Home ဆောင်းပါး လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ

လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ

သျှန်ကီခမ်း။ ။

“သမီးအတွက် တရားမျှတမှု လိုချင်တယ်။ သူ မရှိတာက အဘ ခြေ‌ထောက် တစ်ဖက် ကျိုးသွားတာနဲ့ အတူတူပဲ အဆင်မပြေဘူး အားကိုးစရာလူ မရှိဘူး” လို႔ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်စံပြကျေးရွာ မှာနေထိုင်တဲ့ အသက် (၅၂) အရွယ် ဦးကုတ်ပဲ ပြော ပါတယ်။

ဦးကုတ်ဟာ ကျေးရွာတွင်းမှာ PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒက၏ သေနတ်ပစ် ပေါ့ဆမှုကြောင့် အသက် (၂၃) နှစ် အရွယ်ရှိတဲ့ သမီးလေး နန်းခမ်းအွမ်ကို ဆုံးရှုံးခဲ့ရတာပါ။

ဦးကုတ်က အပြစ်မရှိဘဲ အသက် ဆုံးရှုံးသွားတဲ့ သမီးလေးအတွက် တရားမျှတမှုအတွက် ရှာဖွေနေသူ လိုချင်နေသူ တစ်ဦးလို့ ပြောလျှင်လည်း မမှားပါဘူး။

ဦးကုတ်ဟာ သူဟာ တောင်ယာ အလုပ်ဖြစ်တဲ့ ပြောင်း၊ မြေပဲ၊ စတာတွေကို စိုက်ပျိုးကာ သားသမီး ငါးယောက်နဲ့ အတူနေထိုင်ပြီး အဆင်ပြေသလို အသက်မွေးဝမ်းကျောင်း ပြုကြတာပါ။ ဦးကုတ်ရဲ့ ဇနီးဟာ နာတာရှည် ရောဂါကြောင့် အိပ်ယာထဲ လဲနေရပြီး ခြံအလုပ်တွေ မလုပ်နိုင်တော့သည်မှာ တစ်နှစ်ကျော်ပြီး ဖြစ်ပါတယ်။

မိသားစု စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရုန်းကန်ရှာဖွေဖို့ မလောက်ငှတာကြောင့် သမီးအကြီးဖြစ်တဲ့ နန်းခမ်းအွမ်ကို အားကိုးပြီး တောင်ယာအလုပ်တွေ လုပ်ကြပါတယ်။ တောင်ယာမှာတင်မက ထမင်း၊ ဟင်းချက် စတဲ့ အိမ်မှုကိစ္စတွေကိုလည်း ဦးကုတ်တို့ တစ်မိသားစုလုံးက နန်းခမ်းအွမ်ကို အားကိုးကြတာပါ။

နန်းခမ်းအွမ်ဟာ နေ့ဖက်မှာ တစ်ရက် လေးထောင်ဖြင့် နေ့စားလိုက်၊ တောင်ယာထဲ ဆင်းလိုက်နဲ့ ညပြန်ရောက်လာလျှင် အိမ်မှုကိစ္စလုပ်လိုက် ကျန်းမာရေး မကောင်းတဲ့ အမေကို ပြုစုလိုက်နဲ့ သူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလေ့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာတော့ ဦးကုတ် အားကိုး အားထားရတဲ့ အသက် (၂၃) နှစ် အရွယ်ရှိတဲ့ သမီး နန်းခမ်းအွမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဇွန်လ (၁၄) ရက်နေ့ ဆိုက်ခေါင်ဒေသ ပအိုဝ်းရိုးရာ မီးလုံးပွဲအပြီး ညနေပိုင်း (၆) နာရီ ဝန်းကျင်အချိန်လောက်မှာ လူငယ်တွေ ရန်ဖြစ် စကားများတာကို PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒက ဝင်တားမယ်လို့ ဆိုကာ သေနတ်ပစ်ခတ်ခဲ့ရာ မုန့်ဆိုင်မှာ မုန့်ဝယ်နေတဲ့ နန်းခမ်းအွမ်းရဲ့ နဖူးကို ထိမှန်သွားခဲ့တာပါ။

