Home ဆောင်းပါး လမ်းပေါ်က ပိတ်ဆို့နေတဲ့အတားအဆီးတွေကို ဖယ်ရှားဖို့စေခိုင်းခံရတဲ့ အမျိုးသမီးတွေ

လမ်းပေါ်က ပိတ်ဆို့နေတဲ့အတားအဆီးတွေကို ဖယ်ရှားဖို့စေခိုင်းခံရတဲ့ အမျိုးသမီးတွေ

Honest Information (HI)
“ တို့ပြည်သူတွေညီရဲ့လားဟေ့ ….. ညီတယ်ဟေ့ ညီတယ်ဟေ့”

အထက်ပါကြွေးကြော်သံဟာ ပုံမှန်ကြားနေကျ အချိန်မှာမဟုတ်ဘဲ ညသန်းခေါင်အချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။ အဆိုပါ အသံက ညသပိတ်တွေက ထွက်လာတဲ့ကြွေးကြော်သံလည်းမဟုတ်ပါဘူး။ ကြွေးကြော်သံထွက်ပေါ်လာရာကို ကြည့်လိုက် တဲ့အခါမှာတော့ ဝမ်းနည်းခံပြင်းစရာ မြင်ကွင်းတစ်ခုကို တွေ့ရပါတော့တယ်။

ပြည်သူ ၁၀ ယောက်ခန့်က ကြွေးကြော်သံတွေ အော်နေတာဖြစ်ပြီး သူတို့ကို စစ်သားနဲ့ ရဲတွေက သေနတ်တွေနဲ့ ဝိုင်းချိန် ထားတာပါ။ သူတို့ကို ချိန်းခြောက်ပြီး ကြွေးကြော်သံတွေ အော်ခိုင်းနေတာပဲဖြစ်ပါတယ်။

နေရာက တောင်ဥက္ကလာပမြို့နယ်အတွင်းမှာဖြစ်ပြီး ရဲနဲ့စစ်သားတွေက ည ၁၂နာရီခန့်မှာ ရပ်ကွက်ထဲက အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပြီး အိမ်မှာရှိတဲ့အမျိုးသားတွေကို ပြည်သူတွေကာရံထားတဲ့ လမ်းပေါ်က အတားအဆီးတစ်ခုချင်းဆီကို အတင်းအကျပ် ဖယ်ရှားစေခဲ့တာပဲဖြစ်ပါတယ်။

သဲအိတ်တွေဖယ်ရှားခိုင်းပြီးနောက်မှာတော့ အိမ်ပြန်ရောက်လာခဲ့တဲ့ အမျိုးသားတွေရှိသလို ပြန်မရောက်လာဘဲ ဆက် လက် ဖမ်းဆီးခေါ်သွားခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်မျိုးဟာ တောင်ဥက္ကလာပမြို့နယ်တွင် မဟုတ်ဘဲ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ကြုံတွေ့လာ နေ တာဖြစ်ပါတယ်။ ရပ်ကွက်တွေအတွင်းကို တစ်အိမ်တက်ဆင်းဝင်ရောက်ကာ အမျိုးသားတွေကို ဖမ်းဆီးခေါ် ဆောင်တာ တွေ ရှိလာတာကြောင့် ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေလည်းပျံနှံလာခဲ့ပါတယ်။

ဒါကြောင့် အိမ်တွေကိုလာစစ်ရင် အမျိုးသားတွေဖြစ်တဲ့ ဖခင် ၊ တူ ၊ သား ၊ အစ်ကို ၊ မောင်တွေကို ရှောင်ခိုင်းထားစေပြီး စစ်သားနဲ့ရဲတွေက အိမ်ပေါ်လာခေါ်တဲ့အခါ အမျိုးသမီးတွေက ရှေ့ဆုံးကထွက်လာခဲ့ကြပါတယ်။

ဒါပေမယ့်လည်း စစ်သားနဲ့ရဲတွေက ပြန်လှည့်မသွားပါဘူး။ အမျိုးသားတွေအိမ်မှာမရှိရင် အမျိုးသမီးတွေ ထွက်လာခဲ့လို့ ခေါ်ပြီး လမ်းပေါ်က သဲအိတ်တွေကို ဖယ်ရှားခိုင်းပါတယ်။ အသက်အရွယ်ကြီးပြီဖြစ်တဲ့ အမျိုးသမီးတွေလည်းပါဝင်သလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတွေကိုလည်း ခေါ်ဆောင်သွားခဲ့ကြတာပါ။

