Home ဆောင်းပါး မပြီးဆုံးနိုင်တဲ့ တော်လှန်ရေး

မပြီးဆုံးနိုင်တဲ့ တော်လှန်ရေး

ခိုင်ရီ။ ။

အာဏာရှင်ကို မျိုးဆက်နဲ့ချီပြီး တော်လှန်ခဲ့ကြ၊ တော်လှန်နေကြတဲ့ ကျမတို့တိုင်းပြည်မှာ ဒီနွေဦးတော်လှန်ရေးဟာ နောက် ဆုံးအချီဖြစ်ပြီး၊ ပြည်သူအနိုင်နဲ့အဆုံးသတ်သွားတဲ့ ရလာဒ်ဖြစ်ဖို့ဆိုတာ နိုင်ငံသူနိုင်ငံသားတိုင်းရဲ့ ဘုံမျှော်လင့်ချက်ပဲ။

ဒါပေမယ့် ဒီနွေဦးတော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်ပြီးသွားရင်တောင် ကျမတို့ ဆက်ပြီးတော်လှန်နေရဦးမယ့် အရာတွေက ရှိနေဦးမယ်။ ဒါကဘာလဲဆိုတော့ အမျိုးသမီးတွေအပေါ်မှာထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွင်းအငုံ့ စိတ်သဘောထားတွေပါ။

နွေဦးတော်လှန်ရေးကြားက သီတင်းကျွတ်လပြည့်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံးကတော့ ရွှေတိဂုံ ဘုရားကိုသွားကြတဲ့ ရန်ကုန်နေပြည်သူလူထုအပေါ် ဒေါသစိတ်နဲ့ ဝေဖန်ပြစ်တင်ကြတဲ့အကြောင်းပါပဲ။

နွေဦးတော်လှန်ရေးမပြီးဆုံးသေးတဲ့ ကာလမှာ ဝမ်းနည်းကြေကွဲနေကြရတဲ့ မိသားစုပေါင်းများစွာကို ငဲ့ညှာတဲ့အနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေမလုပ်သင့်ဘူး၊ ပျော်ပျော်ရွှင်ရွှင်သွားလာလည်ပတ်တာတွေ မလုပ်သင့်ဘူး စတဲ့အမြင်တွေကိုလည်းတွေ့ရတယ်။

တဖက်မှာလည်း မွန်းကြပ်လှောင်ပိတ်နေတဲ့ ဘဝအမောတွေကြားမှာ ဘုရားကျောင်းကန်သွားတာကို အပြစ်လို့ မမြင် စေချင်တဲ့ သူတွေလည်း ရှိကြတယ်။ ခွင့်လွှတ်နားလည်ပေးတဲ့ အတွေးတွေကိုလည်း တွေ့ရတယ်။

သူတို့အသက်၊ သူတို့ဘဝ၊ သူတို့မိသားစုနဲ့ အရာရာစွန့်လွှတ်ပြီး အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့တော်လှန်ရေး ရဲဘော် တွေကို အားနာစိတ်နဲ့ ကိုယ်တိုင်လည်း ဆင်ခြင်နေထိုင်ခဲ့တယ်။ နွေဦးတော်လှန်ရေး အောင်မြင်တော့မှ ပျော်ပျော်ကြီး အောင်ပွဲခွံမယ်ဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ နေထိုင်ခဲ့တယ်။

သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားရင်ပြင်ပေါ်က ထောင်သောင်းချီတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျမကိုယ်တိုင်ရဲ့စိတ်ထဲမှာလည်း “ဒီလိုအချိန်ကြီးမှာ သူတို့ပျော်ရက်ကြတယ်”ဆိုတဲ့အတွေးနဲ့ ရုတ်တရက် ဒေါသစိတ် ဖြစ်မိ၊ စိတ်မကောင်း ဖြစ်မိတယ်။

တဖက်မှာလည်း ဒီလူတွေဟာ ကိုဗစ်ကပ်ဘေးကြောင့်ရော၊ အာဏာသိမ်းမှုကြောင့်ပါ အိမ်ထဲက အိမ်ပြင်ထွက်ဖို့ ခက်ခဲတဲ့အခြေအနေကို လပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအမောကိုယ်စီနဲ့လူတွေပါလားဆိုတဲ့အတွေး ဝင်မိတယ်။