ဦးကုတ်က သမီး သေနတ်မှန်သွားကြောင်း သိသိချင်းမှာ “ဆွံအသွားတယ် ယူကြုံးမရတော့ဘူး ဖျားပါ ဖျားသွားခဲ့တယ်” လို့ ပြောပါတယ်။ သေနတ်ပစ်ခတ်ခဲ့တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒကတော့ ထိုညတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

ထိုညမှာ သေနတ်ထိမှန်တဲ့ နန်းခမ်းအွမ်ကို တောင်ကြီး၊ စဝ်စံထွန်းဆေးရုံကို ချက်ချင်း တင်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံကို ချက်ချင်းတော့ မရောက်ခဲ့ရပါဘူး။ တောင်ကြီးမြို့မှာ ရှိတဲ့ PNO ( ပအိုဝ်းအမျိုးသား အဖွဲ့ ရုံးချုပ်) မှာ ဆေးရုံတင်ဖို့ ခွင့်ပြုချက်ကို နာရီဝက်လောက် စောင့်ယူခဲ့ရသလို စစ်ဆေးရုံကို သွားပြီး နဖူးမှာ စိုက်ဝင်နေတဲ့ ကျည်ဆံကို ထုတ်ပြီးမှသာ စစ်စံထွန်းဆေးရုံကို ရောက်လာခဲ့တာပါ။

ကျည်ဆံက နန်းခမ်းအွမ်၏ နဖူးတည့်တည့်ကို စိုက်ဝင်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် ဇွန်လ ၂၁ ရက်နေ့မှာတော့ စဝ်းစံထွန်းဆေးရုံမှာ ဆေးကုသခံယူရင်း သေဆုံးသွားခဲ့ပါတယ်။

photo from FB

ဦးကုတ်က သေဆုံးသွားတဲ့ သမီး နန်းခမ်းအွမ်၏ ရုပ်အလောင်းကို နေရပ်ဖြစ်တဲ့ ဆိုက်ခေါဝ်ကို သယ်ဆောင်ပြီး သင်္ဂြိုလ်ချင်ခဲ့ပေမယ့် PNO လူကြီးဘက်က ခွင့်မပြုဘဲ တောင်ကြီးမှာ သင်္ဂြိုလ်ဖို့သာ ပြောခဲ့ပါတယ်။

နေရပ်ဖြစ်တဲ့ ဆိုက်ခေါဝ် မှာ ပြန်သင်္ဂြိုလ်ခဲ့လျှင် ဒေသခံတွေကို အလုပ်ရှုပ်စေကြောင်း၊ တောင်ကြီးမှာပဲ သင်္ဂြိုလ်လျှင် ကုန်ကျစရိတ်ထုတ်ပေးမည် ဖြစ်ကြောင်း စသည့် ဖိအားအမျိုးမျိုး ပေးလာတာကြောင့် ဦးကုတ်တို့လည်း မတတ်နိုင်တော့တဲ့ အဆုံး သမီးဖြစ်သူရဲ့ အလောင်းကို ဇွန်လ ၂၂ ရက်နေ့မှာ တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုဿန်မှာပဲ သင်္ဂြိုလ်ခဲ့ရပါတယ်။

သင်္ဂြိုလ်တဲ့ ရက်တွေမှာ ကားခစရိတ်တွေ ထုတ်ထားပေမယ့် ရက်လည်ဆွမ်းကပ်ဖို့ စရိတ်မပေးတာကြောင့် သွားတောင်းဆိုခဲ့ရတဲ့ အခြေအနေ တွေလည်း ရှိခဲ့ပါတယ်။

