Home မေးမြန်းခန်း အမျိုးသမီး ဓမ္မအမှုတော်ဆောင် သင်းအုပ်အရာ သိက္ခတင်ခွင့်အပေါ်အမျိုးသားများ၏အမြင်များ

အမျိုးသမီး ဓမ္မအမှုတော်ဆောင် သင်းအုပ်အရာ သိက္ခတင်ခွင့်အပေါ်အမျိုးသားများ၏အမြင်များ

ဒေဝီ။ ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေက အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားခံရပြီး သင်းအုပ်ဖြစ်ခွင့်မရတဲ့အတွက် အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) ပေးဖို့အတွက်ထောက်ခံနှိုး‌ဆော်တဲ့ ကမ်ပိန်းက မတ်လဒုတိယပတ်ကစပြီး ပျံ့နှံ့လာပါတယ်။

အခြားတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရှမ်း၊ အခါ စတဲ့ နှစ်ခြင်းခရစ်ယာန် အသင်းတော်တွေမှာ အမျိုးသမီး သိက္ခာတော်ရဆရာမတွေ၊ သင်းအုပ်တွေ ရှိလာပြီဖြစ်ပေမဲ့ ကချင်နှစ်ခြင်းခရစ်ယာန်မှာတော့ အမျိုးသမီးဓမ္မအမှုတော် ဆောင်တွေဟာ အမျိုးသမီးဖြစ်ခြင်းကြောင့် ယင်းနေရာနဲ့မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ခွဲခြားခံထားရပြီး သိက္ခာတင်ခွင့်မရ သင်းအုပ်ဖြစ်ခွင့်မရ ရှိနေဆဲဖြစ်ပါတယ်။

ကချင်လူမှုအသိုင်းအဝိုင်းနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက #WeSupportWomenOrdinationInKBC ဆိုတဲ့ စာသားတွေကိုလူမှုကွန်ယက်တွေမှာတင်ကာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာသိက္ခာတင်ခွင့် (Ordination) ပေးအပ်ဖို့ ထောက်ခံနှိုးဆော်ကြသလို တစ်ဖက်မှာလည်းဝေဖန်ရှုတ်ချမှုတွေကန့်ကွက်သံတွေ ထွက်ပေါ်လာခဲ့ကြတယ်။

ဒါကြောင့် အမျိုးသားတွေက Ordinationဖြစ်ဖို့ အခွင့်အရေးရနေပြီး အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေ သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) မရရှိမှုနဲ့ ပတ်သက်ပြီး ဘာသာရေးနဲ့ ကချင်လူမှုအသိုင်းအဝိုင်းက အမျိုးသားတွေရဲ့အမြင်ကို စုစည်းဖော်ပြလိုက်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အသင်းသားတစ်ဦး
အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာသိက္ခာတင်ခွင့်(Ordination)ပေးအပ်ဖို့ ကမ်ပိန်းလုပ်နေတာ လုပ် သင့်တဲ့ကိစ္စလို့မြင်ပါတယ်။ တိုင်းပြည်အခြေအနေက ရှုပ်ထွေးနေလို့ အချိန်အခါမသင့်ဘူးပြောကြတာရှိပေမဲ့ အချိန်ရွေး စရာ လိုတယ်လို့မထင်ပါဘူး။ ကျွန်တော့်အမြင်ကတော့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို Ordination ပေးဖို့သင့် တယ်လို့ မြင်ပါတယ်။ မိန်းမဖြစ်နေလို့ မပေးဘူးဆိုတာမျိုးကို သဘောမကျပါဘူး။ လုပ်ရည်ကိုင်ရည်နဲ့ ဆုံးဖြတ်တာမျိုး ဖြစ်စေချင်ပါတယ်။

