Home ဆောင်းပါး တွန်းတိုက်မှုတိုင်းမှာ ပြိုလဲကျမသွားတဲ့ သတင်းသမားတွေရဲ့ ဇနီးသည်တွေ

တွန်းတိုက်မှုတိုင်းမှာ ပြိုလဲကျမသွားတဲ့ သတင်းသမားတွေရဲ့ ဇနီးသည်တွေ

Honest Information (HI)

စစ်တပ်ဟာ သူအာဏာသိမ်းလိုက်တဲ့နေ့ကစပြီး အင်တာနက်လိုင်းတွေနဲ့ အတူ DVB၊ မဇ္ဇ်ျိမ၊ 7Days အပါအဝင် သတင်းဌာန ရှစ်ခုကို ပိတ်ပစ်ခဲ့ပြီး သတင်းသမားတွေကို ဖမ်းဆီးကာ သတင်းစီးဆင်းမှုကို ဖြတ်တောက်ခဲ့ပါတယ်။

စစ်တပ်ရဲ့ရည်ရွယ်ချက်က တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ် ထားချင်လို့ အခုလို သတင်းဌာနတွေကို ပိတ်သိမ်း၊ သတင်းထောက်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သတင်းဌာနတွေပိတ်ရုံ၊ သတင်းသမားတွေကို ဖမ်းရုံနဲ့ သတင်းတွေကို ဖုံးကွယ်ထားလို့မရဘူးဆိုတာ လက်ရှိ တင်ဆက်နေတဲ့ သတင်းတွေက သက်သေပြနေတာပါပဲ။

ဒါကြောင့်ပဲ စစ်တပ်ဟာ သတင်းသမားတွေအပေါ် အငြိုးတကြီးနဲ့ တိုင်းရင်းသားမီဒီယာတွေပါမကျန် စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေ လုပ်လာတဲ့အတွက် သတင်းသမားတချို့က တိမ်းရှောင်လိုက်နိုင်ပေမယ့် တချို့ကတော့ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ၁ ရက်ကစလို့ ဇွန် ၃ရက်အထိ သတင်းရယူနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းသမားစုစုပေါင်း ၅၁ ယောက်ရှိပြီး အဲဒီဖမ်းဆီးခံထဲမှာ အမျိုးသမီးသတင်းထောက် ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

ဒီလိုသတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေမှာ မိမိနေအိမ်မှာပင် စိတ်မလုံမခြုံနဲ့ နေထိုင်နေရပါတယ်။ ဒါ့အပြင် အချို့မိသားစုတွေမှာဆိုရင် စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်လာ ရပါတယ်။

စစ်အုပ်ချုပ်ရေးကာလမှာ အမြင့်ဆုံးပြစ်ဒဏ်နဲ့ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့သတင်းသမားကတော့ ပြည်မြို့ အခြေစိုက်DVB သတင်းထောက် ကိုမင်းညိုပဲ ဖြစ်ပါတယ်။

သတင်းထောက် ကိုမင်းညိုဟာ ပြီးခဲ့သည့် မတ် ၃ ရက်က ပြည်မြို့မှာလုပ်တဲ့ ကျောင်းသားလှုပ်ရှားမှုသပိတ် သတင်း ယူနေစဉ်မှာ စစ်တပ်နဲ့ ရဲတွေက ရိုက်နှက်ဖမ်းဆီးသွားတာပါ။

သူဟာ ပြည်သူတွေဆန္ဒပြလာအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံခဲ့ရပြီး မေလ ၁၂ ရက်နေ့၊ ၇ ကြိမ်မြောက်ရုံးချိန်းမှာတော့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“ သူ့ကို စံနမူနာအနေနဲ့ နောက်သတင်းထောက်တွေ မရေးရဲအောင်၊ သတင်းထွက်မလိုက်ရဲအောင်၊ ဘာသတင်းမှ မလုပ် ရဲအောင် တမင်သူတို့က လူတစ်ယောက်ကို ပြစ်ဒဏ်ကြီးကြီးချလိုက်တာ”လို့ ကိုမင်းညိုရဲ့ဇနီး မမိုးမိုးက ရှင်းပြပါတယ်။

