Home ဆောင်းပါး ပြာပုံထဲက ပြန်လည်ရုန်းထွက်ကြမယ့် အမျိုးသမီးငယ်တွေ

ပြာပုံထဲက ပြန်လည်ရုန်းထွက်ကြမယ့် အမျိုးသမီးငယ်တွေ

Honest Information (HI)

“ညီမ မနက်ဖြန်ထိုင်းသွားတော့မယ်၊ မသွားချင်ပေမယ့် ကိုယ့်ကိုယ်မမြင်ချင်တော့ဘူးဆိုလို့ သူများနိုင်ငံမှာ အလုပ်သွား လုပ်တော့မယ် ”

ထိုစကားဆိုသူကတော့ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် နန်းအေးဖြစ်ပါတယ်။ သူက ကိုဗစ်-၁၉ ကပ်ရောဂါမလာခင်တုန်းက ၁၀ တန်း တက်နေသူပါ။

သူဟာ ၁၀ တန်းမတိုင်ခင် ရှစ်တန်းကျောင်းသူအရွယ်တည်းက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြုကျင့်ခြင်းတွေ့ကြုံခံစား ခဲ့ရသူပါ။ သူ့အသက် ၁၄ နှစ်အရွယ်မှာ သူတို့ရဲ့ ကျေးရွာသူကြီးကိုယ်တိုင်က လေးနှစ်ကျော်ကြာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိလည်း ကြိုးစားခဲ့ရာ မိဘတွေက အချိန်မီ သိလိုက်တဲ့အတွက် အသက် အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပါတယ်။

ဆေးရုံကဆင်းပြီး ကျုးလွန်သူတရားခံကို တရားစွဲ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ လချီကြာမြင့်တဲ့ တရားရုံးစစ်ဆေးမှုတွေ အပြီး မေလ ၄ ရက်နေ့ ၂၀၂၁ မှာတော့ ကျူးလွန်သူကို ဆီဆိုင်မြို့တရားရုံးက ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမြင့်ဆုံး ပြစ် ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချမှတ်ခဲ့ပြီး အမှုပြီးသွားခဲ့ပါတယ်။

အမှုပြီးမြောက်ခဲ့ပေမယ့် နန်းအေးက ဒီလိုဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင်ရပြီး‌ သေရာပါ စိတ်ဒဏ်ရာရခဲ့ပါတယ်။ သာမန်လူတွေလို သူ့ရဲ့ဘဝကို ရှေ့ဆက်လျှောက်ဖို့အတွက်လည်း ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လစ်လျူရှုမှုတွေ၊ မိသားစု ပြဿနာ တွေနဲ့ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပြီး မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ နန်းအေးကဆိုပါတယ်။

လက်ရှိမှာ နန်းအေးဟာ နေ့စားလိုက်ပြီး တစ်ရက် ၄,၀၀၀ လောက်တော့ ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှု ကြားထဲက စစ်အာဏာသိမ်းလိုက်တာကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ယခင်က ၁၅၀၀ တန် ဆီတစ်ဗူးဟာ လက်ရှိမှာ ၃၀၀၀ နီးပါး ရှိနေတာကြောင့် ဘဝတက်လမ်းအတွက် ပညာရပ်တွေ လေ့လာဖို့နေနေ သာသာ စားဝတ်နေရေးအတွက်နဲ့ ခေါင်းခဲနေပြီး အခက်တွေ့နေရပါတယ်။

နန်းအေးက နေ့စားလိုက်ရင်း တဖက်မှာလည်း သနပ်ဖက်လှော်ရင်းနဲ့ပဲ နိစ္စဒူဝဘဝကို ဖြတ်သန်းလာခဲ့ပါတယ်။ နေ့စား လိုက်လို့ ရလာတဲ့ပိုက်ဆံတွေကိုလည်း မိသားစုစားဝတ်နေရေးအတွက် မိခင်ကို အကုန်ပြန်ပေးပါတယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာလည်း နန်းအေးဟာ ဖခင်ရဲ့ဆူပူမှုကို ခံရပါသေးတယ်။

