Home ဆောင်းပါး လွတ်မြောက်နယ်မြေက သက်ငယ်မုဒိန်းမှု အမြန်ဖြေရှင်းပေးစေလို

လွတ်မြောက်နယ်မြေက သက်ငယ်မုဒိန်းမှု အမြန်ဖြေရှင်းပေးစေလို

ဆိုဖီ။ ။

သမီးလေးရဲ့လက်ကို မြဲမြဲကိုင်စွဲပြီး စစ်အာဏာရှင်လက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် မိန်းကလေးမွေးထားတဲ့ မိခင်တစ်ယောက်အနေနဲ့ စိတ်လုံခြုံမှုအတွက် နေ့စဥ်နဲ့အမျှ ပူပန်နေရဆဲပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို ထွက်ပြေးလာခဲ့တဲ့ သမီးရှင်ဆရာမသူဇာဟာ လက်ရှိ မှာ တော့ စိုးရိမ်ပူပန်မှုနဲ့ နေထိုင်နေရပါတယ်။ ဆရာမ သူဇာဟာ စစ်အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ကျောင်းဆရာမ တစ်ဦး ဖြစ်ပြီး အသက် ရှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။

သူဟာ လက်ရှိမှာတော့ သမီးလေးတစ်ယောက်နဲ့ ရုန်းကန်နေရပြီး စျေးသက်သာတဲ့တန်းလျားခန်းမှာ ငှားရမ်းနေထိုင်နေရသူ ဖြစ်ပါတယ်။ တန်းလျားခန်းက အိမ်သာသီးသန့်ရှိပေမယ့်  အိမ်သာနဲ့ ရေချိုးခန်းဟာ အများသုံးကြရတဲ့အတွက် သူဟာ သမီး လေးအတွက် တွေးပူစိုးရိမ်နေရပါတယ်။

ဒီလိုတွေးပူနေတာကလည်း အကြောင်းရင်းရှိပါတယ်။ ယခုနှစ် မတ်လဆန်းပိုင်းက မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တက္က သိုလ် တွဲဖက်ပါမောက္ခအဖြစ်မှ CDM ပြုလုပ်ထားတဲ့ဆရာမရဲ့ အသက် ငါးနှစ်အရွယ်သမီးကို ရန်ကုန်တိုင်း တံတွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အတွင်းရေးမှူးဦးအောင်မင်းက သက်ငယ်မုဒိမ်းကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်း ကြောင့်ပါပဲ။

အဲဒီသတင်းကြောင့် ဆရာမသူဇာတစ်ယောက် အသက်ရှစ်နှစ်အရွယ်သမီးလေးအတွက်  “ ကျမတို့ နေထိုင်တဲ့နေရာကလည်း အများနဲ့နေရတော့ သမီးအတွက် ညရေးညတာရော နေ့ရော စိတ်ပူစရာဖြစ်လာတယ်။ CDMတွဲဖက် ပါမောက္ခဆရာမရဲ့ ငါး နှစ်သမီးကိုတောင် သက်ငယ်မုဒိန်းကျူးလွန်ခံရတာပဲ။ ကျူးလွန်တဲ့သူကလည်း NLD အသိုင်းအဝန်းကလေ။ ဒါကြောင့် ကျမ ရဲ့သမီးအတွက် အစစအရာရာ တွေးပူနေရတယ်။” လို့ ဆရာမ သူဇာက စိတ်မကောင်းစွာ ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီလပိုင်းက တန်းလျားအိမ်ခန်းမှာ ဘေးချင်းကပ်လျက် အတူနေထိုင်တဲ့ ဦးအောင်မင်းဆိုသူဟာ အသက်ငါးနှစ် အရွယ်ကလေးကို အများသုံးအိမ်သာမှာခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တာပါ။ CDMတွဲဖက် ပါမောက္ခ ဆရာမဟာ ထိုင်းနယ်စပ်မှာ အွန်လိုင်းအသုံးပြုပြီး စာသင်ကြားနေပေမယ့် ဝင်ငွေနည်းပါးတဲ့အတွက် တစ်လလျှင် ဘတ် ၂,၅၀၀ (မြန်မာကျပ်နှစ်သိန်းနီးပါး )ရှိ အိမ်ခန်းကိုသာ ငှားရမ်းနေထိုင်ခဲ့ရပါတယ်။

