Home ဆောင်းပါး အနာဂါတ်တွေဝေဝါးနေဆဲ ရန်ကုန်ရောက် ပလက်၀ စစ်ရှောင်တွေ

အနာဂါတ်တွေဝေဝါးနေဆဲ ရန်ကုန်ရောက် ပလက်၀ စစ်ရှောင်တွေ

Honest Information (HI)

စစ်ပွဲတွေကြောင့် ဇာတိမြေကိုစွန့်ခွာပြီး ရန်ကုန်မှာအခြေချတာ တစ်နှစ်ကျော်လာပြီဖြစ်ပေမယ့် ဒေါ်ကိုးထင်းတို့ မိသားစု အနာဂါတ်က ဝေဝါးနေဆဲပါ။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကစစ်ဘေးရှောင်တွေ ရန်ကုန်မှာ ခိုလှုံဖို့ရောက်လာကတည်းက ရန်ကုန်မြို့နဲ့ အခြားဒေသ က အလှူရှင်တွေ မကြာခဏဆိုသလို လာရောက်လှုဒါန်းကြတော့ နေရေးစားရေးမပူပန်ခဲ့ရဘူး။

” ရန်ကုန်ရောက်စတုန်းက အဆင်ပြေတယ်။ ကိုဗစ်နောက်ပိုင်း အာဏာသိမ်းပြီးနောက်ပိုင်း အဆင်မပြေတော့ဘူး။ အလှူ ရှင်တွေလည်း နည်းလာတော့ စားဝတ်နေရေးခက်ခဲတယ်” လို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်ကိုးထင်းက ပြော ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အလှူရှင်တွေပံ့ပိုးလှုဒါန်းမှု တဖြည်းဖြည်းနည်းလာတော့ စားဝတ်နေရေး ခက်ခဲ လာတယ်။ ဝင်ငွေလည်းတစ်ပြားမှမရှိတော့ အလုပ်အကိုင်ရမလား စုံစမ်းရှာဖွေပေမယ့်ခက်ခဲတဲ့ကာလမှာ သူတို့လို စစ်ရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့ကလည်း မလွယ်ကူခဲ့ဘူး။

ရန်ကုန်ရောက်ပြီးရင် အစစအရာရာ အဆင်ပြေမယ်မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကိုဗစ်နဲ့ စစ်အာဏာသိမ်း နောက်ဆက်တွဲ အခြေအနေတွေကြောင့် အခုချိန်ထိ အလှူရှင်တွေရဲ့ပံ့ပိုးမှုနဲ့ ခက်ခက်ခဲခဲရပ်တည်နေရပါတယ်။

စစ်ပွဲတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းကနေ နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ပလက်ဝစစ်ဘေးရှောင်တွေဟာ ရန်ကုန်မြေ ရောက်တာ တစ်နှစ်နဲ့ရှစ်လရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ စားဝတ်နေရေးခက်ခဲနေဆဲဖြစ်ပြီး နေရာသစ်မှာ အခြေချဖို့ ရုန်းကန်နေကြရတာပါ။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပလက်ဝဘက်မှာ စဖြစ်လာတဲ့ တပ်မတော်နဲ့ ရခိုင်တပ်မတော်(AA)ရဲ့ တိုက်ပွဲတွေက တဖြည်း ဖြည်းစိပ်လာခဲ့ပြီး ၂၀၂၀မှာ ပိုမိုပြင်းထန်လာတာကြောင့် ပလက်ဝမြို့နဲ့ကျေးရွာတွေက ဒေသခံသောင်းဂဏန်းခန့်က နေရပ်စွန့်ပြီး ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ရခဲ့ပါတယ်။

တိုက်ပွဲတွေကနေလွတ်ရာ တိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေက ပလက်ဝမြို့နဲ့ဆမီးမြို့တို့က ယာယီစစ်ဘေးရှောင် စခန်းတွေမှာခိုလှုံခဲ့သလို အချို့တွေကလည်း စစ်ပွဲတွေကင်းလွတ်ရာ ရန်ကုန်မြို့တော်ကို ပြောင်းရွှေ့ခိုလှုံကြတာတွေ လည်း ရှိခဲ့ကြပါတယ်။

တိုက်ပွဲတွေနဲ့ဝေးရာ ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့လာသူတွေထဲ အသက် ၃၂ နှစ်အရွယ် ကလေးတစ်ဦးမိခင် ဒေါ်ကိုး ထင်းတို့ မိသားစုတွေလည်း အပါအဝင်ပါ။