ဦးကုတ်တို့က ရပ်ကွက်တာဝန်ရှိ သူတွေနဲ့ အတူ PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒရဲ့ မိသားစုဝင် တွေဆီကနေ နစ်နာကြေးငွေအဖြစ် ကျပ်သိန်း (၆၀) တောင်းခဲ့ပေမယ့် ‌ငွေကျပ် သိန်း (၃၀) သာ ရခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ ဦးကုတ်တို့ဟာ သမီး နန်းခမ်းအွမ်အတွက် ဆွမ်းသွတ် အလှူပြုလုပ် ပေးလိုက်ပါတယ်။

“အဲပိုက်ဆံနဲ့ သမီးတွက် ဆွမ်းကပ်တယ် နောင်ဘဝမှာ ဒီလိုအဖြစ်မျိုး ထပ်မကြုံရအောင် ကုသိုလ်တွေ လုပ်ပေးတယ်” လို့ ဦးကုတ်က ပြောပါတယ်။

နန်းခမ်းအွမ်းအတွက် တရားမျှတမှုရှိရှိ ဖြေရှင်းပေးဖို့ ဆိုက်ခေါဝ်က ရပ်မိရပ်ဖ လူကြီးတွေက PNA (ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်)ထံကို အဆက်မပြတ် စာပေးပို့တာ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်လ ပထမပတ်လောက်မှာတော့ ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒကို ဆီဆိုင်မြို့နယ် ရဲစခန်းမှာ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားပြီး လက်ရှိမှာ တာဝန်ရှိသူတွေက ရှာဖွေဖမ်းစီး ထိန်းသိမ်းထားကြောင်းလည်း သိရပါတယ်။

ဦးကုတ်ကတော့ သေဆုံးသွားတဲ့ သမီးဖြစ်သူအတွက် တရားမျှတမှု ရဖို့အတွက် တရားရုံးကို အခေါက်ခေါက်အခါခါသွားခဲ့ရပါတယ်။

တရားရုံးကို အားကိုးပြီး သမီးအတွက် တရားမျှတမှု ရှာချင်ပေမယ့် တရားရုံးမှာ ဘာသာစကား အခက်အခဲ၊ ခရီးစရိတ် အခက်အခဲ၊ အချိန်ကြာမြင့် တဲ့အခက်အခဲကြောင့် ဦးကုတ်ဟာ စိတ်ပျက်ပြီး လက်လျော့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

“ဗမာစကားကို နားတော့လည်တယ် ပြန်မပြောတတ်ဘူး။ ရုံးမှာ ဘာသာပြန်တော့ ရှိတယ်။ အဘက ပညာလည်း မတတ် မပြောရဲ မဆိုရဲဘူး”လို့ ဦးကုတ်က သူကြုံရတဲ့ အခက်အခဲကို ပြောပြပါတယ်။ တစ်နေ့လုပ် တစ်နေ့စား ဘဝမို့ တရားရုံးချိန်း ကြောင့် အလုပ်ပျက်ပြီး မိသားစု စားဝတ်နေရေးကို ထိခိုက်လာနိုင်ခဲ့တယ်လို့ ခံစားလာရပြီး ဦးကုတ် အကြိမ်ကြိမ် စိတ်ဓာတ်တွေ ကျနေခဲ့မိပါတယ်။

“ တရားရုံးကို ခနခန သွားရရင် ခြံလည်း သွားဖို့လိုတယ် ဝင်ငွေလည်း မရှိပြန်ဘူး” လို့ ဦးကုတ်က ညည်းတွားပါတယ်။

နောက်ဆုံး မတတ်နိုင်တော့တဲ့ အဆုံးမှာ ဦးကုတ်ဟာ တရားရုံးနဲ့ မသွားတော့ပဲ PNO ပြည်သူ့စစ်အဖွဲ့ဝင် ပအိုဝ်းလူကြီးတွေကို လျော်ကြေး တောင်းခဲ့ပေမယ့် လျော်ကြေး အပြည့်အဝမရရှိခဲ့ပါဘူး။ “ တောင်းတာက သိန်း တစ်‌ထောင် ရလာတာ သိန်းတစ်ရာပဲ ရတာ” လို့ ဦးကုတ်က ပြောပါတယ်။

