Home ဆောင်းပါး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ အားလုံးအတူတကွလုပ်ဆောင်စို့…

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ အားလုံးအတူတကွလုပ်ဆောင်စို့…

ခင်စုကြည်။ ။

နေ့စဉ် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးဟာ အကြမ်းဖက်မှုတနည်းနည်းနဲ့ တွေ့ကြုံခံစားနေကြရပါတယ်။ လူမြင်ကွင်းမှာပဲဖြစ်ဖြစ် နေအိမ်တွေထဲမှာပဲဖြစ်ဖြစ် အကြမ်းဖက်မှုပုံစံ တစ်နည်းမဟုတ် တနည်းနဲ့
ရင်ဆိုင်နေကြရတဲ့ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေ ဝန်ဆောင်မှုတွေနဲ့ တရားမျှတမှုတွေကို လက်လှမ်းမမှီသေးတဲ့ မြန်မာနိုင်ငံမှာလည်း အခြားသော နိုင်ငံများနည်းတူ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ကြတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုရှိနေပြီဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ဖဲကြိုးဖြူလုှုပ်ရှားမှု တနည်းအားဖြင့် ၁၆ ရက်တာလှုပ်ရှားမှုဆိုတာကတော့ နိုဝင်ဘာ ၂၅ ရက် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ကနေစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှုမှ လွှတ်မြောက်လာသူများကို ကာကွယ်စောင့်ရှောက်သော လုပ်ဆောင်မှုများ၊ အကြမ်းဖက်မှုပပျောက်ရေးအတွက် သွေးစည်းညီညွှတ်သော လှုပ်ရှားမှုတရပ်အဖြစ် ဖော်ဆောင်ကြခြင်းဖြစ်ပြီး ကမ္ဘာတဝန်း ပုံစံအမျိုးမျိုးနဲ့ ၁၆ ရက်တာလုံးလုံး လှုပ်ရှားမှုလုပ်ကြတာဖြစ်ပါတယ်။

၁၉၉၁ ခုနစ်ကစပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၆ ရက်တာလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ်နဲ့စတင်ခဲ့ကြတာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီးတွေ အပေါ်အကြမ်းဖက်မှု အမျိုးမျိုးကိုရပ်တန့်နိုင်ဖို့အတွက် လူထုအသိပညာပေးလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံကို အသုံးပြုပြီး ကျင်းပကြနေကြပါတယ်။ မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံက အမျိုးသမီးတွေကရော ဒီလှုပ်ရှားမှုကို ဘယ်လိုပုံစံနဲ့ စတင်ပါဝင်လုပ်ရှားခဲ့ကြပါသလဲ။

နယ်စပ်များတွင် အခြေတည်စတင်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်သော လှုပ်ရှားမှုများ

မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ လူထုအသိပညာပေးလှုပ်ရှားမှုတွေကို တချိန်က ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ခဲ့သေးချိန်မှာ နယ်စပ်ဒေသတွေမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက စတင်ပြီး လှုပ်ရှားခဲ့ကြတယ်ဆိုတာကိုသိရပါတယ်။

၂၀၀၅- ၂၀၀၆ ခုနှစ်မှစတင်ကာ လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်သော လှုပ်ရှားမှုများပြုလုပ်နိုင်ဖို့အတွက် WLB အမျိုးသမီးများအဖွဲ့ချုုပ်(မြန်မာနိုင်ငံ)အနေနဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုအနေနဲ့ ချမှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနဲ့ထိစပ်လျှက်ရှိတဲ့ ထိုင်း-တရုတ်- အန္ဒိယ စတဲ့ နယ်စပ်တလျှောက်က ဖွဲ့စည်းခဲ့ကြတဲ့ အမျိုးသမီးအဖွဲ့ အစည်းများစုပေါင်းကာ အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေး ဒေသဆိုင်ရာ အလုပ်အဖွဲ့များ( Women Against Violence Team)ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းများနှင့်အတူ
၁၆ ရက်တာလှုပ်ရှားမှုတွေကို နယ်စပ်တလျောက်မှာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြတာပါ။

အိန္ဒိယ- မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်မှာလည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေးလုပ်ငန်းများနှင့်
၁၆ ရက်တာလှုပ်ရှားမှုတွေကို အိန္ဒိယအခြေစိုက် အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေး ဒေသဆိုင်ရာအလုပ်အဖွဲ့(AIZAWL- WAV Team)ကလည်း နှစ်စဉ်ကျင်းပလုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။