အဲ့ဒီအိမ်ခန်းဟာ နှစ်ထပ်တိုက်ဖြစ်ပြီး အိမ်သာ၊ ရေချိုးခန်းတွဲလျက်ရှိသော်လည်း အများသုံးအိမ်သာကိုသာ အသုံးပြုရတာကို အခွင့်ကောင်းယူပြီး ဦးအောင်မင်းဆိုတဲ့သူဟာ  ဧပြီလဆန်းပိုင်းကနေစပြီး အသက်ငါးနှစ်အရွယ်ကလေးငယ်ကို လိင်ပိုင်းဆိုင် ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တာပါ။

ပုံစာ – လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရသည့် အသက်ငါးနှစ်အရွယ်ကလေးငယ် နေထိုင်သည့်အိမ်ကို NUG က ထုတ်ပြန်ထားသည့်ပုံ 

ဒီလိုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တန်းလျားအိမ်ခန်းငှားရမ်းနေတဲ့ သမီးရှင်မိခင်တွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်လာကြပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး သမီးရှင် မသူဇာတစ်ယောက်ကတော့ “ အခု NUG အစိုးရကို အဲအမှုတိုင်ကြားပေမယ့် ကျမတို့ ဘာသံမှ မကြားတော့ဘူး။ NUG ကို အားကိုးပြီးတိုင်တာ အခုက တာဝန်ယူမှု တာဝန်ခံမှုမရှိတော့ ကျမရဲ့သမီးအတွက်လည်း စိုးရိမ်နေ ရတယ်။” လို့ သူက ဆိုပါတယ်။

ဒါကြောင့် NLD အလုပ်အမှုဆောင်အဖွဲ့ရဲ့ သက်ငယ်မုဒိမ်းကျူးလွန်မှုဟာ လက်ရှိမှာတော့ အသံတိတ်နေကြောင်းနဲ့ အဆိုပါ အမှုကို ပွင့်လင်းမြင်သာမှုရှိအောင် NUG အစိုးရအနေဖြင့် ချပြပြောဆိုသင့်ကြောင်း အသက်ရှစ်နှစ်အရွယ်သမီးရှင် ဒေါ်သူဇာက ပြောပါတယ်။

“ NUGက အရေးယူမှုလုပ်နေလဲ။ ဒီကိစ္စက တိုးတိုးတိတ်တိတ်ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူးရှင့်။ တော်လှန်ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုအတွက် official ပြရမယ့်ကိစ္စလို့မြင်တယ်။ မဟုတ်ရင် NUG နဲ့ NLD ပါတီ ရောထွေးကုန်ရင် အခြားသူတွေ အပေါ်အထင်မှားစေလိမ့်မယ်ရှင်။” လို့ ဆရာမသူဇာက ပြောဆိုလိုက်ပါတယ်။

မဲဆောက်မြို့ကို ရှောင်တိမ်းလာတဲ့ မစံပယ်ကလည်း လက်ရှိဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုဟာ မြန်မာလူမျိုးအချင်းချင်းဖြစ်သ လို တော်လှန်ရေးအနေနဲ့ရောက်ရှိလာကြတဲ့ သူအချင်းချင်းဖြစ်တဲ့အတွက် ရုပ်ဆိုးကြောင်းနဲ့ NUG အစိုးရအနေနဲ့ ပြတ်သားစွာ ဖြေရှင်းဖို့ သင့်တယ်လို့ဆိုပါတယ်။

“ တကယ်ဆိုရင်ဒီအမှုက NLDကလူလည်းဖြစ်သလို NUGကိုတိုင်ကြားတဲ့အမှုပါ။ ဒီအမှုကို ပြတ်ပြတ်သားသားမကိုင်တွယ်ရင် တော်လှန်ရေးအတွက်လည်းမကောင်းဘူး။ နောက် NLD အဖွဲ့ဝင်မလို့ လွှတ်ထားတာလားဆိုပြီး မေးစရာဖြစ်လာနိုင်တယ်။” လို့ မစံပယ်က ဆိုပါတယ်။

ခေတ်အဆက်ဆက်မှာတော့ မုဒိမ်းမှုကို ထိရောက်စွာအရေးယူဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပေမယ့် အောင်မြင်မှုမရတဲ့အပြင် လက်ရှိမှာတော်လှန်ရေးလုပ်ဆောင်နေသူတွေကပါ မုဒိမ်းမှုကို ကျူးလွန်လာခဲ့ တာ ရှက်စရာဖြစ်နေကြောင်း မစံပယ်က ထောက်ပြပြောဆိုလိုက်ပါတယ်။

