Home ဆောင်းပါး အငြင်းအခုန်တွေဖြစ်ခဲ့ရတဲ့ မန်နယ်ပွဲ

အငြင်းအခုန်တွေဖြစ်ခဲ့ရတဲ့ မန်နယ်ပွဲ

ဆိုဖီ

“ တော်တော်အားနေကြလား။ အခုလိုအချိန်မှာ တော်လှန်ရေးထဲကလူတွေပုံနဲ့ ကြောင်ရေချိုးနေမယ့်အစား စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုသာ ဖော်ထုတ်ပြပွဲလုပ်နေရင် တော်တော်အကျိုးရှိဦးမယ်။” ဆိုတဲ့ ဝေဖန်မှုတွေ။

“ တော်လှန်ရေးကို တစ်ဖက်တစ်လမ်းကဝင်ဖျက်၊ ရရာနည်းနဲ့ဝင်ဖျက် မရှက်တတ်ဘူးလား။” ဆိုတဲ့ ဝေဖန်မှုတွေဟာ လူမှုကွန် ရက်ပေါ် အငြင်းအခုန်တွေဖြစ်သွားခဲ့ပါတယ်။  

အဲ့ဒီဝေဖန်မှုဟာ “ Where are the Women? ” “ အမျိုးသမီးတွေဘယ်မှာလဲ” ဆိုတဲ့  “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ ဓာတ်ပုံပြပွဲ” အတွက် ပြောဆိုဝေဖန်နေတာပဲ ဖြစ်ပါတယ်။

ဒီဓာတ်ပုံပြပွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ရက်က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အနုပညာနဲ့ယဥ်ကျေးမှုစင်တာမှာ  အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၊ သံလွင်ပြည်သူ့မူဝါဒလေ့လာရေးအဖွဲ့ (SI) နဲ့ SEA-Junction အဖွဲ့သုံးဖွဲ့တို့က ပူးပေါင်း ကျင်းပခဲ့တာပါ။

ဘန်ကောက်တွင်ပြုလုပ်ခဲ့သော Manel ဓါတ်ပုံပြပွဲ

Manels ဓာတ်ပုံတွေကိုတော့ Burma’s Manels Watch က ၂၀၂၀ ခုနစ်ကနေ စတင်စုဆောင်းလာခဲ့ပြီး ၂၀၂၀ ခုနစ်အတွင်း Manel ၇၀ ခု ၊ ၂၀၂၁ ခုနစ်အတွင်း Manel ၂၅ ခု၊ ၂၀၂၂ ခုနစ်အတွင်း Manel ၄၇ ခု နှင့် ၂၀၂၃ခုနှစ် ၊ဇန်နဝါရီနဲ့ဖေဖော်ဝါရီအတွင်း Manel ၁၆ ခုရှိပြီး ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း အများဆုံးတွေ့ရှိရတဲ့ သတင်းဌာနဟာ RFA ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်းများဓာတ်ပုံပြပွဲ” ကျင်းပလာတာ အခုနဲ့ဆို ဒုတိယအကြိမ်ဖြစ်ပြီး ပထမပွဲကို ၂၀၂၃ မတ်လက ချင်းမိုင်မြို့တွင်  ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးကာလမှာ ဒီလိုပွဲဟာ မလုပ်သင့်ကြောင်းနဲ့ တော်လှန်ရေးပြီးမှသာ လုပ်သင့် ကြောင်းဆိုပြီး ပြောဆိုမှုတွေရှိသလို ပွဲစီစဥ်တဲ့သူတွေကိုလည်း နည်းမျိုးစုံ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ ပွဲစီစဥ်တဲ့သူတွေ နာမည်ပေါက်နေတဲ့သူတွေရဲ့ ဖေ့ဘွတ်အကောင့်ကို မက်ဆေ့ဝင်တယ်။ ဖုန်းတွေဝင်တယ်။ နောက်ပြီး ရိုင်း စိုင်းတဲ့စကားလုံးတွေနဲ့ ဆဲဆိုတာခြိမ်းခြောက်တာတွေလုပ်တယ်။” လို့ WLB ရဲ့ အတွင်းရေးမှူး နာင်းမို့မို့က ပြောပြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ချီတက်သွားမယ်ဆိုလို့ ကြွေးကြော်နေတဲ့ နွေဦးတော်လှန်ရေးမှာ “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ”က အဟန့်အတားဖြစ်စေကြောင်း နာင်းမို့မို့က ထောက်ပြပါတယ်။