“ကျမတို့ တွေဟာ အဲဒီဒေသမှာ တရားဝင် နေထိုင်ခဲ့ကြတာ မဟုတ်တဲ့အတွက်ကြောင့် လှုပ်ရှားမှုတွေကိုလည်း ပေါ်ပေါ်ထင်ထင် မလုပ်ရဲဘဲ ခိုးကြောင်ခိုးဝှက်နဲ့ အကောင်အထည်ဖော်ခဲ့ကြရပါတယ်။ ကျမတို့ လှုပ်ရှားတဲ့ ဒေသမှာဆိုရင် ကွန်ပြူတာ အသုံးပြုတတ်သူ ကိုယ့်အသိုင်းအဝိုင်းမှာ မရှိသလောက် ရှားပါးပြီး ကွန်ပြူတာ ပိုင်ဆိုင်သူလည်း မရှိပါဘူး ။ အမျိုးသား နိုင်ငံရေး အဖွဲ့အစည်းရုံးတွေမှာသာ အနည်းအကျဉ်းရှိတဲ့ အခြေအနေဖြစ်တဲ့အတွက် ရံဖန်ရံခါ အမျိုးသား အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း ရယူပြီး အခမ်းအနားတွေကို ပြုလုပ်ရပါတယ်။

လှုပ်ရှားမှု အစီရင်ခံစာတွေကို လက်ရေးနဲ့ရေးပြီး ၃ နာရီလောက် လမ်းလျှောက်မှ ရောက်တဲ့ စာတိုက်ကနေ တဆင့် နယူးဒေလီ ရုံးချုပ်ကို ပို့ခဲ့ရပါတယ်။ တယ်လီဖုန်းဆိုတာ ကိုယ့်အသိုင်းအဝိုင်းမှာ ဘယ်သူမှ မကိုင်နိုင်ခဲ့ကြဘူး”လို့ ယခင် အိန္ဒိယနယ်စပ် အခြေစိုက် AIZAWL-WAV Team အဖွဲ့ဝင်ဟောင်း၊ လက်ရှိမှာ တရားမျှတမှုအတွက်အမျိုးသမီးများအဖွဲ့ Women’s for Justice ရဲ့ Program Director ဖြစ်သူ ငြိမ်းငြိမ်းထွန်း ကပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ကာလများက နယ်စပ်ဒေသတွေမှာ လှုပ်ရှားမှုပြုလုပ်ကြတဲ့အခါ ဆက်သွယ်ရေးခက်ခဲခြင်း၊ နည်းပညာအားနည်းခြင်းနဲ့ ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းခြင်းတို့ကလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေခဲ့ပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုဆိုပေမယ့် ဌာဆိုင်ရာတွေက နိုင်ငံရေးကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုလို မြင်နေကြပြီး လာရောက်ပူးပေါင်းဖို့ကို တွန့်ဆုတ်နေကြသလို ဒေသခံတွေရဲ့ အမြင်စောင်းမှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။

“ကျမတို့ အနေနဲ့ ချဉ်းကပ်ရတာ တော်တော်လေး အခက်အခဲဖြစ်တယ် ဥပမာ- ဌာနဆိုင်ရာဆိုရင်လည်း သူတို့ နားလည်အောင် ရှင်းပြရတယ်တာတွေ၊ ဒီလှုပ်ရှားမှုက နိုင်ငံရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ အမျိုးသမီးတွေကို အကြမ်းဖက်မူ မလုပ်ဖို့အတွက် နိုင်ငံတကာကနေပြီးမှ ကျင်းပတဲ့ အခမ်းအနား နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် လာရောက် ပူးပေါင်း ပါဝင်ပေးဖို့ လူကိုယ်တိုင် သေသေချာချာသွားရှင်းပြပြီးတော့ ဖိတ်ကြားရခဲ့ရတယ်။ ဘာသာရေးဆရာတွေ၊ ကျမတို့ ရိုးရာအရ ၊ဘာသာရေးအရဆိုရင်လည်း ပိုဆိုးတယ် တချို့တွေက အမြင်စောင်းတယ်” လို့ယခင် အိန္ဒိယ နယ်စပ်အခြေစိုက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့ ဝင်ဟောင်း၊လက်ရှိ ကူကီးအမျိုးသမီးဆိုင်ရာလူ့ အခွင့်အရေးအစည်းအရုံး KWHRO ရဲ့ဒါရိုက်တာဖြစ်သူ Kim Boi က သူ့ဖြတ်သန်းခဲ့ရမှုတွေကို ပြန်ပြောင်းပြောပြပါတယ်။

