Home ဆောင်းပါး “ရင်ထဲက စကားသံများ”

“ရင်ထဲက စကားသံများ”

ဖူးမော်။

10608202_652061231558342_1314060452714708800_o
ခန်းမကြီး ထဲသို့ဝင်လိုက်သည်နှင့် ရောင်စုံပန်းများ ဖူးပွင့်နေသလိုပင် တောင်ပေါ်မြေပြန့် ဒေသပေါင်းစုံမှပန်းများ အပြိုင်လှနေကြသည်။ ပန်းတိုင်းမှာ လန်းဆန်းလှပနေပြီး ရနံများဖြင့်ထုံသင်းနေသည်။ ထိုပန်းများ စုပေါင်း ထားသော နေရာမှာအခြားမဟုတ် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် ပင်ဖြစ်သည်။ သူတို့အချင်းချင်း ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြသည်။ နှုတ်ဆက်ကြသည်။ အမှန်တကယ် ငြိမ်းချမ်းသော အချိန်လေး ဟု ခံစားမိသည်။

အမျိုးသမီးခေါင်းဆောင်များ သွက်သွက်လက်လက်နှင့် အခမ်းအနား အစပြုနိုင်ရန်အတွက် ပြင်ဆင်နေသည်။ တိုင်းရင်းသူလေးများလည်း မိမိရိုးရာဝတ်စုံများဖြင့်အပြိုင်လှနေသည်။ သို့သော် ထိုအလှများနှင့်အတူ ရင်ထဲမှ အပြိုင်မလှနိုင်သေးသော အရာများအတွက် သူတို့ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ရင်ထဲတွင် မငြိမ်းချမ်းသော အရာများကို ဖွင့်ဟပြောဆိုလိုက်သည့်အခါမှာ ခန်းမတစ်ခုလုံး အမျိုးသမီးများ   အတူတကွ ခံစားခဲ့ကြရသည်။

တအောင်း ပလောင်ဒေသ ကိုယ်စားပြု အမျိုးသမီးမှ “ ကျွန်မတို့ ဒေသမှာ အမျိုးသမီးတွေဟာ စစ်လည်းရှောင်ရ ယောင်္ကျား ဘိန်းစွဲတာလည်း ခံရ သားသမီးတွေကိုလည်း ကြည့်ရတယ် တစ်ခါတစ်လေ ဘိန်းစွဲတာကြောင့် သားသမီးတွေကို ရောင်းစားမှုတွေတောင် ဖြစ်လာတယ်  ဒီတိုင်းဆက်ဖြစ်နေရင် ကျွန်မတို့လို လူမျိုးုစုငယ်တွေ လူမျိုးသုန်းသွားနိုင်တယ်” ဟု သူမမှ ပြောကြားသွားပါသည်။

နိုင်ငံမှာ ဖြစ်ပွားကြတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ခါးစည်းခံစားကြရတာကတော့ အမျိုးသမီးတွေပဲ ဖြစ်တယ်လို့ အမျိုးသမီး ခေါင်းဆောင်တွေက ပြောပြကြပါသည်။

ထို့နောက် ရခိုင်ဒေသ ကိုယ်စားပြုအမျိုးသမီးမှလည်း “ ကျွန်မတို့ ဘက်ကတော့ စီးပွားရေးပြဿနာပေါ့ ကလေးတွေ ဈေးရောင်းစားနေရတာများတယ် ပြီးတော့လူငယ်တွေ အများကြီးနည်းသွားပြီး ပြည်ပထွက်တာ များတယ် ခေါင်းပုံဖြတ်တာတွေများတယ် ကိုယ့်ရဲ့သယံဇတကို ဒေသခံတွေ ကိုယ်ပိုင်သုံးခွင့်မရဘူး ဆင်းရဲတော့ ပညာက မရှိ၊ ပညာမရှိတော့ ဗဟုသုတမရှိ နောက်တော့ ဘာမှမစဉ်းစားနိုင်တော့ဘူး ရခိုင်ပြည်နယ်မှာက အမျိုးသား ၉၅ % ဟာအရက်သမားတွေဘဲ အမျိုးသမီးတွေက အရက်ဖိုးရှာပေးရတယ် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေသလိုဘဲ “ ဟု သူမမှ ဆက်လက်ပြောကြားခဲ့ပါသည်။
1267057_652058014891997_3674970890939319164_o
ရှမ်းပြည်မှာ အမျိုးသမီးတွေ ခံစားနေကြရတာကတော့ ငြိမ်းချမ်းမှု မရှိတဲ့ ပြဿနာလို့ ဆိုပါသည်။။ ရှမ်းပြည်နယ်ကိုယ်စားပြုအမျိုးသမီးက “ကျွန်မတို့ ရှမ်းပြည်နယ်မှာ အစိုးရ(၃)ခုရှိတယ် ဆိုပြီးကြောက်နေရတယ် တရုတ်တွေ စီးပွားရေးလာလုပ်ပြီး ရှမ်းအမျိုးသမီးတွေနဲ့ ယူကုန်ကြတယ် ကျွန်မတို့ ဘက်မှာက လူမှုအဖွဲ့အစည်းတွေလည်း သေချာမလုပ်နိုင်ဘူး  တိုင်းပြည်မှာ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဒီလို အကြောက်တရား ခြိမ်းခြောက်မှုတွေခံနေရတယ်  ကြက်ကလေး ငှက်ကလေးတွေတောင် မွေး ခွင့်မရှိ တော့ဘူး အမျိုးသမီးတွေလည်း စွမ်းရည်မြှင့်တင်ဖို့ အများကြီးလိုအပ်နေတယ်ဟု” သူမမှ ပြောကြားသွား ပါသည်။

