တပ်ဟာ နှစ်ဘက်တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ လူခြေတိတ်ချိန်မှာ ဒီးမော့ဆိုမြို့နယ်တဝိုက်ကို လက်နက် ကြီးတွေနဲ့တရစပ်ပစ်ခတ်ပြီး လေကြောင်းကနေပါဗုံးကျဲတိုက်ခိုက်လာလို့ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေဆူညံသွားတာပါ။

တစ်ချိန်ထဲမှာပဲ လက်နက်ကြီးကျလို့ ပေါက်ကွဲသံတွေ၊ မီးခိုးတွေ၊ မီးလုံးကြီးတွေကြားမှာ အရပ်သားပြည်သူတွေဟာ ဘေး လွတ်ရာကို အော်ဟစ်ပြေးလွှားနေကြပုံက တကယ့်ငရဲခန်းအလားပါပဲ။

အဲလိုမီးတောက်ကြီးတွေ၊ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေတဲ့ကြား အမျိုးသမီးငယ်တစ်ယောက်ဟာ မကြောက် မရွံ့နဲ့ ပိတ်မိနေတဲ့အရပ်သားတွေ ခဲရာခဲဆစ်ကယ်ထုတ်ပေးနေစဉ်မှာပဲ လက်နက်ကြီးကျပေါက်ကွဲထိမှန်ကာ နေရာမှာပဲ လဲပြိုကျသွားခဲ့တယ်။

သူလက်နက်ကြီးထိမှန်သွားတာနဲ့တပြိုင်နက်ထဲ တခြားရဲဘော်တွေက ပစ်ခတ်မှုတွေကြားကနေ ခက်ခက်ခဲခဲသယ်ထုတ် ကာ အသက်ကယ်ပေးခဲ့ပေမယ့် နာရီအနည်းငယ်အကြာမှာတော့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ဒီလိုအသက်ပေးသွားရတဲ့သူကတော့ စစ်ရှောင်နေရတဲ့အရပ်သားပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေရတဲ့ Free Burma Ranger(FBR)တပ်ဖွဲ့ဝင် မအဲလစ္စဘတ်ဖြစ်တယ်။

အဲလစ္စဘတ်ကို ကယ်ထုတ်လာပေးခဲ့တဲ့သူက“ရွာထဲကို လေယာဉ်နဲ့ ဗုံးလာကျဲလို့ ကျန်တဲ့သူတွေကိုသွားခေါ်ရင်း အဲ့ဒီနေ ရာမှာပဲလက်နက်ကြီးစကခေါင်းမှန်သွားတယ်။ အသက်ကယ်ပေးထားလို့ မနက် ၇ နာရီလောက်မှာသေသွားတယ်”လို့ ပြောပါတယ်။

အဲလစ္စဘတ်ကျဆုံးတဲ့နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ ဆောင်ဒူလာကျေးရွာတခုထဲကို ဗုံးကျဲတိုက်ခိုက်ခဲ့တာမဟုတ်ဘဲ မနက် ၇ နာရီခွဲလောက်မှာ သေးဆူလဲကျေးရွာ၊ ပူဖားကျေးရွာတွေကိုပါ ဂျက်လေယာဉ်သုံးစီးနဲ့ ဗုံးကျဲပစ်ခတ်ခဲ့လို့ အပြစ်မဲ့ အရပ်သားကလေးငယ် သုံးယောက်သေဆုံးခဲ့ရပြန်တယ်။

အဲ့ဒီမတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အဲလစ္စဘတ်နဲ့ အရပ်သားကလေးငယ် သုံး ယောက်အပြင် ကရင်နီပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Karenni Generation Z ရဲ့ စစ် ကြောင်းမှူးဗိုလ်ဆောရယ်အပါအဝင် စုစုပေါင်း ငါးယောက် ကျဆုံးခဲ့ရပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့အဲလစ္စဘတ်ဟာ မောင်နှမ ကိုးယောက်ရှိတဲ့အထဲအငယ်ဆုံးသမီးဖြစ်ပြီး မိဘနှစ်ပါးနဲ့အတူ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အတူတကွအေးချမ်းပျော်ရွင်စွာနေခဲ့ကြတဲ့သူတွေပါ။

သူဟာ တက္ကသိုလ်ကျောင်းပြီးတဲ့နောက်မှာ ပဲခူးတိုင်းက သားဖွားသင်တန်းကျောင်းမှာ တက်ရောက်ပညာသင်ယူနေတာ ၂၀၁၈ ခုနှစ်ကတည်းကဖြစ်ပေမယ့် ကိုဗစ်လှိုင်းနဲ့ အာဏာသိမ်းမှုတွေကြောင့် ဒုတိယနှစ်မှာပဲရပ်တန့်သွားပါတယ်။