အာဏာသိမ်းမှုကို သံပုံးတီးပြီး ကန့်ကွက်ခဲ့ကြသူတွေထဲမှာ ဒီလူတွေပါခဲ့ကြမှာပဲ။ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူတွေထဲမှာ ဒီလူတွေပါခဲ့ကြမှာပဲ။ တောခို၊ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ဖို့ထိ မစွန့်စားရဲလို့ မြို့ပေါ်မှာနေရပေမယ့် တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ကူညီနေသူတွေပါနေမှာပဲ။

အဲလိုတွေးမိတဲ့အခါ သူတို့ကို အပြစ်တင်ဖို့ထက် ကိုယ်ဖန်တီးယူလို့မရတဲ့အရာတွေအတွက် စိတ်ဖိစီးမနေဖို့ ရွေးချယ်လိုက် တယ်။ သူတို့ကို လစ်လျူရှုဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

တိုင်းပြည်ရေး မငြိမ်သက်မှုတွေကြားက သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားရင်ပြင်ပေါ်က ထောင် သောင်းချီတဲ့ ဘုရားဖူးတွေအပေါ် မကျေနပ်တဲ့ဝေဖန်သံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ညံနေခဲ့တယ်။ ဝေဖန်သံ အများစု ဟာ နွေဦးတော်လှန်ရေးအပေါ် သူတို့ရဲ့လေးနက်တဲ့သဘောထားတွေကို ဖော်ပြနေတယ်။ “ဒီလိုအချိန်မှာ ပျော်ရက်ကြ တယ်” ဆိုတဲ့ မချိတင်ကဲ အတွေးတွေကို မြင်နေရတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ဝေဖန်သံတွေဟာ ဘယ်သူ့တွေဆီ ဦးတည်လာသလဲဆိုတော့ အမျိုးသမီးတွေဆီကိုပါ။ တော်လှန်ရေးကာလမှာ ပျော်ပွဲရွှင်ပွဲတွေမလုပ်ဘဲနဲ့၊ ပွဲလမ်းသဘင်တွေကို မသွားလာကြခြင်းအားဖြင့် အာဏာရှင် တိုက်ပွဲဝင်နေကြတဲ့သူတွေကို စာနာမှုပြသင့်တယ်ဆိုတဲ့ အတွေးအမြင်ကနေ အမျိုးသမီးတွေအပေါ် စော်ကားပြစ်တင်တဲ့ အတွေးအမြင်ကို အချိန်တိုအတွင်း ပြောင်းလဲသွားတယ်။

Photo credit to DVB

ရွှေတိဂုံဘုရားကို ဘုရားဖူးလာတဲ့ မိန်းကလေးတွေဟာ မြန်မာဝတ်စုံကို လုံလုံခြုံခြုံ ဝတ်ဆင်ထားသည့်တိုင်အောင်၊ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမျိုးသမီးငယ်တွေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ရိုက်ပြထားတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာခဲ့ တယ်။ လတ်တလောခေတ်စားနေတဲ့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာကြတဲ့ မိန်းကလေးတွေကို ခွင့်ပြုချက်မဲ့ ဓာတ်ပုံရိုက်၊ လူမှုကွန်ရက်မှာတင်ခဲ့ကြပြီး၊ လုံခြုံတဲ့ အဝတ်အစားအောက်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အရသာခံ စော်ကားတဲ့ မှတ်ချက်တွေကို တွေ့ရတယ်။