နေ့ဘက်မှာ နေ့စားလိုက်ပြီး ညနေပိုင်း အိမ်ပြန်နောက်ကျတဲ့အချိန်တွေ၊ ဈေးသွားဝယ်လို့ အိမ်ပြန်နောက်ကျတတ်တာ မျိုးတွေဆိုရင် သူ့ဖခင်က အိမ်ပြန်နောက်ကျရ‌ကောင်းလားဆိုပြီး သူ့ကို အတိတ်ကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ရွဲ့စောင်းပြီး ပြောဆိုတဲ့ဒဏ်လည်း နားနှင့်မဆံ့အောင် ခါးသီးစွာရင်ဆိုင်နေရပါတယ်။

“ ဘယ်ကောင်နဲ့ သွားချိန်းနေလို့ နောက်ကျနေရတာလဲ” ဆိုပြီး မယုံကြည်တဲ့စိတ်၊ သံသယစိတ်နဲ့ ဆူငေါက်ပြောဆိုတာ ရင်ဆိုင်နေရပြီး ဖခင်ဆီက ယုံကြည်မှုမရနေသေးတာကို အင်မတန်ဝမ်းနည်းတယ်လို့ နန်းအေးကဆိုပါတယ်။ ဖခင်ဆီက ဒီလိုနာကျင်တဲ့ စကားလုံးကြားတိုင်း အိမ်ထောင့်တစ်နေရာမှာ ခိုးငိုနေရတဲ့ အကြိမ်လည်း မနည်းတော့ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူရဲ့ ဆူပူမှုတွေအပြင် နန်းအေးမှာ နောက်ထပ် စိတ်ဆင်းရဲစရာတစ်ခုလည်းရှိနေပါသေးတယ်။ နန်းအေးတို့ ရွာမှာ အပျို၊လူပျိုအဖွဲ့ဆိုတာ ရှိပါတယ်။ ကျေးရွာရဲ့ သာရေး၊ နာရေး ပွဲတွေလုပ်ပြီဆို အပျို၊လူပျိုတွေက ထမင်းကျွေးကူ၊ ပန်းကန်ဆေးကူတာ ကျွေးမွေးဧည့်ခံတာမျိုး ကူပေးရပါတယ်။ အမှုမဖြစ်ခင်ကဆိုရင် နန်းအေးလည်း လူပျို၊ အပျိုအဖွဲ့ဝင် ထဲမှာပါတဲ့အတွက် ပွဲတစ်ခုခုရှိပြီဆို သူငယ်ချင်းတွေနဲ့ ပျော်ရွင်စွာ ပန်းကန်ဆေးကူတာတွေလုပ်ပြီး သွားအတူလာအတူနဲ့ ဖြတ်သန်းကြတာပါ။

အမှုဖြစ်သွားပြီးနောက်မှာတော့ နန်းအေးရွာမှာ ရှိနေပေမယ့် သာရေး၊ နာရေး ပွဲတစ်ခုခုလုပ်ပြီးဆိုရင် အပျိုတွေက သူ့ကို မခေါ်ကြတော့ပါဘူး။ သူငယ်ချင်းတွေက သူ့ကို မခေါ်ပေမယ့် သူ့ဘက်က အရင်ခေါ်တဲ့အခါ သူ့ကို စကားမပြောချင်တဲ့ ပုံစံမျိုးနဲ့ ရှောင်ထွက်ကြတယ်လို့ သူ့ရဲ့ခံစားချက်ကို ပြောတယ်။

“ စိတ်မကောင်းဘူး အကုန်‌ရှောင်ထွက်ကုန်တော့ ဝမ်းနည်းမိတယ်” လို့ နန်းအေးက ပြောတယ်။

နန်းအေးကတော့ ဒီလိုကျောင်းမဖွင့်သေးတဲ့အချိန်တွေမှာ မြို့ပြတစ်နေရာမှာ စက်ချုပ်သင်ယူလေ့လာရင်းနဲ့ ကျောင်း ပြန်ဖွင့်တဲ့ အချိန်ကျရင်တော့ ၁၀ တန်းပညာရေးကို ပြီးမြောက်အောင် ဆက်လက်သင်ယူချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူဟာ မိဘတွေနဲ့ ဝေးရာအရပ်ဖြစ်တဲ့ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သူထွက်သွားရတော့မှာပါ။ ထိုင်းနိုင်ငံကို မသွားချင်ပေမယ့် မိသားစု၊ ဆွေမျိုးတွေက ဖိအားကြောင့် သူသွားရတော့မယ်လို့ ပြောတယ်။