“ ဖိုဝါဒကြီးစိုးမှုကို အဆုံးသတ်ကျော်လွှားမှုတွေ မလုပ်နိုင်ဘူး၊ မဟာဗမာလူမျိုးကြီးဝါဒကိစ္စကို မကျော်လွှားနိုင်ဘူးဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုရရှိမှာ မဟုတ်ဘူး။ ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။”လို့ သူက အခိုင်အမာဆိုပါတယ်။

ဖိုဝါဒကြီးစိုးတဲ့စကားဝိုင်းတွေ ထပ်ပြီးတော့ရှိနေမယ်ဆိုရင် အနာဂတ်မှာသွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတရေးဆိုတဲ့ဟာတွေ ပိုပြီးတော့အလှမ်းဝေးစေနိုင်ကြောင်းလည်း နာင်းမို့မို့က ပြော ပါတယ်။

ချင်းမိုင်တွင် ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့သည့် ဓါတ်ပုံပြပွဲ

“ ကျမတို့ရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဒီ manel က ခြိမ်းခြောက် မှုဖြစ်စေတဲ့အတွက်ကြောင့်မလို့  Manel မဖြစ်မနေ ရပ်တန့်ဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ကျမတို့လုပ်တာဖြစ်တယ်။” လို့  သူက ဆိုပြန်ပါတယ်။

အမျိုးသမီးတွေကဏ္ဍတိုင်း ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဥ်တိုင်းမှာ အနည်းဆုံး ၃၀ရာခိုင်နှုန်းပါဝင်ရမယ်လို့ ခေတ်အဆက်ဆက် ပြောဆိုခဲ့ကြပေမယ့် လက်ရှိမှာတော့ “အမျိုးသမီးတွေဘယ်မှာလဲ” “Where are the Women?” ဆိုတာ မေးခွန်းထုတ်ချင်တဲ့ အတွက် ဓာတ်ပုံပြပွဲကို ပြုလုပ်ခြင်းဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။  

“ ပိုစတာမှာပါတဲ့  အမျိုးသားပုံတွေကြား အနီရောင်အစက်တွေဟာ  ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဥ်တိုင်းမှာ အမျိုးသမီးတွေပါ ဝင်မှု “ Where are the Women ? ” အမျိုးသမီးတွေ ဘယ်မှာလဲဆိုတဲ့ မေးခွန်းထုတ်ချင်တာ။” လို့ သံလွင်ပြည်သူ့မူဝါဒလေ့ လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ယိင်းလောဝ်က ဆိုပါတယ်။

ဝေဖန်သူတွေထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ဝေဖန်နေကြတာကိုလည်းတွေ့ရပြီး ပို့စတာမှာပါတဲ့ အမျိုးသား ပုံတွေ အသုံးပြုထားတဲ့အပေါ် ကျင့်ဝတ်မရှိကြောင်းနဲ့ ပွဲစီစဥ်တဲ့သူတွေကိုလည်း တရားစွဲဆိုမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အထိ ဝေဖန်မှုမျိုးလည်း ရှိခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ ယိင်းလောဝ်က “ ပြပွဲနဲ့ပိုစတာမှာ အသုံးပြုတဲ့ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ပြီးတော့မှ ရောက်လာတဲ့ပုံတွေဖြစ်ပါတယ်။ ခွင့်ပြုချက်ယူဖို့မလိုဘူးလို့ယူဆတယ်။ ဒါကြောင့် ခွင့်ပြချက်မတောင်းထားဘူး။ မတောင်းတဲ့အတွက် ကျင့်ဝတ်ကိုထိခိုက်တယ်လို့ မယူဆပါဘူး။” လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးဆွေးနွေးပွဲက အမျိုးသားသီးသန့်ဆွေးနွေးတဲ့ စကားဝိုင်းတွေရဲ့ ပိုစတာကို ယူသုံးထားခြင်းဖြစ်တဲ့အတွက်  ကျင့်ဝတ်နဲ့ ထိခိုက်စရာမရှိကြောင်း ယိင်းလောဝ်က ထောက်ပြပြောပါတယ်။

“ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်းများဓာတ်ပုံပြပွဲ” ပြုလုပ်ရခြင်းဟာ ဖိုဝါဒကြီးစိုးမှုကိုပပျောက်အောင် အမျိုးသားတွေကို နေရာ ဖယ်ပေးဖို့ တောင်းဆိုနေခြင်းမဟုတ်ကြောင်း၊ အမျိုးသမီးတွေရဲ့အသံ၊ သုံးသပ်ချက်တွေရှိနေရမယ်ဆိုတာကို ထောက်ပြရခြင်း သာ ဖြစ်ကြောင်း နာင်းမို့မို့က ရှင်းပြပါတယ်။

“ ဒီအမျိုးသမီးတွေက manel discussion တွေကို လက်မခံဘူးဆိုတာက လက်ရှိဦးဆောင်တဲ့နေရာတွေမှာ ရှိနေတဲ့ အမျိုး သားတွေက ဖယ်ပေးရမယ်လို့ ပြောချင်နေတာလား။ အမျိုးသမီးတွေက အဲ့ဒီနေရာဝင်ယူမယ်လို့ စဉ်းစားနေတာလား ။ နောက် တစ်ခုက ကျမတို့ဒီလိုလုပ်နေတာသည် တခြားသော အခွင့်ထူးခံအမျိုးသမီးတွေအတွက် လုပ်ဆောင်နေတာဖြစ်တဲ့ ဝေဖန် တိုက်ခိုက်မှုတွေ အများကြီး ကြုံနေရတာရှိတယ်။” လို့ သူက ထပ်လောင်းပြောပါတယ်။

ချင်းမိုင်တွင် ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့သည့် ဓါတ်ပုံပြပွဲ

ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းတွေဟာ အမျိုးသမီးတွေကို လုံးဝဖယ်ကျဥ်လစ်လျူရှုခြင်းအားဖြင့် ဖိုဝါဒနဲ့လိင်အခြေပြုခွဲခြားမှုတွေ ကို ဆက်လက်သက်ဆိုးရှည်နေစေကြောင်းနဲ့ ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းတွေဟာ အမျိုးသားတွေကသာ ကျွမ်းကျင်သူ ပညာရှင် နိုင်ငံရေးသမား၊ အရေးပါတဲ့အကြောင်းအရာတွေ ဆွေးနွေးနိုင်သူဖြစ်ကြောင်း ညွှန်းဆိုသလိုဖြစ်နေပါတယ်။  

ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းတွေဟာ စကားဝိုင်းတစ်ခုရဲ့ အရည်အသွေးပြည့်မီသူတွေအတွက် မတူသောအမြင်ရှုထောင့်တွေ ပါဝင်ရန် လိုအပ်ပြီး အမြင်မတူသူ၊ ရှုထောင့်မတူသူတွေကြား နှီးနှောဖလှယ်ခြင်းအားဖြင့် ပိုမိုပြည့်စုံတဲ့စကားဝိုင်းတွေ ဆွေးနွေး အဖြေ ရှာခြင်းတွေကို ပြုလုပ်နိုင်တဲ့အကြောင်းအရာတွေကို ဖော်ဆောင်ရန် ပျက်ကွက်နေတယ်လို့ ထောက်ပြကြပါတယ်။

Burma Manel Watch ကို တစ်ဖက်မှာ ဝေဖန်တိုက်ခိုက်နေပေမယ့် Manel ကို နားလည်ပြီး ရုန်းထွက်လာနိုင်တဲ့ အမျိုးသား တွေလည်း ရှိပါတယ်။

“ ပထမပွဲတုန်းက ကျနော်ပုံပါတော့ ပြသခံရတော့ စိတ်မကောင်းဘူး။ အခုလည်း ကျနော်ပုံထပ်ပြခံရတော့ ဒါက ၂၀၂၃ ခုနစ် အတွင်းကပုံတွေဆိုတာသိတော့ ကျနော်လည်းဘယ်လိုဖြစ်တာလဲပေါ့။ နောက် ၂၀၂၃ ခုနစ်ထဲမှာ လုပ်တဲ့ပွဲတွေပြတာဆိုတာ သဘောပေါက်သွားတယ်။ ကျနော်တို့ ဒီကိစ္စကို လက်ခံဖို့လိုတယ်။” ​Myanmar Cultural Research Society (MCRS) မှ ကိုရဲ ဟိန်းအောင်က ပြောပါတယ်။

