Home ဆောင်းပါး လောက်ကိုင်မြို့က အလုပ်ခေါ်စာ နောက်ကွယ်

လောက်ကိုင်မြို့က အလုပ်ခေါ်စာ နောက်ကွယ်

နန်းဆိုင်နွမ်။ ။

“မိန်းကလေး အသက် ၃၀ အောက် ရုပ်ရည်အသင့်တင့်ရှိရမယ်။ လစာ ယွမ်” ဆိုတဲ့ အလုပ်ခေါ်စာဟာ လောက်ကိုင်အလုပ်ရှာဖွေရေးဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နေ့စဥ်နီးပါး တွေ့ရပါတယ်။

ထို အလုပ်ခေါ်စာကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ သီပေါမြို့နေ နန်းစံဟာ စိတ်ဝင်စား သွားခဲ့ပါတယ်။

ဒါ့ကြောင့် သူမဟာ အလုပ်ခေါ်စာထဲ မှာဖော်ပြထားတဲ့ ဖုန်းနံပတ်ကို ဆက်သွယ်ခဲ့ပြီး လောက်ကိုင်မြို့ကိုသွားဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ ကုမ္ပဏီ နဲ့ချိတ်ပြီး လောက်ကိုင်ကို ၂၀၂၂ခုနစ် နှစ်စပိုင်းမှာ ရောက်သွားပါတော့တယ်။

လောက်ကိုင်မြို့ဟာ မြန်မာ-တရုတ်နယ်စပ် မြို့တမြို့ဖြစ်ပြီး၊ အဲဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီးတရုတ်ဘာသာစကား၊ တရုတ်စာနဲ့ တရုတ် ငွေကြေး ကိုသာ အဓိက သုံးဆောင်တဲ့မြို့ဖြစ်ပါတယ်။

၂၀၁၉ခုနစ် နှစ်ကုန်ပိုင်း ကစပြီး ကိုဗစ်ရောဂါ ကူးစက်မှု ပြန့်နှံ့လာတဲ့အတွက် ကမ္ဘာတဝှမ်းလုံး ခရီးသွားလာမှု၊ တနိုင်ငံနဲ့ တနိုင်ငံ ဝင်၊ ထွက်ခွင့်ကို ပိတ်ခဲ့ရပါတယ်။ အဲဒီထဲမှာ မြန်မာ-တရုတ်နယ်စပ်လည်း နယ်စပ် တံခါးကို ၂၀၁၉ခုနစ် နှစ်နှောင်းပိုင်းက စပြီး ခုချိန်ထိ ပိတ်ထားဆဲပါပဲ။

တရုတ်နိုင်ငံကို ခိုးဝင်လို့မရအောင်လည်း တရုတ်နိုင်ငံ အာဏာပိုင်တွေက နယ်စပ် တလျောက်မှာ ခြံစည်းရိုးတွေ သံဆူးကြိုးတွေနဲ့ ကာရံလိုက်ပါတယ်။

ဒါ့ကြောင့် တရုတ်ပြည်ဘက်ကို သွားရောက်အလုပ်လုပ်ခဲ့ဖူးတဲ့ ရှမ်းပြည်မြောက်ပိုင်းကလူတွေ အထူးသဖြင့် လူငယ်တွေက ၂နှစ်နီးပါးအလုပ်လက်မဲ့ဖြစ်ခဲ့ရာကနေ လက်ရှိမှာတော့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့မှာ အလုပ်ခေါ်တဲ့စာကို နန်းစံ လိုပဲ အခြားရှမ်းလူငယ် အမျိုးသမီးတွေက စိတ်ဝင်စားလာကြပါတယ်။

“အလုပ်ကတော့ ဟိုတယ်မှာဖွင့်တဲ့ လောင်းကစားတွေမှာ လုပ်ရပါတယ်။ တရုတ်စကားတတ်ရတယ်။ တလ ကို ၆ သိန်းရတယ်။ ဖဲဝေတာတွေ လုပ်ရတယ်” လို့ နန်းစံက ပြောပြပါတယ်။