“ မိဘမျက်နှာကို အိုးမဲသုတ်ပြီး အိမ်မှာနေလည်း ဘာထူးမှာလဲ နင်ကြောင့် မျက်နှာငယ်ရတယ်၊ သူများနိုင်ငံကို ပို့လိုက် တာကောင်းတယ် နင့်ကိုမမြင်ချင်ဘူး” ဆိုတဲ့ မိသားစုဆွေမျိုးတွေရဲ့စကားကြောင့် စိတ်နာနာနဲ့သွားဖို့ သူဆုံးဖြတ်ခဲ့တယ် လို့ နန်းအေးက ဆိုတယ်။

ဒါပေမယ့် သူ့ရဲ့ပညာရေးကို ဒီမှာတင် အရှုံးခံမှာမဟုတ်တဲ့အတွက် ကျောင်းတွေပြန်ဖွင့်တဲ့အချိန်ကျရင် ပြန်လာပြီး ကျောင်း ပြန်တက်မယ်လို့ မိသားစုဝင်ကိုပြောတဲ့အချိန်မှာ “ မကောင်းတဲ့မိန်းမက ဘယ်နေရာပဲသွားသွား ဘာပဲလုပ်လုပ်မကောင်း တာက မကောင်းတာပဲ ”ဆိုတဲ့စကားကို တုံ့ပြန်လာတာကြောင့် သူ့ရင်ဘတ်ကိုကန်လိုက်သလို ခံစားရတယ်လို့ ဆိုတယ်။

နန်းအေးဟာ ပတ်ဝန်းကျင်နဲ့ မိသားစုကြား၊ ဖိနှိပ်မူတွေ၊ ခွဲခြားမူတွေ၊ ပစ်ပယ်လစ်လျူရှုမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာက နေ ရုန်းထွက်ချင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်က သူ့ကိုခွဲခြားရကောင်းလားဆိုပြီး အစမှာ ဝမ်းနည်းပြီးငိုမိတာမျိုးတွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့် စိတ်ဆိုးတာ၊ စိတ်တိုတာ၊ ရန်ပြန်ပြုတာ၊ အပြစ်တင်ပြောဆိုတာမျိုးတော့ မလုပ်ပါဘူး။

“ သူတို့မသိလို့ မသင်ဖူးလို့ လုပ်တာလို့ပဲမြင်တယ်၊ သူတို့ကို မသိရကောင်းလားဆိုပြီး အပြစ်မတင်ဘူး” လို့ နန်းအေးက ပြောပါတယ်။

ဒီလို ကျူးလွန်ခံရတဲ့အမျိုးသမီးတွေကို ပစ်ပယ်ပြီး မခေါ်မပြောတာ၊ မကောင်းတဲ့ မိန်းမလို့ မြင်နေတာတွေက ရှေးရိုးစွဲ အယူတွေရှိနေနေပြီး အမြင်တွေ မပွင့်လင်းသေးတာကြောင့်လို့ နန်းအေးကဆိုပါတယ်။

အကယ်၍ ပတ်ဝန်းကျင်တွေ၊ သူငယ်ချင်းတွေ၊ မိဘတွေကလည်း အမြင်ပွင့်ပြီး သိခဲ့မယ် နားလည်ခဲ့မယ်ဆိုရင် သူတို့ ဒီလို ခွဲခြားတာတွေ၊ ပစ်ပယ်တာတွေ မခေါ်မပြောတာတွေ မလုပ်လောက်ဘူးလို့ နန်းအေးက ခံယူတွေးတောထားပြီး စိတ်ကို ခိုင်မာစွာတင်းထားပြီး ဖြတ်သန်း ရင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Kyi Phyu

နန်းအေးဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကတော့ တက္ကသိုလ် ဘွဲ့ရအောင်ကြိုးစားပြီး အမျိုးသမီးတွေ အမြင်ပွင့်ဖို့ လိုအပ်တဲ့နေရာ၊ ဒေသတွေမှာ အမျိုးသမီးတွေကို သင်တန်းပေး နားလည်အောင်ရှင်းပြပြီး စွမ်းရည်မြှင့်တင်ပေးချင်နေတာပါ။

“ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို နောက်ထပ် အကြမ်းမဖက်ရအောင် ရွာတွေဆင်းပြီး သင်တန်းပေးချင်တယ်” လို့ သူရဲ့ဆန္ဒကို ပြောပါတယ်။

