Home ဆောင်းပါး တိုးတိတ်နေရသော ရခိုင်အိုင်ဒီပီစခန်းက အသံများ

တိုးတိတ်နေရသော ရခိုင်အိုင်ဒီပီစခန်းက အသံများ

သန့်ရှင်းထွန်း။ ။

နေ့လည်၊ နေ့ခင်းအချိန်မှာပင် မြင်နေကျမဟုတ်သော လူတစ်ချို့ကို မြင်လိုက်ရသော မတော်စ်မီ (အမည်လွှဲ)တစ်ယောက် ခင်ပွန်းဖြစ်သူကို ပျာယာခတ်၍ လိုက်ရှာနေခဲ့သည်။

စစ်တွေမြို့နယ်ရှိ အိုင်ဒီပီစခန်းတစ်ခုတွင် နေထိုင်သော အသက် ၃၀ ကျော်အရွယ် မတော်စ်မီသည် စကားကို သွက်လက် စွာ အပြန်အလှန်ပြောဆိုနိုင်သော်လည်း ၎င်းတို့နေထိုင်သော အိုင်ဒီပီစခန်းသို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လာရောက် ခဲ့သော ဧည့်သည်တစ်ချို့နှင့်တွေ့သည့်အခါ ၎င်းပြောပြချင်နေသောစကားကိုပင် မပြောရဲဘဲ ခင်ပွန်းဖြစ်သူမှတဆင့် ပြောပြရန် အကူညီတောင်းခဲ့ရပုံကို မတော်စ်မီက ပြန်ပြောပြနေခြင်းဖြစ်သည်။

“ ထမင်းငတ်နေတာကြာပြီလို့ ပြောချင်တာတောင် မပြောရဲခဲ့ဘူး ” ဟု မတော်စ်မီက အသံတိုးတိုးဖြင့် ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသည့် ပြသနာများကြောင့် အိုင်ဒီပီစခန်းများသို့ လာရောက်သူ များကို စစ်ကောင်စီအဖွဲ့၏ခွင့်ပြုချက်မရဘဲ မည်သည့်အကြောင်းအရာမှမပြောရန် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့က ကန့် သတ်ထားသည်ဟု အိုင်ဒီပီစခန်းတာဝန်ခံအများစုက ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး တစ်စုံတစ်ခုပြောမိလိုက်ပါက မိမိအတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာ နိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးနှင့်ပတ်သက်၍ မတော်စ်မီအပါအဝင် အိုင်ဒီပီစခန်းရှိ မိသားစုဝင်များက ပိုမို ကြောက်လန့်နေကြရသည်။

ယခင် ဒီမိုကရေစီအစိုးရလက်ထက်မှာပင် ကန့်သတ်မှုတစ်ချို့ဖြင့် နေထိုင်ခဲ့ရသော အိုင်ဒီပီစခန်းရှိ မိသားစုဝင်များက စစ် အာဏာရှင်စနစ်အောက်တွင် သူတို့၏အပြောအဆိုကို ပို၍ဆင်ခြင်နေရပြီး ပြောဆိုမှုတစ်စုံတစ်ခုကြောင့် စစ်ကောင်စီအဖွဲ့ က ၎င်းတို့အပေါ် ပြသနာရှာမည်ကိုလည်း စိုးရိမ်နေကြရခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် စခန်းမှာ စားသောက်ရေးအဆင်မပြေတာကို မီဒီယာသမားတစ်ချို့ကိုပြောမိလို့ နောက်တစ်ခါ ပြောရင် ရိက္ခာထပ်ဖြတ်ခံရမယ်လို့ စစ်ကောင်စီအစိုးရက အိုင်ဒီပီစခန်းတာဝန်ခံကနေတဆင့် ခြိမ်းခြောက်ပြောဆိုတာခံရ ဖူးတယ် ” ဟု မတော်စ်မီက မဝံ့မရဲပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ အိုင်ဒီပီစခန်းအားလုံးတွင် ပြင်ပဧည့်သည်ဝင်ရောက်မှုကို တားမြစ်ကန့်သတ်သည့် အနေ ဖြင့် အိုင်ဒီပီစခန်းသို့သွားရာလမ်းနှင့် တစ်ချို့အိုင်ဒီပီစခန်း၏အဝင်ဝတွင် ရဲကင်းစခန်းများ ချထားသည်ကို တွေ့ခဲ့ရသည်။

