Home ဆောင်းပါးသတင်းဆောင်းပါး ကန့်သတ်မှုကြား ခရီးဆက်နေသူများ

ကန့်သတ်မှုကြား ခရီးဆက်နေသူများ

သန့်ရှင်းထွန်း။ ။

ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်တွင် အကျဉ်းကျနေသော သားဖြစ်သူကို တစ်ပတ်တစ်ကြိမ်ထောင်ဝင်စာ လာတွေ့ လေ့ရှိသည့် ဒေါ်မူစတာဘေဂေါင်(အမည်လွှဲ)သည် လာမည့်လများတွင်သူ၏သားကို ပုံမှန်တွေ့ခွင့်ရရန် မသေချာတော့ သည့်စိုးရိမ်စိတ်က သူ၏ဦးနှောက်ထဲတွင် ကိန်းအောင်းနေသည်ဟုပြောသည်။

အကျဉ်းထောင်ထဲက သားဖြစ်သူလိုအပ်သည့် အစားအသောက်နှင့်ဆေးဝါးတစ်ချို့ကို ပို့နိုင်ဖို့ရာအတွက် မိခင်ဖြစ်သူက ဘူးသီး တောင်အကျဉ်းထောင်နှင့် (၁၆) မိုင်ခန့်ဝေးသည့် မောင်တောမြို့မှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လာရောက်လေ့ရှိသည်။

အခုတော့သူတို့သားအမိဟာ အရင်လိုလွယ်လွယ်ကူကူ ဆုံစည်းဖို့ရာသိပ်မဖြစ်နိုင်တော့။ အကြောင်းက ဒေါ်မူစတာဘေ ဂေါင်အပါအဝင် ရခိုင်ပြည်နယ်ရှိ မူဆလင်များကို နယ်ကျော်သွားလာခွင့် ပိတ်ပင်သည့် ဒေသန္တရအမိန့်တစ်ခုကို စစ်ကောင်စီလက် အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ နိုင်ငံတကာနှင့်၎င်းတို့ကိုယ်၎င်းတို့ “ရိုဟင်ဂျာ” ဟုခေါ်ဝေါ်ကြသူအား စစ်ကောင်စီက “ဘူးသီးတောင် မြို့နယ်ရှိဘင်္ဂလီလူမျိုးများ” ဟုလည်း အဆိုပါအမိန့်စာတွင် ရည်ညွှန်းထားသည်။

အဆိုပါကန့်သတ်ချက်သည် စစ်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ပိုမိုတင်းကျပ်ရန် ကြိုးစားလုပ်ဆောင်လာခြင်းဖြစ်သည်။ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းကျော်၍ ခရီးသွားလာမည်ဆိုပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ခရီးသွားလာခွင့်လက်မှတ်(လဝကပုံစံ-၄) ရယူပြီးမှသွားရောက်ရန် သတ်မှတ်ခဲ့သည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စများတွင် အကန့်အသတ်ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

ယင်းအမိန့်စာထုတ်ခဲ့ပြီးနောက် ဒေါ်မူစတာဘေဂေါင်တွင် ရွေးချယ်စရာနည်းလမ်း များများစားစားမရှိလှ။ အမိန့်ကိုမနာခံပါက ပြစ်ဒဏ်ထပ်မံကျခံရမည်ကို စိုးရိမ်သည့်အတွက် ဒေါ်မူစတာဘေဂေါင်မှာ လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်ရအောင်သာ ကြိုးစားရမည်ဟု ဆိုသည်။ သို့မှသာ သားဖြစ်သူနှင့် ထပ်မံတွေ့ဆုံခွင့် ရမည်ဟု လည်းဆိုသည်။

“ခရီးသွားလာခွင့်လက်မှတ်လျှောက်ဖို့အတွက် ရပ်ကွက်ထောက်ခံစာနဲ့ အိမ်ထောင်စုမိတ္တူ လုပ်ရအုံးမယ်”ဟု ဒေါ်မူစတာဘေဂေါင် က စိတ်ပျက်သော လေသံဖြင့်ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်ဖြစ်သော ခရီးသွားလာခွင့်လက်မှတ်(လဝက ပုံစံ ၄) ရယူရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို တောင်းခံရပြီး အဆိုပါထောက်ခံချက်ရ၍ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ လျှောက်ထားသည့်အခါ ခွင့်ပြုချက်ရရန် အနည်းဆုံး ၃ ရက်မှ ၇ ရက်ထိ ကြာမြင့်သည်ဟု ပုံစံ ၄ ရယူနေသူ တစ်ချို့က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးနေသော ခရီးသွားလာခွင့်လက်မှတ်၏ သက်တမ်းမှာ ပြည်နယ်တွင်းသွားလာခွင့် ၁၄ ရက်သာဖြစ်ပြီး ပြည်နယ်ကျော်သွားလာခွင့်က ရက် ၃၀ ဖြစ်ကာ ထိုရက်ထက်ပို၍ ကြာလျှင် ဒဏ်ကြေးငွေပေးဆောင်ရသည်ဟု  ပြောသည်။