နန်းအေးလိုမျိုး အဖြစ်ပျက်ဆိုးနဲ့ ရင်ဆိုင်ရပြီး အမှုပြီးဆုံးသွားပေမယ့်လည်း အမျိုးသမီးတွေဟာ နောက်ပိုင်းမှာ သူတို့ရဲ့ ရှေ့ဆက် ဘဝတက်လမ်းတွေကို ကိုယ်တိုင်စီမံပိုင်ခွင့် မရှိကြသလို ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှု၊ စစ်အာဏာသိမ်းမှု တွေကြားထဲက ပိုမိုကောင်းမွန်တဲ့ ဘဝတက်လမ်းအတွက် ရုန်းထွက်ဖို့ဆိုတာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါ တယ်။

ဒီလို ကြုံတွေ့ရင်ဆိုင်နေရတဲ့ထဲမှာ ဆီဆိုင်မြို့နယ် ဆိုက်ခေါဝ်ကျေးရွာမှာ ဓနိဖြင့် အမိုးမိုးထားတဲ့ တဲ‌လေးထဲမှာ အဘွား၊ အမေ၊ ညီမတစ်ယောက်နဲ့ မိသားစု လေးယောက် အတူနေထိုင်တဲ့ နန်းမွန်လည်း ပါပါတယ်။

ယခင်ကတော့ နန်းမွန်တို့ မိစုံ၊ ဖစုံနဲ့ ညီမနှစ်ယောက်နဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ရင်း အသက်မွေး ဝမ်းကျောင်းပြုကြပါတယ်။ ၂၀၁၈ခုနှစ် နန်းမွန် အသက်၁၅နှစ်အရွယ်မှာ မိခင်ခြံသွားနေချိန်မှာ သူရဲ့ ဖခင်အရင်းက တစ်ကြိမ်ထက်မက အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပါတယ်။

ပထမတစ်ကြိမ်ကျုးလွန်ချိန်က မိခင်ကိုပြောရင် “ သတ်ပစ်မယ်၊ ရိုက်မယ်” ဆိုပြီး ခြိမ်းခြောက်ခံရခဲ့သလို အဖေဖြစ်တာ ကြောင့် တခြားသူတွေကို ပြောပြဖို့ “ ရှက်တယ်”ဆိုပြီး မည်သူ့ကိုမှ မပြောပြရဲခဲ့ပါဘူး။

၂၀၁၉ ခုနှစ် အစောပိုင်းလောက်မှာ မိခင်က သူ့သမီး နေထိုင်ပုံနဲ့ ခန္ဓာကိုယ်တွေပြောင်းလဲတာကို ရိပ်မိလာတာကြောင့် မိခင်က သူ့ကိုမေးလာပါတယ်။ သူလည်း အရဲစွန့်ကာ အကြောင်းစုံပြောပြခဲ့ပါတယ်။ မိခင်က ကြားပြီးနောက် သူတို့ကို အကူအညီပေးမယ့် အမျိုးသမီးအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ချက်ချင်းအမှုဖွင့် တိုင်တန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သက်ငယ် မုဒိမ်းဖြစ်တာကြောင့် ခရိုင်ကို တက်ရတာဖြစ်တာအတွက် ဟိုပုံးမြို့ခရိုင်တရားရုံးမှာ အမှုဖွင့် တိုင်တန်းခဲ့ ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ စစ်အာဏာသိမ်းမှုကြောင့် အမှုက နှစ်နှစ်သာ ကျော်ခဲ့ပေမယ့် ယနေ့အချိန်ထိ အမိန့် မချမှတ်နိုင် သေးပါဘူး။ တရားရုံးတွေတက်နေရတုန်းပါပဲ။ တစ်ဖက်မှာလည်း “အစိုးရရှေ့နေနဲ့ သွားတာကြောင့် အချိန်ဆွဲတာတွေ၊ အလေးမထားတာမျိုးတွေ ရှိနေတယ်”လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂက ပြောပြပါတယ်။

အမှုက မပြီးသေးတဲ့အတွက်ကြောင့် နန်းမွန်မှာ စိုးရိမ်ချက်တွေတော့ ရှိပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖခင်ကြီး ပြန်လွှတ်လာမှာကို ကြောက်နေမိခဲ့ပါတယ်။

