Home ဆောင်းပါး သေနတ်သံတွေကြား ပညာလိုသူများ

သေနတ်သံတွေကြား ပညာလိုသူများ

ဒေဝီ။ ။

အစိမ်းရောင် တာလပတ်အမိုးနဲ့ အခင်းခင်းထားတဲ့ မြေစိုက်တဲလေးထဲမှာ ကလေးငယ်တစ်ချို့ ထိုင်ပြီး စာရေး သားနေသလို မြေကြီးပေါ် ခုံပုလေးချပြီး ထိုင်နေတဲ့ ဆရာမကလည်း သူသင်ကြားခဲ့တဲ့ သင်ခန်းစာတွေကို အမှတ် ပေးနေတယ်။

အဆိုပါနေရာဟာ လွယ်အိတ်တွေ ၊ ဝှိုက်ဘုတ်တွေ၊ စာရေးနေတဲ့ ကလေးတွေ ရှိလို့သာ စာသင်ကြားတယ်လို့ သိရပေမယ့် စာသင်ခန်းနဲ့တူတဲ့ ဝိသေလက္ခဏာရယ်လို့ ထင်ထင်ရှားရှားမရှိပါဘူး။

ဆရာမလည်း မြေကြီးပေါ်ထိုင်ပြီး စာသင်ကြားပေးနေသလို ကလေးငယ်တွေလည်းမြေကြီးပေါ်မှာပဲ စာထိုင်ရေး ၊စာတွေ လိုက်ဆိုနဲ့ရှိနေပါတယ်။

ဒါက ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ကြားနေရတဲ့မြင်ကွင်းတစ်ခုပါ။

ကျောင်းဖွင့်ရာသီရောက်ပေမယ့် မြို့ ကြီးပြကြီးကမိဘအချို့က ကလေးတွေကို ကျောင်းမပို့ဘဲ အိမ်မှာပဲ စာသင်ကြား သလို၊ တိုက်ပွဲဖြစ်ရာ ဒေသတွေက စစ်ဘေးရှောင်ကလေးတွေကိုလည်း ပညာရေးအဆက်မပြတ်ဖို့ ယာယီခိုလှုံနေတဲ့နေရာ တွေမှာ စာသင်ကြားဖို့အရေး ကြိုးပမ်းနေကြတာပါ။

ဒီလို စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ဖို့ကြိုးပမ်းရတာဟာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ စစ်မက်ဖြစ်ပွားလို့ မလုံခြုံတော့တဲ့အတွက် ဘေးလွတ်တဲ့ ရွာတွေနား ယာယီခိုလှုံရင်း အကူအညီပေးတဲ့ အဖွဲ့အစည်း တွေက သင်ကြား ပေးလို့ စာသင်ကြားရပေမဲ့ ပစ်သံခတ်သံ ကြားရင် ထွက်ပြေးရတာတွေလည်းကြုံကြရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဖွင့်ရာသီရောက်လာတဲ့အခါ ပြည်မနဲ့ ပြည်နယ်တွေက မိဘတွေမှာ အချို့က မိမိ ကလေးကို ကျောင်းအပ်ကြသလို အချို့တွေကလည်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးကို သပိတ်မှောက်တဲ့ အနေနဲ့ ကျောင်းမပို့ကြပါဘူး။ ဒါပေမယ့် ဆရာဆရာမတွေကို အိမ်ခေါ်သင်တာ၊ ပုဂ္ဂလိက ကျောင်းတွေရဲ့ online class တွေသင်ကြားစေတာ၊ မိဘက သင်ကြားပေးတဲ့ Homeschooling (အိမ်သင်ပညာရေးနည်းစနစ်)နဲ့ ပညာရေး အဆက် မပြတ်စေဖို့ လုပ်ဆောင်ထားကြတယ်။