“ကျမတို့ အခြေစိုက်တဲ့ နေရာကတော့ နယ်စပ်မြို့လေး မိုးရေးပေါ့။ အဲတုန်းက ဒေလီမြို့ကြီးမှာဆိုရင်လည်း အရပ်ဖက်အဖွဲ့အစည်းတွေလည်း စုံနေသေးတဲ့အချိန် ဖြစ်တော့ ဒေလီက သံရုံးရှေ့မှာ သွားပြီးတော့ ကမ်းပိန်းတွေ သွားလုပ်တယ်။ လူထုလှုပ်ရှားမူတွေ လုပ်ခဲ့တယ်။ လက်ကမ်းစာစောင်တွေဖြန့်တာ စသဖြင့် အခြေအနေက ပြည်တွင်းမှာ လှုပ်ရှားလို့ မရခဲ့တဲ့ အတွက်ကြောင့် ပြည်ပမှာ စပြီးတော့ လှုပ်ရှားခဲ့ကြပါတယ်။ အဲလိုအခြေအထားမှာပဲ ကျမတို့ နေနေတဲ့ မိုးရေးနယ်စပ်နဲ့ကပ်နေတဲ့ ပြည်တွင်းဘက် အခြမ်းမှာလည်း ၁၆ ရက်သာ လှုပ်ရှားမူနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ခိုးထုတ်ပြီးတော့ ညပိုင်းတွေမှာ ဒီလူစုလူဝေး လူသွားလူလာများတဲ့ နေရာတွေမှာ စတစ်ကာကပ်တာ၊ ပိုတစတာကပ်တာတို့လုပ်ခဲ့တယ်။ အစိုးရဌာနဆိုင်ရာရုံးအရှေ့တွေမှာလည်း အဲလိုမျိုးလုပ်ခဲ့ရတယ်။” လို့Kim Boi က ဆက်ပြောပြပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနား – နယူးဒေလီ (၂၀၀၅)

KWHRO အနေနဲ့ ၂၀၁၄ ခုနှစ် မှာ သူတို့ရဲ့ရုံးကို ပြည်တွင်းဘက်ဖြစ်တဲ့ တမူးမြို့မှာ စတင်အခြေစိုက်လာနိုင်တဲ့အချိန်မှာတော့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နိုဝင်ဘာ ၂၅ ရက် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပနိုင်ခဲ့သလို၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာလည်း အမျိုးသားတွေ၊ လူငယ်တွေနဲ့ ဌာနကပါ ပူးပေါင်းပါဝင်လာကြပါတယ်။ ထူးခြားတဲ့ အောင်မြင်မှုအနေနဲ့ကတော့ တမူးနယ်ထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားတွေလည်း ပါဝင်တဲ့ တမူးဒေသခံ အကြမ်းဖက်မှုပပျောက်ရေးကေ်ာမတီဆိုပြီး ဖွဲ့စည်းနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်တဲ့ မွန်နဲ့ကရင်တိုင်းရင်းသားတွေနေထိုင်ကြတဲ့ ကန်ချနဘူရီခရိုင်တွင်းက စံခရဘူရီမြို့ ငယ်လေးမှာဆိုရင်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ၂၀၀၅- ၂၀၀၆ ခုနှစ်လောက်တည်းက စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