လျော်ကြေး တောင်းဆိုမှု၏ တစ်ဝက်တောင် မရခဲ့သလို သမီးအတွက် တရားမျှတမှု မရရှိဘူးလို့ ခံစားရပေမယ့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေဖို့ အချိန်ပေးရမှာ ဖြစ်တာကြောင့် ဦးကုတ်ဟာ သိန်း တစ်ရာကို လက်ခံခဲ့ရပါတယ်။

ထိုနောက်ပိုင်းမှာတော့ ဦးကုတ်ဟာ တရားရုံးတွေတော့ မသွားရတော့ပါဘူး။

“ ကျေနပ်မှုတော့ မရှိဘူး။ တောင်ယာကလည်း ဝင်ရအုန်းမယ်ဆိုတော့ ကျန်ကလေးတွေကိုလည်း ရှာကျွေးရအုန်းမယ်လေ” လို့ ဦးကုတ်က ဆိုပါတယ်။

သမီးအတွက် ‌တရားမျှတမှု မရရှိနေသေးဘူးလို့ ခံစားရပေမယ့် ဘာမှ မတတ်နိုင်တော့တဲ့ အဆုံးမှာ ပေးသလောက်သာ နှုတ်ဆိတ်ပြီး နေနေခဲ့ရပါတယ်။

ဦးကုတ်ဟာ သိန်းတစ်ရာထက်ကို အရာရာတိုင်း အားကိုး အားထားရတဲ့ သမီးကိုသာ ပြန်လိုချင်တာပါ။ “ အဘ ပိုက်ဆံလို ချင်တာတော့ မဟုတ်ဘူး တရားရုံးသွားပြန်ရင်လည်း ကျန်တဲ့ ကလေးတွေလည်း ရှာကျွေးရအုန်းမှာ မို့လိုပါ”လို့ ဦးကုတ်က အသံ ခပ်တိုးတိုး အားပျော့စွာ ဆိုလိုက်ပါတယ်။

ဒါ့အပြင်လည်း သမီး နန်းခမ်းအွမ် ဆုံးပါးသွားပြီး နောက်ပိုင်းမှာ တအိမ်လုံး တိတ်ဆိတ်ပြီး အကူညီမဲ့သွားပါတယ်။ အိပ်ယာထဲ လဲနေတဲ့ နန်းခမ်းအွမ် အမေ၏ ကျန်းမာရေး ၊ဝေယျာဝိစ္စတွေ ကြည့်ဖို့ လူလည်း မရှိတော့သလို မိသားစု စားဖို့ ထမင်း၊ ဟင်း ချက်ကျွေးမယ့် သူလည်း မရှိတော့ပြန်ပါဘူး။

“ထမင်းချက်ချိန် ဟင်းချက်ချိန် မီးဖိုးနားမှာ ချက်နေတာ မြင်နေကျဆိုတော့ အခုမရှိတော့ အရမ်းလွမ်းမိတယ်” လို့ ဦးကုတ်က စိတ်ထိခိုက်စွာ ပြောပါတယ်။

နန်းခမ်းအွမ် မရှိတော့တဲ့ နောက်ပိုင်း ကျန်ရှိတဲ့ ဦးကုတ်တို့ (၅) ဦးဟာ တောင်ယာသွား၊ ပိုက်ဆံရှာတဲ့ သူဟာ ဦးကုတ်တစ်ယောက်တည်းသာ ကျန်ရှိတာပါ။ ကျန်ရှိတဲ့ သား၊ သမီး (၃) ယောက်ဟာလည်း စားဝတ်နေရေးအခက်အခဲ ဖြေရှင်းနိုင်ဖို့ ကျောင်းမသွား ကြတော့ပါဘူး။

