Home ဆောင်းပါး အုန်းမှုတ်ခွက်ကို လှပတဲ့အဆင်တန်ဆာတွေအဖြစ် ဖန်တီးကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေသူ

အုန်းမှုတ်ခွက်ကို လှပတဲ့အဆင်တန်ဆာတွေအဖြစ် ဖန်တီးကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေသူ

ကေခိုင်

အုန်းမှုတ်ခွက် အပိုင်းအစတွေပြန့်ကျဲနေတဲ့ကြမ်းပြင်လေးမှာ အမျိုးသမီးတစ်ဦးက ချောစက်လေးနဲ့ အုန်းခွံအစိတ်အပိုင်းလေး တွေကို စိတ်ရှည်လက်ရှည်နဲ့ပုံဖော်နေပြီး သူ့ဘေးမှာလည်း ပြုလုပ်ပြီးသား လှပတဲ့ပုံစံမျိုးစုံ အုန်းကြယ်သီးလေးတွေက အစီအရီနဲ့ပါ။

အုန်းကြယ်သီးလေးတွေပြုလုပ်နေတဲ့ သူကတော့ အသက် ၃၀‌ ကျော်အရွယ် မသိမ့်သိမ့်မြတ်ပါ။ အသုံးပြုပြီးစွန့်ပစ်ရတော့မယ့် အုန်းမှုတ်ခွက်တွေကို တန်ဖိုးမြင့်လူ့အသုံးအဆောင်ပစ္စည်းတွေ ၊ လှပတဲ့အဆင်တန်ဆာတွေ ဖန်တီးလို့ရနိုင်တယ်ဆိုတာကို ပြသတဲ့အနေနဲ့  အုန်းလက်မှုပစ္စည်းတွေကို ပြုလုပ်ရောင်းချနေတာပဲဖြစ်ပါတယ်။

မသိမ့်သိမ့်မြတ်က Handmade by Theint အမည်နဲ့ ပလတ်စတစ်အစားထိုး  အုန်းခွံနဲ့ပြုလုပ်တဲ့လက်မှုပစ္စည်းတွေကို လုပ်ဆောင်နေတာ သုံးနှစ်နီးပါးရှိနေပါပြီ။

သုတေသနဝန်ထမ်းတစ်ဦးအဖြစ်လုပ်ဆောင်ခဲ့တဲ့မသိမ့်သိမ့်မြတ်က သားဖြစ်သူကို ပြုစုစောင့်‌ရှောက်ဖို့ အလုပ်ကနားခဲ့ချိန်မှာ သူဝါသနာပါတဲ့ သိုးမွှေးတစ်ချောင်းထိုးပညာနဲ့ လက်မှုပစ္စည်းလေးတွေ ပြုလုပ်ရောင်းချခဲ့တယ် 

Photo – Handmade by Theint 

သော့ချိတ် ၊ အရုပ်စတဲ့ သိုးမွှေးတစ်ချောင်းထိုးအထည်လေးတွေပြု လုပ်တဲ့အခါ အလှဆင်ဖို့ ကြယ်သီးတွေသုံးရတာရှိ ပါတယ်။ သူဝယ်သုံးနေရတဲ့ ကြယ်သီးတွေက ပလတ်စတစ် နဲ့ပြုလုပ်ထားတာဖြစ်တော့ နောင်တစ်ချိန် အသုံးမပြုတော့ဘဲ စွန့်ပစ်ချိန်မှာ ဆွေးမြှေ့မလွယ်ဘဲ  ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေပါတယ်။ ဒီလိုအသုံးပြုတိုင်း ပလတ်စတစ်ရဲ့ဆိုးကျိုးတွေကို သိရှိထားတဲ့ မသိမ့်သိမ့်မြတ်က စိတ်မချမ်းမသာဖြစ်ရတယ်။