“ကျမတို့ အဲ့ဒီတုန်းက ထိုင်း-မြန်မာ နယ်စပ်မှာဆိုတော့ အရမ်းကို အန္တရာယ်များခဲ့ပါတယ်။ ဖုန်းလိုင်းလည်း ဆက်သွယ်လို့ မရဘူး။ အဲချိန်မှာ ကျမတို့ အမျိုးသမီးတွေ လာစုကြတယ် စကားဝိုင်းဖွဲ့ဆွေးနွေးရတယ်။ ကျမတို့ ဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က အဖွဲ့တစ်ဖွဲ့က လာပြီး ရန်ရှာတာတို့၊ ပညာပေးဆွေးနွေးပွဲ ပြီးသွားလို့ နေတဲ့နေရာပြန်သွားလို့ရှိရင် လမ်းကြားမှာ ကျမတို့ ကို တစ်ခုခု ဒုက္ခပေးမှာ ဆိုတဲ့ဟာကိုစိုးရိမ်ခဲ့ရတယ်။ ကျမတို့ စလုပ်ခဲ့တဲ့အချိန်က အမျိုးသားတွေပါဝင်ဖို့ က ဒီဟာက သူတို့နဲ့ မဆိုင်ဘူး ယူဆကြတယ်။ အစပိုင်းမှာတော့ ပါဝင်လာတာနည်းတယ် နောက်ပိုင်းမှာ ကျမတို့က ရွာလူကြီးတွေကနေစပြီး သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးလက်တွဲခေါ်လာတယ် နောက်ပိုင်းတွေမှာ အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကိုက အမျိုးသမီးများအပေါ် အကြမ်းမှုပပျောက်ရေး အစီအစဉ်ပါဝင်လာအောင် အမျိုးသားတွေကို ခေါ်ပြီးတော့ ပံ့ပိုးလာတာရှိတယ်” လို့ ယခင် စံခရဘူရီ အခြေစိုက်အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေး ဒေသအလုပ်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ မွန်ပြည်နယ်မှာ အခြေစိုက်နေတဲ့ Mi Organization Director တစ်ယောက်ဖြစ်တဲ့ မိဟောဝ်ဆာထော(Mi Hongser Htaw) က ပြောပါတယ်။

စံခရဘူရီ အခြေစိုက် အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေး ဒေသဆိုင်ရာအလုပ်အဖွဲ ့(WAV Team)အနေနဲ့ နယ်စပ်ကနေ ပြည်တွင်းကို စပြီးထိုးဖောက်တဲ့လှုပ်ရှားမှုအနေနဲ့ ၂၀၁၁ ခုနှစ်မှာ စံခရဘူရီနဲ့ ကပ်လျှက်တည်ရှိတဲ့ မြန်မာဘက်ခြမ်း ရေးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ MNSP ထိန်းချုပ်ရာ နယ်မြေတွင်းက မွန်အမျိုးသမီးအဖွဲ့ (MWO)အခြေစိုက်သည့်နေရာမှာ ပထမဆုံးအကြိမ်မွန်အမျိုးသမီးညီလာခံပြုလုပ်ချိန်မှာ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားကို အတူတကွ ပူးတွဲကျင်းပခဲ့ကြပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်တဲ့အခါမှာ အမျိုးသားတွေပါဝင်လာအောင် စည်းရုံးရတာကလည်း ခက်ခဲပါတယ်။ ဒါကြောင့် အမျိုးသမီးအပေါ် အကြမ်းဖက်မူ ပပျောက်ရေးလှုပ်ရှားမှုတွေဟာ အမျိုးသားတွေနဲ့ လည်းသက်ဆိုင်တယ်ဆိုတာကို ဒေသအတွင်းက သြဇာအာဏာရှိတဲ့
ဘုန်းကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကနေတဆင့် အမျိုးသားတွေပါဝင်လာအောင် ချည်းကပ်ခဲ့ကြတာပါ။

ကျမတို့ ကားဂိတ်တွေ လမ်းမပေါ်က ဖြတ်သွားဖြတ်လာအမျိုးသားတွေကို ဖဲကြိုးဖြူလေးတွေ လိုက်တပ်ပေးတော့ “ငါတို့ က အကြမ်းဖက်နေတာမဟုတ်ဘူး ငါတို့ကို လာတပ်ပေးတာက ငါတို့က အကြမ်းဖက်မှုကို လုပ်နေတယ်လို့ဝန်ခံလိုက် သလိုပဲ” လို့တုန့်ပြန်ခံရတယ်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလများက တရုတ်နယ်စပ်မြို့လေးတမြို့မှာ ဖဲကြိုးဖြူ ကမ်ပိန်းလိုက်လုပ်စဉ်က တွေ့ခဲ့ရတဲ့အတွေ့အကြုံကို တရုတ်နယ်စပ်အမျိုးသမီးများအကြမ်းဖက်မှုဆန့် ကျင်ရေးလုပ်ငန်း ဒေသဆိုင်ရာ အဖွဲ့ဝင်တွေကပြောပြပါတယ်။