တခြားအသင်းတော်မှာ အမျိုးသမီးတွေက Ordination ဖြစ်ခွင့်ရပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာ မရသေးတာက KBCက ကချင်လူ့အဖွဲ့အစည်းအထဲကဆို‌တော့ ကချင်လူမှုထုံးတမ်းဓလေ့လွှမ်းမိုးမှုကြောင့်လို့ထင်ပါတယ်။ အဲဒီမှာ ကချင် အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသား(ဆရာ)တွေကို ပိုအလေးအမြတ်ပြုချင်တာကလည်း ရာခိုင်နှုန်းအများစု ဖြစ်နေ သေးတာကို မြင်ရပါတယ်။ ဘုရားအမှုတော်ဆောင်တဲ့နေရာမှာ သူ့ရဲ့ဆက်ကပ်မှု၊ အသင်းသူအသင်းသားတွေကို ဝိဉာဉ် ရေးရာလမ်းပြ ဦးဆောင်နိုင်မှုနဲ့သာ သိက္ခာတင်ခွင့် ပေးမယ်မပေးဘူး ဆုံးဖြတ်သင့်တယ်လို့ မြင်ပါတယ်၊ အမျိုးသမီး ဖြစ်လို့ မပေးဘူး၊ အမျိုးသားဖြစ်လို့ပေးတယ်ဆိုတာကို မထောက်ခံပါဘူး။ KBCမှာအမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို Ordination ဖြစ်ခွင့်ပြုတဲ့အခါကျရင် ကျွန်တော်အနေနဲ့ကတော့ အမျိုးသမီးဆရာတော်ကပေးတဲ့ လက်တင်မင်္ဂလာ၊ ကောင်းချီးပေးမှုတာတွေကို လက်ခံနိုင်ပါတယ်။

ဆရာစိုင်းထွန်းထွန်းဦး (လက်ထောက်သင်းအုပ် -Judson Church -ယုဒသန်အသင်းတော်)
ဒီရက်ပိုင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းမှာရှိတဲ့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သိက္ခာလက်တင်ပေး နိုင်ဖို့ ကမ်ပိန်းတွေလုပ်တာတွေ့ရပါတယ်။ အထူးသဖြင့်တော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သင်းလုံးကျွတ် အစည်း အဝေး မတိုင်ခင် ဒီလှုပ်ရှားမှုကိုတွေ့ရတော့ အခုလာမဲ့ အစည်းအဝေးမှာ တောင်းဆိုဖို့ရှိပုံရပါတယ်။ ဒါမှမဟုတ် ဒီအစည်း အဝေးမှာ ပြောလာအောင် တွန်းအားပေးတဲ့ အစီအစဉ်လည်းဖြစ်နိုင်ပါတယ်။ ဒီအစီအစဉ် ဖော်ဆောင်ဖို့အတွက် ကချင် အမျိုးသမီးအရေးစိတ်ဝင်စားတဲ့ တက်ကြွသော ကချင်အမျိုးသမီးခေါင်းဆောင် လိုအပ်သလို အမှန်တကယ်ပြောင်းလဲခြင်း ကို လိုလားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းက ဓမ္မဆရာမတွေ ဦးဆောင်ပြီး လှုပ်ရှားတယ်လို့ မှတ်ယူပါတယ်။ ကျွန်တော်ခန့်မှန်းတဲ့အတိုင်းဖြစ်မယ်ဆိုရင်တော့ ဂုဏ်ပြုချီးကျူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးဆောင်တဲ့ အမျိုးသမီး တွေဟာ အများစုပညာတတ်တွေဖြစ်ပါလိမ့်မယ်။ ဒီကိစ္စ ဘယ်လောက်ခက်ခဲမလဲ၊ ဦးဆောင်သူတွေကို ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ဖျက်စီးတဲ့သူများလို့ ရှေးရိုးစွဲများရဲ့ အပြောခံရနိုင်တယ်။ ဒီလိုအခြေအနေမျိုး ကြုံတွေ့နိုင်တာသိလျက်နဲ့ ဒီကမ်ပိန်းကို အစပြုတယ်ဆိုတော့ သတ္တိကမနည်းဘူးလို့ မှတ်ယူမိပါတယ်။