“ဆေးကုသဖို့အတွက်ဆိုရင် သုံးရက်၊ သာမန်ကိစ္စဆိုရင်တော့ ၇ ရက်၊ ၁၀ ရက်ထိ စောင့်ရတယ်။ ပုံစံ ၄ ရဲ့ သက်တမ်းက ၁၄ ရက်ဖြစ်ပြီးတော့ အဲဒီထက်ကြာသွားရင် ကိုယ်ရောက်နေတဲ့မြို့နယ် လဝကမှာ သက်တမ်းတိုးရတယ်။ အဲလိုမဟုတ်ရင်တော့ ပြန်လာရင်ဒဏ်ကြေးပေးရတယ်”ဟု ပုံစံ ၄ ရယူခဲ့သူ မူဆလင် အမျိုးသမီးတစ်ဦးက ပြောသည်။

လဝကပုံစံ-၄ ဖြင့် ခရီးသွားလာခွင့်ကန့်သတ်သည့်စနစ်သည် လွန်ခဲ့သည့်နှစ်ပေါင်း (၃၀) ခန့် စစ်အစိုးရလက်ထက် ၁၉၉၂ မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးနေဆန်းလွင်က ခေတ်သစ်သတင်းဌာနကို ဖြေကြားထားသည်။

“စစ်အစိုးရလက်ထက်က မြို့နယ်ကျော်မပြောနဲ့ တစ်မြို့တည်းမှာ တစ်ရွာကနေ တစ်ရွာသွားဖို့တောင် ကျေးရွာ ဥက္ကဋ္ဌတွေဆီက ရွာထွက်လက်မှတ် ယူခဲ့ရတယ်”ဟု မောင်တောမြို့က မူဆလင် ဦးကာဒီဟူဆိန်း(အမည်လွှဲ) ကပြောသည်။

စစ်အုပ်ချုပ်ရေးစနစ်မှ ၂၀၁၀ တွင်ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရလက်ထက် ၂၀၁၀ မှ ၂၀၂၀ အထိ ဆယ်စုနှစ် တစ်ခုအတွင်း ရန်ကုန်မြို့သို့ အရေးပေါ်ဆေးကုသမှုခံယူရန် သွားရောက်လိုသူများအတွက် ခွင့်ပြုချက်ရရန် ယခင်လောက် မခက်ခဲတော့သည့်အတွက် အဆင်ပြေခဲ့သည်ဟု ဘူးသီးတောင်မြို့မှ ဒေါ်အမီနာ ကပြောသည်။

သို့သော် ပုံစံ ၄ မလျှောက်ဘဲ သွားလာသည့် NVC ကတ်ကိုင်ဆောင်သူများ ဖမ်းဆီးခံရမှုများလည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏အမိန့်က အရေးပေါ် ဆေးကုသမှုခံရန် သွားရောက်ရမည့်သူများအတွက် အသက်နဲ့ရင်းရမည့်ပြဿနာ ဖြစ်လာနိုင်သည်ဟု ဘူးသီးတောင်မြို့မှ အမျိုးသားတစ်ဦး ကဆိုသည်။

“ကိုယ်ဝန်ဆောင်တွေ၊ တကယ့်ကို အရေးပေါ်ဆေးကုရမယ့် သက်ကြီးရွယ်အိုတွေအတွက်က အသက်နဲ့လဲရမယ့် အမိန့် ဖြစ်နေ တယ်”ဟု၎င်းကပြောသည်။