နောက်ပိုင်းမှာတော့ နယ်စပ်ဒေသက တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းတွေဟာ မြန်မာပြည်တွင်းထဲကို ပြန်လည်ဝင်ရောက်လာကြပြီး ကိုယ်အခြေစိုက်ရာ ဒေသအသီးသီးမှာ ၁၆ ရက်တာလှုပ်ရှားမှုနဲ့အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်လာခဲ့ကြပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနား- စံခရဘူရီ (၂၀၀၆)

နယ်စပ်မှသည် ပြည်တွင်းဆီသို့ရွေ့လျားလာသည့် အမျိုးသမီးများအပေါ်အကြေမ်းဖက်မှုဆန့်ကျင်ရေးအတွက် ၁၆ ရက်တာလှုပ်ရှားမှုများ

၂၀၁၂ ခုနှစ်မှာတော့ WLB အမျိုးသမီးများအဖွဲ့ချုုပ်(မြန်မာနိုင်ငံ)အနေနဲ့လည်း ပြည်တွင်းမှာ အမျိုးသမီးစင်တာတွေအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်လာချိန်မှာတော့ ရန်ကုန်မြို့ရှိ WON, GEN, Colorful Girls(CG), Karen Women Action Group(KWAG)၊ အခြားသော အမျိုးသမီးများအဖွဲ့အစည်းများတို့နဲ့ ပူးပေါင်းပြီး ကွန်ယက်ပုံစံတခုအနေနဲ့စုစည်းခဲ့ကြပြီး ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ဖို့ကြိုးစားခဲ့ကြပါတယ်။ တဆ က်တည်းမှာပဲ မော်လမြိုင်၊ ကယားပြည်နယ်လွိုင်ကော်စင်တာ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွေမှာလည်း နိုဝင်ဘာ ၂၅ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမဦးဆုံးအကြိမ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လူထုလမ်းလျှောက်ပွဲကို
ဆူးလေဘုရားရှေ့ကနေ ကန်းတော်ကြီးအထိ ချီတက်ကြပြီး ကန်တော်ကြီးပန်းခြံထဲမှာတော့ အနုပညာရှင်တွေပါဝင်တဲ့ အခမ်းအနားကြီးကို သိုက်သိုက်ဝန်းဝန်းလုပ်ဆောင်ခဲ့ကြပါတယ်။

“အဲ့ဒီတုန်းကနဲ့ယှဉ်ရင်တော့ အခုက အရမ်းကို ပြောင်းလဲတိုးတက်လာပါတယ်။ ၂၀၁၂ လောက်တုန်းက အမျိုးသမီးများအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စကားဝိုင်းကို အနုပညာရှင်တွေနဲ့
ဆွေးနွေးတာကို ရုပ်မြင်သံကြားကနေ လွှင့်နိုင်ဖို့အတွက်ကြိုးစားခဲ့ဖူးတယ်။ ဒါကိုပြဖို့အတွက်ကို အရမ်းနိုင်ငံရေးဆန်တယ်ပေါ့လေ။ အရင်တုန်းကဆို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုက ဒီနိုင်ငံမှာ ရှိပါတယ်လို့ နိုင်ငံတော်အကြီးအကဲတွေက လက်ခံတဲ့အနေအထားမှမရှိတာ။ ၂၀၁၁- ၁၂ တုန်းက အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုက ဒီနိုင်ငံမှာ မရှိပါဘူးလို့ပြည်ထောင်စုဝန်ကြီးက အာဆီယံအဆင့်တွေထိတောင် ပေါ်တင် ငြင်းတဲ့အနေအထားကနေ အခုလို အမျိုးသမီးများအပေါ်အကြမ်းဖက်မှုက ကျမတို့နိုင်ငံမှာလည်း ကြီးမားတဲ့ ပြသနာတစ်ခုဖြစ်တယ်ဆိုတာကိုလက်ခံပြီး ထုတ်ဖော်ပြောတဲ့ အနေအထားတွေတော့ ပြောင်းလဲလာတယ်” လို့ ကျား-မရေးရာတန်းတူညီမျှရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ မမေစံပယ်ဖြူကပြောပါတယ်။