ဒေသပေါင်းစုံမှ အမျိုးသမီးများ၏ ခံစားချက်များကာ အလွန်ဝမ်းနည်းဖွယ်ရာကောင်းပါသည်။ သူတို့အတွက် ကြက်ကလေး ငှက်ကလေး မွေးရတာကိုပင်ငြိမ်းချမ်းရေးဟု ခံယူကြသည်။

အပစ်အခတ်ရပ်စဲရေး ပြုပြင်ပြောင်းလဲရေးများနှင့် အတူ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း တိုးပွားလာနေပါသည်။ သဘာ၀ ပတ်ဝန်းကျင် သက်ရောက်မှု၊ လူမှု သက်ရောက်မှု စစ်တမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနဲ့ အညီ ကောက်ယူပြီး ယင်းတို့ကို လူထု ထိခိုက်မှု မရှိရန် လုပ်ဆောင်ရန် လိုအပ်သည်။ ယင်းသို့မဟုတ်ပါက အကျိုးဆက်များကို အဆိုးဆုံးခံစား ရသူမှာလည်း အမျိုးသမီးများ ဖြစ်သည်ဟု ဆိုကြသည်။
10608268_652058018225330_6913766858860372398_o
တိုက်ပွဲမဖြစ်သော်လည်း ငြိမ်းချမ်းမှုမရှိသော ထားဝယ်ဒေသ  ကိုယ်စားပြု အမျိုးသမီးမှလည်း “ကျွန်မတို့ ဒေသကတော့ အထူးစီးပွားရေးဇုန်ဖြစ်နေပြီး ရေနံချက်စက်ရုံ တို့ ကျောက်မီး သွေးစက်ရုံဆို ထားဝယ်မှာဘဲ ၄ ခုရှိတယ် ပြီးတော့  ဘီလပ်မြေစက်ရုံ တို့ စတဲ့စက်ရုံတွေ အများကြီးရှိတယ် လယ်ယာမြေသိမ်းယူမှုဆို တနင်္လာရီတိုင်း တစ်တိုင်းလုံးနီးပါးရှိတယ် ထားဝယ်မှာဘဲကို ဧက လေးသိန်းကျော် ရှိနေပြီ ပြီးရင် မြို့ပြစီမံကိန်းတို့ ရေနက်ဆိပ်ကမ်းတို့ကလည်း ရှိသေးတယ် ကျွန်မတို့ ထားဝယ်မှာ စစ်အေး တိုက်ပွဲနဲ့ ရင်ဆိုင်နေရတယ် အဓိကကတော့ မူးယစ်ဆေးဝါးတိုးတက်မှုပေါ့ အမျိုးသမီးတွေဆို နှစ်ဆတောင် ခံရတယ် လယ်ယာမြေသိမ်းဆည်းခံရတာရော မိသားစု သားသမီးအရေးရော ကြုံတွေ့နေရတယ် လယ်သမားတွေက လောဘမကြီးပါဘူး ကိုယ့်ထမင်းအိုး မကွဲေအောင်ဘဲ တောင်းဆိုတာပါ “ ဟု သူမမှ ပြောကြားသွားပါသည်။ အခြားသော တိုင်းရင်သားကိုယ်စားပြုများလည်း ဆက်လက် ပြောကြားသွားပါသည်။ သို့သော် ထို ခံစားချက်များ မငြိမ်းချမ်းမှုများကို ကုစားပေးသော အရာများမှာ အမျိုးသမီးခေါင်းဆောင်များ၏ စကားသံ သတ္တိ ခွန်အား မမြင်နိုင်သော အမျိုးသမီးများ၌ပင်ရှိသော စွမ်းအားများပင်ဖြစ်ပါတော့သည်။
10704371_652061224891676_5133744547446322345_o
နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ဖြစ်သော အမျိုးသမီးများအနေဖြင့် အဆင့်ဆင့်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး နှင့် ဆုံးဖြတ်ချက်ချမှတ်မှုများတွင် ပါဝင်ကြရန်လည်း လိုအပ်ချက်ဖြစ်နေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသန်း က ပြောသည်။ “ ကျွန်မတို့ အမျိုးသမီးတွေက လွှတ်တော်ထဲမှာအင်မတန် နည်းတယ် လွှတ်တော်ထဲက အရှုံးသမားတွေပါ အခုဒီနေ့ အခမ်းအနားမှာ လာတဲ့အခါမှာ အင်မတန်အားရှိတယ် အမျိုးသမီးတွေ အများကြီးတွေ့ရတဲ့အတွက် အရမ်းဘဲ ဂုဏ်ယူပါတယ် အခုအခမ်းအနားတွေလုပ်နေတာ ဦးဆောင်ပြောနေတာတွေကို ကြည့်လိုက်တဲ့အခါမှာ စာရွက်တွေနဲ့ ကြည့်ပြောနေတာမဟုတ်ဘူး အားလုံးဟာ စာရွက်မပါဘဲ ရင်ထဲကစကားကိုပြောနေတာ ပြီးတော့ အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူညီတဲ့ စွမ်းအားတွေရှိတယ် ဒါကို ကမ္ဘာပေါ်မှာရှိတဲ့ ပညာရှင်ကြီး တွေတောင် မငြင်းနိုင်ပါဘူး ဒါကြောင့် အဖိနှိပ်ခံ ဘဝနဲ့မနေကြပါနဲ့ အမျိုးသမီးတွေရဲ့ သန့်ရှင်းတဲ့ စွမ်းအားတွေ စစ်မှန်တဲ့စွမ်းအားတွေ ကို ပြကြရအောင်” ဟု သူမမှ ပြောကြားသွားပါသည်။