ရခိုင်ပြည်နယ် အိုင်ဒီပီစခန်းရှိမိသားစုဝင်များကို စစ်ကောင်စီအစိုးရက ကိုဗစ်ရောဂါထိန်းချုပ်ရေးကိုအကြောင်းပြ၍ ရိက္ခာ ဖြန့်ဝေမှု သုံးလ (မေလမှဩဂုတ်လထိ) ရပ်ဆိုင်းခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ အိုင်ဒီပီစခန်းမှ ဒုက္ခသည်များ စားဝတ်နေ ရေးလည်း အခက်ကြုံခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ကိုးနှစ်ကျော် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခကြောင့် မွတ်ဆလင်ဦးရေ တစ်သိန်းလေးသောင်းကျော်မှာ အိုင်ဒီပီစခန်းပေါင်း ၂၀၀ ကျော်တွင် နေထိုင်နေကြရဆဲဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်တာကာလ NLD အစိုးရလက်ထက်တွင် ယူအန်(UN)၊ အိုင်အန်ဂျီအို (INGOs) အဖွဲ့ဝင်များကို သွား ရောက်ခွင့်ပေးခဲ့သည့်အတွက် အိုင်ဒီပီမိသားစုဝင်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ယူအန်၊ အိုင်အန်ဂျီအိုအဖွဲ့ဝင်များနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ခွင့်ရခဲ့သည်ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင်အိုင်ဒီပီစခန်း က အသက် ၄၀ ကျော်အရွယ် ဒေါ်လိုင်လာဘေဂေါင်က ပြောသည်။

“ တစ်လကို ယူအန်၊ အိုင်အန်ဂျီအဖွဲ့တွေက ဝန်ထမ်းတွေ နှစ်ကြိမ်လောက်အမြဲရောက်ဖြစ်တယ်။ ကျွန်မတို့ ကြုံနေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေးအခက်အခဲတွေကို သူတို့ကိုပြောပြလိုက်လို့ရှိရင် သိပ်မကြာဘူး၊ သူတို့က အနည်း နဲ့အများ ဖြေရှင်းပေးခဲ့ကြတယ်”ဟု ၎င်းကဆိုသည်။

ယခုလို အိုင်ဒီပီစခန်းကဒုက္ခသည်များ စိုးရိမ်နေကြရခြင်းမှာ အမျိုးသမီးများအတွက် အကာအကွယ်ပေးမည့် ဥပဒေမရှိခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSCR)၏ အမျိုးသမီးများနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်အမှတ် UNSCR 1325 ၊ UNSCR 1820 တို့ကို လက်တွေ့တွင်လိုက်နာမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့ အစည်းများက ထောက်ပြကြသည်။

UNSCR 1325 သည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့ များက လိုက်နာရမည့်စည်းကမ်းချက်များ၊ ဆောင်ရွက်ပေးရမည့်လုပ်ငန်းစဉ်များ၊ ကာကွယ်ပေးရေးအစီစဉ်များနှင့် ငြိမ်းချမ်း ရေးဖြစ်စဉ်များတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်များ၌ အမျိုးသမီးများ၏အရေအတွက်တိုးမြှင့်ရန်တို့ ပါဝင်သည်။

အဆိုပါ ဆုံးဖြတ်ချက် UNSCR 1325 ၏ အပိုဒ်(၈)တွင် အိုင်ဒီပီများနှင့် စပ်လျဉ်း၍ မူလနိုင်ငံသို့ပြန်ပို့ခြင်းနှင့်နေရာပြန် လည်ချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် ပဋိပက္ခနှောင်းပိုင်း ပြန်လည်တည်ဆောက်ရေး များတွင် အမျိုးသမီးများနှင့်မိန်းကလေးငယ်များ၏ အထူးလိုအပ်မှုများကို ထည့်သွင်းစဉ်းစားရမည်ဟု ဆုံးဖြတ်ထားသည်။

Photo: Thant Shin Htun

သို့သော် မတော်စ်မီကဲ့သို့ အိုင်ဒီပီများမှာ မိမိကြုံတွေ့နေရသည့် အခက်အခဲကို ထုတ်ဖော်ပြောကြားရန် စိတ်မလုံခြုံဖြစ်နေ ကြရသည်။

“ ကျွန်မတို့ ကြုံနေရတဲ့အခက်အခဲတွေကို စခန်းမှာရှိတဲ့သူတွေအချင်းချင်းပဲ တစ်ဦးကိုတစ်ဦးရင်ဖွင့်နေရတယ်။ တခြား ပြင်ပကလာတဲ့ ဧည့်သည်တွေကို ဘာမှမပြောရဘူးလို့ စခန်းတာဝန်ခံကမှာထားတယ်”ဟု စစ်တွေမြို့နယ်၊ ဒါးပိုင်အိုင်ဒီပီ စခန်းက ဒေါ်လိုင်လာဘေဂေါင်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ အမျိုးသမီးရှေ့နေဒေါ်သော်တာဝင်းက အဆိုပါကန့်သတ်၊ တားမြစ်မှုများကြောင့် အိုင်ဒီပီစခန်းရှိ အမျိုးသမီးများ၏ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် အခွင့်အရေးများ ဆုံးရှုံးနေရပြီး အမျိုးသမီးများအပေါ် အကြမ်းဖက် အနိုင်ကျင့်မှုများ ဖြစ်ပွားပါက ခံရသူအမျိုးသမီးများက မီဒီယာအပါအဝင် အမျိုးသမီးအကူညီပေးရေး ဆောင်ရွက် နေသူများကို ထုတ်ဖော်ပြောကြားရန် မဝံ့မရဲဖြစ်လာမည်ဟု ပြောသည်။