ကျား-မတန်းတူညီမျှရေးကွန်ယက်အနေနဲ့ ၁၆ ရက်တာလှုပ်ရှားမှုကို နှစ်စဉ်ဆက်တိုက်လုပ်ဆောင်လာခဲ့ရာမှာ အများပြည်သူပါဝင်နိုင်တဲ့ အစီအစဉ်အခမ်းအနားတွေကို ပန်းခြံတွေ ကစားကွင်းတွေမှာ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနစ်ကစလို့ မီဒီယာတွေနဲ့ချိတ်ဆက်ပြီး အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်လာခဲ့ပြီး ၂၀၁၆ ခုနစ်မှာ ထာဝရဖဲကြိုးဖြသီချင်းဆိုပြိုင်ပွဲ၊ ၂၀၁၇ ခုနစ်မှာ သံချပ်ပြိုင်ပွဲ၊ ၂၀၁၈ ခုနစ်မှာ ရုပ်ရှင်ပွဲတော်၊ ၂၀၁၉ ခုနစ်မှာ ဖိုးချစ်ဇာတ်သဘင်တို့နဲ့ ပူးပေါင်းကာ လူထုတွေဆီပိုမိုရောက်စေမယ့် နည်းလမ်းတွေနဲ့အသိပညာပေးမှုတွေကို လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုကို တနည်းအားဖြင့် ဖဲကြိုးဖြုလှုပ်ရှားမှုလို့လည်း တင်စားခေါ်ဆိုကြပါတယ်။ အဓိကကတော့ အမျိုးသမီးတွေအပေါ်အကြမ်းမဖက်ပါဘူး၊ အကြမ်းဖက်မှုပပျောက်ဖို့အတွက်လည်း ပူးပေါင်းပါဝင်ပါမယ်ဆိုတဲ့ အမှတ် သေင်္ကတဖြစ်တဲ့ ဖဲကြိုးဖြူလေးတွေကို ရင်ထိုးလေးအဖြစ်နဲ့ မိမိကိုယ်တိုင်ရော အခြားသူတွေကိုပါ တပ်ဆင်ပေးခြင်းဖြင့် ဖော်ပြကြတာကို ရည်ညွှန်းပါတယ်။

“အရင်တုန်းကဆိုရင် အခုလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေဆိုတာ အမျိုးသမီးအဖွဲ့တွေကပဲ ဦးဆောင်ကျင်းပတာပေါ့နော်။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေး လုပ်ဆောင်နေသူတွေထက် တက်ကြွတဲ့ လူငယ်တွေကပဲ ဒီလို မတရားမှုတွေအတွက် တရားမျှတမှုလိုတယ်ဆိုတာကို လုပ်ဆောင်လာကြတယ်။ ကချင်ဆရာမလေး ၂ ယောက်မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ကိစ္စမှာဆိုရင်လည်းလူထုကသူတို့ရဲ့ အသိစိတ်ဓာတ်နဲ့ သူတို့လမ်းပေါ်ထွက်လာတာ။ဘယ်သူမှ သူတို့ကိုလမ်းပေါ်ထွက်လာဖို့ ဦးဆောင်စည်းရုံးခဲ့တာမဟုတ်ဘူး။
အဲ့တော့ ကချင်ဆရာမလေး နှစ်ယောက်ကို အလောင်းကိုသယ်တဲ့ လမ်းတလျှောက်လုံးမှာ လူထုကထွက်ပြီးတော့ ငိုကြွေးတယ်။ ဖဲကြိုးဖြူတွေတပ်ကြတယ်။ ကျမတို့ အရမ်းအံ့သြသွားခဲ့ရတယ်။
ပြီးတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ကို သူတို့ဘာသာသူတို့ရေးပြီးတော့ ဖဲကြိုးဖြူ ရင်ထိုးတွေ ဝေကြတယ်။ တပ်ကြတယ်။ တခါတလေကျတော့ ကျမတို့လုပ်ဆောင်တဲ့ လူထုလှုပ်ရှားမှုတွေ အသိပညာပေးမှုတွေက ဘယ်လောက်ထိလူတွေက နားလည်ပြီး လက်ခံကျင့်သုံး
လာကြလဲဆိုတာကို အဲ့ဒီလိုမျိုးအခြေအနေတွေမှာဆိုတွေ့မြင်နိုင်တယ်” လို့ မမေစံပယ်ဖြူကပြောပါတယ်။

အမျိုးသမီးတွေအကြမ်းဖက်မှုရပ်တန့်ဖို့အတွက် ၁၆ ရက်တာလှုပ်ရှားမှုဟာ ၂၀၁၂ နောက်ပိုင်းမှာ
ရန်ကုန်မြို့အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရပ်ရွာတွေ အတွင်းမှာလည်း အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်သူတွေ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတွေက ပုံစံအမျိုးမျိုးနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနေကြတာဖြစ်ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနား – ရန်ကုန် (၂၀၁၄)

