Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ် ။

  • လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ အမျိုးသမီးနှစ်ဦးအပါအဝင်ကိုးဦး ဖမ်းဆီးခံရ

လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီကိုဝေဖန်ရေးသားသူ အမျိုးသမီးနှစ်ဦးအပါအဝင်ကိုးဦးကို ဖမ်းဆီးထားတယ်လို့ ပြန် ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာနဲ့စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စမ်းချောင်း၊ သင်္ဃန်းကျွန်းနဲ့ဒဂုံမြို့သစ်တောင်ပိုင်းမှာနေထိုင်တဲ့ ကိုစနေဖိုး ၊ဇွဲထွဋ်နောင်နဲ့ကိုအောင်ကိုလတ်၊ မန္တလေးမြို့က ကိုနေရဲမင်းနဲ့မသန့်သန့်၊ ဧရာဝတီတိုင်းဘိုကလေးမြို့နယ်က ကိုကျော်ကျော်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ကိုဝင်းနိုင်နဲ့ ကို ကောင်းမြတ်၊ ကချင်ပြည်နယ်မြစ်ကြီးနားမြို့က မညိုမီကိုတို့ ဖမ်းဆီးခဲ့တာဖြစ်တယ်။  

သူတို့ကိုးဦးဟာ ကိုယ်ပိုင်လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အားပေးထောက်ခံ တာ၊ လှုံ့ဆော်ဝါဒဖြန့်တာနဲ့ နိုင်ငံတည်ငြိမ်ရေးကိုပျက်ပြားအောင် လှုံ့ဆော်စည်းရုံးခဲ့တာတွေကြောင့် ဖမ်းဆီးခဲ့တာလို့ စစ် ကောင်စီသတင်းစာတွေက ဖော်ပြထားပါတယ်။

Source – RFA

  • ‌ရွှေဘိုတွင် ပြောက်ကျားအမျိုးသမီးတစ်ဦးဒဏ်ရာရပြီး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မိုင်းမတော်တဆပေါက်ကွဲပြီးနောက် မြို့ပြပြောက်ကျားအဖွဲ့ဝင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရတယ် လို့  ကာကွယ်ရေးအဖွဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၃၁ နှစ်ခန့်အရွယ် မပပထွန်းဖြစ်ပြီး စစ်ကောင်စီပစ်မှတ်များကိုတိုက်ခိုက်ရန် လာရောက်စဉ် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးဝန်းကျင်အရောက် သယ်ဆောင်လာသောမိုင်းတွေကလက်ထဲမှာ မတော်တဆ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။

အတူပါလာသူအဖွဲ့ဝင်အမျိုးသားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကာ စစ်ကောင်စီလက်နက် ကိုင်တွေ အလျင်အမြန်ရောက်ရှိလာကြတယ်လို့သိရပါတယ်။

Source – Myanmar Now

  • စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်လို့ ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်လက်ပံပင်ကျေးရွာမှာ တပ်စွဲထားတဲ့ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ(၄၄)လက် အောက်ခံအမှတ်(၂) ခြေလျင်တပ်ရင်းစခန်းမှ မဲရုံးလေးကျေးရွာအတွင်းကို အောက်တိုဘာ(၁၉)ရက်နေ့က လက်နက်ကြီးနဲ့ ပစ် ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၄၄)လက်အာက်ခံ အမြောက်တပ်တွေဖြစ်တဲ့ (အမတ-၃၁၀)၊ (အမတ-၆၀၂)၊ (ခလရ -၂)၊ (ခမရ-၂၀၇) တပ်ရင်းတွေသာမကရဲစခန်းတွေက ကျေးရွာတွေအတွင်း လက်နက်ကြီးပစ်ခတ်မှုများစွာ ရှိနေပြီး အရပ်သားပြည်သူ ထိခိုက် သေဆုံးမှု၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး၊ လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများစွာ ရှိနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

Source – People’s Spring

  • ထီးချိုင့်တွင် အမျိုးသမီးနှစ်ဦးကို  စစ်ကောင်စီသေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ လမ်းမပေါ်ထွက်လာတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကသေနတ်နဲ့ ပစ်ခတ်ခဲ့ရာတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ(၁၉)ရက်နေ့ကထီးချိုင့်မြို့အဝင်ဂိတ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဝင်တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ စ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင် ၈ဦးသေဆုံးပြီး နှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာမှာ လမ်းမပေါ်ထွက်လာတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ် ဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး  အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Source – Mizzima

  • ကွတ်ခိုင်၊ နမ့်ဖတ်ကာမှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နမ့်ဖတ်ကာကျေးရွာထဲမှာလက်နက်ကြီးကျလို့ ရပ်ကွက်(၄)က ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ‌ကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီ က သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်မနက်ပိုင်းမှာ နမ့်ဖတ်ကာမှာ အခြေချတဲ့စစ်ကောင်စီ(၁၂၃)တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး က နမ့်ဖက်ကာ ရပ်ကွက်(၄)ထဲ လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲတာလို့ ‌ဒေသခံအချို့က ပြောပါတယ်။