လောက်ကိုင်မြို့တွင် လောင်းကစားနဲ့ပတ်သက်တဲ့ အလုပ်ရှိသလို အွန်လိုင်းမှတဆင့်လိမ်ရတဲ့ အလုပ်လည်း ရှိကြောင်း နန်းစံက ရှင်းပြပါတယ်။

“ ဒီမှာကတော့ လောင်းကစားမျိုးစုံရှိတယ်။ ဟိုတယ်တိုင်းက လောင်းကစားဖွင့်တယ်လေ။ နောက်ပြီး အွန်လိုင်းကနေ လူခေါ်ရတယ်။ ဂိမ်းဆော့ဖို့ ခေါ်ရတာရှိတယ်” လို့ နန်းစံက လောက်ကိုင်မြို့က အခြေအနေကို ပြောပါတယ်။

နန်းစံဟာ ဟိုတယ်မှာ ဖဲဝေတဲ့အလုပ်ကိုသာ အဓိကလုပ်ကိုင်ရပြီး စဝင်တဲ့လ မှာ တရုတ်ယွမ် ၁၅၀၀ (မြန်မာကာလပေါက်စျေး ၅သိန်း)ကျော် ရပါတယ်။ ဖဲဝေတဲ့အလုပ် လုပ်ဖို့က အရပ်အမောင်း၊ တရုတ်ဘာသာစကားကျွမ်းကျင်မှု နဲ့ ဖဲဝေတတ် ဖို့ လိုအပ်ပါတယ်။

“ ကျမ အဲ့ကို မဝင်ခင်မှာ ဖဲဝေသင်တန်းကို အရင်တက်ရတယ်။ နောက်ပိုင်းကျရင် လုပ်နိုင်ရင် လုပ်နိုင်သလောက်ပေးပါတယ်။ ကျမ ဒီအလုပ်ကို မလုပ်ချင်ပေမယ့် အိမ်မှာနေရင် ဘာမှ လုပ်စားလို့မှ မရတာ။ စားဝတ်နေရေးက ရှိသေးတယ်လေ” လို့ နန်းစံ က သိမ်ငယ်တဲ့ အသံနဲ့ ပြောလာပါတယ်။

နန်းစံ နည်းတူ ကွတ်ခိုင်မြို့မှာနေထိုင်တဲ့ လွေးအေးတယောက်ဟာလည်း လားရှိုးမြို့မှာ အဝေးသင်တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့ သူတယောက်ဖြစ်ပြီး လက်ရှိမှာနိုင်ငံရေးနဲ့ ကိုဗစ်အရေးတို့ကြောင့် ကျောင်းဆက်မတက်တော့ဘဲ လောက်ကိုင်မြို့သို့ အလုပ်သွားလုပ်ခဲ့ပါတယ်။

လွေးအေး တို့ဟာ အင်္ဂလိပ်စာ၊ ကွန်ပျူတာ တတ်ကျွမ်းပေမယ့် တရုတ်စာကို မတတ်ကျွမ်းသည့်အတွက် အလုပ်ရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ နန်းစံ လိုပဲ “လောက်ကိုင်အလုပ်ခေါ်စာ”ကြောင့် လောက်ကိုင်ကို ရောက်သွားခဲ့ပါတယ်။

လောက်ကိုင်ကို ရောက်သွားချိန်မှာတော့ သူမမျှော်လင့်ထားတဲ့ အလုပ်မျိုးမဟုတ်ဘဲ အွန်လိုင်း လောင်းကစားမှ တဆင့် လူတွေဆီကနေ ငွေလိမ်ရတဲ့ အလုပ်ဖြစ်နေပါတယ်။ သူမရောက်ရောက်ချင်းနေ့မှာပဲ ကွန်ပျူတာ တလုံး၊ ဖုန်း ၂လုံး ကုမ္ပဏီက ထုတ်ပေးခဲ့ပါတယ်။