ဝတ်စားဆင်ယင်မှုတွေအပေါ် လှောင်ပြောင်နေတာ၊ အမျိုးသမီးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားရာရောက်တဲ့ သိက္ခာမဲ့အရေးအသားတွေ၊ မအေနှမ ကိုယ်ချင်းစာနာတရားမဲ့တဲ့ လွန်လွန်ကျူးကျူး အပြောအဆို အရေးအသားတွေကို တွေ့ရတယ်။ အသက်အရွယ်၊ ကျား၊ မ အစုံအလင်ဟာ သီတင်းကျွတ်ပွဲ လျှောက်လည် ကြပေမယ့် လူတွေရဲ့ ပြစ်တင် ဆဲဆိုမှုတွေဟာ အမျိုးသမီးတွေအပေါ်ကိုသာ ဦးတည်ပစ်မှတ်ထားကြတာကို တွေ့လိုက်ရတယ်။

ဒါတင်မကဘူး ကာရာအိုကေခန်းမတစ်ခုထဲမှာ အဝတ်အစားဆင်တူ ဝတ်ထားကြတဲ့ မိန်းကလေးတွေ ကခုန် ပျော်ရွှင် နေကြတဲ့ ဗီဒီယိုဖိုင်တခုပါ တင်လိုက်ပြီး၊ လူတွေကလည်း အဲဒီအမျိုးသမီးတွေအပေါ် မတော်မတရား ပြုကျင့်တဲ့အတွေး အမြင်တွေကို တက်ညီလက်ညီ ဖော်ပြကြတော့တာပါပဲ။ အဲဒီမိန်းကလေးတွေအပေါ် သူတို့ရဲ့အပြောတွေ၊ အရေးအသား တွေနဲ့ မဖွယ်မရာကျူးလွန်တော့တာပါပဲ။

အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ် နိုင်လိုမင်းထက်ပြုလိုတဲ့ စိတ်ရိုင်းတွေဟာ မြန်မာ့လူအသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့စိမ့်ဝင် နေတယ်ဆိုတာ အခုဖြစ်ရပ်ကသက်သေပြနေတယ်။ အခု အဖြစ်အပျက်ဟာ ပြင်ပလူမှုဝန်းကျင်နဲ့ လူမှုကွန်ရက် အပြန်အလှန် ရောင်ပြန်ဟပ်တာပါပဲ။ မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုအပေါ် ဒီလိုပြောဆို လှောင်ပြောင်ဝေဖန် နေကြသူတွေထဲမှာ ကိုယ်ပတ်ဝန်းကျင်က ပညာတတ်၊ အတွေးအမြင် လွတ်လပ်သူ၊ တန်းတူညီမျှရေးသဘောတရား တွေကို နားလည်နေသူတချို့တောင် ပါဝင်နေကြတာတွေ့ရတော့ အံ့အားသင့်မိတယ်။

အများပြည်သူသွားလာရာ ဧရိယာမှာ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ယောက်ျားတွေက လှောင်ပြောင် စနောက်တာမျိုးတွေ၊ ကာယအိန္ဒြေပျက်ပြားအောင် အော်ဟစ်နောက်ပြောင်တာမျိုးတွေဟာ ကျမတို့ တိုင်းပြည်မှာ နေ့စဉ်နဲ့ အမျှ ဖြစ်ပျက်နေတဲ့အရာတွေပါ။

သီတင်းကျွတ်လပြည့်နေ့မှာ ဝတ်ကောင်းစားလှလေးတွေဝတ်ဆင်ပြီး လျှောက်လည်ကြတဲ့ မိန်းကလေးတွေကို မျက်နှာ ရော၊ ခန္ဒာကိုယ်ကိုပါ ရှုထောင့်မျိုးစုံကနေ ဓာတ်ပုံတွေဝေဝေဆာဆာဖော်ပြကြ၊ မှတ်ချက်တွေနဲ့ စော်ကားနေကြတဲ့ အဖြစ် အပျက်ကို မြင်လိုက်ရတဲ့အခါ ကျမစိတ်ထဲမှာ သန်လျင်မြို့က ဖရဲသီးသည်လေးကို သတိရမိတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ရန်ကုန်နေပူကျဲကျဲမှာ ဖရဲသီးရောင်းတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ဖရဲသီးဗန်းလေး မှောက် ကျသွားတယ်။ တနေ့လုပ်တနေ့စား ခေါင်းရွက်ဗျတ်ထိုးဈေးသည်လေးကို စာနာတဲ့လူတယောက်ဟာ သူ့ကိုကူညီ ပေးခဲ့တယ်။ မှောက်ကျသွားတဲ့ ဖရဲသီးဗန်းဖိုးလေး ကူညီခဲ့တယ်။ နောင်တချိန်မှာ နောက်တစ်နေရာမှာ အဲဒီဖရဲသီးသည် ကောင်လေးဟာ ဖရဲသီးဗန်း ထပ်မှောက်ကျပြန်တယ်။ အဲဒီမှာပဲ လူတယောက်က သူ့မျက်နှာ၊ သူ့အဖြစ်အပျက်ကို ဓာတ်ပုံရိုက်ပြီး လူမှုကျွန်ရက်မှာ တင်ခဲ့တယ်။

