Home ဆောင်းပါး “ကရင်အမျိုးသမီးများ၏ တော်လှန်ရေးအတွက် စွမ်းဆောင်မှုများ”

“ကရင်အမျိုးသမီးများ၏ တော်လှန်ရေးအတွက် စွမ်းဆောင်မှုများ”

ဖိုးထူးထူး(ထူးဘီ-တပ်မဟာ ၁)။ ။
(ချိုးလင်းပြာအမျိုးသမီးစာစောင် အမှတ် ၇၊ ၂၀၁၀ မတ်လ မှ ပြန်လည်ဖော်ပြသည်)

ဘယ်သမိုင်း၊ ဘယ်တော်လှန်ရေးတိုက်ပွဲတွေမှာမဆို အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ တထောင့်တနေရာမှာ ပါဝင်စမြဲပါ။

ဒါပေမယ့်လည်း သူတို့ရဲ့ပါဝင်မှုကို အနည်းအကျဉ်းအသိမှတ်ပြုခံရတာ(သို့မဟုတ်) လုံးဝအသိအမှတ်ပြုမ ခံရတာဟာ အနည်းဆုံးအကျဉ်းသားပေါင်းများစွာထဲက ဖြစ်တည်နေခဲ့တဲ့ အမှန်တရားဖြစ်သလို ယနေ့ထက်ထိ တိုင်လည်း မှန်ကုန်နေဆဲလို့ပြောရင် ငြင်းလို့ရမယ်မထင်ပါဘူး။ လူတွေရဲ့ခေါင်းထဲမှာ သံမှိုရိုက်သလို ထင် ကျန်နေတဲ့ အယူသည်းမှုတွေထဲက အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုအပေါ် အထင်အမြင်သေးတာဟာ အဆိုး ရွားဆုံးကျန်ရှိနေသေးတဲ့ အယူသည်းမှုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲလို့မေးလာမယ့် မေး ခွန်းအတွက် အဖြေအမျိုးမျိုးထွက်လာနိုင်ပါတယ်။ တချို့တွေကတော့ အမျိုးသမီးတွေမှာ သဘာဝအရကို မှီခို နေရမယ့်၊ အုပ်ချုပ်ခံရမယ့်၊ အမျိုးသားတွေရဲ့ကိုယ်ပွားအဖြစ်သာရပ်တည်ရမယ့်၊ ဦးဆောင်မှုမပြုနိုင်တဲ့ လူတန်း စားလို့မြင်တဲ့သူတွေရှိနိုင်ပါတယ်။ ဒီလိုမြင်တဲ့သူကတော့ အမျိုးသမီးတွေဘယ်လောက်ပဲအစွမ်းထက်ပြီးတော် နေပါစေ၊ အသိအမှတ်မပြုနိုင်တဲ့ တဖက်စွန်းရောက်ရှေးရိုးစွဲဝါဒကိုင်စွဲထားတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးသား အနောက်နိုင်ငံတွေမှာ အရင်မတိုးတက်သေးခင်ကဆိုရင် ဒီလိုအမြင်မျိုးတွေကို အမျိုး သမီးတွေက အများကြီးရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားတွေလို အမျိုးသမီးတွေက မစွမ်းဆောင်နိုင်တာဟာ သဘာဝကပေးတဲ့ အခွင့်အလမ်း၊ အခွင့်အရေး၊ ခွဲခြားဆက်ဆံမှုများကြောင့်ဖြစ်တယ်လို့တချို့ပျော့ပျောင်းပြီး အမြင်ကျယ်တဲ့ လူတွေက မြင်ကြပါတယ်။ ကျမတို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေကတော့ အနည်းစုသာဖြစ်ပြီး အမျိုးသမီးတွေကို အခြေအနေအရ အသိအမှတ်ပြုနိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု မြင့်မားလာတာနဲ့အတူ ဒီအမြင်တွေဟာ ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အမြင်ပြောင်း လဲဖို့အမျိုးသမီးတွေဟာ တိုက်ပွဲအမျိုးမျိုးကို အချိန်ကာလ အတိုင်းအတာတစ်ခုအထိကျော်ဖြတ်လာရပါတယ်။