ဒေါ်ကိုးထင်းတို့က စစ်ပွဲတွေကြောင့် ဇာတိမြေ ပလက်ဝမြို့ကနေ ဘေးလွတ်ရာ ရှောင်တိမ်းရင်း ကလေးတွေပညာရေး လည်း ကောင်းမွန် စစ်ပွဲတွေနဲ့ကင်းဝေးပြီး အလုပ်အကိုင်ပေါတဲ့ ရန်ကုန်မြို့တော်ကို အခြားသော စစ်ဘေးရှောင်တွေနဲ့ အတူ ၂၀၂၀ ဖေဖော်ဝါရီကတည်းက ရောက်ရှိလာတာပါ။

ပလက်ဝကနေ ရန်ကုန်ရောက်စက စစ်ဘေးရှောင်တွေကိုယာယီနေရာချပေးထားတဲ့ မှော်ဘီမြို့နယ် စာဖြူစုဆိုတဲ့နေရာ မှာ ကိုးလကျော်ယာယီနေထိုင်ခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာမှာ လက်ရှိနေထိုင်နေတဲ့ မှော်ဘီက မြောင်းတကာကို ထပ်မံပြောင်း ရွှေ့ခဲ့ရတယ်။

” အဲ့ဒီတုန်းကတော့မှော်ဘီမှာက ယာယီပေါ့၊ အလှုရှင်တွေက သြဂုတ်အထိနေခွင့်ပေးထားတာ၊ အခြားနေရာရှာမရသေး တာနဲ့ ဒီဇင်ဘာအထိနေပြီး ဒီဘက် (မြောင်းတကာ) ကိုပြောင်းလာတာ” လို့ ဒေါ်ကိုးထင်းကပြောတယ်။

ရန်ကုန်ရောက်စက ချင်းလူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ၊ ရန်ကုန်မြို့က အခြားသောအလှူရှင်တွေရဲ့စားနပ်ရိက္ခာ တွေ အဝတ်အထည်အသုံးအဆောင်တွေ အစားအသောက်တွေ လာရောက်လှူဒါန်းမှုတွေက နေ့စဉ်ဆိုသလိုရှိခဲ့တယ်။

အနယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့လှုဒါန်းမှုတွေကြောင့် နေရေးနဲ့စားရေးသောက်ရေးအတွက်မပူပန်ခဲ့ရဘူး။ ဒီလို နေ ထိုင်လာရင်း အာဏာသိမ်းမှုနောက်ပိုင်းတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ အလှူရှင်တွေလည်း နည်းပါးလာခဲ့တယ်။

” အခုကအလှူရှင်တွေက လာတာနည်းသွားတော့ အရင်လှူထားတာတွေနဲ့ စားသောက်နေထိုင်ရတာပေါ့”လို့ ဒေါ်ကိုးထင်း က ပြောပါတယ်။

ပလက်ဝမြို့နယ်မှာနေထိုင်စဉ်က တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့ရတယ်။ ဒီမှာတော့ စိုက်စရာပျိုးစရာ လယ်ယာမြေမရှိ၊ ကိုယ်တိုင်တောင် စစ်ဘေးရှောင်စခန်းမှာ မှီခိုနေထိုင်ရတယ်လို့ ဒေါ်ကိုးထင်းကဆက်ပြောပါတယ်။

” ရေရှည်အတွက်ဆို ငွေကြေးလိုတယ်။ အလုပ်လုပ်ဖို့ကလည်း အလုပ်ပေးမယ့်သူမရှိဘူး။ စစ်ရှောင်လာတယ်ဆိုတော့ အလုပ်ပေးချင်မလားမသိဘူး”လို့ ဒေါ်ကိုးထင်းက ဆိုတယ်။

ဒေါ်ကိုးထင်းတို့လို ပလက်ဝကိုစွန့်ခွာပြီး စစ်ပွဲတွေကင်းလွတ်ရာ ရန်ကုန်မြို့တော်ကို အခြေချလာသူတွေထဲ အသက် ၃၅ နှစ်အရွယ် မလှစိန်တို့လည်း အပါအဝင်ပါ။

မလှစိန်တို့က ပလက်ဝမြို့နယ်၊ မီးလက်ဝကျေးရွာမှာ နေထိုင်ခဲ့ရတာပါ။ မီးလက်ဝရွာမှာ AA နဲ့စစ်တပ်တို့ တိုက်ပွဲဖြစ်တာ ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့အတွက် ဇာတိကိုစွန့်ခွာပြီး ရန်ကုန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။

ရန်ကုန်ရောက်စတုန်းကတော့ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ အဆင်ပြေပြေနေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ စခန်းကိုအလှူရှင်မလာသလောက်ဖြစ်တော့ သူတို့မိသားစုအပါအဝင် စစ်ရှောင်စခန်းက အခြား မိသားစုတွေလည်း အခက်အခဲရှိလာကြတယ်။