Ordination ဆိုတာ ခရစ်ယာန်ဘာသာဝင်များရဲ့ မင်္ဂလာဝတ်ကို ဆောင်ရွက်ဖို့ သတ်မှတ်ခြင်းခံရတာ ဖြစ်ပါတယ်။ နံပတ်(၁) လက်ထပ်ထိမ်းမြားခြင်း၊(၂) ပွဲတော်မင်္ဂလာစီရင်ခြင်း၊(၃) ဘာသာဝင်ဖြစ်ခြင်းအတွက် ဗတ္တိဇံမင်္ဂလာပေးခြင်း၊ (၄) ဘုရားရှင်ရဲ့ကောင်းချီးကိုထပ်ဆင့်ပေးခြင်း ဒါတွေကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီဆောင်ရွက်ရတဲ့ မင်္ဂလာဝတ်တွေက ခွန်အားဗလနဲ့မဆိုင်ပါဘူး။ ဘုရားစကားကို နားထောင်နာခံ လိုက်လျှောက်ခြင်းနဲ့သာဆိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး ဖြစ်စေ၊အမျိုးသားဖြစ်စေ သင့်တော်ပါတယ်။

ဒီမင်္ဂလာဝတ်ဆောင်ရွက်ဖို့အတွက် သင်းအုပ်ဖြစ်ခြင်း မဖြစ်ခြင်းကအရေးမကြီးပါဘူး။ လက်တင်သိက္ခာရရင် မည်သူမဆို ဆောင်ရွက်ခွင့်ရှိပါတယ်။ ဆောင်ရွက်ခွင့်မရတဲ့ ဓမ္မဆရာတစ်ဦးအတွက်လည်း အရေးအထူးမကြီးလှပါဘူး။ မိမိအကျိုး အတွက်မဟုတ်ပါဘူး။ ဘာသာဝင်တို့အကျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို နားမလည်သူက သိက္ခာတင် မင်္ဂလာရဖို့ ကမ်ပိန်းမလုပ်သင့်ဘူးလို့ ယူဆသူ အများကြီးရှိနေနိုင်ပါတယ်။ သိက္ခာလက်တင်မင်္ဂလာရသူလုပ်ရတဲ့ အလုပ်ကိုကြည့်ပြီး အပေါ်ယံဆုံးဖြတ်တတ်ကြပါတယ်။ သိက္ခာတင်မင်္ဂလာရရှိခြင်း၊ မရရှိခြင်းကို မိမိတစ်ဦး တစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ ချိန်ထိုးရင်တော့ လက်တင်သိက္ခာ မရသူအတွက် အကျိုးခံစားခွင့်နဲ့ လုပ်ပိုင်ခွင့်တချို့ ဆုံးရှုံးတာကို တချို့ မမြင် ကြပါဘူး။ သင်းအုပ်ဆရာတော်ဖြစ်ခြင်း၊ အဖွဲ့ချုပ်၊ အသင်းချုပ်များရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ခြင်း၊ ဥက္ကဌ ဖြစ်ခြင်းမှာ သိက္ခာလက်တင်ရခြင်းမရခြင်းက အရေးပါလာတယ်။ ဒီရာထူးအတွက် သိက္ခာလက်တင်လိုအပ်တယ်လို့ လူမှုဆိုင်ရာ သတ်မှတ်ချက်တွေအရ အသင်းအဖွဲ့ ဖွဲ့စည်းပုံစည်းကမ်းတွေမှာ သတ်မှတ်ထားတာကြောင့်လည်းဖြစ်တယ်။

သမ္မာကျမ်းစာကလည်း လူသားအားလုံး အသားအရောင်၊လိင်၊ ချမ်းသာဆင်းရဲ မခွဲခြားအားလုံးအတူတူပဲလို ဆိုထားတာ ကြောင့် ကျွန်တော့အနေနဲ့ အမျိုးသမီးတွေကို သိက္ခာလက်တင်ပေးဖို့ လက်ခံသင့်တယ်လိုမှတ်ယူပါတယ်။ လက်မခံသင့် တဲ့အရာရယ်လို့ မရှိဘူးလို့မြင်ပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်အနေနဲ့လည်း ခရစ်ယာန် သမ္မာကျမ်းစာအရ အမျိုးသမီးကို လက်တင်မင်္ဂလာပေးသင့်ကြောင်းကို လက်ခံလိမ့်မယ်လို့ ထင်ပါတယ်။ လူအမျိုးသမီးတစ်ဦးဖြစ်လို့ သိက္ခာ လက်တင်မပေးဘူးဆိုတာတော့မဖြစ်သင့်ပါဘူး။

