Home ဆောင်းပါး ကိုယ်ဝန်သည်တွေပါမကျန် ခံစားလာရတဲ့ အိမ်တွင်းအကြမ်းဖက်မှု

ကိုယ်ဝန်သည်တွေပါမကျန် ခံစားလာရတဲ့ အိမ်တွင်းအကြမ်းဖက်မှု

နန်းဆိုင်နွမ်။ ။

“ညအချိန်ကိုယ်ဝန်သည်အမျိုးသမီး ဒဏ်ရာဒဏ်ချက်တွေနဲ့ရောက်လာတော့ ကျမတော်တော်တုန်လှုပ်သွားတယ်။ စိတ် လည်း မကောင်းဘူး” လို့ မခင်နှင်းဆီက ဆိုတယ်။

မခင်နှင်းဆီကတော့ သီပေါမြို့နယ်က အိမ်တွင်းအကြမ်းဖက်ခံရသူတွေ၊ ကာမလိမ်လည်ခံရသူ ၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရသူတွေကို လိုက်လံကူညီပေးနေတဲ့ သီပေါအမျိုးသမီးများကွန်ရက်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက မွေးဖွားရက်နီးနေတဲ့ အသက်၃၅နှစ်အရွယ်ရှိ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ယောကျ်ားဖြစ်သူက ရိုက်နှက်မှုကြောင့် သီပေါအမျိုးသမီးများကွန်ရက်ကို ညအချိန်ရောက်ချလာခဲ့ကြောင်း မခင်နှင်းဆီက ပြန်ပြောပြပါတယ်။

“ရောက်လာချိန်တုန်းကတော့ ဒဏ်ရာတွေနဲ့ မွေးရက်ကလည်းနီးနေပြီတဲ့။ ဒဏ်ရာတွေက မျက်နှာတွေ၊ လက်တွေ ကျော တွေလည်း ရိုက်ခံထားရတာ” လို့ လိုက်ကူညီပေးတဲ့ မခင်နှင်းဆီက ဆိုပါတယ်။

ကိုယ်ဝန်ရင့်မာချိန် ရိုက်ခံရတဲ့အတွက် မွေးဖွားရက်မှာ ကလေးမမွေးနိုင်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက စိတ်ပိုင်း ဆိုင်ရာပါ ထိခိုက်ခဲ့ရပါတယ်။

“စိတ်ဒဏ်ရာတော်တော်ရသွားတဲ့အတွက်  မွေးရက်ထက် ၁၂ရက်ကျော်တဲ့အထိ မမွေးနိုင်ဘူး။ အဲ့ဒါနဲ့ ခွဲမွေးပေးရတဲ့ အထိ ဖြစ်သွားတာ” လို့ မခင်နှင်းဆီက ပြောပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ အရင်ကထက် တိုးလာပြီး ကိုယ်ဝန်သည် အမျိုး သမီးတွေကိုပါ သွေးထွက်အောင် ရိုက်နှက်တဲ့အထိ အမှုများဖြစ်ပွားလာကြောင်း သီပေါမြို့နယ် အမျိုးသမီးအရေး တက်ကြွ ဆောင်ရွက်သူတွေက ပြောဆိုလာပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနစ်မှာ တိုင်ကြားလာခဲ့တဲ့ အိမ်တွင်းအကြမ်းဖက် အမှုပေါင်း ၂၅ မှုကျော်သာရှိခဲ့ရာ ယခုနှစ်အတွင်း တိုင်ကြားလာပြီး တရားရင်ဆိုင်နေသည့်အမှု ၄၀ ကျော်ရှိနေကြောင်း သီပေါအမျိုးသမီးများကွန်ရက်က စာရင်းတွေမှာ ဖော်ပြထားပါတယ်။