အွန်လိုင်း လောင်းကစား စလုပ်တဲ့ လမှာတော့ တလလျှင် တရုတ်ငွေ ယွမ် ၂၀၀၀ ကနေ ယွမ် ၃၀၀၀ ထိ (မြန်မာငွေကာလ ပေါက်စျေး ကျပ် ၇သိန်းခွဲ ကနေ ၁၁သိန်းကျော်) ထိရပါတယ်။

“ စရောက်တော့ ကျမက သာမာန်အွန်လိုင်းအလုပ်ပဲထင်ခဲ့တာ။ သင်တန်း ၂ရက်လာပေးတော့မှ နိုင်ငံခြားသားတွေကို ဂိမ်းလာဆော့ဖို့ လိမ်ရမယ့်အလုပ်ဆိုတာသိတာ။ မြန်မာအချင်းချင်းလည်း လိမ်ရတယ်။ အဲ့လုပ်ငန်းက တခါမှမလုပ်ဖူးဘူး” လို့ လွေးအေး က သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

photo- လောက်ကိုင် အလုပ်အကိုင်ရှာဖွေရေး page

လွေးအေးတယောက် အလုပ်ခေါ်ချိန်မှာ အွန်လိုင်းမှတဆင့် ငွေရအောင် လိမ်ညာဖြားယောင်းရမယ့် အလုပ်ကို မသိရှိခဲ့ကြောင်း၊ ကုမ္ပဏီတွင် ဘာသာစကားတက်ပြီး ကုန်သွယ်ရေးအလုပ်သာ လုပ်ကိုင်ရမည်ဟုသာ ထင်ခဲ့ကြောင်း သူမက ပြောပါတယ်။

“ အလုပ်ခေါ်စာမှာတော့ ဘာသာစကားတတ်ရမယ်။ နောက်ပြီး ကုမ္ပဏီမှာ အလုပ်လုပ်ရမယ်လို့ ပြောတယ်။ အွန်လိုင်းဂိမ်း လာဆော့ဖို့ လူခေါ်ရမယ်အဲ့လိုပြောတယ်။ သူများကို လိမ်ညာပြီးလူခေါ်ရမယ် ဆိုတာ မပြောထားဘူး” လို့ လွေးအေး ကရှင်းပြပါတယ်။

လောက်ကိုင်ဘက် အခေါ်ကတော့ကြာဖျန့် (အလိမ်ကကျစ်လုပ်တာ။ လိမ်ညာရတဲ့အလုပ်)ပါ။ များသောအားဖြင့်တော့ ဒီကြာဖျန့် ဆိုတဲ့ အသုံးအနှုန်းကို နားမလည်တဲ့အတွက် လောက်ကိုင်ကို ရောက်သွားကြတာတွေရှိပါတယ်။

“ တလကို လူ (၁၀)ယောက် ခေါ်ရတယ်။ ကျမ က နိုင်ငံခြားမိန်းကလေးပုံတွေယူပြီး ယောက်ျားလေးတွေကို ဖြားယောင်းရတာ ရှိတယ်။ တခါတလေ သန့်ပြန့်တဲ့ ယောက်ျားပုံယူပြီး မိန်းကလေးတွေကို ဖြားယောင်းရတာရှိတယ်။ လိမ်ရတဲ့အလုပ်ဆိုတော့ မလုပ်ချင်ပေမယ့် ပိုက်ဆံရတော့ ဝင်လုပ်လိုက်တာ” လို့ လွေးအေးက ခပ်ပြတ်ပြတ်ပြောပါတယ်။

လွေးအေး ကတော့ ကြာဖျန့် အလုပ်ကို မလုပ်ချင်တော့တဲ့အတွက် လပိုင်းသာ လုပ်ပြီး အလုပ်ကနေ ထွက်ကာ သူမရဲ့ ဇာတိကွတ်ခိုင်ကို ပြန်လာလိုက်ပါတော့တယ်။