လက်နက်ကြီးကြောင့် အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာနဲ့နမ့်ဖတ်ကာဆေးရုံမှာသေဆုံးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်စထိမှန်လို့ ဒဏ်ရာအသီးသီးရရှိထားတဲ့ ဒဏ်ရာရသူတွေထဲ အသက် (၆)နှစ်အရွယ် ကလေးငယ် အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိနေပြီး သူတို့ကို နမ့်ဖတ်ကာဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

Source – BBC

  • မြိတ်တုံးဗျောကြီးရွာမှာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ငါးဆယ်ခန့်ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊မြိတ်မြို့နယ် မြိတ်-တနင်္သာရီလမ်းဘေးရှိ တုံးဗျောကြီးရွာကအမျိုးသမီးနဲ့နို့စို့အရွယ် ကလေးငယ်တွေ အပါ အဝင် ဒေသခံငါးဆယ်ခန့်ကို စစ်ကောင်စီတပ်က အောက်တိုဘာ(၂၃)ရက်နေ့ကစလို့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

အဲဒီရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ကင်းစခန်းကို တနင်္သာရီအခြေစိုက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ (၂၀) ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီးနောက်ရွာသားတွေကို အခုလိုဖမ်းဆီးစစ်ဆေးနေတာလို့ ပြောပါ တယ်။ တချို့ဆိုရင် မွေးကင်းစ ကလေးနဲ့ မိခင်အပါအဝင်မိသားတစ်စုလုံး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကတော့ အောက်တိုဘာ ၂၀ ရက်နေ့က တနင်္သာရီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာမှန်ကန်တယ်လို့အတည်ပြုပြောဆိုပါတယ်။

Source – RFA

  • ရှမ်းမြောက်တိုက်ပွဲများအတွင်း ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ငါးဦးသေဆုံး  

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တို့ တိုက်ပွဲအတွင်းလက်နက်ကြီးကြောင့်  ကလေး ငယ်နဲ့ အမျိုးသမီးတွေအပါအဝင်ငါးဦးသေဆုံးခဲ့ပါတယ်။  

အောက်တိုဘာ(၂၅)ရက်၊ ည(၁၁)နာရီခွဲကျော်ကလားရှိုးမြို့နယ်၊ ဟိုနမ့်ကျေးရွာမှာ စစ်ကောင်စီနဲ့ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပွားစဉ် အသက်(၅၀)ကျော်အရွယ် ဒေါ်နန်းစံပွဲချင်းပြီးသေဆုံးခဲ့ပြီး  အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ် လို့ ကျည်ထိမှန်ပြီးသေဆုံးသွားသူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အလားတူ (အောက်တိုဘာ ၂၇)ရက် ၊နံနက်၄နာရီမှာ ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ ၊သာယာကုန်းရပ်ကွက်ရှိ အရပ်သားနေ အိမ်တစ်လုံးပေါ် လက်နက်ကြီးကျတဲ့အတွက် မိသားစုဝင်မောင်နှမနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးကျည်ထိမှန်ခဲ့တယ်လို့ နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင်(အောက်တိုဘာ ၂၇)ရက်နံနက် ၅နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာရပ်ကွက် (၄)အတွင်းရှိ အရပ်သားနေအိမ်ပေါ် သို့ လက်နက်ကြီးကျကာ ကလေးငယ်အပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းကဆိုပါတယ်။

Source – HI

  • မော်လမြိုင် အ.ထ.က ကျောင်း မီးလောင်မှုအတွက် ကျောင်းသူ ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ အမှတ် ၉ အခြေခံပညာ အထက်တန်းကျောင်းကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက်မပြည့်သေးတဲ့ သံသယတရားခံကျောင်းသူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ စစ် ကောင်စီက ထုတ်ပြန်ပါတယ်။

မကျောင်းရှိ ဦးသာညှင်းဓမ္မာရုံအဆောင်နဲ့ကွန်ပြူတာထားရှိတဲ့ နှစ်ထပ်ကျောင်းဆောင်တို့အောက်တိုဘာ ၂၅ ရက် မနက် ၃ နာရီက မီးလောင်ကျွမ်းခဲ့ပြီး ကျပ်၉၃သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုမဖြစ်ခင် ကျောင်းဝင်းထဲကို  စက်ဘီး နဲ့ဝင်သွားခဲ့တဲ့ အမျိုးသမီးကို CCTVမှတ်တမ်းမှာ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး အသက်၁၇နှစ်အရွယ်ကျောင်းသူကို ဖမ်းဆီးခဲ့တာ ဖြစ်နိုင်တယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။

မီးလောင်ခဲ့တဲ့ ၂ထပ်ကျောင်းဆောင်ဟာ ၁၈၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း လို့ လူသိများပြီး အမျိုးသားကျောင်းတွေ မပေါ်ပေါက်ခင် ကိုလိုနီခေတ်ကတည်းက တည်ထောင်ခဲ့တဲ့ကျောင်း ဖြစ်ပါတယ်။

Source – DVB

Author:

Related Articles