အခြားအသင်းတော်တွေမှာ အမျိုးသမီးကို (Ordination) နေရာပေးတာတွေရှိနေပေမဲ့ KBC မှာဖြစ်ခွင့်မရသေးတာက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နှစ်ခြင်းခရစ်ယာန်ထဲမှာ အင်အားကြီးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အလျောက် ဘာသာရေးမှာ လည်း အားကြီးတဲ့အဖွဲ့ဖြစ်တယ်။ သမ္မာတရားနှင့် လွဲချောသော လမ်းကို လျှောက်လှမ်းသော အဖွဲ့မဟုတ်ဘူး။ ဒါပေမယ့် ဓလေ့ထုံးစံကို ဦးထိပ်ထားတဲ့ လူမျိုးနွယ်စုဖြစ်တယ်။ ဒီနေ့အချိန်ထိ တရားစီရင်ရေးမှာ ထုံးတမ်းစဉ်လာကို ထည့်သွင်း စဉ်းစားသူများလို့ မိမိအနေဖြင့် မှတ်ထင်ပါတယ်။ ရှေးရိုးစွဲသူတို့ရဲ့ သတ်မှတ်ချက်ကို မလွန်ဆန်နိုင်သကဲ့သို့ ရိုးရာဓလေ့ကို အလေးမထားလျှင် မိမိလူမျိူးနွယ်စုအပေါ် မချစ်ရာရောက်တယ်လို့ သတ်မှတ်စွဲလမ်းတာလည်းရှိတယ်။ ရိုးရာယဉ်ကျေးမှု ကို ခေတ်နှင့်လျော်ညီအောင် ပြုပြင်လိုသူကနည်းသေးတယ်။ အထူးသဖြင့် တာဝန်ယူခေါင်းခံရဲသူနည်းတယ်။ အခု ကမ်ပိန်းမှာ တာဝန်ခံရဲသော ကချင်အမျိုးသမီးခေါင်းဆောင်နှင့် ဓမ္မအမှုတော်ဆောင်ပေါ်လာသောကြောင့်သာ ဖြစ်ပေါ်လာ ရတယ်လို့ မှတ်ယူတယ်။

သင်းအုပ်အရာ သိက္ခာတင်ခွင့်(Ordination)ကို အမျိုးသမီးတွေဘာကြောင့်ရသင့်လဲဆိုရင်တော့ခရစ်တော် သက်ရှိ ထင်ရှားရှိစဉ်ကာလကတည်းက ဒီနေ့တိုင် ခရစ်တော်ပြုတဲ့ သာသနာလမ်းခရစ်မှာ အမျိုးသမီးတွေ ပါဝင်လျက်ရှိပါတယ်။ အမျိုးသမီးရဲ့ အခန်းကဏ္ဍဘယ်လောက်အရေးပါသလဲဆိုတာ ကျွန်တော်တို့အသင်းတော်တွေ၊သာသနာနယ်တွေ သိပြီး သား ဖြစ်ပါတယ်။ အထူးသဖြင့် သာသနာနယ်များရဲ့ လည်ပတ်နေတဲ့ အလှူငွေနဲ့အလုပ်ယန္တရားမှာ အမျိုးသမီးသာ မပါ ခဲ့ရင် ခက်ခဲမယ်ဆိုတာလဲ ဘာသာဝင်များသိပါတယ်။ တကယ်လို့သာ အမျိုးသမီးပါဝင်မှု မလိုအပ်ရင် ဘုရားရှင်ဖယ်ရှား ပါလိမ့်မယ်။ မိမိတို့ဖယ်ရှားမှုကြောင့် မိမိတို့ရဲ့ လူမျိုးနွယ်စု လူမှုဆိုင်ရာစံနှုန်းကြောင့် သာသနာ့ခရီး မနှောင့်နှေးပဲ တိုးတက် ဖွံ့ဖြိုး ဖို့ဆိုရင် အမျိုးသား၊အမျိုးသမီးတန်းတူ အခွင့်အရေး ရသင့်ပါတယ်။ ပေးသင့်ပါတယ်။