သို့ပေမဲ့ကိုဗစ်ကာလကျောင်းတွေယာယီပိတ်ထားတဲ့အချိန်မှာတော့ အဲလစ္စဘတ်ဟာ နေအိမ်မပြန်တော့ဘဲ သူတတ်တဲ့ ပညာနဲ့ ကိုဗစ်လူနာတွေကိုကူညီပို့ဆောင်ပေးနေတဲ့ပရဟိတအဖွဲ့တစ်ခုမှာစေတနာ့ဝန်ထမ်းအဖြစ်ကူညီပေးခဲ့သူဖြစ်တယ်။

ကိုဗစ်ဒုတိယလှိုင်းအပြီးမှာတော့ ကျောင်းတွေပြန်ဖွင့်ဖို့ တာစူနေတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဒါကိုလက်မခံနိုင်တဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်တဲ့အခါ သူလည်း ဦးစီးဦးဆောင်အနေနဲ့ ပါဝင်ခဲ့တယ်။

“ အာဏာသိမ်းပြီးတော့ CDM လုပ်ရာမှာလည်း သူကဦးဆောင်ခဲ့တယ်။ သူက ဘာပဲလုပ်လုပ်တက်တက်ကြွကြွနဲ့တာဝန် ယူတတ်တယ်။ မဟုတ်မခံစိတ်လည်းရှိတယ်။ သတ္တိလည်းရှိတယ်”လို့ အဲလိစ္စဘတ်ရဲ့သူငယ်ချင်းဖြစ်သူ မဖြူနုက ပြောပါ တယ်။

အဲလစ္စဘတ်ရဲ့ဦးဆောင်လိုတဲ့စိတ်ကြောင့်ပဲ သူနာပြု၊ သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂမှာလည်း သူဟာ ပြန်ကြားရေးနဲ့ ဆက်ဆံရေးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ဒီအချိန်မှာ အကြမ်းဖက်စစ်တပ်က CDM လုပ်တဲ့ကျန်းမာရေးဝန်ထမ်းတွေကို ပုဒ်မမျိုးစုံတပ်ကာဖမ်းဝရမ်းထုတ်ပြီး လိုက်လံ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် တိမ်းရှောင်ရင်းနဲ့ Free Burma Ranger အဖွဲ့ထဲကို ဝင်ရောက်သွားခဲ့တာပါ။

အဲ့ဒီအချိန်မှာကတည်းက အဲလစ္စဘတ်ဟာ သူ့အသက်ကို အာဏာရှင်ဆန့်ကျင်ရေးအတွက် ပေးဆပ်ထားခဲ့တာပါလို့ မဖြူ နုက ဆိုပါတယ်။

Free Burma Ranger အဖွဲ့ဆိုတာ စစ်ပဋိပက္ခတိုက်ပွဲဖြစ်ရာဒေသတွေမှာ ပိတ်မိနေတဲ့အရပ်သားပြည်သူတွေကို ကူညီ ကယ်ဆယ်၊ဆေးကုပေးတာနဲ့ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူတို့လုပ်ငန်း တာဝန်ထဲမှာ စစ်ပွဲတွေထဲမှာအနီးကပ်သတင်းယူပြီး ကမ္ဘာသိအောင်ဖြန့်ဝေရတဲ့အလုပ်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် ဒီအဖွဲ့ဟာ တိုက်ခိုက်တဲ့အဖွဲ့မဟုတ်ပေမယ့် လုပ်ငန်းတာဝန်အရ စစ်ပဋိပက္ခကြားမှာ လုပ်ရတာဖြစ်လို့ ကိုယ့်ကို ကိုယ် ကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး အဖွဲ့ဝင်တွေဟာ စစ်ပညာသင်ယူကြရတယ်။

FBRအဖွဲ့ဟာ မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်မတိုင်မီကတည်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်နဲ့ ကယားပြည်နယ်တွေမှာ ကူညီကယ်ဆယ်ရေးသင်တန်းတွေပေးနေခဲ့တာဖြစ်တယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင်ပြည်နယ်မှာရှိနေတဲ့ FBRအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတို့ အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့နေရာတွေဆီအရောက်သွားကာ သင်တန်းတွေပေးပြီး ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက် မှုတွေကို ကမ္ဘာသိအောင်ဖြန့်ဝေမှုတွေလည်း လုပ်ခဲ့ပါတယ်။