“ ဖြစ်နိုင်ရင်သေဒဏ်ပေးစေချင်တယ်။ ထောင်ထဲမှာ တစ်သက်လုံးနေခိုင်းစေချင်တယ်၊ အဲမှာပဲသေစေချင်တယ်” လို့ နန်းမွန်က သူ့ခံစားချက်ကို ဆိုပါတယ်။

နန်းမွန်ဟာ ဖခင်ကြီးပြန်လွှတ်လာပြီး တစ်ခုခုခြိမ်းခြောက်မှာကို စိုးရိမ်ကြောက်နေရသလို တစ်ဖက်မှာလည်း မိသားစု စား ဝတ်နေရေးအတွက်နဲ့ မိခင်ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ပူပန်နေရပါတယ်။ သူဟာ အသက် ၁၈ နှစ်အရွယ်နဲ့ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဒီလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ရပြီးနောက်ပိုင်းမှာတော့ ယခင်က ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ နန်းမွန်ရဲ့မိခင်ဟာ ကျန်းမာ ရေး ချုခြာသွားခဲ့ပါတယ်။ မိခင်နေကောင်းတဲ့ အချိန်တွေဆို စားဝတ်နေရေးအတွက် သားအမိနှစ်ယောက် အတူရှာကြပြီး မိခင်နေမကောင်းတဲ့ အခါမျိုးမှာတော့ မိသားစုလေးယောက်စလုံးကို နန်းမွန်က မြေပဲစိုက်လိုက်၊ နေ့စားလိုက်လိုက်နဲ့ ရရာ အလုပ်ကိုလုပ်ရင်း ရှာဖွေကျွေးမွေးနေရပါတယ်။ သူရဲ့ညီမလေးကလည်း ၁၂ နှစ်ပဲရှိသေးတော့ နေ့စားခေါ်တဲ့သူမရှိပါဘူး။

နန်းမွန်တို့ မြေပဲစိုက်ရင် တစ်နှစ်ကို ငွေကျပ်ခြောက်သိန်းလောက်တော့ ရပါတယ်။ စိုက်ပျိုးခ အရင်းအနှီးက ပွဲစားဆီက ချေးထားတာ ဖြစ်တဲ့အတွက် မြေပဲထွက်တဲ့ အချိန်ကျရင် ပြန်ဆပ်ရပါတယ်။ အရင်းတွေ နုတ်လိုက်မယ်ဆိုရင် နှစ်သိန်း လောက်ပဲ ကျန်တာကြောင့် တစ်နှစ်မှ နှစ်သိန်းလောက်ရတယ်လို့ ပြောရင်လည်း မမှားပါဘူး။

တစ်နှစ်ပတ်လုံး နှစ်သိန်းတည်းနဲ့ လုံလုံလောက်လောက် စားရမှာဖြစ်တဲ့အတွက် စားရေးသောက်ရေးကို ပုံမှန်ထက် ချွေတာစွာနဲ့ စားနေရပါတယ်။

“ အသား၊ငါး ဟင်းကောင်းမပြောနဲ့ ထမင်းနပ်မှန်အောင် စားရဖို့ ကုန်းကွကြိုးစားနေရတယ်” လို့ နန်းမွန်ကဆိုတယ်။

ဒီလောက် ချွေတာသုံးနေရတဲ့ ကြားထဲက လက်ထဲငွေပြတ်သွားရင် နေ့စားလိုက်ပြီးရင် ကိုယ့်ခြံထဲပြန်ဝင်လိုက်နဲ့ ဘဝကို တစ်ယောက်တည်း ရုန်းကန်ရင်း ဖြတ်သန်းနေရပါတယ်။ လက်ရှိကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်သွားတဲ့ ဒီလို ကာလတွေဆိုရင် သူ့အတွက်ပိုခက်ခဲစေခဲ့ပါတယ်။