ဒီအတွက် ပလတ်စတစ်ကြယ်သီးအစား သဘာဝမထိခိုက်စေတဲ့ပစ္စည်းကို အစားထိုးဖို့ ရှာဖွေကြည့်ခဲ့တယ်။ မြန်မာနိုင်ငံမှာက အုန်းသီးတွေပေါများတာကြောင့် ပလတ်စတစ်ကြယ်သီးအစား အုန်းခွံအစစ်နဲ့ပြုလုပ်တဲ့ ကြယ်သီးအသုံးပြုရင်ရမလားဆိုတဲ့ အတွေးရခဲ့ပါတယ် ။ ဒီစိတ်ကူးကို အမျိုးသားဖြစ်သူနဲ့တိုင်ပင်ပြီး ၂၀၂၁ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တယ်။

သူ့ရဲ့ပထမခြေလှမ်းအဖြစ် အုန်းသီးခြစ်ညှစ်ဆိုင်တွေမှာအသုံးပြုပြီး မလိုတော့တဲ့အုန်းမှုန်ခွက်တွေကိုဝယ်ယူပြီး ကြယ်သီး လေးတွေကို စတင်ဖန်တီးခဲ့ပါတယ်။ အမျိုးသားဖြစ်သူနဲ့အတူတူ နည်းလမ်းမျိုးစုံစမ်းသပ်လုပ်ဆောင်ခဲ့ပြီးချိန်မှာတော့ အုန်း ကြယ်သီးလေးတွေကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တယ်။

အဲဒီအုန်းကြယ်သီးလေးတွေကို အိတ်တွေမှာအသုံးပြုတဲ့အရွယ်နဲ့ ရှပ်အင်္ကျီဆိုဒ်အရွယ်အစားထုတ်လုပ်တာအပြင်  အုန်းခွံနားဆွဲလော့ကတ်နဲ့လက်ပတ်လေးတွေပါ ဆက်လက်လုပ်ဆောင်ခဲ့တယ်။

အုန်းခွံနဲ့လက်မှုပစ္စည်းလေးတွေထုတ်လုပ်နိုင်ဖို့အတွက် ဆိုင်တွေမှာအသုံးပြုပြီးသား အုန်းသီးအခွံတွေသာ အသုံးပြုတယ်လို့ သူက ပြောပါတယ်။ စတင်ချိန်ကတော့ဆိုင်တွေမှာ ကိုယ်လိုချင်တဲ့ခွက်ဆိုဒ်အထူအပါးကို ရွေးယူဝယ်ခဲ့သလို ထုတ်လုပ်မှုများ လာချိန်မှာတော့ ဆိုင်တွေက အထုတ်လိုက်ရောင်းချတဲ့ အုန်းခွံတွေကို ကိုယ်တတ်နိုင်သလောက် ဝယ်ယူထားရပါတယ်။

အထုတ်လိုက်ဝယ်ယူတဲ့အခါမှာလည်း အုန်းခွံအထူအပါး မျိုးစုံပါတာကြောင့် ကိုယ်ဖန်တီးမယ့်လက်မှုပစ္စည်းပေါ် မူတည်ပြီး သင့်တော်တဲ့ အုန်းခွံကို ပြန်လည်ရွေးချယ်ပြီးအသုံးပြုရတယ်။

အုန်းခွံတွေရပြီဆို ကိုယ်ဖန်တီးမယ့် အမျိုးအစားပေါ်မူတည်ပြီး လိုချင်တဲ့ပုံဖြတ်တောက်ရပါတယ်။ ပြီးရင်တော့ မျက်နှာပြင် ညီညာအောင်အချောကိုင် ဒီဇိုင်းဖော်ပြီး မလိုတာတွေဖြတ်တောက် အချောသတ်ပြီး နောက်ဆုံးအနေနဲ့ အုန်းဆီသုတ် စတဲ့ အဆင့် တစ်ဆင့်ချင်းစီကို စိတ်ရှည်ရှည်နဲ့ ပြုလုပ်ရပါတယ်။

စွန့်ပစ်ရမယ့် အုန်းမှုတ်ခွက်ကနေလှပတဲ့ အဆင်တန်ဆာလော့ကတ်လေးတွေ နားဆွဲလေးတွေဖြစ်လာတဲ့အခါ ဖန်တီးရသူ ရော ဝယ်ယူဝတ်ဆင်ရသူရော ပီတိဖြစ်ရပါတယ် ။