ကိုသိန်ထွဋ်ပန် (ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် – Karen Baptist Convention အသင်းသား)
Women Ordination ကမ်ပိန်းက တော်လှန်ရေးကာလဖြစ်နေတာကတစ်ကြောင်း လူတွေအားလုံးရဲ့စိတ်ထဲမှာက မတရား မှုမှန်သမျှကို ဆန့်ကျင်ဖို့ စိတ်အားထက်သန်နေကြတဲ့ အခါတုံ့ပြန်မှုအားကောင်းသွားတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်လေး ဖြစ်သွားတာလို့မြင်တယ်။ ဒီတခါကမ်ပိန်းက ကချင်/ခရစ်ယာန်ကို အခြေခံတာဖြစ်တဲ့ဖြစ်ပေမယ့် ကချင်မဟုတ်သော ခရစ်ယာန်မဟုတ်သော လူထုပါဝင်လာတာဖြစ်တဲ့အတွက် မတရားဖိနှိပ်မှုအပေါ် ရတဲ့နည်းလမ်းနဲ့ တုံ့ပြန်ရမယ်ဆိုတဲ့ လူတွေရဲ့ Mindset (အတွေး) ကို အထင်းသားမြင်စေတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့လည်းမြင်နိုင်သလို ဒါက နှစ်ပေါင်းများစွာ (ကချင်) ယဉ်ကျေးမှုအခြေခံတဲ့ ဘာသာရေးဆိုင်ရာ အမျိုးသမီးများအပေါ်ဖိနှိပ်မှုကို ထိထိရောက်ရောက် ဖွင့်ချစိန်ခေါ်နိုင်ခဲ့ တဲ့ ကမ်ပိန်းလို့လည်း ပြောလို့ရပါတယ်။

ဘာသာရေးဆန်ဆန်ပြောရရင်မည်သူမဆို (ကျားဖြစ်ဖြစ်/ မဖြစ်ဖြစ်) ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာတာဝန်ထမ်း ဆောင် နိုင်ရင် ဘုရားသခင်အလိုတော်နဲ့အညီ အသက်တာကို လိုက်လျှောက်နိုင်ရင် သူနဲ့ထိုက်သင့်တဲ့ဆုလဒ်၊အကျိုးခံစားခွင့် ၊ ချီးမြှောက်ခံရခွင့် ညီတူညီမျှရှိရမှာပဲ၊ ဒါကိုယောကျာ်းပဲ ရသင့်တယ်လို့ထင်လာရင် အဲ့ဒီလူ့အဖွဲ့အစည်းက တစ်နေရာရာမှာ Unhealthy (ချို့ယွင်း) နေပြီလို့ပြောလို့ရတယ်။ ဒါ့ကြောင့် Women Ordination issue ကို အခုချိန်မှာပြောဆိုနေရတာ၊ တောင်းဆို တိုက်ပွဲဝင်၊စိန်ခေါ်နေရတာကိုက လူ့အဖွဲ့အစည်းရဲ့အရွေ့ကို သိပ်နှောင့်နှေးစေတယ်လို့မြင်တယ်။ ဒါကြောင့် Women Ordination ကို လက်ခံတယ်။ ဖြစ်နိုင်ရင် Ordination ရဲ့အရှေ့မှာ ဘာစကားလုံးကိုမှ မရှိစေချင်တော့တာ။