“ကျမ လိုက်ကူပေးနေတဲ့အမှုကတော့ ၄၀ ကျော်ရှိတယ်။ ဒါက တရားရင်ဆိုင်နေရတဲ့အမှုတွေပါ။ တရားမရင်ဆိုင်ဘဲ ဒီတိုင်းပြီးသွားတဲ့အမှုတွေ ကျေအေးသွားကြတာတွေလည်းရှိတယ်။ တချို့အမှုကျတော့ နှစ်ဦးသဘောတူညီမှုနဲ့ ကွာရှင်း လိုက်တာလည်းရှိတယ်”  လို့ မခင်နှင်းဆီက လက်ရှိအခြေအနေကို ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပွားလာမှုကြောင့် အဖက်ဖက်ကထိခိုက်ကျဆင်းလာတဲ့ ဝင်ငွေတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုဟာ လတိုင်းနီးပါး  ပိုများလာတယ်လို့လည်း အမျိုးသမီး အရေးဆောင်ရွက်သူ တွေက ပြောပါတယ်။

စီးပွားရေးကျဆင်းလာပြီး ဝင်ငွေမရှိတဲ့ကြား အမျိုးသားတွေဟာ အရက်သေစာသောက်စားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ လည်း ရှိလာကာ စိတ်အခန့်မသင့် အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်လာတိုင်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ 

“ဘဝမှာ တစ်ခါမှ မကြားဖူးတာတွေ ကြားရတယ်။ အမျိုးသားက အရက်သောက်လာတော့ စကားအခြေအတင်များရာ ကနေ ကိုယ်ဝန်သည်အမျိုးသမီးကို သွေးထွက်သံယို ဖြစ်အောင်ရိုက်တာတွေ့ရတယ်။  အရင်က ကာမလိမ်လည်မှုတွေပဲ များတာ” လို့ သီပေါမြို့နယ် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအမှုတွေကို လိုက်ပါကူညီပေးနေတဲ့ မခင်က ဆိုပါတယ်။

အရင်က အမျိုးသမီးတွေ ကိုယ်ဝန်ရလာပြီဆိုပါက ထားခဲ့တာတွေ ရိုက်နှက်တာတွေ မကြားဖူးကြောင်းနဲ့ အခုနောက်ပိုင်း မှာတော့ သွေးထွက်သံယိုဖြစ်တဲ့အထိ အရိုးကျိုးတဲ့အထိရိုက်တာမြင်တွေ့ရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း မခင် က စိတ်မကောင်းစွာဖြင့် ပြောပြပါတယ်။ 

“ တုန်လှုပ်ခြောက်ချားတယ်။ စိတ်မကောင်းအရမ်းဖြစ်တယ်။ အမျိုးသမီးတွေက တုံ့ပြန်မှုမရှိ ကြိတ်ပြီးခံနေရတယ်။ ပြင်းပြင်းပြင်းထန်ထန်ဖြစ်မှ ရုန်းထွက်လာကြတယ်” လို့ မခင်က သုံးသပ်ပါတယ်။

အခုနှစ် အိမ်တွင်းအကြမ်းဖက်ခံရမှုတွေမှာ အသက် ၂၀ကျော်နဲ့ အိမ်ထောင်ကျစ လင်မယားတွေမှာ အဖြစ်များတာကို တွေ့ရကြောင်းလည်း မခင်က ပြောပါတယ်။

“ အကြမ်းဖက်မှုက အိမ်ထောင်ကျစ ကလေးရပြီးမှ ဖြစ်တာများတယ်။ တချို့အမျိုးသမီးတွေဆိုရင် ပါးကိုက်ခံရတော့  အသားတွေ အကွင်းလိုက်” လို့ မခင်က ကြုံတွေ့လိုက်ပါကူညီခဲ့တဲ့အမှုကို ပြောပါတယ်။

“ မူးယစ်ဆေးဝါးလည်းပါတယ်။ အကြိမ်ကြိမ်နှိပ်စက်ခံရတယ်။ လုံးဝမခံနိုင်တော့မှ ကျမဆီလာကြတာ။ အသက်ပါဆုံးရှုံး နိုင်တဲ့အထိဖြစ်နိုင်တယ်” လို့ မခင်က ဆိုပါတယ်။

နိုင်ငံရေးရှုပ်ထွေးမှု ဖြစ်နေတဲ့ကြား လက်ရှိမှာလည်း သီပေါမြို့နယ်အတွင်း လောင်းကစားရုံတွေ ပေါ်တင်ဖွင့်လှစ်ပြီး ဆော့ ကစားလာကြသလို နှစ်လုံးထီ ချဲတွေလည်း အရင်ကထက်ပိုထိုးလာပြီး ထိုအရာတွေကလည်း အိမ်တွင်းအကြမ်းဖက်မှု အတွက် တွန်းအားပေးနေတာဖြစ်ကြောင်း အမျိုးသမီးတက်ကြွလှုပ်ရှားနေတဲ့ မနန်းနန်းက ထောက်ပြပြောဆိုပါတယ်။