Photo credit to DVB

လူမှုကွန်ရက်ပေါ်က လူတွေဟာ ဒီကောင်လေးဟာ ဖရဲသီးဗန်းခဏခဏမှောက်ချပြီး လူတွေရဲ့ အကူအညီကို လိမ်ယူ နေတယ်ဆိုတဲ့ မှတ်ချက်တွေပေးကြတော့တာပဲ။ ဖရဲသီးသည်ကောင်လေးရဲ့ နာမည်သိတဲ့သူက နာမည်ကို ဖော်ပြကြ တယ်။ လိပ်စာကိုသိတဲ့သူက လိပ်စာကို ဖော်ပြကြတယ်။ မျက်နှာကို မှတ်မိသူက နောက်ထပ် သူ့ဓာတ်ပုံတွေကို ဖော်ပြကြပြန်တယ်။ ဒါတွေကို မြင်မိဖတ်မိပြီး သူ့ကိုသိတဲ့သူတယောက်က သူ့မိသားစုဝင်တွေကို ပြောပြခဲ့တယ်။

သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်ဆိုတာ ဘာမှန်းမသိ၊ ဖုန်းလည်းမသုံးနိုင်တဲ့ အဲဒီဖရဲသီးသည်ကောင်လေးဟာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားခဲ့တယ်။ လူမှုကွန်ရက်ပေါ်က လူတွေဟာ ပညာမဲ့ကျောမွဲတစ်ယောက်ကို တက်ညီလက်ညီ ဝိုင်းပြီး သတ်ပစ်လိုက်ကြတယ်။ ဖရဲသီးသည်ကောင်လေး သေသွားတော့ လူမှုကွန်ရက်ပေါ်မှာ လူတွေဝိုင်းပြီး သနားကြ တယ်။ အဲဒါ ကျမတို့ရဲ့ လူ့အဖွဲ့အစည်းပဲ။

အခုအဖြစ်အပျက်ဟာလည်း အဲဒါနဲ့ သွားဆင်တူနေတယ်။ ကာအိန္ဒြေပျက်ယွင်းအောင် လှောင်ပြောင်ခံရတဲ့ မိန်းကလေး တွေထဲမှာ စိတ်ဓာတ်မာကျောသူလည်းပါနိုင်သလို၊ ပျော့ညံ့သူလည်း ပါနိုင်တယ်။ သူတို့မျက်နှာတွေနဲ့ သူတို့ ကိုယ်ခန္ဓာ တွေကို လူပေါင်းသောင်းသိန်းချီ မြင်နိုင်တဲ့ လူမှုကွန်ရက်ပေါ်မှာတင်ပြီး မကြားဝမံ့မနာသာ စော်ကားခံရတဲ့အပေါ် ခံနိုင်ရည်မရှိတဲ့ မိန်းကလေးတွေလည်း ပါနိုင်တယ်ဆိုတာ တွေးမိတော့ စိတ်မကောင်း ဖြစ်ရတယ်။