FBRသင်တန်းမှာ တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး အမျိုးသားတွေသာမက အမျိုးသမီးတွေလည်းပါဝင်ကာ အပတ်စဉ်တစ်ခု ကို အချိန်သုံးလကြာတက်ရပါတယ်။ အပတ်စဉ်တစ်ခုမှာ အနည်းဆုံးသင်တန်းသား ၂၅၀ လောက်ရှိပါတယ်။

အဲလစ္စဘတ်ကတော့ စစ်အာဏာသိမ်းပြီး မတ်လလောက်မှာ Free Burma Ranger အဖွဲ့ထဲကိုရောက်ခဲ့တာဖြစ်ပေမယ့် ဒီမော့ဆိုမြို့နယ်ရှိ ပိတ်မိနေတဲ့ပြည်သူတွေနဲ့ စစ်ရှောင်တွေအရေးကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေတာ တစ်လကျော် ကျော်သာရှိပါသေးတယ်။

သူကျဆုံးတဲ့နေ့က အဲလစ္စဘတ်နဲ့အတူ စစ်ရှောင်တွေကိုသွားရောက်ကယ်ဆယ်ပေးခဲ့တဲ့ FBRအဖွဲ့ဝင် Rozaru လည်း လက်နက်ကြီးထိမှန်ခဲ့ပေမယ့် သူကအသက်မသေဘဲ ဦးခေါင်းမှာ ပြင်းထန်စွာဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့က အဲလစ္စဘတ်ရဲ့အသက်စွန့်ကယ်ဆယ်မှုကြောင့်လို့ဆိုမလားဘဲ သူ့အသက်ပေးကယ်တင်ခဲ့တဲ့ဒေသခံစစ်ရှောင် တွေဟာ ဘေးမသီရန်မခဘဲလွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီနေ့နဲ့ပတ်သက်လို့ မျက်မြင်တွေ့ကြုံခဲ့ရတဲ့စစ်ရှောင်တစ်ယောက်က“ညလယ်ကြီး အားလုံးအိပ်နေတဲ့အချိန် လေယာဉ် တစ်စီးနဲ့ ဗုံးလာကြဲသွားတော့ ဘုရားကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးသွားတယ်။ နောက်မကွဲသေးတဲ့ဗုံးတစ်လုံး လည်းရှိသေးတယ်။ ရွာသားတွေကတော့ ဘာမှမဖြစ်ဘူး”လို့ ပြောပြပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်၊ လွိုင်ကော်မြို့မှာ FBRအဖွဲ့ဝင် စောရီဘိုးကျဆုံးခဲ့ရသလို မတ်လမှာလည်း အဲလစ္စဘတ်ကျဆုံးခဲ့ရလို့ လက်ရှိအထိကျဆုံးခဲ့ရတဲ့အဖွဲ့ဝင်ပေါင်း သုံးယောက်ရှိပြီလို့ ဒေသအခြေစိုက်ကန္တာရဝတီ တိုင်း(မ်) သတင်းဌာနက ဖော်ပြထားပါတယ်။

ကျဆုံးခဲ့ရတဲ့ အဲလစ္စဘတ်ဟာ FBRမှာပညာသင်နေကတည်းက မိဘတွေနဲ့ ကွဲကွာနေရတာပါ။ မိဘတွေဟာ စစ်ရှောင် နေရလို့ သမီးဖြစ်သူကျဆုံးသွားရတဲ့အခြေအနေကိုတောင် မြင်တွေ့ခွင့် မရခဲ့ကြပါဘူး။

အဲလစ္စဘတ် ကျဆုံးမှုအပေါ် Free Burma Ranger အဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက သူရဲ့စွန့်လွှတ် စွန့်စားနိုင်မှုအပေါ် ဝမ်းနည်းဂုဏ်ယူကြောင်းစာတွေ ထုတ်ပြန်ခဲ့ကြတယ်။

FBRအဖွဲ့ဝင် အဲလစ္စဘတ်ကျဆုံးခဲ့တဲ့ဆောင်ဒူလာကျေးရွာဟာ ဒီမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ကျေးရွာလေးဖြစ်ပေမယ့် စစ်တပ် နဲ့ ဒေသကာကွယ်တပ်တို့တိုက်ပွဲ ဖြစ်ရာဒေသမဟုတ်လို့ တခြားရပ်ရွာတွေမှစစ်ရှောင်နေရသူတွေ အများဆုံးရှိတဲ့ကျေးရွာ ငယ်လေးဖြစ်ပါတယ်။