“ လိမ်ရတဲ့အလုပ်ဆိုတာ သိတော့ ကျမ ၂လပဲ လုပ်ခဲ့တယ်။ မလုပ်နိုင်ဘူး။ ခန့်ထားတဲ့ လစာအတိုင်းလည်း မရဘူး” လို့ လွေးအေး ကပြောပါတယ်။

သို့သော် အဆိုးထဲမှ အကောင်းဟုပြောရမည်ဆိုပါက လွေးအေးရောက်ရှိသွားတဲ့ ကုမ္ပဏီက လိမ်လည်ဖြားယောင်းခိုင်းတဲ့ ကုမ္ပဏီဖြစ်ပေမယ့် သတ်မှတ်ထားတဲ့လူဦးရေ မခေါ်နိုင်ခဲ့ရင် လစာဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ အလုပ်သမားတွေကို နှိပ်စက်ညှဥ်းပန်းတာတွေတော့ မရှိဘူးလို့ လွေးအေးက ဆိုပါတယ်။

လူတိုင်းကတော့လွေးအေးလို ကံမကောင်းပါဘူး။ မြန်မာ-တရုတ်နယ်စပ် အပါအဝင် မြန်မာ-ထိုင်းနယ်စပ်တွေဘက်မှာလည်း လောင်းကစားကုမ္ပဏီနဲ့ အွန်လိုင်းကနေ တဆင့် လူတွေဆီကနေ ငွေလိမ်လည်လှည့်ဖြားတဲ့ ကုမ္ပဏီတွေကို ရောက်သွားရင်တော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေနဲ့ ညှင်းပန်းနှိပ်စက် ခံရတာတွေ ကြုံရတဲ့လူငယ်တွေ၊ မိန်းကလေးငယ်တွေရဲ့ ရုပ်သံတွေကို ဆိုရှယ်မီဒီယာပေါ်တွေမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။

သျှမ်းမြောက် ပြည်သူတွေ ဟာ တိုင်းရင်းသားအချင်းချင်း စစ်ရေးပဋိပက္ခ၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးရှုပ်ထွေးမှု နဲ့ ကိုဗစ်ကပ်ဆိုးတွေကြောင့် စားဝတ်နေရေးခက်ခဲမှုဟာ တရက်ထက် တရက် ဆိုးရွားလာကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နယ်မြေ စိုးမိုးမှုတွေ လက်နက်ကိုင်တွေ တပ်သားစုဆောင်းမှုတွေကြောင့် လယ်ယာ အိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်ရှောင်နေ ရပါတယ်။ အဲ့ထဲမှာ နန်းစံနဲ့ လွေးအေးတို့ မိသားစုတွေလည်း အပါအဝင်ပါပဲ။ အဲ့ဒါတွေကြောင့် လူငယ်တွေဟာ မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် လောက်ကိုင်မြို့ တို့လို ရေကြည်ရာ မြက်နုရာကို သွားပြီး လုပ်ကိုင်ကြရပါတယ်။

လောက်ကိုင်မြို့ဟာ မြန်မာနိုင်ငံဖြစ်ပေမယ့်လည်း တရုတ်စကားနဲ့စာကိုသာအဓိက အသုံးပြုနေတဲ့မြို့ ဖြစ်တဲ့အလျောက် မြန်မာစာကို မတွေ့ရသလောက်ရှားပါးတဲ့မြို့ဖြစ်ပါတယ်။ အလားတူပင် နေရာတိုင်းမှာလည်း မြန်မာရဲဝန်ထမ်းတွေထက် ပြည်သူ့စစ်ဝတ်စုံ လက်နက်အပြည့်နဲ့ ဟိုတယ်ရှေ့တွေမှာ စောင့်နေတာကို ပိုတွေ့မြင်ရပါတယ်။