သို့သော်လည်းတိုက်ပွဲဖြစ်ပွားရာ ဒေသတွေက စစ်ဘေးရှောင်ကလေးတွေကတော့ ပညာသင်ကြားရေးအတွက် ရွေးချယ် စရာ နတ္ထိပါ။ စစ်ဘေးရှောင်ကလေးတွေမှာ ကျောင်းလည်းမတက်နိုင်သလို၊ ကျောင်းတွေလည်း မဖွင့်နိုင်၊ အိမ်မှာ မိဘ ဒါမှဟုတ် ဆရာ ခေါ်သင်ကြားဖို့ကလည်း လူကြီးရော ကလေးပါ ဘေးလွတ်ရာရှောင်ရှားနေရတော့ အိမ်ခေါ်သင်ဖို့ ဆိုတာလည်းမဖြစ်နိုင် တောထဲတောင်ထဲ၊ ယာယီခိုလှုံရတဲ့နေရာမှာပဲ ဖြစ်တဲ့ အခြေအနေနဲ့ Homeschooling လုပ်ရ တော့တယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်း မငြိမ်မသက်ဖြစ်စဉ်တွေကြောင့် ကရင်၊ ချင်း၊ ကချင် ၊ကယား၊ စစ်ကိုင်း စတဲ့ဒေသတွင်းက ဒေသခံထောင်သောင်းပေါင်းများစွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဘေးလွတ်ရာ ရှောင်တိမ်းရင်း နေထိုင်နေရပါတယ်။
ကယားပြည်နယ်အတွင်းမှာလည်းမေလအတွင်းကဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသူ ၁၀၃,၅၀၀ ခန့်ရှိပြီး ကလေးဦးရေက သုံးပုံ တစ်ပုံကျော်ခန့်ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် မိမိနေရပ်ကို စွန့်ခွာပြီး ဘေးလွတ်ရာတောတောင်ထဲ ရွာနီးချုပ်စပ်တွေဆီ ပြေးရှောင်လာတာ နှစ်လ နီးပါးရှိလာပြီးဖြစ်တဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် ကျန်းမာရေးနှင့်အဟာရပြည့်ဝရေး၊ရေ၊ မိလ္လာစနစ်နဲ့ ပတ်ဝန်း ကျင် သန့်ရှင်းရေး အပြင် ၊ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပညာရေးဝန်ဆောင်မှု တို့လိုအပ်နေပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ကလေးတွေက ခိုလှုံဖို့နေရာအတည်တကျမရှိသေးတာ၊စားနပ်ရိက္ခာ မပြည့်စုံတာ ၊ သောက်သုံး ရေသန့်မရှိတာ၊ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိတာတွေကြား ပညာရေးက ကွက်လပ်တစ်ခုအနေနဲ့ ရှိနေ ဆဲပါ။

ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် လွန်ခဲ့တဲ့ နှစ်ကတည်းက စာသင်ကြားခွင့်မရသလို၊ ယခုနှစ်မှာလည်း အာဏာသိမ်းမှု နောက် ဆက်တွဲအဖြစ် စစ်ကောင်စီနဲ့ ဒေသခံတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကလေးတွေမှာ စာသင် ခန်းဆီ မရောက်နိုင်သေးပါဘူး။

ဒါကြောင့် ကလေးတွေ ပညာရေး အလှမ်းမဝေးစေဖို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေ၊ အဖွဲ့အစည်းတွေနဲ့ စစ်ဘေး ရှောင်လာတဲ့ ပညာရေး ဝန်ထမ်းတွေ ကရတဲ့ အချိန်လေးအတွင်းမှာပဲ သင်ကြားဖို့လုပ်ဆောင်ခဲ့ကြတာပါ။

စာသင်ကြားပေးတယ်ဆိုပေမယ့်လည်း စာသင်ဖို့ သီးသန့်နေရာမရှိ စာသင်ခုံမရှိ၊ဖတ်စရာ စာအုပ်မရှိ၊ ရေးမှတ်စရာ စာအုပ်ခဲ တံ တောင် ပြည့်ပြည့်စုံစုံမရှိတဲ့အတွက် ရှိတာလေးနဲ့ စာသင်ကြားရတယ်။

” ကျွန်မ စစ်ဘေးရှောင်တဲ့ကလေးတွေကိုမေးကြည့်တော့ သူတို့ကစာနဲ့ဝေးသွားတယ်။ သင်ကို သင်မှရမယ်ပေါ့၊ မဟုတ်ရင် နိုင်ငံရေးအခြေအနေအရ ဘယ်လောက်ထိကြာမလဲမသိဘူး။ ကလေးတွေ ပညာရေးလည်းစိုးရိမ်ရတယ်။” လို့ ဒီမောဆိုး ကနေ လွိုင်ကော်ကို စစ်ဘေးရှောင်ရင်း ဘဝတူ စစ်ရှောင် ကလေးတွေကို စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးဖြစ်သူ မစုစု(အမည်လွှဲ)ကပြောပါတယ်။

ဆရာမစုစုက ကယားပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားရာဒေသအသီးသီးကနေ လွိုင်ကော်မြို့ဆီ စစ်ဘေးရှောင်လာတဲ့ မူလတန်းအရွယ် ကလေးငါးယောက်ခန့်ကို စုစည်းပြီး မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာတွေကို သင်ကြားပေးနေပါတယ်။