အဲ့လိုအခြေအနေတည်ငြိမ်တဲ့ကျေးရွာတွေဦးတည်ပြီး အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်၊ တင့်ကားတွေ၊ လက်နက် ကြီးတွေသုံးပြီး ညစဉ်လိုလို ဗုံးကျဲတိုက်ခိုက်နေလို့ အရပ်သားတွေအဖို့ စစ်ရှောင်ဖို့နေရာရှားပါးလာပါတယ်။

လူဦးရေလေးသိန်းကျော်ကျော်သာရှိတဲ့ကရင်နီ(ကယား)ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်းလိုက်တဲ့နေ့က စလို့ ယနေ့အထိစစ်ဘေးရှောင်နေရသူပေါင်း နှစ်သိန်းဝန်းကျင်ရှိနေပါတယ်။

ဒါကလည်း စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တာကြောင့် ဒါကိုလက် မခံနိုင်တဲ့ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြနေတာကို အကြမ်းဖက်ဖြိုခွင်းလာတဲ့အပေါ်ခုခံရင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ် သွားရတာပါ။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအာဏာယူထားတာ တစ်နှစ်ကျော်ရှိလာသည်အထိ မြန်မာပြည်နေရာအနှံအပြားမှာ တိုက်ပွဲ မဖြစ်တဲ့ ရက်မရှိရလေအောင် တစ်နေရာမဟုတ် တစ်နေရာရာမှာတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတတ်ပါတယ်။ အထူး သဖြင့် ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို ဦးတည်တိုက်ခိုက်နေတာပါ။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားကတော့“ချင်း၊ စစ်ကိုင်း၊ မကွေးတို့လို သူတို့(စစ်တပ်)ကို အပြင်းအထန် ဆန့်ကျင်နေတဲ့နေရာတွေကို ဥပမာပေးချင်တဲ့ပုံစံနဲ့ ကျနော်တို့ကရင်နီပြည်နယ်ကို အခုလိုပြင်းပြင်းထန်ထန်တိုက်ခိုက် ချေမှုန်းနေတာ”လို့ ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့အုပ်ချုပ်မှုယန္တရားပြန်စနိုင်ဖို့နဲ့ ခြေကုတ်ယူနိုင်ဖို့ လူဦးရေသိပ်သည်းမှုများတဲ့လွိုင်ကော်၊ ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သူက သုံးသပ်နေပါတယ်။

လက်ရှိကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်နဲ့ အရပ်သားပြည်သူ ၂၂၁ ယောက်ကျဆုံးခဲ့ရပြီး ဘာသာ ရေးအဆောက်အဦး ၁၀ လုံးနဲ့ လူနေအိမ် ၆၄၉ လုံးပျက်စီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက မတ်လ ၂ ရက်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယနေ့ချိန်ထိ ကရင်နီပြည်နယ်အတွင်းလေကြောင်းနဲ့ ဗုံးကြဲမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဖြတ် လေးဖြတ်ဖြစ်တဲ့ရိက္ခာ၊ မီး၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါဖြတ်တောက်ထားလို့ အရပ်သားပြည်သူတွေဟာ စားဝတ် နေရေးခက်ခဲမှုတွေအပြင် စစ်ရေးအရပါ စိုးရိမ်သောကတွေနဲ့ နေထိုင်နေကြရပါတယ်။

စိုးရိမ်သောကနဲ့ ပြည်သူတွေနေထိုင်ကြရသလိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားအဆမတန်နဲ့ ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ရတဲ့အင်အားနဲ့ တွန်းလှန်တိုက်ခိုက်နေကြပါတယ်။ စစ်ဘေးရှောင်တွေအတွက်လည်း အဲလစ္စဘတ်တို့လို လူငယ်တွေဟာ အသက်ကိုပင် ပဓာနမထားဘဲ ကူညီၤဆောင်ရွက်နေကြတာပါ။

ဒါကြောင့် အဲလစ္စဘတ်ဟာ အလုပ်လုပ်ရာမှာတာဝန်ကျေတဲ့သူရဲကောင်းလို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အခု လိုမှတ်ချက်ပြုပါတယ်။

“ သူအစိုးရိမ်ဆုံးက ပြည်သူတွေဒုက္ခရောက်မှာ ထိခိုက်သေဆုံးမှာအရမ်းကြောက်တယ်။ အရေးပေါ်တခုခုကူညီဖို့လိုရင် ဘာအန္တရာယ်မှမကြည့်တော့ဘူး။ အတင်းတိုးဝင်တော့တာပဲ။ တကယ်တော့ သူဟာ တာဝန်ကျေတဲ့သူရဲကောင်းပါ။ သူသေဆုံး ရတာဟာ ကျနော်တို့အတွက်တော့ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါပဲ”

Author:

Related Articles