နန်းမွန်က အမှုမြန်မြန်ပြီးပါစေလို့ အမြဲဆုတောင်းနေခဲ့ပါတယ်။ အမှုပြီးလို့ တရားမျှတမှုရသွားရင် ထိုင်းနိုင်ငံမှာ အိမ်ဖော်ဖြစ်ဖြစ် ဆေးသုတ်တာတို့ဖြစ်ဖြစ် အလုပ်သွားလုပ်မယ်လို့ သူတွေးထားလို့ပါပဲ။ ဒါပေမယ့် လက်ရှိမှာ အမှုကလည်း မပြီးပြတ်သေးတဲ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံကိုလည်း ဝင်မရတဲ့အတွက် ရှေ့ကို သူဘယ်လိုဆက်လုပ်မယ်ဆိုတာကို သူလမ်းပျောက်ပြီး မျှော်လင့်ချက်မဲ့နေပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂကလည်း “ အာ ဏာမသိမ်းခဲ့ရင် ကျမတို့က Survivor တွေကို အိမ်တွင်းမှုချည်ထိုးတာ၊ ဘာလချောင်လုပ်တာတွေကို သင်ပေးဖို့ရှိတယ်” လို့ဆိုပါတယ်။

အကြမ်းဖက်မှုကနေ လွှတ်မြောက်လာတဲ့ အမျိုးသမီးတွေကို အိမ်တွင်းမှုလုပ်ငန်းတွေကို သင်ကြားပေးခြင်းအားဖြင့်လည်း သူတို့ရဲ့ ဘဝတက်လမ်းအတွက်၊ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်း ဝင်ငွေရစေပါတယ်။

“လက်ရှိမှာ အာဏာသိမ်းလိုက်တော့ ကျမတို့လည်း ဘာမှမလုပ်နိုင်ပြန်ဘူး၊ သူတို့ကို ပစ်ထားသလိုဖြစ်တော့သွားဖြစ်တယ် ဒါပေမယ့် အဆက်အသွယ်မပြတ်အောင်တော့ ဖုန်းနဲ့တော့ ဆက်သွယ်ဖြစ်တယ်”လို့ သူက ဆက်ဆိုပါတယ်။

နန်းမွန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြား၊ နိုင်ငံရေး မတည်ငြိမ်မှုကြားထဲမှာ အမှုမမြောက်သေးတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်မသွားလုပ်နိုင်သေးတဲ့ ကြားကာလထဲမှာ ဘယ်လိုရပ်တည်သွားရမယ်ဆိုတာ သူမစဉ်းစားတတ်သေးပါဘူး။

“ အမှုကလည်း မပြီးသေးဘူး ကိုဗစ်ကတစ်မျိုး နိုင်ငံရေးကတစ်မျိုးနဲ့ ဘာလုပ်လို့ဘာလုပ်ကိုင်ရမှန်းမသိ ဘယ်ချိန် ထမင်း ငတ်မှာလဲ မသိဘူး” လို့ နန်းမွန်က ညည်းပါတယ်။

လက်ရှိမှာတော့ နန်းမွန်ဟာ မိခင်ရဲ့ဆေးဖိုးဝါးခဖိုးနဲ့ စားဝတ်နေရေးအတွက် ပိုက်ဆံချေးယူထားရပါတယ်။ ပွဲစားတွေ အလုပ်သမားလိုအပ်တဲ့ အခါကျလျှင် နန်းမွန်က သူ့လုပ်အားနဲ့ ပြန်ဆပ်မယ်လို့ပြောပြီး အရင်သွားချေးထားရတာပါ။ ကံကောင်းတာက နန်းမွန်ကိုပတ်ဝန်းတွေက နှိမ်တာမျိုး ဖယ်ကျဉ်တာမျိုးတွေတော့ မရှိပါဘူး။

“ သမီးအရင်းကို လုပ်ရက်တယ် ” လို့ပဲ ပြောကြတာတွေတော့ ရှိတယ်လို့ နန်းမွန်က ပြောပါတယ်။

နန်းမွန်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ ကိုဗစ်-၁၉ ရောဂါမြန်မြန်ပျောက်ပြီး အမှုကလည်း ခပ်မြန်မြန် အပြီးသတ်ချင်တာ ပါ။ အဲဒါတွေ အကုန်ရပ်တန့်ပြီးဆုံးသွားမယ်ဆိုလျှင် သူမျှော်လင့်ထားတဲ့ အရာတစ်ခုကို ယခုလိုဆိုတယ်။

“ အမှုမြန်မြန်ပြီးရင် ထိုင်းမှာအလုပ်လုပ်မယ်၊ ရှေ့လျှောက်အမေတို့ကို ကောင်းကောင်းမွန်မွန်ထားချင်တယ်၊ စိတ်ညစ်စရာ တွေ မကြုံစေချင်တော့ဘူး ”

Related Articles