“ ငွေကိုအလွယ်ရချင်ကြတယ်။ နောက်လောင်းကစားတွေလည်းပေါ်တင်ပဲ။ ဒီချိန်ကဝင်ငွေမရှိ အလုပ်လုပ်ရခက်တယ် လေ။ အဲ့ဒါတွေကြောင့် အိမ်တွင်းပြသနာဖြစ်စေတယ်” လို့ မနန်းနန်းက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ တဖက်ကလည်း အနက်ရောင်နယ်မြေ ပဋိပက္ခနယ်မြေကြောင့် လက်နက်ကိုင်တပ်ဖွဲ့ လည်းကြောက်ရ စစ်ကောင်စီတပ်ဖွဲ့လည်း ကြောက်နေရတဲ့ကာလမှာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ တရားရင်ဆိုင်ဖို့  အလွန်ပင်ခက်ခဲလာကြောင်း အမျိုးသမီး အရေးဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေဟာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ လှုပ်ရှားမှုတွေက အရင် ကိုဗစ်-၁၉ မဖြစ်ပွားခင်နဲ့ စစ်အာဏာမသိမ်းခင်ကတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကာလရော စစ်အာဏာသိမ်းမှုတွေကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ အသိ ပညာပေးမှုတွေ တရားမျှတရေးတွေဟာ ဝေးသထက်ဝေးလာနေပါတယ်။

“သီပေါနယ်က သိတဲ့အတိုင်းပဲလေ ပဋိပက္ခဖြစ်တဲ့နေရာ နောက်ကိုဗစ်လည်းဖြစ် စစ်အာဏာလည်းသိမ်းတော့ အိမ်တွင်း အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ပညာပေးမှုကမလုပ်နိုင်တော့ဘူး။ အရင်ကတော့ကျေးရွာတွေ ကွင်းဆင်းတယ်။ ပညာပေး တယ်” လို့ မနန်းနန်းက ပြောပါတယ်။

“အရင်က အမျိုးသမီးတွေ အကြမ်းဖက်ခံရရင် တရားရုံးရောက်ဖို့ မလွယ်ဘူး။ အခုဆိုရင်ပိုဆိုးပေါ့။ ကျမတို့  နှစ်ဖက်ကို ကြည့်ပြီး လုပ်နေရတာ။ ဒီနယ်မြေကသိတဲ့အတိုင်းပဲလေ။ မလွယ်ပေမယ့်လည်းလုပ်ရမှာပေါ့” လို့ အမျိုးသမီးတွေ တရား မျှတမှုရရှိရန် ကူညီဆောင်ရွက်ပေးနေတဲ့ မခင်က လက်ရှိ ကြုံတွေ့နေရတဲ့အခက်အခဲကို ပြောပြပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ တရားရုံးတင်လိုက်ရင်လည်း အမှုအများစုမှာ အမျိုးသားဘက်မှ တရားလာရောက် ရင်ဆိုင်ခြင်းမရှိရင်လည်း အမှုကြာရှည်ကြောင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုကြုံတွေလာခဲ့ရပါက အမျိုးသမီးတွေ အနေ ဖြင့် သတ္တိရှိရှိဖြင့် တရားဥပဒေကို ရင်ဆိုင်ရန်လိုအပ်ပြီး ဖွင့်ဟပြောဆိုရန်လည်း လိုအပ်ကြောင်း  မခင်နှင်းဆီက တိုက်တွန်း ပြောဆိုပါတယ်။

“အမျိုးသားတွေက အမှုလာမရင်ဆိုင်ရင် အမှုတွေအရမ်းရှည်တယ်။ တရားမျှတဖို့အတွက် တော်တော်စိတ်ရှည်ရတယ်။ အမျိုးသမီးတွေ သတ္တိရှိဖို့လိုတယ်” လို့ မခင်နှင်းဆီက ဆိုလိုက်ပါတယ်။

Author:

Related Articles