ဆရာမစုစုတို့နေရာက စစ်ဘေးရှောင်စခန်းရယ်လို့ နေရာအတည်တကျမရှိတဲ့အတွက် အနီးအနား ခိုလှုံတဲ့ နေရာနားမှာပဲ ရှိတဲ့ သင်ထောက်ကူတွေနဲ့အဆင်ပြေသလို သင်ကြားရတယ်။

ကလေးတွေမှာလည်း ဗလာစာအုပ်၊ ခဲတံပဲရှိပြီး ဖတ်စာအုပ်တောင်မရှိတဲ့ အတွက် သင်ကြားရာမှာ အခက်အခဲတွေလည်း အများအပြားပါ။

” ကလေးတွေကစာနဲ့ အလှမ်းဝေးတော့ သိပ်မမှတ်မိကြဘူး၊ ခြောက်ကိုပြောင်းပြန်ရေးတာရှိတယ်၊ ကကြီးခခွေးကိုလည်း အစအဆုံး သိပ်မရေးနိုင်ဘူးလို့ မစုစုကပြောတယ်။

ကိုယ့်ဒေသမှာ တိုက်ပွဲတွေဖြစ်လို့ အခြားဘေးကင်းရာ ရွာနီးချုပ်စပ်တွေဆီ စစ်ဘေးရှောင်လာတဲ့ ကလေးတွေကို စုစည်း ပြီး သင်ကြားရတာလည်း မလွယ်ကူလှပါဘူး။

” ရွာတစ်ရွာမှာဆို သင်ဖို့လုပ်ပြီးတော့မှ စစ်ကြောင်းထိုးလို့ ပြန်ပျက်သွားတယ်။ စစ်ရှောင်စခန်းက တရားဝင်မရှိဘူး။ ခနပြေးလိုက် ပြန်လာလိုက် လာရင်ပြေးလိုက်နဲ့ဆိုတော့ပိုဆိုးတယ်။” လို့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီပေး နေသူ ကိုညီညီ (အမည်လွှဲ) ကပြောပါတယ်။

ပြေးတဲ့သူတွေထဲ တစ်ချို့က တောထဲမှာပဲ ပုန်းရှောင်သလို တချို့တွေကလည်း နယ်စပ်ကို ပြေးကြတာတွေရှိတော့ ရှိတဲ့ကေလေးတွနဲ့ တစ်ရက်သင်ရလည်း တစ်ရက် ဆိုပြီး သင်ကြားပေးရ တယ်လို့ ဆိုပါတယ်။

” အချိန်မရွေးပြေးရမယ့် အနေအထားပေါ့၊ တစ်ရက်စာ သင်ခန်းစာသင်ရရင် အဆင်ပြေတဲ့ ပုံစံမျိုးနဲ့သွားတယ်။ သင်ရတာ မလွယ်ကူဘူး” လို့ကိုညီညီကဆိုပါတယ်။

ကယားပြည်မှာ စစ်ကောင်စီနဲ့ ဒေသခံတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်လို့ ဒီမောဆိုကို စစ်ရှောင်လာသူ နှစ်သောင်းခြောက်ထောင် ကျော်ရှိတဲ့အနက် ကလေးဦးရေက ရှစ်ထောင်နဲ့ တစ်သောင်းကြားရှိပါတယ်။ ဒါက မေလတုန်းကစာရင်းဖြစ်ပြီး ဒီနောက် ပိုင်းမှာ ကြိုကြားကြိုကြားဖြစ်လာတဲ့ ပစ်ခတ်မှုတွေကြောင့် အခြားနေရာကို ပြေးလွှားရတဲ့သူတွေရှိတဲ့ အတွက် အခု ချိန်မှာ စာရင်းအတိအကျမသိနိုင်တော့ဘူးလို့ ကိုညီညီကဆက်ပြောတယ်။

ကိုညီညီတို့က ဒီမောဆို အရှေ့ဘက်အခြမ်းက စစ်ဘေးရှောင်ကလေးတွေကို ဇွန်လ ကစပြီး စာသင်ကြားတာတွေ လုပ်ခဲ့ ပြီး အနောက်ဘက်ခြမ်းက ကလေးတွေကိုတော့ ဒီရက်ပိုင်းအတွင်း စာသင်ကြားဖို့ စီစဉ်နေတယ် လို့ ပြောပါတယ်။

စစ်ဘေးရှောင်ကလေးတွေကို အင်္ဂလိပ်စာနဲ့ သင်္ချာ အဓိက သင်ပေးပြီး ကျောင်းဖတ်စာအုပ်ထဲက သင်ခန်းစာတွေအစား တက်ဘလက်နဲ့ သင်ခန်းစာတွေ ဒေါင်းလုတ်ရယူပြီး ပြန်လည်သင်ကြားတယ်။