“ အုန်းမှုတ်ခွက်ကြီးကနေ လှပတဲ့ပန်းလေးတွေ ဆွဲကြိုးလေးတွေ ဖြစ်လာတာလားဆိုပြီး ဝယ်သူတွေက အံ့သြကြတယ်ပေါ့ကုန်ချောကုန်ကြမ်း ပုံစံနှစ်ခုရဲ့ ကွာခြားချက်က  လုံးဝကွဲပြားမှုရှိတယ်။” လို့ မသိမ့်သိမ့်မြတ်က ပြောပါတယ်။

မသိမ့်သိမ့်မြတ်က သူဖန်တီးခဲ့တဲ့အုန်းလက်မှုပစ္စည်းတွေကို အမျိုးသမီးတွေ ကျောင်းသွားရုံးတက် နေ့စဉ်အဆင်တန်ဆာအဖြစ် ဝတ်ဆင်နိုင်ဖို့ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ဆိုတယ်။ သူ့လက်ရာအုန်းခွံလက်မှုထည်လေးတွေကို Handmade by Theint ပေချ့်မှာ ရောင်းချသလို စျေးရောင်းပွဲတွေမှာလည်း Pop-Up ဆိုင်လေးတွေခင်းကျင်းပြီး ရောင်းချနိုင်ခဲ့တယ်။

ဒီလိုခင်းကျင်းရောင်းချလာတဲ့အခါ လူပိုစိတ်ဝင်စားလာကြသလို အမျိုးသားတွေကလည်း ဝတ်ဆင်ဖို့စိတ်ဝင်တစား မေးမြန်းလာတဲ့အတွက် အမျိုးသားတွေဝတ်လို့ရတဲ့ ဒီဇိုင်းတွေလည်းဖန်တီးဖြစ်ခဲ့ပါတယ်။

“ ဝယ်သူတွေက အုန်းကြယ်သီးတွေ နားဆွဲတွေ ကိုင်ကြည့်တဲ့အခါ တအားကိုအံ့သြသွားတယ်ပေါ့။ ဒီဟာက အုန်းမှုတ်ခွက် ကနေလုပ်တာလား။ တကယ်ရောဟုတ်လားပေါ့  အရမ်းပေါ့ပါးတယ်။ သဘာဝဆန်တယ်။ ဒီပစ္စည်းကိုကိုင်ကြည့်လိုက်ရင် အေးနေတာ‌ အရမ်းကြိုက်လိုက်တာဆိုပြီးပြန်ကြားရတယ်။”လို့ သူကပြောပါတယ်။

ဒီလိုတုန့်ပြန်မှုတွေကြားရတဲ့အခါတိုင်း မသိမ့်သိမ့်မြတ်ပီတိဖြစ်မိသလို သဘာဝထုတ်ကုန်အဖြစ် လူတွေနှစ်သက်စွာ ဝတ်ဆင်လာတဲ့အပေါ် ဂုဏ်ယူမိတယ်လို့ဆိုတယ်

ဒါပေမယ့် အုန်းလက်မှုထည်လေးတွေကို လူစိတ်ဝင်တစားဝယ်ယူကြပေမယ့် စျေးကွက်အနေအထားတွင်ကျယ်ဖို့ အခက်အခဲ တွေလည်း ကြုံရပါတယ်။ အုန်းသီးအခွံကနေ စက်ကိရိယာကြီးတွေမပါဘဲ ပလတ်စတစ်မသုံး၊ ဓာတုအရောင်တင်ဆေးတွေ မသုံးဘဲ သဘာဝအတိုင်းလက်နဲ့ပြုလုပ်တာဖြစ်တာကြောင့် အချိန်ပေးရသလို စျေးနှုန်းကလည်း ပလတ်စတစ် ကြယ်သီးတွေ လောက် စျေးမချိုတဲ့အတွက် စျေးကွက်မှာ တွင်တွင်ကျယ်ကျယ်ရောင်းချဖို့ လိုအပ်ချက် ရှိပြန်ပါတယ်။