မြန်မာပြည်ရဲ့လူမှုအဖွဲ့အစည်းဟာ နှစ်ပေါင်းများစွာ ပြဿနာပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ ရှိနေတဲ့ တိုင်းပြည်ဖြစ်ပြီး နှစ်ပေါင်း၇၀ကျော် ပြည်တွင်းစစ်၊ လူမျိုးသုန်းသတ်ဖြတ်မှုတွေမှာ အဓိကခံစားခဲ့ရတာကလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တဲ့အတွက်  အမျိုးသမီးတွေရဲ့အသံကလည်း အလွန်ပင်အရေးကြီးကြောင်း ကိုရဲဟိန်းအောင်က ထောက် ပြ ပြောဆိုလိုက်ပါတယ်။

“ ကျနော်တို့ ဒီကိစ္စကိုလက်ခံဖို့လိုပါတယ်။ ကျနော်တို့ ကိုယ့်မှားယွင်းမှုပေါ်မှာ လက်ခံရမယ်။ ပြုပြင်ရမယ်။ နောက်ပြီးတော့ ပြသခြင်းအားဖြင့် ဘာကိုအကျိုးသက်ရောက်လဲဆိုတော့ ကျနော်တို့စီစဥ်တဲ့သူသာမက Moderator ပါဝင်တဲ့သူတွေ Journalist အနေနဲ့ပါဝင်သူတွေ အားလုံးက အမျိုးသမီးပါဝင်မှုကို တွေးဖို့ သိဖို့လိုတယ်။ ပွဲစစီစဥ်ချိန်ကစပြီး ကျနော်တို့မေ့ မကျန်ဖို့လိုတယ်။” လို့ ကိုရဲဟိန်းအောင်က တိုက်တွန်းပြောပါတယ်။

တိုင်းပြည်မှာ စစ်အာဏာရှင်အပါအဝင် လူမျိုးကြီးဝါဒနဲ့ လူမျိုးရေး၊ ခွဲခြားမျိုး ပြည့်နေတဲ့နိုင်ငံမှာ ကျနော်တို့ ဒီပွဲစီစဥ်တဲ့သူ ဆုံးဖြတ်ချက်ချတဲ့သူပဲဖြစ်ဖြစ် တက်ကြွလှုပ်ရှားသူတွေ အားလုံးက အမျိုးသမီး Issue တင်မက Gender issue တွေအားလုံးကို စဥ်းစားဖို့လိုကြောင်းနဲ့ ဝေဖန်မှုတွေ တုံ့ပြန်မှုတွေကို လက်ခံနိုင်ဖို့ကြောင်းလည်း သူက ဆိုပြန်ပါတယ်။

ချင်းမိုင်တွင် ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့သည့် ဓါတ်ပုံပြပွဲ

အလားတူ တော်လှန်ရေးစကားဝိုင်းမှာ နာမည်ကြီးတဲ့ဒေါက်တာဖြိုးသီဟလည်း “ကျနော့်ကို Manels တွေမှာ မြင်နေရတာ အတော်လေး အဆင်မပြေတာသိပါတယ်။ ကိုယ့်ပုံကိုယ် ပိုစတာတွေမှာ မြင်နေရတာလည်း စိတ်မသက်သာပါဘူး။ ဒါ့ကြောင့် အခုကစလို့ Manel တွေမှာ မပါဝင်တော့ဖို့ကတိပြုပါတယ်။” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ရေးသားဖော်ပြထားပါတယ်။

အခုလိုတော်လှန်ရေးဟာ စစ်အာဏာရှင်ကိုပဲ တော်လှန်နေတာမဟုတ်ဘဲ အတွေးအခေါ်ဟောင်းတွေကိုပါ တော်လှန်နေတာ ဖြစ်တဲ့အတွက် အပြောင်းအလဲကို လုပ်ဆောင်ရလိမ့်မယ်လို့ ဒေါက်တာဖြိုးသီဟက ဆိုပါတယ်။