Tablet ကလည်း မိတ်ဆွေသူငယ်ချင်းတွေဆီက အလှုခံထားရပြီး အလုံးရေနည်းတော့ ကလေးတွေမျှသုံးရတာ ရွာတွေမှာ မီးအပြည့်မရသေးတော့ အားသွင်းဖို့ အခက်အခဲဖြစ်တာ တွေလည်းရှိတယ်လို့ဆိုပါတယ်။

” တချို့သင်ထောက်ကူပစ္စည်းတွေက အင်တာနက်ရမှဆိုတော့လွိုင်ကော်ယူသွားပြီး download ဆွဲပြီး ရွာမှာ ပြန်သင်ရ တယ်၊ ရွာတွေမှာလည်း မီးမရှိတော့ အားမသွင်းရတာတွေလည်း ရှိတယ်” လို့ ကိုညီညီကပြောတယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းထားကြသူတွေရှိပေမယ့် ပြည်နယ်အချို့မှာတော့ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ဝေးစွ အသက်အန္တရာယ်ကင်းအောင် ပြေးလွှားနေရတဲ့ အတွက် ယင်းဒေသက ကလေးတွေက ပညာရေးလက်လှမ်းမီဖို့ ပိုဝေးမှာစိုးရိမ်တယ်လို့ ကိုညီညီကပြောတယ်။

” ကလေးတွေကိုမေးကြည့်တယ်။ သူတို့တွေလည်း ဘာလုပ်ရမှန်းမသိတဲ့ပုံစံမျိုး အနာဂတ် ပျောက်သလိုဖြစ်နေတယ်၊ လက်နက်ကြီးတွေနဲ့ပစ်လို့ ကျောပိုးအိတ်တွေလွယ်ပြီး ညကြီး တောင်ပေါ်တက် ပြေးရတာတွေရှိတော့ ချက်ချင်းမမြင်ရဘူး ဆိုရင်တောင် သူတို့ရဲ့ ဘဝမှာ တော်တော်လေးရိုက်ခတ်မှု ရှိမယ် ” လို့ ကိုညီညီကပြောတယ်။

စစ်ဘေးသင့် ချင်းပြည်နယ်မင်းတပ်မှာလည်း ဘေးလွတ်ရာ ရှောင်ရှားရတဲ့အချိန် စစ်ဘေးရှောင်ကလေးတွေကို စာအဆက် မပြတ်အောင် စေတနာ့ဝန်ထမ်းတွေက သင်ကြားပေးတာတွေလုပ်နေတာရှိတယ်လို့ မင်းတပ်စစ်ဘေးရှောင်တွေကို ကူညီ နေသူတစ်ဦးကပြောတယ်။

ကလေးတွေအတွက် သင်ခန်းစာတခုအနေနဲ့မဟုတ်ဘဲ စာအဆက်မပြတ်စေလိုတဲ့ သဘောနဲ့ ဒေသဘာသာစကား၊ အင်္ဂ လိပ်စာနဲ့ သင်္ချာတို့ကို သင်ကြားပေးတယ်လို့ဆိုပါတယ်။

ဒါပေမယ့် သင်ထောက်ကူ စုံစုံလင်လင် မရှိတဲ့အပြင် မတည်ငြိမ်သေးတဲ့ အခြေအနေမှာပြေးဖို့လွှားဖို့နဲ့ စားရေးသောက်ရေး က အဓိကဆိုတော့ ပညာသင်ကြားမှုက ထင်သလောက် ခရီးမရောက်ဘူးလို့ဆိုတယ်။

” သင်ထောက်ကူတွေကအစ ဘာမှလုံလောက်တာမဟုတ်ဘူးလေ။ တစ်နေရာကနေ တစ်နေရာ ပြေးလွှားရပြီး နောက်တစ်နေရာကို ထပ်ပြေးလွှားနေရတာဆိုတော့ ကလေးတွေအနေနဲ့လည်း စာထဲမှာ အာရုံစူးစိုက်မှု ပေးနိုင်ဖို့ခက်ခဲ တယ် ” လို့ သူကပြောပါတယ်။

ကလေးတွေကို ပညာရေးသင်ကြားမှုတွေလုပ်နေပေမယ့် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ရေးမှတ်စရာ၊ ဖတ်စာအုပ် တွေလည်း လိုအပ်နေပါသေးတယ်။ ဒါ့အပြင် ကလေးတွေကို သင်ကြားပေးတဲ့ ဆရာဆရာမတွေကိုလည်း အထောက်အပံ့ ပေးဖို့လိုအပ်နေသေးတယ် လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ဆိုပါတယ်။