ထို့ကြောင့် တရုတ်စကား နဲ့ရင်းနှီးတတ်ကျွမ်းမှု မရှိတဲ့ လူတွေအဖို့ လောက်ကိုင်လိုနေရာမှာ သွားရောက်လုပ်ကိုင်းရင်း အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာအပါအဝင် တခြားပြဿာနာတွေ ပေါ်ပေါက်ကြုံတွေလာပါက အကူအညီရယူဖို့အတွက် အခက်အခဲများရှိနိုင်ပါတယ်။

လောက်ကိုင်မြို့ အလုပ်ခေါ်စာ ခေါ်နေတဲ့ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “ ကျမတို့ ကုမ္ပဏီက လုပ်နိုင်ရင် လုပ်နိုင်သလို ပိုက်ဆံရတယ်။ ဒီခေတ်မှာ တလ ၁၀သိန်း သိန်း၂၀ ရဖို့ဆိုတာ မလွယ်ဘူး။ လူခေါ်မရရင် ကျမတို့ကို နှိပ်စက်တာတွေ မရှိဘူး။ လစာတော့ဖြတ်တယ်” လို့ ရှင်းပြပါတယ်။

အဲ့ကုမ္ပဏီဟာ တရုတ်လူမျိုးပိုင် ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့မှာ တရားဝင် အခြေစိုက်နေတဲ့
ကုမ္ပဏီတခုဖြစ်ကြောင်းလည်း သူမက ပြောပါတယ်။

photo- လောက်ကိုင် အလုပ်အကိုင်ရှာဖွေရေး page

“ ကျမက လောက်ကိုင်သွားလုပ်မယ့်သူကိုခေါ်ရတာပါ။ လောက်ကိုင်ရောက်တဲ့သူကတော့ နောက်တဆင့်အနေနဲ့ တခြားနိုင်ငံခြားသားတွေ ခေါ်ရမယ်။ ရောက်ရင်တော့ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်တန်း တပတ်ပေးပါတယ်” လို့ အဆိုပါ ကုမ္ပဏီ ဝန်ထမ်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင် ၁၂ရက် (ဝါဝင်ဥပုလ်နေ့) မှာ သီပေါမြို့ စံဖိတ်ရပ်ကွက်နေ အသက် ၁၉နှစ် အရွယ်ရှိ မိန်းကလေးကို သူမရဲ့ သူငယ်ချင်းအရင်းဖြစ်တဲ့သူက လောက်ကိုင်မှာ အလုပ်လုပ်ရန်အတွက် လိမ်လည် ဖြားယောင်းပြီး လားရှိုးထိခေါ်သွားခဲ့တဲ့ ဖြစ်စဥ်တစ်ခုလည်း ရှိခဲ့ပါတယ်။

အသက် ၁၉နှစ်အရွယ် မိန်းကလေးကို သူမရဲ့ သူငယ်ချင်းဖြစ်သူက သီပေါမြို့မှာရှိတဲ့ နမ့်ဟူးရေတံခွန်ကို သွားလည်ဖို့ကားနဲ့ လာခေါ်ပေမယ့် လားရှိုးမြို့ထိရောက်သွားခဲ့ပြီး လောက်ကိုင်သွားဖို့ စည်းရုံးဖြားယောင်းခံရတဲ့ အမျိုးသမီးငယ်ကို သွားရောက်ကူညီပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ကျမတို့ဆီမှာ လူခဏခဏပျောက်တာတွေ စကြားလာတယ်။ ပြီးတော့ လောက်ကိုင်တွေ “ဝ”တွေဘက်မှာ ရောက်သွားကြတယ်” လို့ သွားရောက်ကူညီပေး ခဲ့တဲ့သူက ဆိုပါတယ်။

နီးစပ်တဲ့ လူရင်းတွေကိုယ်တိုင်လိမ်ညာဖြားယောင်းမှုကိုပြုလုပ်နေတာရှိပြီး၊ အဲ့လိုပြုလုပ်ခြင်းဟာ လူကုန်ကူးမှုအသွင်း ပုံသဏ္ဍန်ဖြစ်နေတယ်လို့ သီပေါမြို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“ အခုနောက်ပိုင်းမှာက စားဝတ်နေရေးခက်ခဲလာတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေ အနေနဲ့ အယုံမလွယ်စေဖို့ အတွက် သတိထားဖို့လိုပါတယ်။ လူကုန်ကူးမှုတွေဟာ ကိုယ့်လူအရင်းတွေ လုပ်တာကို ပိုပြီးကြုံရနိုင်ပါတယ်” လို့ ၎င်းအမျိုးသမီးက ဆိုပါတယ်။