ခြိမ်းခြောက်ခံရတာတွေရှိတဲ့အတွက် ကိုမင်းညိုအမှုမှာ သက်သေထွက်ဆိုပေးမယ့်သူ မရှိတာမို့ ဇနီးဖြစ်သူပဲ သက်သေ ထွက်ဆိုပေးခဲ့ရပြီး လက်ရှိပြစ်ဒဏ်အတွက်တော့ အယူခံတက်ဖို့ စီစဉ်နေပါတယ်။

ကိုမင်းညိုအဖမ်းခံသွားပြီး မိသားစုရဲ့ ဘဝရပ်တည်ရေးကိုလည်း စဉ်းစားလာရပါတယ်။ ယခင်က သားကြီးဖြစ်သူရဲ့ လုပ်အားခနဲ့ ကိုမင်းညိုဝင်ငွေပေါင်းပြီး အိမ်လခအပါအဝင် အိမ်အသုံးစရိတ်တွေကို ချွေချွေတာတာ သုံးစွဲလာတဲ့အတွက် စုဆောင်းငွေအသင့်အတင့်စုဆောင်းလာနိုင်ခဲ့တယ်။

စစ်အုပ်ချုပ်ရေးကာလမှာ သားကြီးရဲ့လုပ်ငန်းတွေကလည်း ရပ်သွားသလို ကိုမင်းညိုကလည်း အပုဒ်စား သတင်းထောက် ဖြစ်တာကြောင့် ဝင်ငွေဟာ ယခင်လို မလည်ပတ်နိုင်သေးတဲ့အချိန်မှာ ကိုမင်းညို ထောင်ကျခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုမင်းညိုရဖို့ ကျန်သေးတဲ့ စာမူခနဲ့ စုဆောင်းငွေအပြင် ကိုမင်းညိုရဲ့ ရုံးကလည်း ထောက်ပံ့ငွေပေးတာကြောင့် အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သို့ပေမယ့် မမိုးမိုးအနေနဲ့ ကိုမင်းညို အကြောင်းမဲ့ထောင်ကျခံလိုက်ရပြီးတဲ့နောက်မှာ အမြဲလိုလို စိုးရိမ်သောက ရောက်နေ ရတဲ့ ပြဿနာတစ်ခု ရှိလာပါတယ်။

အဲဒါကတော့ ကိုမင်းညိုအဖမ်းခံရပြီးတဲ့နောက်မှာ သားဖြစ်သူကိုစစ်တပ်နဲ့ ရဲတွေက ပြဿနာရှာမှာ၊ သားကလည်း လူငယ် သဘာဝမခံချင်စိတ်နဲ့ ထိပ်တိုက်တွေ့တာမျိုးဖြစ်မှာ မိခင်တယောက်အနေနဲ့ အမြဲလိုလို ပူပန်သောကရောက်နေရပါတယ်။

အခုအချိန်မှာ ဒီလိုပူပန်မှုတွေကို မမိုးမိုးတယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ မတ်လ ၁ရက်က ဖမ်းခံရတဲ့ DVB သတင်းထောက်ကိုအောင်ကျော်နဲ့ ဧပြီလ ၇ ရက်က အဖမ်းခံရတဲ့မဇ္ဈိမသတင်းထောက် ကိုဇော်ဇော်တို့ရဲ့ဇနီးသည်တွေ လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာဖြစ်တယ်။

သူတို့ဟာ မြိတ်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြသတင်းယူခဲ့လို့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရပြီး ဇွန်လ ၂ ရက်၊ ၇ ကြိမ်မြောက်ရုံးချိန်းမှာ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး စစ်အုပ်ချုပ်ရေးကာလမှာ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် အပြစ်ပေးခံရတဲ့ သတင်းထောက်တွေ ဖြစ်ပါတယ်။

“ ကျမလည်း ဥပဒေအကြောင်းသိပ်နားမလည်ဘူး။ ဒါပေမယ့် အခုဖြစ်နေတာက မတရားဘူးလို့တော့မြင်တယ်။ ဘာလို့ဆို သတင်းသမားက သတင်းပဲရေးမယ်လေ။ သတင်းရေးတာကို သွေးထိုးလှုံဆော်တဲ့ပုဒ်မနဲ့ ဖမ်းတယ်ဆိုတော့” လို့ ကိုဇော်ဇော်ရဲ့ဇနီးဖြစ်သူ မထက်ထက်မိုးက ပြောပါတယ်။