အသက် ၁၉ နှစ်အရွယ် မဖူးဖူးကတော့ သူမနဲ့အတူနေတဲ့ အမေ၊ အဒေါ်တို့နဲ့အတူ သဲအိတ်တွေဖယ်ရှားဖို့ လိုက်ပါလာခဲ့ ရသူပါ။

” အဲဒီအချိန်တုန်းက တော်တော်ဒေါသထွက်တယ်။ ပြီးတော့ သူတို့ကလှည်းတန်းတို့ဘာတို့မှာ ယောကျ်ားလေးတွေ ပေါ်တာဆွဲတယ်ဆိုပြီးအသံကြားတော့ ယောကျာ်းလေးတော်တော်များများက ပေါ်တာဆွဲခံရမယ်ထင်ပြီးတော့ မထွက်လာ ကြဘဲ ပုန်းနေကြတာတွေတော်တော်များတယ်။ မထွက်လာတော့ မိန်းကလေးတွေပဲထွက်လာရတယ်။ အသက်ကြီးကြီး အဒေါ်ကြီးတွေက အစပါတယ်။ လူကြီးတွေဆိုတော့ မလုပ်နိုင်ကြဘူး။ အဒေါ်ဆိုလည်းတော်တော်နေမကောင်းဖြစ် နေတာ။ ညီမတို့လူငယ်တွေကပဲ လုပ်ပေးလိုက်တယ်” လို့ မဖူးဖူးက သူ့အတွေ့အကြုံကိုပြောပါတယ်။

တကယ်တော့ လမ်းမှာပိတ်ဆို့နေတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ဆိုတာ အာဏာအင်အား စက်ကိရိယာအကူ အပြည့် အစုံရှိနေတဲ့ စစ်သားနဲ့ရဲတွေအတွက် ကြီးမားတဲ့ အခက်အခဲမဟုတ်ပါဘူး။

ဆန္ဒပြပွဲတွေဖြိုခွင်းခဲ့စဉ်ကလည်း အတားအဆီးတွေကို ဘူဒိုဇာနဲ့ထိုးပြီး မိနစ်ပိုင်း ၊စက္ကန့်ပိုင်းအတွင်းဖယ်ရှားခဲ့သလို ရပ် ကွက်တွေအတွင်းကိုလည်း အင်အားအလုံးအရင်းနဲ့ဝင်လာပြီး စစ်သားနဲ့ရဲတွေ ကိုယ်တိုင်ဖယ်ရှားခဲ့ကြတာတွေရှိပါတယ်။

အခုလို ပြည်သူတွေကို ခိုင်းစေတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ကြတာဖြစ်သလို ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ယိမ်း ယိုင်အောင် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

” တောက်လျှောက်မှာ barriers (အတားအဆီးတွေ)က ငါးခုလောက်ရှိတယ်။ သဲအိတ်တွေကလည်းအများကြီးပဲ။ သဲအိတ်တွေက ရေလည်းဖြန်းထားတော့ အရမ်းလေးတယ်။ သူတို့ရဲတွေ စစ်သားတွေကလေ ပါလာတာ အယောက် ၅၀ လောက်ရှိတယ်။ ညီမတို့လုပ်နေတာကို ဓာတ်ပုံတွေရိုက်တယ်။ ပတ်ပတ်လည်မှာ အယောက် ၃၀ ကျော်လောက်ရှိတယ်။ လက်ပိုက်ကြည့်နေတာ။ ဝိုင်းလုပ်ပေးတာမရှိဘူး။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်” လို့ မဖူးဖူးကပြောပါတယ်။