အခုလို အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးငယ်တွေဟာ ဝင်ငွေရဖို့အတွက်သာအဓိက စဥ်းစားတဲ့အတွက် တချို့ဟာ လိမ်ညာဖြားယောင်း တဲ့အလုပ်တဲ့အလုပ်ကို သိရှိပေမယ့် ဝင်ငွေကြောင့် သွားရောက်အလုပ်လုပ်ကြကြောင်း သူမက ထပ်ပြောပြပါတယ်။

“ ဒီကာလက အလုပ်လက်မဲ့တွေဖြစ်လာတယ်။ ကုန်စျေးနှုန်းတွေတက်လာတယ်။ ရရာအလုပ်ကိုဝင်လုပ်ကြတယ်။ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသရွေ့တော့ အမျိုးသမီးတွေရဲ့ ရှေ့ရေးကို ပိုပြီးရင်လေးတယ်” လို့ ၎င်းအမျိုးသမီးက ဆိုပြန်ပါတယ်။

လက်ရှိကာလ တိုင်းရေးပြည်ရေးပျက်စီးနေချိန် တရားဥပဒေစိုးမိုးရေး မရှိတဲ့အချိန်မှာ လူငယ်တွေ၊ အမျိုးသမီးတွေအနေနဲ့ ဘေးအန္တရာယ်တခုခုကြုံလာပါက တိုင်ကြားရန်လည်း ခက်ခဲကြောင်း၊ အဓိက တရားမဝင် အလုပ်လုပ်ကိုင်တဲ့နေရာ ကို အလုပ်သွားမလုပ်ရန်လည်း အထက်ပါ အမျိုးသမီးက
သတိထားရန်တိုက်တွန်းလိုက်ပါတယ်။

လွေးအေး ကတော့ လောက်ကိုင်မှာ သွားရောက်အလုပ်လုပ်မယ်ဆိုပါက သေချာစုံစမ်းပြီးသွားရန်၊ လစာတခုပဲကြည့်မသွားရန် အကြံပေးပါတယ်။

“ ကျမလို ကြာဖျန့် မသိလို့ သွားလုပ်မိတဲ့အဖြစ်မျိုးမဖြစ်စေချင်ဘူး။ ဆိုးတဲ့ကုမ္ပဏီတွေနဲ့ဆုံရင် ဒုက္ခရောက်နိုင်ပါတယ်။ နောက်ပြီး ကိုယ်လိမ်ညာဖြားယောင်းတဲ့သူက ကိုယ့်နိုင်ငံထဲမှာ လက်ရှိ အာဏာရှင် တော်လှန်ရေးမှာပါဝင်နေတဲ့သူ ဒုက္ခရောက်နေသူဖြစ်ရင် ပိုတောင် မကောင်းဘူး” လို့ လွေးအေးက ပြောပါတယ်။

လက်ရှိ အချိန်ကာလမှာတော့ မြန်မာပြည် လူထုတရပ်လုံးဟာ စီးပွားရေး စားဝတ်နေရေး ကျပ်တည်းနေချိန်ဖြစ်တဲ့ အလျောက် “လောက်ကိုင် အလုပ်ရှာဖွေရေး” မှာ အလုပ်ရှာပါက သတိကြီးကြီးဖြင့် အယုံမလွယ်ကြရန် အထူးလိုအပ်ကြောင်း လောက်ကိုင်မှာ အလုပ် သွားလုပ်ကိုင်ဖူးသူတွေက သတိပေးလိုက်ပါတယ်။

Author:

Related Articles