အခရာအမျိုးသမီးအဖွဲ့ကတော့ သူတို့အနေနဲ့ ၁၆ ရက်တာလှုပ်ရှားမှုမလုပ်ခင်တည်းက ဘက်စ်ကားပေါ်တွေမှာ
အမျိုးသမီးတွေကာအိန္ဒြေထိပါးနှောက်ယှက်မှုတွေနဲ့ပတ်သက်လို့ ကန်ပိန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“အမတို့အဖွဲ့ရဲ့ ပထမဆုံးသော အမျိုးသမီးအရေးအတွက် လုပ်ခဲ့တာကတော့ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးတွေရဲ့ ကာအိန္ဒြေပျက်ပြားမှုရပ် ဆိုတာလုပ်ခဲ့တယ်။ အဲ့ဒီတုန်းကတော့ ၁၆ ရက်တာလှုပ်ရှားမှု ဆိုတာမျိုးမသိသေးခင်ပေါ့နော်။ ဦးသိန်းစိန်အစိုးရပြောင်းကာစပေါ့လေ။ အဲ့ဒီတုန်းကစလုပ်ခဲ့တာ။ အဲ့အချိန်တုန်းကတော့ အရမ်း risk ယူရတယ်။ ဘတ်စ်ကားပေါ်တွေမှာ ကန်ပိန်းလုပ်တဲ့အခါ တချို့တွေ ကမေးခွန်းတွေမေးလာနိုင်တယ်။ မချေမငံပြောတာတွေခံရနိုင်တယ်။ အဲ့လိုတွေပြောလာရင်သည်းခံဖို့။ ဒါပေမယ့်လည်း တက်ကြွမှု ပါဝင်မှုကကျတော့ မထင်မှတ်ထားဘူး။ ပါဝင်လာကြတဲ့အထဲမှာ ၃၆ ရာခိုင်နှုန်းက လူငယ်တွေ ယောကျာ်လေးတွေ ဖြစ်တယ်။
ဘယ်ကရောက်လာမှန်းမသိတဲ့ volunteer ၃၀၀ ကျော်လောက်ဖြစ်သွားတယ်။ အဲ့ဒီအချိန်တုန်းက အခရာ ဆိုတာ ဘယ်သူမှလည်း သိတာမဟုတ်ဘူး။ ဒီလိုပါဝင်လာတာလည်း အရမ်းအံ့သြစရာကောင်းတယ်” လို့ အခရာ အမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။

အခရာအမျိုးသမီးအဖွဲ့အနေနဲ့ ၁၆ ရက်တာလှုပ်ရှားမှုတွေမှာ လူထုကပါဝင်လာအောင် ကျောင်းတွေ ပန်းခြံတွေ မယ်သီလရှင်ကျောင်းတွေမှာ စည်းရုံးလှုံဆော်ခဲ့ကြပြီး မထင်မှတ်ထားတဲ့နေရာတွေ အစီစဉ်တွေကို ကြိုတင်မကြေညာပဲ လျှပ်တပြတ် ပုံစံမျိုးနဲ့ ဖန်တီးလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေးထဲ ပန်းခြံထဲနဲ့ အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများကို ဆန့်ကျင်ထင်ဟပ် တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

“အမတို့ရဲ့ ယုံကြည်ချက်က အမတို့အသံထက်စာရင် အမတို့ NGOs တွေ သိတာထက်စာရင် ပြည်သူတွေအသံထွက်ရမယ်။ ပြည်သူတွေ သိရမယ် ဆိုတဲ့ဆီကို သွားတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဆိုရင် ပြည်သူလူထုက “အကြမ်းဖက်တယ်” ဆိုတဲ့ စကားလုံးကိုတောင် ဟာသ လို သုံးနေကြတာလေ။ အကြမ်းဖက်တယ်ဆိုတာ နောက်စရာပြောင်စရာထင်နေကြတယ်။အခုကျတော့ အကြမ်းဖက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ သေသေချာချာ သိလာကြတယ်။ အစိုးရကပါ ပူးပေါင်းပါဝင်လာတယ်။ တက္ကသိုလ်တွေထဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက် တဲ့ အကြမ်းဖက်မှုအကြောင်းအရာတွေကို ဌာနဆိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ စင်ပေါ်မှာ ပြောခွင့်ရခဲ့တယ်” လို့ မထားထားကပြောပါတယ်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဆက်လက်တွန်းအားပေး