မဲဆောက်စျေးကိုတွေ့ရစဉ်

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေဟာ “ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” “ မုဒိမ်း စစ်တပ် အမြစ်ဖြတ်”ဆိုပြီး ကြွေးကြော်နေချိန်မှာ လက်ရှိ NLD အလုပ်အမှုဆောင်က တော်လှန်ရေးသမားလို့ ခံယူနေပြီး နယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်လာချိန် အသက်ငါးနှစ်အရွယ်ကလေးငယ်ကို မုဒိမ်းကျူးလွန်တာဟာ အလွန်ကြီးလေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း မဲဆောက်ရောက် အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။

အဲ့ဒီမုဒိန်းကျူးလွန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေလဆန်းပိုင်းမှာ ကျူးလွန်ခံရတဲ့ ကလေးရဲ့မိခင်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို  စာပို့ခဲ့ပါတယ်။  

သက်ငယ်မုဒိမ်းမှုရဲ့တိုင်ကြားစာကို NUG လက်အောက်ခံ​အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက လက်ခံ ရရှိထားပြီးအမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာအကာကွယ်ပေးနိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရန် လုပ်ဆောင် လျက်ရှိကြောင်း မေ ၁၂ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

လက်ရှိမှာ သံသယရှိတရားခံအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူရဲ့တပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ကာ အခုအခါတွင် အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေပြီး တရားရေးဘက်မှလည်း အမှုစစ်ဆေးခြင်း၊ အမှုဖြစ်စဥ်အပေါ် မူတည်ပြီး ဖမ်းဝရမ်းထုတ်ဆင့်ခြင်း လုပ်ငန်းစဥ်တွေကို ဆက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက် ဖော်ပြပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ ထိုင်းနိုင်ငံမှာ  ဖြစ်ပေါ်ခဲ့တဲ့အတွက် သက်ဆိုင်ရာနိုင်ငံနဲ့ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီအမှုကို  လုပ်ဆောင်ရာမှာ နိုင်ငံတကာတရားဥပဒေနဲ့ တိုင်ကြားသူရဲ့ဆန္ဒတို့ကို အလေးပေးလုပ်ဆောင်သွားမယ်လို့ အမျိုး သမီး၊ လူငယ်နဲ့ ကလေးသူငယ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်းကြီးဌာနကို HI က သီးသန့်ဆက်သွယ်မေးမြန်းခဲ့ ပေမယ့်  ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာသို့ရောက်ရှိနေတဲ့ အမျိုးသမီးအရေးဆောင်ရွက်တဲ့ လွေးပိုးငယ်က “ NUG က တာဝန်မယူနိုင် ရင် ထိုင်းအစိုးရကို အပ်သင့်တယ်။ NUGက ဘယ်လိုကိုင်တွယ်လဲဆိုတာမသိဘူး။ ထိုင်းနိုင်ငံမှာဖြစ်တော့ ထိုင်းတရားရေးနဲ့ ဖြေရှင်းရမယ်။  ထိုင်းရဲလက်ထဲကို မအပ်ဘဲ လွတ်သွားတဲ့ကိစ္စ  ဖြစ်လို့မရဘူး။ အမှုကို မြန်မြန်ဆန်ဆန်လုပ်သင့်တယ်။ အခုက ကျူးလွန်သူကို ကျူးလွန်ခွင့်ပေးနေတဲ့ပုံစံဖြစ်တယ်။” လို့ ဆိုပါတယ်။

ကျူးလွန်ခံရတဲ့ သမီးငယ်နဲ့မိခင်ဟာ လုံခြုံစိတ်ချရတဲ့ အနေအထားလို့ပြောဆိုနေပေမယ့် လက်ရှိမှာ ဘယ်လောက်ထိ စိတ်ချ ရတဲ့နေရာဖြစ်နေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို ကျူးလွန်တဲ့ အမျိုးသား  NLD ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး တော်လှန်ရေး သမား ဖြစ်တဲ့အတွက် အမှုကို ပွင့်လင်းမြင်သာစွာနဲ့ အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ကြောင်း သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ ခုက  ဒီအမှုကိုကြန့်ကြာအောင် အချိန်ဆွဲထားတဲ့ပုံစံဖြစ်နေတယ်။ နစ်နာသူအတွက်မကောင်းသလို တော်လှန်ရေးအတွက် လည်းမကောင်းဘူး။ တကယ်ပဲ NUG လွတ်လပ်တဲ့တရားစီရင်ရေး သူတို့ကိုယ်တိုင် လုပ်ဆောင်နေရင် ဒီအမှုကို အမြန်ဖြေရှင်း ပေးမယ်လို့မြင်တယ်။” လို့ လွေးပိုးငယ်က ဆက်ပြောပါတယ်။