ဆွေးနွေးပွဲ စကားဝိုင်းတွေစီစဥ်တိုင်းမှာ အမျိုးသမီးပါဝင်ဖို့ကို မဖြစ်မနေ ထည့်သွင်းစဥ်းစားခြင်းကနေစလို့ တော်လှန်ရေး၊ နိုင်ငံ ရေးရဲ့ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဥ်တိုင်းမှာ အမျိုးသမီးတွေပါဝင်မှုကို ခုထက် ပိုအားကောင်းလာအောင် မြှင့်တင်ကြပါလို့လည်း သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တစ်ဖက်မှာလည်း ဒီ Manels ပွဲဟာ ရည်ရွယ်ချက်ကောင်းသော်လည်း ငွေကြေးကုန်ကျမှုသက်သက်ဖြစ်ပြီး သက်ရောက်မှု နည်းတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ အခုလိုအချိန်မျိုးမှာ စစ်အာဏာရှင်ကိုတော်လှန်နေချိန် ပုတ်ခတ်ဝေဖန်မှု မလုပ်သင့်ကြောင်း လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

“ အမျိုးသမီးတွေ တန်းတူရည်တူရှိဖို့ဆိုတာလက်ခံပါတယ်။ တကယ်လို့အမျိုးသမီးမပါခဲ့ရင် awareness raising (အသိပညာ ပေး) အရင်လုပ်သင့်တယ်။ နောက်ဒီလူတွေကို တရားခံတွေလိုမျိုး ဓာတ်ပုံတွေနဲ့ထုတ်ပြန်တာ ကျင့်ဝတ်ချိုးဖောက်သလို ကောင်းတဲ့ ရလဒ်လည်းရလာမှာမဟုတ်ဘူး။ အခုကတော့ တော်တော်ဆိုးရွားတဲ့လုပ်ရပ်လို့မြင်တယ်။” လို့ Manels ကို လက်မ ခံတဲ့ မတင်သန္တာက သူ့အမြင်ကို ပြောပါတယ်။

ဆက်လက်ပြီး တော်လှန်ရေးတွင် တက်ကြွပါဝင်တဲ့ အသက် ၃၅နှစ်အရွယ် ကိုထက်ယံကလည်း “ ဒီပွဲလုပ်တာ ဘာတွေထူး သွားမှာလဲ။ ပွဲငွေကုန်မယ့်အစား စစ်ရေးပဋိပက္ခတွေ အမျိုးသမီးတွေနဲ့ကလေးငယ်တွေ ဒုက္ခရောက်နေတာတွေ ကူညီပေးရင် ပိုထိရောက်မယ်။ အခုချိန်က လုပ်ဖို့မလိုအပ်ဘူးလို့မြင်တယ်။”လို့ ဝေဖန်ပါတယ်။

လူမှုကွန်ရက်တွင် အမျိုးသမီးတစ်ဦးကလည်း ပွဲများတွင်ပါဝင်နိုင်ရန် အမျိုးသမီးများကိုယ်တိုင် ဝမ်းစာဖြည့်ထားရန်လိုအပ်ပြီး ကိုယ်ကသာ ပြည့်စုံနေပါက နေရာဆိုတာ မယူချင်လည်း ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ်ပိန်းတွေကို အကျိုးအမြတ်ရဖို့နဲ့ နေရာရဖို့အတွက်သာ မလုပ်ရန်လည်း သူကအကြံပြုထားပါသေးတယ်။  

ပွဲစီစဥ်သူတွေကတော့ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးပဲဆောင်ရွက်ပြီး လူ့အခွင့်အရေးတွေ တန်းတူညီမျှရေးတွေ အမျိုးသမီး အသံတွေ ကိုဖယ်ကျဥ်ထားမယ်ဆိုပါက မိမိတို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုလည်း အလှမ်းဝေးနေဦးမယ်လို့ မှတ်ချက်ပြုပါတယ်။

ကိုရဲဟိန်းအောင်က “ စစ်အာဏာရှင်ဖြုတ်ချရေးပြီးမှ လူ့အခွင့်အရေးလုပ်မယ်။ တရားမျှတရေးလုပ်မယ်ဆိုပြီး ကျနော်တို့ ကန့် သတ်လို့မရဘူး။ ကျနော်တို့ ဒီ Manel လည်း ဒီလိုပဲ အချိန်တိုင်း လှုပ်ရှားတက်ကြွသူတွေ အဖွဲ့အစည်းတိုင်းက အမြဲပြောဖို့လို တယ်။ နောက် ကျနော်တို့တွေ Manel ပါဝင်ရန်လည်း ဒါကိုလက်ခံပြီး  သင်ခန်းစာယူပြီး ပြုပြင်ဖို့လိုတယ်။” ဆိုလိုက်ပါတယ်။

Author:

Related Articles