အတိုအပြတ်နဲ့ လည်ဟိုက်တွေ ဝတ်ဆင်ထားတဲ့ မိန်းကလေးတွေကို ယောက်ျားတွေက ထိကပါးရိကပါး စနောက် လှောင်ပြောင်တဲ့အခါ လူအများစု ပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်။ “လျှပ်ပေါ်လော်လီ ဝတ်ထားတာကိုး၊ ပြောခံရတာ တောင် နည်းသေးတယ်” တဲ့။ ဒါပေမယ့် မြန်မာဝတ်စုံလေးနဲ့ လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ထားတဲ့ မိန်းကလေးတွေရော ထိပါးနှောက်ယှက်ခံရခြင်းက လွတ်မြောက်သလားဆိုတာတော့ အခုဖြစ်ရပ်က အဖြေပါပဲ။

တစ်လောက လူမှုကွန်ရက်မှာပဲ နိုင်ငံခြားက ဗီဒီယိုဖိုင်လေးတခု ကြည့်ရတယ်။ အားကစားခန်းမတခုထဲမှာ အမျိုးသမီး တစ်ယောက် ကစားနေတယ်။ အပြည့်အဝ မလုံခြုံတဲ့ဝတ်စုံကို ဝတ်ဆင်ပြီး အားကစားလုပ်နေတဲ့ အမျိုးသမီးရဲ့ ဖွံ့ထွားတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လူတစ်ယောက်က ဓာတ်ပုံခိုးရိုက်တယ်။ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး သဘော ဆောင်တဲ့ စာတစ်ကြောင်းရေးပြီး လူမှုကွန်ရက်ပေါ်ကို တင်လိုက်တယ်။

သူ့ဗီဒီယိုဖိုင်အောက်မှာ မှတ်ချက်တွေအများကြီးပဲတက်လာတယ်။ အဲဒီ ရာနဲ့ချီတဲ့ မှတ်ချက်တွေဟာ ခိုးရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့တဲ့လူကို အရှက်ရစေခဲ့တယ်။ အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ဒီလို လှောင်ပြောင် တာမျိုး၊ ထိကပါးရိကပါးလုပ်တာမျိုးလုပ်တာကို သူတို့လူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာ တညီတညွှတ်တည်း ပြသ ခဲ့ကြတယ်။ ကျား၊မ ဖြစ်တည်မှုအပေါ် ဒီလိုစော်ကားမှုတွေမလုပ်ရဘူးဆိုတာ ကျောင်းစာသင်ခန်းမှာတုန်းက မသင်ခဲ့ရ ဘူးလားဆိုတဲ့ ယဉ်ကျေးတဲ့ မေးခွန်းတွေနဲ့ အဲဒီလူကို တုန့်ပြန်ခဲ့ကြတယ်။

အဲဒီနေရာမှာ မြန်မာအမျိုးသမီးတစ်ယောက်ကို မြန်မာအမျိုးသားတစ်ယောက်က အခုလို ဗီဒီယိုခိုးရိုက်ပြီး၊ လူမှုကွန်ရက် ပေါ်တင်လိုက်တယ်လို့ အစားထိုးမြင်ယောင်ကြည့်မိတယ်။ အဲဒီဗီဒီယိုဖိုင်အောက်က မှတ်ချက်တွေက ဘယ်လိုမှတ်ချက်မျိုး တွေဖြစ်မယ်ဆိုတာ တွေးကြည့်စရာမလိုလောက်အောင် အခု အဖြစ်အပျက်က သက်သေပြနေတယ်။

ငါတို့လူမျိုးက ယဉ်ကျေးတယ်ဆိုပြီး လက်ခမောင်းခတ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအပေါ် ဒီလိုပြုမူ တာတွေဟာ အလွန်တရာ ရိုင်းစိုင်းစုတ်ပဲ့ပြီး ရှက်စရာ ဖြစ်တယ်ဆိုတာကို နားလည်လက်ခံလာဖို့ဆိုတာ ကျမတို့ရဲ့ မပြီးဆုံး သေးတဲ့ တိုက်ပွဲတစ်ခုပါပဲ။ နွေဦးတော်လှန်ရေးကြီး အောင်အောင်မြင်မြင် အဆုံးသတ်သွားရင်တောင် ကျမတို့တွေ မျိုးဆက်နဲ့ချီ ဆက်တိုက်နေရဦးမယ့် တိုက်ပွဲပါပဲ။

Related Articles