“ ကြုံတွေ့နေရတဲ့အခက်ခဲတွေကို ထုတ်ပြောဖို့ ကန့်သတ်ခံထားရတဲ့အနေအထားမှာ အဲဒီအခွင့်ကောင်းကိုယူပြီးတော့ အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တာ၊ မတရားပြုကျင့်တာတွေ ဖြစ်လာနိုင်တယ် ” ဟု သူ၏အမြင်ကို ပြောသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်းအိုင်ဒီပီစခန်းနှင့် ဒါးပိုင်အိုင်ဒီပီစခန်းသို့ ဆောင်းပါးရေးသူကိုယ်တိုင် သွားရောက်လေ့လာခဲ့ရာ အိုင်ဒီပီစခန်းများရှိ အမျိုးသမီးများမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသည့် အခြေနေများအပြင် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိသည့် နေအိမ်ငယ်နှင့်တန်းလျားများတွင် နေထိုင်နေကြရသည်ကို တွေ့ရှိခဲ့ရသည်။

စစ်တွေမြို့နယ် ဒါးပိုင်အိုင်ဒီပီစခန်းရှိ အိုင်ဒီပီ မိသားစုတစ်စု၏ နေအိမ်မှာ မိုးဒဏ်နှင့်နေဒဏ်ကို ကာကွယ်ရန် အမိုးကို ဓနိချပ်ဟောင်းများဖြင့် မိုးထားပြီး နံရံသုံးဖက်ကို ဝါးထရံဖြင့် ကာထားနိုင်သော်လည်း အိမ်ရှေ့မျက်နှာစာကိုမူ ဓနိချပ် ဟောင်းတစ်ဝက် ဆာလာအိတ်ခွံတစ်ဝက်ဖြင့်သာ ကာထားရသည်ကို တွေ့ရှိခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များက ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှောင်းပိုင်းလုံခြုံရေးဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်နေသည်ဟု ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ထောက်ပြခဲ့သည်။

အဆိုပါ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အကြံပြုချက်များကို NLD အစိုးရထံသို့ အကြံပြုတင်ပြနိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းလိုက်မှုကြောင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များမှာလည်း အကောင်အထည် မဖော်နိုင်တော့ ချေ။

စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အိုင်ဒီပီအမျိုးသမီးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့်ပတ်သက်၍ ၎င်းတို့ကိုကူညီပေးနေသည့် အဖွဲ့အစည်းများက တယ်လီဖုန်းဖြင့်ဆက်သွယ်၍ စိတ်ခွန်အား ဖြစ်စေ မည့် တိုက်တွန်းချက်များကို မကြာခဏပြုလုပ်ပေးသင့်သည်ဟု အိုင်ဒီပီများအတွက် ယူအန်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကူညီပေးနေသည့် Action for Green Earth အဖွဲ့မှ ဒေါ်တင်တင်မူက အကြံပြုသည်။

ယူအန်အဖွဲ့အစည်းက တာဝန်ရှိသူများကလည်း အိုင်ဒီပီစခန်းများသို့ မကြာခဏသွားရောက်ကာ ၎င်းတို့ ကြုံတွေ့နေရ သည့်အခက်အခဲများကို သွားရောက်လေ့လာသင့်သည်ဟု ရခိုင်အခြေစိုက်အမျိုးသမီးအဖွဲ့များက ဆိုကြသည်။

လတ်တလောတွင်တော့ ရခိုင်ပြည်နယ်ရှိ အိုင်ဒီပီများမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းပိုင်းရာ အခက်အခဲအကျပ်အတည်း ကြုံတွေ့ နေကြရပြီး ထိုပြဿနာများကိုပင် ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲဖြစ်နေကြရသည်။

မတော်စ်မီကတော့ “ အသံနည်းနည်းထွက်ခွင့်ရခဲ့တဲ့ ကျွန်မတို့တော့ အာဏာသိမ်းမှုကြောင့် ဆက်ပြီးအသံတိတ်နေရဦး မှာပဲ ” ဟု မဝံ့မရဲသော လေသံဖြင့် ဆိုလေသည်။

Related Articles