ကျမတို့လက်ရှိကရင့်အသိုင်းအဝိုင်းရဲ့အခြေအနေကကော… အမျိုးသမီးတွေ ရဲ့ခေါင်းဆောင်မှု၊ စွမ်းဆောင်နိုင် မှုအပေါ် ဘယ်လို အဆင့်မျိုးမှာ မြင်နေသေးလဲ။ ကရင့်တော်လှန်ရေးထဲမှာ လူတိုင်းက တတ်နိုင်တဲ့ဘက်ကနေ တထောင့်တနေရာမှာ ပေးဆပ်နေကြပါတယ်။ လူတိုင်းလို့ပြောတဲ့နေရာမှာ အမျိုးသမီးတွေ အပါအဝင်ဖြစ်ပါ တယ်။ အသေးအမွှားကအစ ပြောရမယ်ဆိုရင် တော်လှန်ရေးအတွက် နောက်တန်းကနေ ထမင်းဟင်းချက်၊ အဝတ်အထည်ချုပ်ရာကစလို့တိုက်ပွဲထဲမှာ ပါဝင်တိုက်ခိုက်တဲ့အထိ ပေးဆပ်ကြပါတယ်။ ကရင့်တော်လှန်ရေး မှာ အမျိုးသမီးစစ်သည်တော်တွေရှိခဲ့ပါတယ်။ ထူးချွန်တဲ့ အမျိုးသမီးစစ်သည်တော်တွေလည်း အများကြီးပါပဲ။

မိသားစုထဲမှာလည်း မိသားစုအဆင့်အလျောက် တော်လှန်ရေးကို ပံ့ပိုးကူညီကြတာပါပဲ၊ လင်ယောကျာ်းက ရှေ့တန်းသွားချိန်မှာ အမျိုးသမီးတွေဟာ ကလေးတွေအတွက် ရုန်းကန်နေကြရတာ၊ ရန်သူရဲ့ခြိမ်းခြောက်မှု၊ နှိပ်စက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်နိုင်ကြတာဟာလည်း တိုက်ပွဲဝင်ခြင်းတမျိုးပါပဲ။ တကယ်ဆိုရင် အမျိုးသမီးတွေရဲ့ထောက်ပံ့မှုမှရှိပဲ ဘယ်လိုလုပ်ပြီး တော်လှန်ရေးလုပ်နိုင်မှာလဲ။ ဒီမေးခွန်းကိုပဲသေသေချာချာ စဉ်းစားပြီးဖြေကြည့်ကြည့်ပါ။ ပတ်ဝန်းကျင်မှာရော၊ မိသားစုထဲမှပါ အစ်မတွေ၊ ညီမတွေ၊ အဖွားတွေ၊ အမျိုးသမီး အားလုံးရဲ့စွန့်လွှတ်မှု ဘယ်လောက်ရှိလဲဆိုတာ မျက်စိမှိတ်ပြီး တစ်ခုချင်း မြင်ယောက်ကြည့်လိုက်ပါ။ ဖြေစရာ မလိုပဲ ရှင်းရှင်းလင်းလင်းမြင်မိပါလိမ့်မယ်။ မိသားစုအဆင့်ကိုကျော်ပြီး ပတ်ဝန်းကျင်မှာကြည့်မယ်ဆိုရင် ကျေး ရွာတွေမှာ အမျိုးသမီးတွေရဲ့ခေါင်းဆောင်နိုင်မှု၊ ဦးဆောင်နိုင်မှုကို သိသိသာသာမြင်နိုင်ပါတယ်။

တော်လှန်ရေး ကာလမှာ အမျိုးသားတွေက ရှေ့ တန်းမှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်ပြီး အသက်ပေးရတာတွေကို အသိအမှတ် မပြုလို့ မရသလို တချိန်တည်းမှာပဲ နောက်တန်းကနေ ခုခံကာကွယ်တိုက်ခိုက်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည် တွေကိုလည်း မေ့ထားလို့မရပါဘူး။ အမျိုးသမီးတွေရဲ့အရည်အချင်းမြောက်များစွာထဲက စေ့စပ်ညှိနှိုင်းမှု အရည်အချင်းဟာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်လို့ပြောရင် ငြင်းတဲ့သူရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ စစ်ဖြစ်နေတဲ့ ကရင်ကျေးရွာတွေကိုကြည့်မယ်ဆိုရင် အမျိုးသားတွေ ရွာသူကြီးမလုပ်နိုင်တဲ့ အခြေအနေမှာ အမျိုးသမီးတွေက ရွာသူကြီးမအဖြစ်တာဝန်ယူရပါတယ်။ အမျိုးသားတွေ ဘာကြောင့် မလုပ် နိုင်သလဲလို့မေးစရာ ဖြစ်လာပါတယ်။ ကျေးရွာတွေမှာ အမျိုးသားလူကြီးလုပ်ရင် နောက်တစ်နေ့မနက်မိုး လင်းမှာပဲ သစ်စရာမျက်နှာ မရှိတော့ဘူးလို့တောင် အဆိုရှိပါတယ်။