အခုချိန်မှာတော့ အစိုးရအနေနဲ့လည်း အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်လာတာတွေရှိသလို ၁၆ ရက်တာလှုပ်ရှားမှုလိုမျိုးကိုလည်း အစိုးရအနေနဲ့ ဦးဆောင် ကျင်းပလာတာမျိုးတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အခု ၂၀၂၀ ခုနစ်မှာတော့ ကိုဗစ်ကာလလည်းဖြစ်တာကြောင့် လူစုလူဝေးနဲ့အသွားအလာတွေကန့် သတ်ထားခံရပေမယ့်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေက တန့်မနေပဲ ကိုးဗစ်ကာလမှာတောင် ပိုပိုတိုးပြီး ဖြစ်နေတာပါ။ ဒါကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့လည်း အမျိုးသမီးထုအတွက် လှုပ်ရှားမှုတွေကိုတော့ တန် ့ နေလို့မရပါဘူး။ ဒါကြောင့် ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားတွေကိုလည်း အရင်လို လူစုလူဝေးတွေနဲ့ မကျင်းပနိုင်ကြပေမယ့်လည်း လူထုတွေစိတ်ဝင်တစားပါဝင်နိုင်မယ့် ဆွေးနွေးပွဲတွေ၊ ပြိုင်ပွဲတွေကို အွန်လိုင်းကနေ တဆင့် ပုံစံပြောင်းပြီး လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

၂၀၂၀ ခုနစ်အတွက် ၁၆ ရက်တာလှုပ်ရှားမှု ဆောင်ပုဒ်ကတော့ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့်ကာကွယ်ပေး” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို အသုံးပြုလာတာဆိုရင် ၃ နှစ်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အကြမ်းဖက်ခံနေရမှုတွေကို တားဆီးကာကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့ ဥပဒေတစ်ရပ် အမြန်ဆုံး လိုအပ်နေတဲ့ အခြေအနေဖြစ်နေလို့ပါ။ ဒါကြောင့် ထိရောက်တဲ့ ဥပဒေ ပေါ်ထွက်လာဖို့ တာဝန်ရှိသူတွေကို သိစေချင်တဲ့ အတွက် ဒီဆောင်ပုဒ်ကိုပဲ ဆက်လက်သုံးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဝန်ဆောင်မှုပေးတာတွေကို လုပ်ဆောင်လာတာဟာ တိုးတက်ပြောင်းလာမှုလို့ဆိုရပေမယ့်လည်း အကြမ်းဖက်ခံရမှုတွေအတွက် တရားမျှတမှုမရရှိတာတွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအားလုံးဟာ အစိုးရလုပ်ဆောင်ပေးနေတဲ့ ဝန်ဆောင်မှုတွေဟာ လက်လှမ်းမီမှုမရှိသေးတာတွေေကြောင့်
၁၆ ရက်တာလှုပ်ရှားမှုလိုမျိုး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြရဦးမှာဖြစ်ပါတယ်။

“တရားမျှတမှုက ဝေးနေသေးတယ်။ လူတွေက အသိပညာဘယ်လောက်ပဲပြောင်းလဲလာလာ အကြမ်းဖက်မှုတွေကို ဘယ်လောက်ပဲ ထုတ်ဖော်ပြောလာလာ တရားမျှတမှုကို လက်လှမ်းမှီဖို့ကတော့ ဝေးနေဆဲပဲ။ အကြမ်းဖက်ခံရတဲ့ သူတွေအတွက် ဝန်ဆောင်မှုတွေကလည်းအားနည်းနေသေးတယ်။ အများကြီးဆက်လုပ်ရဦးမှာပေါ့။
ဘယ်အချိန်ထိလုပ်ရမလဲဆိုရင် တရားမျှတမှုအနိုင်ရတဲ့နေ့ထိပေါ့။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတိုင်းလုံလောက်တဲ့ ဝန်ဆောင်မှုတွေ လုံလောက်တဲ့ ကုစားမှုတွေ တရားဥပဒေကို ရတဲ့နေ့အထိ ကျမတို့တွေ လုပ်နေရဦးမှာပဲ” လို့ မမေစံပယ်ဖြူကပြောပါတယ်။

Related Articles