” အဓိက က ဝင်ငွေမရှိတာ ပလက်ဝမှာတုန်းကတော့ တောင်ယာလုပ်၊ ကျပန်းလုပ်နဲ့ လုပ်လို့ရပေမယ့် ဒီမှာတော့ လုပ်စရာ အလုပ်လည်းမရှိဘူး “လို့ မလှစိန်ကပြောတယ်။

ကလေးတွေကလည်း ကျောင်းတက်ရမယ့် အရွယ်ရောက်နေပေမယ့် စာသင်ခန်းနဲ့ ဝေးနေတာသုံးနှစ်ရှိပါပြီ။ စစ်ဘေး လွှတ်ရာပြေးချိန် ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလတွေကြောင့် ခုနှစ်တန်းနဲ့ကျောင်းပညာရေးရပ်နားထားရတဲ့ သမီးကြီး တောင် ၁၆ နှစ်အရွယ်ရောက်နေတော့ ကလေးတွေပညာရေးအတွက်လည်း စိတ်ပူရတယ်လို့ဆိုတယ်။

photo-ကိုကျော်ကြီး

လတ်တလောမှာ စားရေးသောက်ရေး အခက်အခဲရှိပေမယ့် ပလက်ဝကိုလည်း မပြန်ချင်တော့ဘဲ မတည်ငြိမ်တဲ့ အခြေအနေမှာ နောက်တခါ အိမ်မက်ဆိုးကြီး ထပ်မမက်ချင်တော့ဘူးလို့ ဆိုတယ်။

” ဒီမှာနေဖို့စိတ်ကူးနေတယ်။ ဟိုဘက်မှာ ဘယ်လိုဖြစ်လာမလဲမသိဘူး။ ဒီမှာနေတာပျော်တယ်။ ရှေ့ဆိုရင်တော့ အခြေ အနေကောင်းမလား မပြောတတ်ဘူးလေ။” လို့ မလှစိန်ကပြောတယ်။

ပလက်ဝစစ်ဘေးရှောင်တွေ ရန်ကုန်ကိုရွှေ့ပြောင်းလာစဉ်က အလုပ်အကိုင်ကောင်းကောင်းရရှိပြီး ကလေးတွေအတွက် ပညာရေးအဆင်ပြေစေမလားဆိုတဲ့ မျှော်လင့်ချက် တစ်ပွေ့တပိုက်နဲ့ပါ။

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုဖြစ်ရပ်တွေက သူတို့မျှော်လင့်ချက်တွေကို မှေးမှိန်စေခဲ့တယ်။

ရန်ကုန်က ပလက်ဝစစ်ဘေးရှောင်စခန်းက ဒေါ်မင်းစက်က” ရန်ကုန်ကိုရှောင်လာတော့ ကလေးတွေပညာရေးလည်း ကောင်းမယ်၊ ရန်ကုန်မှာပဲ အလုပ်ကလေးလုပ်ပြီး အဆင်ပြေပြေနဲ့ အခြေချနိုင်မယ်မှန်းထားတာ၊ ဒါပေမယ့် အခုထိ အလှူရှင်တွေလှူတာနဲ့ပဲ ရပ်တည်နေရသေးတယ်” လို့ ပြောပါတယ်။

နေရပ် ပလက်ဝမြို့မှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေထိုင်ရပေမယ့် စားဝတ်နေရေးက အဆင်ပြေတယ်။ ဒီမှာတော့ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ အခုထိမိသားစုတွေ ဘယ်လိုရှေ့ဆက်ရမယ် မသိသေးဘူးလို့ ဆက်ပြောတယ်။

လတ်တလောအခြေအနေက ခက်ခဲနေပေမယ့် နေထိုင်ရာနေရာမှာပဲ အခြေချနိုင်ဖို့ ဒေါ်မင်းစက်တို့ မျှော်လင့်တယ်။ နေရပ် ပလက်ဝကို ပြန်ဖို့ဆိုတာကလည်း နယ်မြေမတည်ငြိမ်မှုတွေနဲ့ ချင်းပြည်နယ် နေရာအချို့မှာလည်း တိုက်ပွဲတွေဖြစ်တာတွေ ကြားတော့ မငြိမ်းချမ်းမှာလည်း စိုးရိမ်တယ်။

” ဘုရားအလိုတော်အတိုင်းပဲ။ အလုပ်တွေဘာတွေက အခြေအနေကောင်းရင် စက်ရုံတွေမှာ ဝန်ထမ်းလုပ်ဖို့မှန်းတယ်။ အခုတော့ ဘာလုပ်ရမလဲမသိသေးဘူး”လို့ ဒေါ်မင်းစက်ကပြောတယ်။