အသက် (၁၃) နှစ် ရှိတဲ့ သားကို တောင်ယာအလုပ် ခြံ အလုပ်တွေကို ကူလုပ်ခိုင်းပြီး သမီးတွေကတော့ အိမ်မှာနေပြီး သူတို့၏ အမေကို ကျွေးမွေး စောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။

ဦးကုတ်ဟာ ဆိုက်ခေါဝ်ဒေသမှာ နေထိုင်လာသည်မှာ နှစ်ပေါင်း (၅၀)‌ ကျော်လာခဲ့ပေမယ့် ဒီလို ဖြစ်စဥ်မျိုးကို ကြုံလည်း မကြုံဖူးသလို ကြားလည်း မကြားဖူးပါခဲ့ဘူး။ တကယ်ကြုံရတဲ့ အချိန်မှာ “ အဘ သမီးဖြစ်နေတော့ ရင်ကွဲနေအောင် ခံစားရတယ်” လို့ ဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် ပါဝင်ပါတယ်။

ထိုမြို့နယ်တွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ ရာနှုန်းပြည့်အနိုင်ရတဲ့အတွက် ပါတီဉက္ကဌက အစိုးရသက်တမ်း နှစ်ဆက်ဒေသ ဦးစီးအဖွဲ့ ဉက္ကဌအဖြစ် တာဝန်ယူနေတာဖြစ်ပြီး မြို့နယ် ဦးစီးချုပ်ကနေ ထွက်ရှိလာတဲ့ ဆုံးဖြတ်များ၊ ကိစ္စများကို ကျေးရွာရဲ့ အုပ်စု (အွိုင်း) ဆီကို ပေးပို့ရပါတယ်။

အဲ့ဒီကနေတစ်ဆင့် အုပ်စု (အွိုင်း) ကနေ ကျေးရွာရဲ့ လူကြီး၊ ဘုန်းကြီးမှတဆင့်ကျေးရွာ သူ/သား ထံကိုရောက် စသည့် ပုံစံမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်း ပြီးနောက်မှာတော့ ပြည်ခိုင်ဖြိုး ပါတီတစ်ဦးကို စစ်ကောင်စီက ဥက္ကဌအဖြစ်ပြောင်းလဲ ခန့်အပ်ထားပါပြီ။

ဒါပေမယ့် PNO ခန့်အပ်ထားတဲ့ အုပ်စု (အွိုင်း) တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု လျော့နည်းလာသည်နဲ့ အမျှ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်လည်း ယခင်ထက် လက်နက်ကို တွင်တွင်ကျယ်ကျယ် ပို၍ အသုံးပြုလာကြပါတာကို တွေ့မြင်လာရပါတယ်။

နန်းခမ်းအွမ်းကို အသက်ကို ဆုံးရှုံးသွားတဲ့အထိ ကျုးလွန်ခဲ့တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒဆိုလျှင် ဒေသတွင်းမှာ ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခိုးမှု၊ လုယက်မှု၊ မှုးယစ်ဆေး လက်ဝယ် ဖောက်ကား သုံးစွဲမှုတွေ ကဲ့သလို့ အမှုတွေကို သူ့နည်း သူ့ဟန်နဲ့ ဖမ်းဆီးအရေးယူခြင်းမျိုးတွေ ပြုလုပ်ပြီး ဖြေရှင်းပါတယ်။

အရေးယူရာတွင်လည်း ကျူးလွန်သူကို တိကျတဲ့ တရားဥပ‌ဒေဘောင်ထဲက အရေးယူခြင်းမျိုးမဟုတ်ပဲ အမှုပေါ် မှုတည်ပြီး ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးလေ့ ရှိပါတယ်။ ငွေများ တရားနိုင်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လွှတ်တော်အမတ်တွေ၊ နိုင်ငံ‌ရေး တက်ကြွ လှုပ်ရှားတဲ့ သူတွေကို လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ လိုက်လံဖမ်းဆီးနေချိန်မှာ PNO ပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားဒီမိုကနေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နိုင်ငံရေး ကြားသူ ခွန်ဗွာထိုသွေးကို ဖမ်းဆီးခဲ့ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။