ရဲနဲ့ စစ်တပ်ဟာ ကိုဇော်ဇော်ကို ဧပြီလ ၇ ရက်က အိမ်ကိုလာဝိုင်းထားကာ မပြေးနဲ့ ပြေးရင်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ရိုက်နှက်ကာ ဖမ်းဆီးသွားတာပါ။

ကိုဇော်ဇော်အဖမ်းခံရချိန်မှာ နှစ်နှစ်အရွယ်သားလေးတယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ခဲ့ပြီး သတင်းထောက်ဇနီးဖြစ်တာမို့လို့ လူမူဝန်းကျင်ကနေ သူ့ကို ဖယ်ကျဉ်တာခံခဲ့ရတယ်။

ကိုဇော်ဇော်အဖမ်းခံရပြီးနောက် ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက် ပတ်ဝန်းကျင်က မထက်ထက်မိုးတို့ သားအမိကို စကားမပြောတော့သလို ဒလန်တွေရှိလာတဲ့အတွက် နေအိမ်ကနေ တခြားနေရာကို ၁၀ ရက် ခန့်တိမ်းရှောင် နေခဲ့ရတယ်။

ဒါ့အပြင်ဖခင်ကို ရိုက်နှက်ဖမ်းဆီးသွားတာကို မြင်တွေ့လိုက်ရတဲ့ သားငယ်ဟာ အဲဒီနေ့ကစပြီး ရက်ပေါင်း ၁၀ ကျော် စကားမပြောဘဲနေခဲ့ရာမှ အဘွားဖြစ်သူနဲ့တွေ့မှ သူတအား ကြောက်တယ်လို့ ငိုယိုပြောပြခဲ့ပါတယ်။

လက်ရှိမှာ ဇနီးဖြစ်တဲ့ မထက်ထက်မိုးကလည်း ကျောက်ကပ်မကောင်းတာကြောင့် ဆေးခန်းပြနေတဲ့ လူနာတစ်ယောက် ဖြစ်တာမို့ သားငယ်ကို ထိန်းကျောင်းဖို့ အခက်အခဲလာတဲ့အတွက် မိခင်အိမ်ကို ပြောင်းရွေ့ နေခဲ့ကြတယ်။

အလားတူ DVB သတင်းထောက်ကိုအောင်ကျော်ရဲ့ဇနီးဖြစ်သူ မနေခြည်လည်း ကိုအောင်ကျော်ဖမ်းဆီးခံရ နေ့က စလို့ ညတွေမှာ စစ်ကားတွေ ဖြတ်သွားတိုင်း သူ့အိမ်ကို နောက်တကြိမ် ရန်မူတိုက်ခိုက်မလားဆိုတဲ့ စိုးရိမ်မှုစိတ်ဒဏ်ရာ ရှိနေ ခဲ့ပါတယ်။

မနေခြည်မှာ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့အတွက် ကိုအောင်ကျော်ထောင်ကျသွားတဲ့နောက်ပိုင်းမှာ စီးပွားရေး၊ လူမူရေးအပိုင်းမှာ တစုံတရာ အခက်အခဲမဖြစ်ပေမယ့် ဖခင်ကိုသာ တတွတ်တွတ်ခေါ်တဲ့ နှစ်နှစ်အရွယ် သမီးငယ်ကို ကြည့်ကာ စိတ်ထိခိုက် နာကျင်နေရပါတယ်။

ဒါ့အပြင် ကိုအောင်ကျော်အဖမ်းခံရတော့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေမရှိ တာကြောင့် ဇနီးဖြစ်သူ မနေခြည်ကိုယ်တိုင် ခုခံချေပခဲ့ရပါတယ်။

ခင်ပွန်းသည်ဖြစ်သူအဖမ်းခံရတာနဲ့ ပတ်သက်လို့ မနေခြည်က“၅၀၅(က)နဲ့စွဲတာက ဘာမှမဆိုင်ဘူး။ သတင်းထောက်ကို တရားစွဲချင်ရင် သတင်းမီဒီယာကျင့်ဝတ်နဲ့ပဲ တရားစွဲ။ ဒါက သတင်းအမှောင်ချချင်လို့ စွဲတာလို့ မြင်တယ်။ အခုလို လက်လွတ်စပယ် အကြမ်းဖက်ဖမ်းဆီးတာက အရမ်းကို တရားဥပဒေမဲ့ရာရောက်ပါတယ်”လို့ ပြောပါတယ်။