ရွာသူကြီးလုပ်ရတာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ရတဲ့ အခြေအနေမှာ အသက်အန္တရယ်အတွက် အဲဒီလောက် တောင် စိုးရိမ်ရပါတယ်။ အမျိုးသမီးတွေ ဘာကြောင့်ရွာသူကြီးမ လုပ်နိုင်ရတာလဲလို့မေးချင်ပါလိမ့်မယ်။ ဒီလောက် အမျိုးသားတွေအတွက် ခက်ခဲ့တဲ့အလုပ်ဟာ အမျိုးသမီးတွေအတွက်လည်း ဘယ်လွယ်ပါ့မလဲ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာအပြင် တချို့တွေမှာ မတော်မတရား ပြုကျင့်မှုခံရတာတောင်ရှိပါတယ်။ ဒါပေမယ့် နည်းလမ်းအမျိုးမျိုးသုံးပြီး ကျေးရွာအတွက် အခြေအနေအဖက်ဖက်နှင့် လိုက်လျောညီထွေအောင် ညှိ နှိုင်းပြီး တာဝန်ယူလုပ်ဆောင်နေရပါတယ်။

နှိပ်စက်ခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဘယ်သူမှ မလုပ်နိုင်တဲ့၊ မလုပ်ချင်တဲ့အလုပ်ကို သူတို့လည်း ပျော်ပြီးတော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် ကျေးရွာအတွက် ရွာသူရွာသားတွေအတွက် ရွေးစရာလမ်းမရှိ တော့လည်း ဓါးသွားထက်ပေါ်လျှောက်ရသလို သူတို့လုပ်နေရတာပေါ့။ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးပါပြီ။ အခုလည်း လုပ်နေဆဲပါပဲ။ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျေးရွာအဆင့်မှာ ဦးဆောင်ပြီးလုပ်နေဦးမှာပဲ ဆိုတာ မေးစရာတောင်မလိုပါဘူး။ ဒီအမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် ကရင်အမျိုး သမီးတွေရဲ့ေါင်းဆောင်မှု၊ ဦးဆောင်မှုကို မေးခွန်းထုတ်စရာရှိမယ်မထင်တော့ပါဘူး။

ဒါပေမယ့်… ဘာဖြစ်လို့သူတို့ရဲ့ခေါင်းဆောင်မှု ဦးဆောင်မှုကို အသိအမှတ်ပြုဖို့ခက်ခဲနေရတာလဲ။ ဘာတွေက ကျမတို့ရဲ့ဦးခေါင်းထဲမှာ သံမှိုရိုက်ထားသလို အမျိုးသမီးတွေရဲ့ဦးဆောင်နိုင်မှုကို အသိအမှတ်မပြုနိုင်ရတာလဲ။ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို ကျေးရွာ အဆင့်ကနေ ကရင်လူမျိုးရဲ့အမျိုးသားရေးအဆင့်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဦးဆောင်မှုဟာ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလာကြပြီလို့ပြောရင် မှားမယ်မထင်တော့ပါဘူး။ ကရင်အမျိုးသား အစည်းအရုံးမှာ သမိုင်းတွင်တဲ့လုပ်ရပ်ကို ခေါင်းဆောင်တွေ လုပ်ခဲ့ပါတယ်။ အဲဒါက သမိုင်းမှာဘယ်တုန်းက မှမရှိခဲ့ဖူးတဲ့ ပထမဦးဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးကို ရွေးကောက်တင်မြှောက်ခြင်းပါပဲ။

အမျိုးမျိုးဝေဖန်သံတွေက ထွက်လာပါတယ်။ အဲဒီအတွက် တစ်ခုပဲပြောစရာရှိပါတယ်။ ရွေးကောက်ခြင်းရဲ့ အဓိပ္ပါယ်ကဘာလဲ။ အများစုရဲ့သဘောတူညီချက်အရ လျှို့ဝှက်မဲနဲ့အနိုင်ရခဲ့တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခြင်းရဲ့နောက်ဆုံးရလဒ်အမှန်တရားပဲဖဖြစ်ပါတယ်။ ဒီအတွက် အမျိုးမျိုးသော ဝေဖန်မှုတွေက လူနည်းစုဆီက ထွက်လာတာဟာ မဆန်းပါဘူး။ ဒါပေမယ့် အပြုသဘောနဲ့ဝေဖန်တာမျိုး၊ အကောင်းဘက်နေ ပြီး ဝေဖန်တာမျိုးတော့ ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်မနိုင်လို့မဲပြီး ပျက်စီးလိုပျက်စီးငြားလျှောက်ပြောတာဟာ ဒီမိုကရေစီလိုချင်တဲ့ အသိုင်းအဝိုင်းမှာ နိုင်ငံရေးသည်းခံနိုင်မှု မှရိသေးတဲ့အတွက်ကြောင့် တကယ်တမ်းက ဒီမို ကရေစီလိုချင်ရင် နိုင်ငံရေးအရသည်းခံနိုင်မှုရှိလာတဲ့အထိ ကြိုးစားကြဖို့လိုပါသေးတယ်။