ထိုကဲ့သို့ပင် အမျိုးသမီးများ အတွက် အင်းအားဖြစ်စေသည့် တန်းဖိုးရှိလှသည့်စကားများကိုလည်း ငြိမ်းချမ်းရေးဆု ကိုချီးမြှင့်ခြင်းခံရသည့် အမျိုးသမီးခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် နှင့်ဒေါ်စောမြရာဇာလင်း တို့မှလည်း ပြောကြားသွားပေးပါသည်။

ယခင်နှစ်က ဤကဲ့သို့သောအမျိုးသမီးဖိုရမ်ကိုပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံနှင့်ပါတ်သက် သောအကြောင်းအရာများကို ပို၍ ဆွေးနွေးခဲ့ကြသည် ယခု ဒုတိယအကြိမ်တွင် အမျိုးသမီးနှင့် ငြိမ်းချမ်းရေး အကြောင်းကို ပိုမိုဆွေးနွေးခဲ့ကြသည်ဟု  အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှအကြံပေး မခင်ဥမ္မာက ပြောကြားသွားပါသည်။ ဆက်လက်၍ သူမက “ အခု အမျိုးသမီးအဖွဲ့ချုပ်(WLB)  နဲ့ အမျိုးသမီးများကွန်ယက် (WON) အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဟာ တော်တော်တော့ခရီးရောက်နေပါပြီ အရင် ၂၀၁၀ မတိုင်ခင် ကတည်းကလည်း ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့တယ် အခုဆို ပြည်တွင်းမှာ အရှိန်မြှင့်ပြီး လုပ်ဆောင် လာနိုင် တယ် အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့လိုတယ်ဆိုတာကို ကျွန်မတို့ခိုင်ခိုင်မာမာဘဲ ယုံကြည်တယ် ကျွန်မတို့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှကြိုးစားသွားမယ် အမျိုးသမီးတွေက သူတို့ဘ၀ နဲ့ရင်းပြီးစစ်ပွဲတွေရဲ့ဆိုးကျိုးကို ခံစားရတဲ့အတွက်သူတို့ဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအကြံဉာဏ်ကို ပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တယ် အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးဆိုတာ တိုင်းပြည် ဒီမိုကရေစီရမှ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်းသွားမှ မဟုတ်ဘူး ကိုယ့်အိမ် ကိုယ့်ရွာထဲမှာ ကိုယ့်ပတ်ဝန်းကျင်တွေမှာ နေရင်တောင်မှ လုံခြုံမှုရှိနေမှဘဲ အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးဟာ အဓိပ္ပါယ် ပြည့်ဝလိမ့်မယ်” ဟု ပြောကြားခဲ့ပါသည်။

အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသော ကယန်းအမျိုးသမီးအစည်းအရုံးမှ မူးဧပရယ်ထူး ကလည်း “အခုလိုအမျိုးသမီးနဲ့ပါတ်သက်တဲ့ ဖိုရမ်ကိုတက်ရောက်တာက ပထမဆုံးအကြိမ်ဘဲပေါ့ အရမ်းလည်း ပျော်စရာကောင်းတယ် အခြားတိုင်းရင်းသားတွေ အခြားအဖွဲ့အစည်းတွေ အများကြီးဆုံတွေရတယ် အခုလို လုပ်နိုင်တဲ့အတွက် အများကြီးကိုလည်းဂုဏ်ယူတယ် နောက်ရှေ့ဆက်ပြီး ဒီလို အမျိုးသမီးဖိုရမ်တွေ လုပ်ဆောင်ဖို့ လည်းမျှော်လင့်တယ် “ ဟု သူမမှ ပြောကြားခဲ့ပါသည်။

Related Articles