ကိုအောင်ကျော်အဖမ်းမခံရမီက ရင်ခွင်ပိုက်ကလေးငယ်နဲ့ အမျိုးသမီးတယောက်သာရှိတဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက် ရိုက်နှက်ငွေလုသွားတဲ့အကြောင်း အင်တာဗျူးထုတ်လွှင့်ခဲ့ရာ ဒီလူကြည့်များတဲ့၊ ဝေမျှမှုအများဆုံး ဖြစ်ခဲ့တဲ့ အင်တာဗျူးကြောင့် သူအဖမ်းခံရတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ကိုအောင်ကျော်ကတော့ သူ့အနေနဲ့ မတရားဖမ်းဆီးခံရတာလို့ ယုံကြည်ထားတဲ့အတွက် ပြစ်ဒဏ်အပေါ် အယူခံမဝင်ဖို့ လည်း ဆုံးဖြတ်ထားသူပါ။

ဒီအမျိုးသမီးတွေအနေနဲ့ သူတို့ခင်ပွန်းသည်တွေကို ဖမ်းဆီးသွားတဲ့အချိန်ကစလို့ ယနေ့အချိန်အထိ တွေ့ခွင့် မရသေး တာကြောင့်လည်း စိုးရိမ်ပူပန်လျှက်ရှိပါတယ်။

သူတို့အနေနဲ့ အပတ်စဉ်ထောင်ဝင်စာသွားပို့ထားတဲ့ ပစ္စည်းတွေရောက်မရောက် သိလိုကြသလို ကျန်းမာရေး ၊ စီးပွားရေး စတာတွေလည်း ပြောဖို့လိုတာကြောင့် ခင်ပွန်းသည်တွေနဲ့ တွေ့ဆုံဖို့ ဆန္ဒပြင်းပြနေကြပါတယ်။

“ ကိုဗစ်ကြောင့်မို့ ဧည့်မတွေ့ရတာလို့ ပြောတယ်။ တွေ့ခွင့်မရရင် အထဲနဲ့အဆက်အသွယ်ရအောင် လုပ်ပေးသင့်တယ်။ စာဖြစ်စေ၊ ဖုန်းနဲ့ ဖြစ်စေ တစ်လ၊ တစ်ခါဖြစ်ဖြစ်ပေါ့ တွေ့ခွင့်ရရမယ်လေ။ အခု အမိန့်ချပြီးတာ တစ်လပြည့်တော့မယ် မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး” လို့ မမိုးမိုးက ပြောပါတယ်။

အာဏာရှင်စနစ် ရှင်သန်ကြီးစိုးနေသမျှ ကာလပတ်လုံး သတင်းလွတ်လပ်ခွင့် ဆက်လက်ကျဆင်းနေမှာ ဖြစ်သလို သတင်းမီဒီသမားတွေလည်း အခုလို မတရားဖိနှိပ်ထောင်ကျခံနေရမှာပဲ ဖြစ်ပါတယ်။

ဒီလိုသတင်းသမားတွေ ဖိနှိပ်ထောင်ကျတာတွေကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာခဲ့ကြပေမယ့် ဇနီးသည်တွေဟာ မတရားခံခဲ့ရတဲ့ သူတို့ရဲ့ ခင်ပွန်းသည်တွေအတွက် စိတ်ဓါတ်မကျဘဲ အားပေးကူညီနေရင်း ရှေ့ဆက်နေကြပါတယ်။

အဖမ်းမခံဘဲ ရှိနေ ကျန်နေသေးတဲ့ သတင်းသမားတွေအနေနဲ့လည်း သတင်းလွတ်လပ်ခွင့်ရဖို့နဲ့ ပြည်သူတွေကို သတင်း အမှန်သိစေဖို့ ရတဲ့ နည်းမျိုးစုံနဲ့ ဖော်ပြတင်ဆက်နေကြဆဲပါ။

Related Articles