ထို့အပြင် ဆေးတက္ကသိုလ်ကဲ့သို့ ၎င်းတို့နေထိုင်ရာ မြို့နယ်များတွင်မရှိသော တက္ကသိုလ်များသို့ သွားရောက်ကျောင်းတက်ရမည့် သူများအတွက်  စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်းနေထိုင်သော မူဆလင်များသည် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင်သော မူဆလင်များထက် ကန့်သတ်မှုကို ပို၍ခံနေရသည်ဟု ဦးကာဒီဟူဆိန်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော မူဆလင်များသည် တခြားဒေသများသို့ သွားရောက်ရန်အတွက် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးမြောက်မြားစွာ ပေးနေရပြီး ရန်ကုန်မြို့အပါအဝင် တခြားဒေသတွင် နေထိုင်လျက်ရှိသော မူဆလင်များမှာ တခြားမည်သည့်နေရာကိုမဆို အတားအဆီးမရှိ သွားလာနိုင်သည်ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ မူဆလင်များ၏ ခရီးသွားလာခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ပြီး လူကုန်ကူးမှုများပိုမို ဖြစ်ပွားလာနိုင်သည်ဟု သံတွဲမြို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ခရီးသွားလာခွင့်ကို မကန့်သတ်သည့်အချိန်မှာတောင် ရခိုင်ပြည်နယ်မှ မူဆလင်အမျိုးသမီးအများစုသည် လူကုန်ကူးမှုခံနေရပြီး ထိုသို့လူကုန်ကူးမှုနှင့်အတူ လမ်းခရီးတွင် မိန်းကလေးငယ်တစ်ချို့မှာ မုဒိမ်းကျင့်ခံရသည့်ဖြစ်စဉ်များပင် ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီလူ(မူဆလင်)တွေက လုံးဝသွားစရာလမ်းမရှိဘူး။ လုံးဝသူတို့ထွက်ပေါက်ပိတ်နေတယ်”

“တစ်ချို့က ကိုယ့်နေရာမှာ ကုလို့မရတဲ့ရောဂါရှိတယ်။ ရန်ကုန်သွားမှ ကုလို့ရမယ့်ရောဂါတွေရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံ မှုတွေဖြစ်လာမယ်”ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ မူဆလင်များကို ခရီးသွားလာခွင့် ကန့်သတ်လိုက်ခြင်းမှာ စစ်ကောင်စီက ကြီးမားသော လူ့အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး ပိုမိုတင်းကြပ်သော အမိန့်များနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း သည် လူမဆန် သောလုပ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဉပဒေတွက် အကျုံးဝင်သော ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်ရာ ရောက်သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး ကပြောသည်။

“နောက်ပြီးတော့ အိုင်စီဂျေ ကြားဖြတ်အစီအမံ provisional measure တွေထုတ်ပေးတာတောင် ငါတို့ကမ္ဘာကြီးက ဘာပဲပြောပြော ဂရုမစိုက်ဘူး။ လူသားမျိုးနွယ် ကျူးလွန်တဲ့ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှု လူမိုက်ဆန်ဆန် ဆက်လက်ကျူးလွန်သွား မယ်ဆိုတဲ့ သဘောသက်ရောက်တယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တားဆီးပိတ်ပင်မှုများပြားနေသော်လည်း လိုရာခရီးကို သွားလာနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိ အောင် ကြိုးစားခဲ့ရသည်ဟု မောင်တောမြို့က ဦးဆော်နာမူလာ ကပြောသည်။

“ကျနော်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားရထားတော့ လဝက ပုံစံ ၄ ယူစရာမလိုဘဲ သွားလာလို့ရနေတယ်။ တခြား မူဆလင်တွေ လည်း နိုင်ငံသားစိစစ်ရေးကတ်ရဖို့ ကြိုးစားသင့်တယ်”ဟု ၎င်းက အကြံပြုသည်။

ဦးဆော်နာမူလာ၏ အကြံပြုချက်အတိုင်း မူဆလင်တိုင်း ကြိုးစားရန်မှာ မလွယ်ကူဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုရရန် အတွက် ခက်ခဲလွန်းပြီး ငွေကုန်ကြေးကျများပြားလွန်းသဖြင့်သာမန်လူတန်းစားများအတွက် မဖြစ်နိုင်ဟု ဘူးသီး တောင်မြို့မှ မူဆလင်တစ်ချို့က ပြောသည်။

မည်သို့သော ကန့်သတ်ချက်များပင်ရှိစေကာမူ အမေဖြစ်သူလာမည့်ရက်ကို မျှော်နေမည့် ဘူးသီးတောင် အကျဉ်းထောင်မှ သားဖြစ်သူကို သွားတွေ့ရန် ဒေါ်မူစတာဘေဂေါင်မှာ လဝက ရုံးသို့သွားရန် လိုအပ်သော စာရွက်စာတန်းများကို အဆင်သင့်ပြင် ရအုံးမည်ဟုဆိုသည်။

ဒေါ်မူစတာဘေဂေါင်အနေဖြင့် ကန့်သတ်မှုများကြားက သားဖြစ်သူကို ဖြစ်အောင်သွားတွေ့ရမည်ဟု ပြောပြသည်။ စစ်ကောင်စီ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ခံထားရသော အသက် ၅၀ ကျော်အရွယ် ဒေါ်မူစတာဘေဂေါင်က “ကန့်သတ်ချက်က အမြဲတည်မြဲနေမှာမဟုတ်ဘူး။”ဟု ပြောသည်။

Author:

Related Articles