အခြားအသင်းတော်တွေမှာ Women Ordination ရှိပြီး KBC(ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်)မှာ မရတာက အမျိုးသမီး တစ်ယောက်အဖြစ် ကချင်လူမျိုးမှာမွေးဖွားလာတာကိုက အဓိကအချက်လို့ဆိုရမှာပဲ။ ယောကျာ်းလေးတစ်ယောက် အနေနဲ့ မွေးလာပြီး ဘယ်လောက်ပဲ မဟုတ်တာတွေလုပ်နေပါစေ၊ Ordination ရဖို့ အခွင့်အလမ်းက အမျိုးသမီးထက် အများကြီး သာပါတယ်။ အမျိုးသမီးဖြစ်နေခြင်းအပေါ် ဘာသာရေးသွန်သင်ချက်ကို ကိုယ်လိုရာဆွဲတွေးပြီး ကန့်သတ်လိုက်တာလည်း ပါပါတယ်။ ဒီလိုလုပ်ပိုင်ခွင့်ရှိတဲ့သူတွေ ကိုယ်တိုင်က ကိုယ်လုပ်ချင်တဲ့အရာဆိုရင် ဘာသာရေး သွန်သင်ချက်တွေကို လျစ်လျူရှုပြီး အမျိုးသမီးနဲ့ပတ်သတ်ရင် ဖြစ်ဖြစ် Women Ordination နဲ့ပတ်သတ်ရင် ဖြစ်ဖြစ် ဘာသာရေးကို တိတိကျကျတစ်သွေမတိမ်း လိုက်နာကျတာကိုတော့ အံ့သြစွာတွေ့ရပါတယ်၊ နောက်တစ်ချက်ကတော့ Women Ordination နဲ့ ပတ်သတ်တဲ့ Culture ethnical stereotypes (လူမှုထုံးတမ်းဓလေ့) အရမ်းအားကောင်းနေတယ်လို့ပဲ ဆိုပါရစေ။ ယေဘူယျအားဖြင့် အမျိုးသမီးအသင်းဝင်တွေကိုယ်တိုင်က Women Ordinationကို လက်မခံနိုင်ကျတာကို တွေ့နိုင် ပါတယ်။ သိက္ခာတော်ရဆိုရင် အမျိုးသားနဲ့ပဲဆိုင်တဲ့ အမျိုးသားနဲ့ပဲ တွေ့မြင်ရမယ်ဆိုတဲ့ Mindset (အတွေး) ကြီးက နက်နက်နဲနဲကို အမြစ်စွဲနေပုံရပါတယ်၊

အမှန်ဆို မွေးရာပါ Sex အပေါ် အခြေမခံဘဲ Ordination ဆိုတာရှိနေသင့်တဲ့အရာတစ်ခုပါ။ အမျိုးသမီးတစ်ယောက် Ordination ရဖို့တောင်းနေရတာကိုကသဘာဝမကျတာပါ။ Ordination က အမျိုးသမီးအတွက်ဆို တောင်းမှရမယ်ဆိုတဲ့ အနေအထားက ဖြစ်ကို မဖြစ်သင့်တော့တာပါ။

ကျွန်တော်တို့ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာတော့ လက်တင်ရအမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေရှိနေပါပြီ။ ဒါပေမယ့်အမျိုးသားနဲ့ယှဉ်ရင်တော့ နည်းပါသေးတယ်။ Decision Making level (ဆုံးဖြတ်ခွင့်ရနယ်ပယ်) မှာလည်း အမျိုးသမီး အရေအတွက် နည်းနေပါသေးတယ်။ တစ်ချို့ KBC(ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) လက်အောက်ခံ လူမျိုးစုတစ်ချို့မှာတော့ လက်တင်ရ အမျိုးသမီး လုံးဝမရှိသေးပါဘူး။ (ဒါပေမယ့် KBCလက်အောက်ခံနာမည်နဲ့မှိန်းနေတဲ့ သဘောတွေတော့တွေ့ရဆဲပါ)။ အမျိုးသမီး လက်တင်ရတစ်ယောက် ဦးဆောင်တဲ့ပေးတဲ့ ဘယ်ဘာသာရေးကျင့်သုံးမှုမဆို ကျွန်တော့်အတွက်ကတော့ ပြသနာမရှိပါဘူး။ကျား/မ ဖြစ်ခြင်းက အဓိကမကျလို့ပါ။

Author:

Related Articles