လိုအပ်ချက်တွေများတဲ့ စစ်ဘေးရှောင်တွေအတွက် လတ်တလောမှာ စားရေးသောက်ရေးက အရေးကြီးတာကြောင့် အလှု ရှင်တွေကလည်း စားနပ်ရိက္ခာနဲ့ သောက်သုံးရေနဲ့ဆေးဝါးတွေကို အဓိကလှုကြတဲ့အတွက် ပညာရေးအတွက်က ထောက်ပံ့ လှုဒါန်းတာတွေ မရှိသလောက်ပါ။

ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးအဆက်မပြတ်စေဖို့ကလည်း အရေးကြီးတဲ့အတွက် သင်ထောက်ကူနဲ့ စာရေးကိရိယာ ထောက်ပံ့တာမျိုးတွေ လိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်ကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်ဇာဇာ (အမည်လွှဲ) ကပြောပါတယ်။

ဒေါ်ဇာဇာကလည်း ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း အရွယ် ကလေးငါးယောက်ကို သင်ကြား ပေးနေတာ ဖြစ်ပြီး ကလေးငါးယောက်လုံးမှာ တတိယတန်း အင်္ဂလိပ် ဖတ်စာအုပ် တစ်အုပ်သာရှိတဲ့အတွက် ဒါကိုပဲ အားပြုပြီး သင်ကြားပေးရတယ်လို့ ဆိုပါတယ်။

” အဓိကက ဖတ်စာအုပ်၊ ရေးတဲ့စာအုပ်နဲ့ စာရေးကိရိယာတွေလိုတယ်။ ဒါတွေရရင် အဆင်ပြေတယ်။ စစ်ဘေးရှောင်လာ တယ်ဆိုတော့ ကလေးတွေလည်း နိုင်သလောက်ပဲ သယ်နိုင်တာပေါ့၊” လို့ဒေါ်ဇာဇာက ပြောတယ်။

ကလေးတွေကတော့ COVID – 19 ရောဂါကြောင့် ကျောင်းတွေမဖွင့်တာ၊စစ်ဘေးဒဏ်ကြောင့် ပြေးလွှားပုန်းရှောင်ရလို့ ကျောင်းမတက်ရတာ နှစ်နှစ်ရှိနေပေမယ့် စာသင်ချင်တဲ့စိတ်တွေရှိကြပြီး ပျော်ပျော်ရွှင်ရွှင် သင်ကြားကြတယ်လို့ ကူညီသူ တွေက ပြောတယ်။

” ကလေးတွေက ကျောင်းတက်လို့ရပြီလား။ ဒီနေ့ဘာသင်မှာလဲဆိုပြီးမေးတာမျိုးရှိတယ်” လို့ ကိုညီညီကပြောတယ်။

ဒီလိုအချိန်ပြေးလွှားနေရတာမှန်ပေမယ့် အခွင့်ရတဲ့အချိန်လေးမှာ စာသင်ကြားတော့ ကလေးတွေပညာရေးလည်း စာအ ဆက်မပြတ်သလို၊ ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတ တစ်ခုခုရစေပြီး၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုလည်းရှိမယ် ယင်းတို့ကပြောတယ်။

လက်ရှိမှာ မူလတန်းအရွယ်ကလေးတွေကို အဓိကထားပြီးသင်ကြားနေပေမယ့် အလယ်တန်းနဲ့ အထက်တန်း အရွယ် ကလေး တွေတော့ စနစ်တကျမလုပ်ပေးနိုင်သေးပါဘူး။ဒီအတွက်လည်း စနစ်တကျသင်ကြား စီစဉ်ပေးနိုင်တဲ့သူတွေ ၊ အဖွဲ့အစည်းတွေရှိရင် အဆင်ပြေနိုင်ပြီး ဒီလိုမှမဟုတ်ရင် ကလေးတွေရဲ့ ပညာရေး အနာဂတ်အလှမ်းဝေးမှာ စိုးရိမ်တယ်လို့ ကူညီ သူတွေကပြောပါတယ်။

ဒေါ်ဇာဇာကတော့ ” အထက်တန်းအရွယ်ကောင်မလေးတယောက်ဆို စာတော်တယ် သူကဆရာဝန်လည်းဖြစ်ချင်တယ်။ ဒါပေမယ့် စာမသင်ရဘဲ အခုတော့ နှစ်နှစ်တောင်အောက်သွားပြီဆိုပြီးငိုရှာတယ်။ ကျွန်မကတော့ နိုင်ငံရေးမပြီးမချင်း သင်ကြားပေးမှာ” လို့ ဆိုပါတယ်။

Related Articles