“ ကြယ်သီးလေးတစ်လုံးကိုအုန်းခွံကနေ လက်နဲ့အစ အဆုံးပြုလုပ်ရတဲ့အတွက်ကြောင့်  သူ့မှာငွေကြေးနည်နည်းများသွားတယ်။ စက်ရိုက်တွေထက် အရမ်းကိုကွာဟတဲ့အတွက်စျေးကွက်ထိုးဖောက်ဖို့ကို ခက်ခဲတယ်။” လို့ မသိမ့်သိမ့်မြတ်က ပြောပါတယ်

ဒါပေမယ့် သဘာဝလက်မှုထည်တွေထုတ်လုပ်တဲ့ ပြည်တွင်းလက်မှုထုတ်ကုန်တစ်ချို့ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ အုန်း ကြယ်သီးတွေကို တန်ဖိုးထားအသုံးပြုတဲ့အတွက်ကြောင့် စျေးကွက်မှာတော့ ပုံမှန်ဝယ်ယူသူတွေရှိနေဆဲလို့ဆိုတယ်။

သူဖန်တီးခဲ့တဲ  အုန်းခွံကနေ ကြယ်သီး ၊နားဆွဲ လက်ပတ် ၊ဆွဲကြိုး ၊ မီးအိမ်စတဲ့ လက်မှုထုတ်ကုန်လေးတွေက သဘာဝအတိုင်း လုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ပလတ်စတစ်သုံးစွဲမှုကို တစ်ထောင့်တစ်နေရာကနေ လျှော့ချနိုင်မှာဖြစ်သလို ဒါတွေကို မသုံးစွဲတော့ဘဲစွန့်ပစ်တဲ့အခါမှာလည်း သဘာဝအတိုင်း ဆွေးမြှေ့သွားမှာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်လို့ဆိုတယ် ။

“ သဘာဝနည်းအတိုင်း ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်  သုံးစွဲတဲ့သူတွေအတွက်က ဆိုးကျိုးလည်းမရှိဘူး။ ဆွေးမြေ့ လွယ်တဲ့ ပစ္စည်းလည်းဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်တယ်။” လို့ မသိမ့်သိမ့်မြတ်ကပြော ပါတယ်။

မသိမ့်သိမ့်မြတ်က သူ့ရဲ့ထုတ်ကုန်တွေကို ပလတ်စတစ်သုံးစွဲမှုမရှိ‌အောင်ကြိုးစားနေပြီး ရောင်းချတဲ့ကြယ်သီးလေးတွေကို ကတ်ထူလေးတွေနဲ့တွဲချုပ်တာ နားကပ်လေးတွေနဲ့ လော့ကတ်လေးတွေကိုလည်း ကတ်ထူစက္ကူပေါ်မှာ တွဲချုပ်ပြီး ဝယ်သူတွေ ကိုလည်း စက္ကူအိတ်လေးတွေနဲ့သာထုတ်ပိုးရောင်းချဖြစ်တယ်လို့ဆိုပါတယ်။

ကြယ်သီးလေးတွေက စခဲ့တဲ့ အုန်းခွံလက်မှုထုတ်ကုန်လေးတွေက လက်ရှိမှာ အုန်းခွံကြယ်သီးဒီဇိုင်းမျိုးစုံအပြင်  အုန်းခွံနားဆွဲ လော့ကတ်၊လက်ပတ်၊ ကီးချိန်းဒီးဇိုင်းတွေအပြင် အုန်းမှုတ်ခွတ်မီးအိမ်နဲ့ ပန်းချီကားတွေကိုပါ ဖန်တီးထားပြီဖြစ်တယ်လို့ ပြော ပါတယ်။

“ မီးအိမ်မှာသုံးတဲ့ သစ်ကိုင်းတွေကအစ recycle လုပ်ထားတဲ့မီးအိမ်လေး၊ ပြီးတော့ ပန်းချီကားလေးတွေ ထုတ်လုပ်ထားပါတယ်။ လူကြိုက်အများဆုံးက နားကပ်နဲ့‌လော့ကတ်တွေ ၊ နောက်မီးအိမ်တွေ လူကြိုက်များတယ်။” လို့ မသိမ့်သိမ့်မြတ်က ပြောပါတယ်။