အမျိုးသမီးတွေ ရဲ ့ လက်ရှိဦးဆောင်မှုအပေါ် ဝေဖန်သူတွေအနေနဲ့အမျိုးသမီးတွေရဲ့ဦးဆောင်မှုက ဘယ်လိုပြဿနာမျိုးကိုဖြစ် စေလို့လဲဆိုတာ သူတို့ဖာသာသူတို့အရင်ရှင်းလင်းအဖြေရှာဖို့လိုပါတယ်။ ဥပမာ ဘယ်ပြဿနာကို ဝေဖန် ချင်တာလဲ။ စီမံခန့်ခွဲမှုဦးဆောင်မှုအပေါ်တော့ အငြင်းပွားစရာမလိုအောင် ပြဿနာမရှိတဲ့အတွက် အမျိုးသမီး ဖြစ်လို့နိုင်ငံရေးနားမလည်ဘူးဆိုပြီး အငြင်းပွားချင်ရင် နိုင်ငံရေးကဘာလဲလို့ပြန်မေးချင်ပါတယ်။ နိုင်ငံရေး ဆိုတာ စကားလုံးအရသာခက်သယောင်ယောင်နဲ့တကယ့်အဓိပ္ပါယ်က အရမ်းရိုးရှင်းလွန်းပါတယ်။ လူတိုင်းနား လည်တဲ့ နိုင်ငံရေးရဲ့အဓိပ္ပါယ်ဟာ တကယ့်ရှင်းရှင်းလင်းလင်းပါပဲ။ အဲဒါကတော့ အောက်ခြေကနေ အမြင့်ဆုံး အထိဖြစ်နေတဲ့ ပြဿနာအားလုံးရဲ့အဖြေကို ရှာခြင်းဟာနိုင်ငံရေးပါပဲ။

ဒီနိုင်ငံရေးကို အမျိုးသမီးဖြစ်လို့ဘာကြောင့် နားမလည်ရမှာလဲ။ ပြဿနာတွေပေါင်းစုံရဲ့အရင်းအမြစ်ကြားမှာ နေလာခဲ့ရပြီး အခက်အခဲမျိုးစုံအောက်က ဖြတ်သန်းရတဲ့အမျိုးသမီးတွေကဘာကြောင့် ဒီပြဿနာကို နားမ လည်ဘူးလို့အထင်ခံရတာလဲ။ ပိုပြီးတော့တောင် ဖိနှိပ်မှုကိုခံရတဲ့ အမျိုးသမီးတွေပါ။ ပြဿနာရဲ့အရင်းအမြစ် ကို အောက်ခြေကနေထိပ်ဆုံးအထိ ပိုနားလည်လို့ပိုပြီးတော့တောင်မှ ဘယ်အဖြေဟာ အကောင်းဆုံးလဲဆိုတာ ကို သိနေကြပါတယ်။ ဒါပေမယ့် အပြောထက်အမျိုးသမီးတွေရဲ့လုပ်ဆောင်မှုတွေကို နောက်ဆုံးအထိစောင့် ကြည့်သင့်ပါတယ်။ အဲဒီအခါကျမှသာ အမျိုးသားခေါင်းဆောင်တွေနဲ့တန်းတူ ဘက်လိုက်မှုမရှိဘဲ မျှမျှတတေ၀ ဖန်ပါ။ ဆန်းစစ်ပါ။ အမြင့်ဆုံးအဆင့်မှာ ပထမဦးဆုံးအမျိုးသမီးဦးဆောင်မှုအပေါ်မှာ စိတ်ရှည်သည်းခံကြပါ။

အဖြေဘာမှ မသိခင်ကတည်းက အမျိုးသမီးတစ်ယောက်ခေါင်းဆောင်ဖြစ်လာလို့ အဲဒီအဖွဲ့အစည်းအတွင်းမှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ရှိရှိသမျှအခက်အခဲမျိုးစုံ၊ ပြဿနာပေါင်းစုံကို ဒီအမျိုးသမီးအပေါ်ပုံ ချတာဟာ မတရားဘူးလို့ကျမထင်ပါတယ်။ အမြင်လေးတွေဒီထက်ပိုကျယ်စေချင်ပါတယ်။ နိုင်ငံရေးသည်းခံမှု အပါအဝင် အမျိုးသမီးတွေအပေါ် ဦးတည်ချက်မရှိ၊ အကြောင်းအရင်းမရှိ အဆိုးမြင်လွန်းတဲ့ အစွဲကလေးတွေ ကင်းရှင်းသွားရင် ကျမတို့ကရင့်လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့ဘက်ကို ကောင်းသထက်ကောင်းအောင် ဦးတည်သွားမှာပါလို့ကျမယုံကြည်ပါတယ်။

Related Articles