တော်လှန်ရေးသမားအများစု ခိုလှုံနေသည့် မဲဆောက်မြို့တွင်း တစ်နေရာ 

အမျိုးသမီးများအဖွဲ့ချုပ် (WLB)ကလည်း အကြမ်းဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ကန့်ကွက်တာသာမက အကြမ်းဖက်မှု မှန် သမျှ ပပျောက်စေရန် (Zero Tolerance)မူကို ကျင့်သုံးပြီး ဘယ်အကြမ်းဖက်မှုမဆို ရှုတ်ချကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ပဋိပက္ခ ရှည်လျားလာတဲ့အလျောက် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပိုမို များပြားလာတဲ့အကြောင်းရင်းဟာ ဖိုဝါဒကြီးစိုးတဲ့ စနစ်ကျင့်သုံးတာနဲ့ စစ်အာဏာရှင်စနစ်ကြောင့်လို့ WLBရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင် ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ်တွေ ရှိနေတာ၊ ဖိုဝါဒကြီးစိုးနိုင်တဲ့ လက်တွေ့ကျင့်သုံးနေသူတွေ ရှိနေတာတွေနဲ့ ခေတ် အဆက်ဆက် မတရားအာဏာသိမ်းသော စစ်အာဏာရှင်ကြောင့် ကျူးလွန်ခံရသူတွေအနေနဲ့ ဒီကနေ့ထိ တရားမျှတမှုနဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု အပြည့်အဝ မရရှိခဲ့တာကိုတွေ့ရကြောင်း WLB က ဆိုထားပါတယ်။

သက်ငယ်မုဒိမ်းအများစုဟာ မိဘဆွေမျိုးများနဲ့ နီးစပ်သူတွေ၊ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေ၊ မိခင်ရဲ့နောက်အိမ်ထောင်၊ ဖခင်အရင်းတွေက ကျူးလွန်မှုများတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာ အသက် ၁၂ အောက် အမျိုးသမီးအပေါ် မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း (သို့) ထောင်ဒဏ်အနှစ် ၂၀ ချမှတ်နိုင်ကြောင်း ၂၀၁၉ ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းထဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။

လက်ရှိ တော်လှန်ရေးကာလမှာ လွတ်မြောက်နယ်မြေ တိုင်းတပါးမှာ လာရောက်ခိုလှုံချိန်  ဒီလိုအမှုဖြစ်ပွားတာဟာ တော်လှန် ရေးအတွက်လည်းမကောင်းကြောင်းနဲ့ နစ်နာသူတွေအတွက် အမှန် တရားရစေချင်ပြီး NUG က ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် လည်း ပြီးဆုံးတဲ့အတိ ကိုင်တွယ်စေချင်ကြောင်း မဲဆောက်မှာနေထိုင်တဲ့ သမီးရှင်တစ်ဦးဖြစ်သူ မစံပယ်က ပြောပါတယ်။

“ NUG က ကိုင်တွယ်မယ်ဆိုရင်လည်း ပြီးတဲ့အထိ ကိုင်တွယ်စေချင်တယ်။  တကယ်လို့ မကိုင်နိုင်ဘူးဆိုရင် ထိုင်းတရား ရုံးအပ် ရင်လည်း ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်။ ဒါမှ လူတိုင်းအတွက်စိတ်ချနိုင်တယ်။”လို့ မစံပယ်က ဆိုပါတယ်။

မဲဆောက်ရောက်နေတဲ့ သမီးရှင်တွေကတော့ ဒီအမှုကို ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ကြောင်းနဲ့ တော်လှန်ရေးကာလမှာ ဖြစ်တဲ့ အမှုကြောင့် ထိလွယ်ရှလွယ်ပြီး စံနမူနာအဖြစ် ပြစ်ဒဏ်မချမှတ်နိုင်ပါက ပြည်သူအားထားတဲ့ NUG အစိုးရကို ဆက်ယုံကြည်မှု တွေ အားလျော့လာနိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။

“ ဒီသက်ငယ်မုဒိမ်းမှုကို တော်လှန်ရေးအသိုင်းအဝန်းက ပြတ်သားအောင် ရှင်းထုတ်ရမယ်။ စံနမူနာအဖြစ် လုပ်ရမယ်။ ဒီလိုမှ မဟုတ်ရင် ပြည်သူ့အစိုးရကိုလည်း ဘယ်သူမှ ယုံကြည်မှာမဟုတ်ဘူး။ ဘယ်သူပဲ ကျူးလွန်ပါစေ မုဒိမ်းမှုကိုတော့ လုံးဝမျက် ကွယ်မပြုနိုင်ဘူး။” လို့  CDM မိခင် ဒေါ်သူဇာက ပြတ်သားစွာ ဆိုပါတော့တယ်။

Author:

Related Articles