ဒ့ါအပြင်လည်း ၂၀၁၉ ခုနှစ်မှာလည်း PNO ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဖွားကဟာလည်း ကိုရင်ဝတ်မယ့် ကလေးနှစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီး နစ်နာကြေးအဖြင့် တစ်ဦးကို သိန်း (၈၀) ဖြင့် ပေးကာ ကျေအေး ခိုင်းခဲ့ ပါတယ်။

အထက်ပါ ဖြစ်စဥ်တွေကို ကြည့်ခြင်းအားဖြင့် အဆိုပါဒေသတွင်းမှာ လက်နက်ကိုင်ေတွက ပြစ်မှု ကျူးလွန်မှုများကို တရားဥပဒေဖြင့် မျှတစွာ ဖြေရှင်းလေးမရှိပဲ ငွေကြေးဖြင့် သာကျေအေးကြလေ့ ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။

ပအိုဝ်း အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦးက ” လူအသက် တစ်ချောင်းက ငွေကြေးနဲ့ ကျေအေးပေးလိုက်ရတဲ့ ဆိုကတည်းက တရားမျှတမှု လုံးဝမရှိတာပဲ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အမျိုးသမီး အခွင့်ရေးနဲ့ ပက်သတ်တာ၊ ဘာပဲဖြစ်ဖြစ် တိုင်တန်းမှု ပြုလုပ်မယ်ဆိုရင် ဘယ်နားတိုင်ရမှန်းမသိသလို တရားရုံးတွေမှာလည်း အလေးမထားတာတွေ လည်း တွေ့နေရတယ်” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ သူတို့နေထိုင်ရာ နေရာ ဒေသတွင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့်သာမက လမ်းခရီး အသွားအလာလည်း မလွတ်လပ် မလုံခြုံတော့ပါဘူး။

တောင်ကြီး ဟိုပုံး၊ ဆီဆိုင် စတဲ့ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်များက စစ်ဆေးမှုတွေ ပြုလုပ်ကြတဲ့အခါမှာ အမျိုးသမီးတွေကို ထိကပါး ရိကပါး လုပ်တာတွေလည်း ပိုမိုများပြာလာတယ်လို့ ၎င်းက ဆိုပါတယ်။ တရားဥပဒေ စိုးမိုးမှု တရားမျှတမှုတွေ ဆထက်တိုးပြီး ပျောက်ကွယ်လာခဲ့ပါပြီ။

သမီးဖြစ်သူ နန်းခမ်းအွမ်ကို ဆုံးရှုံးခဲ့ရသည့် ဦးကုတ်နဲ့ သူ့ဇနီးဟာ သမီးကို ယခုထိ လွမ်းဆွေးပြီး သောကရောက် နေကြရတုန်းပါပဲ။ တတ်နိုင်သလောက်တော့ သမီး ကောင်းရာ မွန်ရာကို ရောက်နိုင်ဖို့ အလှူတွေ ပြုပြီး အမျှဝေပေးဖြစ်တယ်လို့ ဆိုပါတယ်။

ဦးကုတ်ကတော့ သူ့ရဲ့ သမီးလေးအတွက် တရားမျှတမှု ရအောင် မရှာ‌ပေးခဲ့နိုင်လို့ ဝမ်းနည်း စိတ်မကောင်းဖြစ်မိပြီး “ သမီး ကောင်းရာ မွန်ရာ ရောက်ရှိပြီး နောင်ဘဝမှာ အဘတို့ ထက်သာတဲ့ မိဘတွေနဲ့ ဆုံရပါစေလို့ ဆုတောင်းနေမိပါတယ်” ပြောပါတယ်။

Related Articles