ရန်ကုန်ရောက် ပလက်ဝစစ်ဘေးရှောင်တွေ အကူအညီပေးဖို့ ဖွဲ့စည်းထားတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီက ကလေးတွေရဲ့ပညာရေး၊ အလုပ်အကိုင်ရရှိရေးတွေ စီစဉ်ထားတာတွေ ရှိပေမယ့် ကိုဗစ်အခြေအနေ နိုင်ငံရေးအခြေအနေတွေကြောင့် အကောင်အထည်မဖော်နိုင်တာတွေရှိတယ်လို့ စစ်ရှောင် စခန်း တာဝန်ခံ ဦးကံလွတ်ကပြောပါတယ်။

အာဏာသိမ်းနောက်ပိုင်းမှာတော့ တစ်လတစ်ခါတောင် လှူဒါန်းမှုတွေမရှိတော့ အစောပိုင်းလှူဒါန်းထားတဲ့ စားနပ်ရိက္ခာ တွေနဲ့ ဖြေရှင်းနေကြတယ်လို့ ဦးကံလွတ်က ပြောပါတယ်။

” အာဏာသိမ်းပြီး မတ်လအထိတော့အလှူရှင်လာသေးတယ်။ အဲ့နောက်ပိုင်းမှာ သိပ်မရှိတော့။ တစ်လတခါလောက်ပဲ လာတာရှိတော့တယ်။” လို့ ဦးကံလွတ်ကပြောတယ်။

လက်ရှိမှော်ဘီက ပလက်ဝစစ်ဘေးရှောင်စခန်းကစခန်းမှာ အိမ်ထောင်စု ၂၄ စု၊ လူဦးရေ တစ်ရာကျော်နေထိုင်ပြီး စစ်ဘေး ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အလုပ်အကိုင်ဖန်တီးပေးရေးတွေ လိုအပ်နေ တယ်လို့ ဦးကံလွတ်က ပြောပါတယ်။

ဒါ့အပြင် စခန်းမှာ ကျောင်းနေအရွယ်ကလေးငယ်တွေလည်းရှိတော့ ပညာရေးထောက်ပံ့မှုတွေလည်းလိုအပ်နေပါတယ်။ ကလေးငယ်တွေမှာ စစ်ပွဲကြောင့် ပြေးလွှားစဉ် အဆက်ပြတ်ခဲ့တဲ့ ပညာရေးအတွက် စခန်းမှာသင်ကြားပေးဖို့ စီစဉ် ထား ပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းကာလနောက်ဆက်တွဲကြောင့် အကောင်အထည်မဖော်နိုင်သေးဘူးလို့ ဆိုတယ်။

” အခုချိန်အလိုအပ်ဆုံးက စားနပ်ရိက္ခာပေါ့၊ အလုပ်အကိုင်လည်းမရှိတော့ ပိုခက်ခဲကြတယ်။ အမျိုးသမီးရော အမျိုးသား ရော လုပ်မယ့်သူတွေရှိပေမယ့် အလုပ်အကိုင်လည်းခေါ်တဲ့ဟာမရှိတော့ရေရှည်အတွက်တော့ ဘာမှအစီ အစဉ်မရှိဘူးဖြစ်နေတယ်” လို့ ဦးကံလွတ်ကပြောပါတယ်။

ပလက်ဝစစ်ဘေးရှောင်တွေ ရန်ကုန်မှာ လတ်တလောအခြေချနေတဲ့ကာလအတွင်း အခက်အခဲတွေရှိပေမယ့် ဇာတိနယ်ကို ပြန်ဖို့ဆိုတာလည်း အလှမ်းဝေးပါတယ်။ ပလက်ဝမြို့လေးက လတ်တလောငြိမ်သက်နေပေမယ့် ချင်းပြည်နယ်ကနေရာ အချို့ မှာ တိုက်ပွဲတွေဖြစ်နေတော့ ပြန်ဖို့ဆိုတာမရေရာတဲ့အခြေအနေပါ။

ဒါပေမယ့် စစ်ရှောင်တွေကတော့ တိုင်းပြည်အခြေအနေကောင်းလာရင် သူတို့လည်းအလုပ်အကိုင်တွေရပြီး အဆင်ပြေပြေ နေထိုင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ လတ်တလောမှာတော့ အခက်အခဲကြုံလည်း ကြိုးစားပြီး ဖြတ်သန်းသွားမယ်လို့ ရန်ကုန်ရောက် ပလက်၀ စစ်ရှောင်တွေက ဆိုကြပါတယ်။

Related Articles