ပတ်ဝန်းကျင်ကိုဆိုးကျိုးဖြစ်စေတဲ့ ပလတ်စတစ်ဖန်စီပစ္စည်းတွေအစား သဘာအတိုင်းဖန်တီးထားတဲ့ လက်မှုထည်လေးတွေ ကို အစားထိုးသုံးစေချင်သလို   မြန်မာပြည်ကထုတ်တဲ့ ပြည်တွင်းထုတ်ကုန်လေးတွေ ၊ လက်မှုပစ္စည်းတွေကို သုံးစွဲသူတွေ အနေနဲ့ အမြတ်တနိုးနဲ့ ဂုဏ်ယူစွာသုံးစွဲစေချင်တယ်လို့ မသိမ့်သိမ့်မြတ်ကပြောပါတယ်။

သူတတ်ကျွမ်းတဲ့ လက်မှုပညာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုစေချင်တဲ့ မသိမ့်သိမ့် မြတ်က သူဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုလည်း ဖွင့်ဟပါတယ် ။

ဒါကတော့စွန့်ပစ်ရမယ့်အမှိုက်တွေ ၊ ပစ္စည်းတွေကနေ Recycle ပြန်လည်ပြုလုပ်နိုင်တယ်ဆိုတာကို အနာဂတ်ကလေးငယ် တွေ သိရှိနိုင်ဖို့ ကျောင်းတွေမှာ ကလေးတွေကို မျှဝေသင်ကြားပေးချင်တယ်လို့ဆိုတယ်။

“ ဒီလုပ်ငန်းလေးလုပ်တာသုံးနှစ်ကျော်လာတဲ့အခါမှာ ကျွန်မရဲ့ငါးနှစ်ကျော်အရွယ်သားလေးက Recycle Logo မြင်တာနဲ့ ကို အသိရှိနေပြီ။ လက်မှုပညာလေးတွေလုပ်တာ ချစ်မြတ်နိုးလာတယ်။ သဘာဝတရားကြီးဆိုတာကို ချစ်မြတ်နိုးလာတယ်။ သူ့ရဲ့ စိတ်ကလေးနဲ့ သူအမှိုက်လျော့ချချင်တာကိုတွေ့ရတယ်။ အဲ့ဒီအခါ  ဒီကလေး‌လေးတွေကနေ စတင်မယ်ဆိုရင် ဒီကွန်မြူနတီ အတွက် အရမ်း အကျိုးရှိမယ်ပေါ့။” လို့ မသိမ့်သိမ့်မြတ်က ပြောပါတယ်။

ဒါ့အပြင် အုန်းခွံလက်မှုနဲ့ သိုးမွှေးထိုးပညာရပ်ကို စိတ်ဝင်စားတဲ့အမျိုးသမီးတွေကိုလည်း အိမ်တွင်းစီးပွားအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ဆောင်နိုင်အောင် မျှဝေချင်တယ်လို့ဆိုပါတယ်။

သူ့အနေနဲ့လည်း သဘာဝပတ်ဝန်းကျင်မပျက်စေတဲ့ ပလတ်စတစ်အစားထိုးထုတ်ကုန်လေးတွေ ဆက်လက်ဖန်တီးမှာ ဖြစ် သလို သဘာဝလက်မှုပစ္စည်းတွေရောင်းချတဲ့ လက်မှုအရောင်းဆိုင်လေးတစ်ခု ဖွင့်လှစ်ချင်တဲ့စိတ်ကူးကိုလည်း အကောင်အထည် ဖော်သွားမယ်လို့ ဆိုတယ်။

“ နာမည်လေးကို handmade village လို့ပဲ စိတ်ကူးနဲ့ရွေးထားနိုင်သေးတယ်။ အုန်းလက်မှုပစ္စည်းနဲ့ အလှဆင်ပစ္စည်းလေး တွေ ထုတ်လုပ်ချင်တယ်။ ထုတ်ဖို့လည်းရှိတယ်။” လို့ မသိမ့်သိမ့်မြတ်က ပြောပါတယ်။

Author:

Related Articles