မဖူးဖူးတို့ကိုစတင်ခေါ်ဆောင်လာရာ တောင်ဥက္ကလာမြို့နယ် မာလာကွေ့ကနေ တကောင်းလမ်းတလျှောက် အမျိုးသား အမျိုးသမီးအယောက် ၃၀ ခန့်ကို စစ်သားနဲ့ရဲတွေက ခေါ်ဆောင်လာခဲ့ပြီး လမ်းတလျှောက်မှာရှိတဲ့ သဲအိတ်တွေကို စစ်ကားတွေပေါ် တင်ပေးခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီးတွေဖြစ်ပေမယ့် လက်နက်ကိုင်ထားတဲ့ အမျိုးသားတွေအပေါ် ကြောက်ရွံ့နေတာမျိုးမရှိသလို ပြန်လည်တုန့်ပြန့် တာမျိုးကိုလည်း မပြုလုပ်ခဲ့ကြဘဲ အေးအေးချမ်းချမ်းနဲ့ အိမ်ပြန်နိုင်အောင် သဲအိတ်တွေကိုသာ အားစိုက်ပြီးသယ်ပေးခဲ့ကြ ပါတယ်။

” သဲအိတ်တွေကိုသူတို့ကားတွေပေါ်တင်ခိုင်းတယ်။ တင်ခိုင်းပြီးတော့ယောကျာ်းလေးတွေကို သူတို့ဆီလိုက်ခဲ့တဲ့။ သူတို့ သဲအိတ်ချရင်လူမရှိဘူးဆိုပြီးတော့ ယောကျာ်းလေးတွေ ကိုခေါ်သွားတယ်။ မိန်းကလေးတွေပဲကျန်ခဲ့တယ်။ နောက်ပိုင်း ထွက်လာတဲ့သူတွေကလည်း ယောကျာ်းလေးနည်းတော့ မိန်းကလေးတွေပဲသယ်လိုက်ရတယ်။ ကာထားတာတွေကလည်း လူတစ်ရပ်ကျော်လောက်ရှိတယ်။ အရမ်းများတော့ နောက်ပြီးသူတို့ကားကလည်း အရမ်းမြင့်တော့ တော်တော်တင်ပေး လိုက်ရတယ်” လို့ မဖူးဖူးက သူမကြုံတွေခဲ့ရတာကို ပြန်ပြောပြပါတယ်။

သူတို့ကို နေ့လည် သုံးနာရီလောက်က ခေါ်ဆောင်သွားတာဖြစ်ပြီး မဖူးဖူးတို့အိမ်ပြန်ရောက်လာချိန်ကတော့ ညနေ ငါး နာရီခန့်ရှိနေပါပြီ။ နောက်ထပ်တစ်နေရာကို ဆက်သွားဖို့ ပြင်ဆင်နေတဲ့အချိန် အမျိုးသမီးတွေအားလုံးကလည်း သဲအိတ် တော်တော်များများကို သယ်ပေးပြီးပြီဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

” အကုန်လုံးဝိုင်းပြောတော့မှ ပြန်လွှတ်လိုက်တယ်။သူတို့ပြောတာကတော့ ဒီလိုလုပ်ခိုင်းတာ ကျွန်မတို့ကို ပညာပေးလိုက် တဲ့သဘောပေါ့။ နောက်တစ်ခါ ဒီလိုမျိုးတွေ လမ်းမှာပိတ်ထားတာတွေ့ရင် ကျွန်မတို့ရဲ့ တာဝန်ဖြစ်သွားပြီလို့ အဲ့လိုမျိုး တော့ပြောတယ်” လို့ ခေါ်ဆောင်သွားရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြန်ပြောပြပါတယ်။

တောင်ဥက္ကလာသံသုမာလမ်းပေါ်က အတားအဆီးတွေကိုလည်း လာရောက်ဖြိုခွင်းခဲ့ကြပြီး “ညဘက်ပြန်လာကြည့်လို့ ထပ်မံပိတ်ဆို့ထားတာတွေရှိပါကပစ်သတ်မယ်” လို့ ခြိမ်းခြောက်တာတွေရှိသလို “အရေးယူမယ်” လို့လည်း အော်လံနဲ့ ရပ်ကွက်ထဲ အော်ပြောသွားကြပါတယ်။

အလားတူ တောင်ဥက္ကလာ ရတနာလမ်းမမှာတော့ အိမ်တွေကို တံခါးလိုက်ခေါက်ပြီး လမ်းပေါ်မှာကပ်ထားတဲ့ စတေ ကာတွေကို အမျိုးသမီးတွေကိုခွာခိုင်းပြီး ယောက်ျားသားတွေကိုတော့ သဲအိတ်တွေကို ဖယ်ရှားခိုင်းခဲ့တဲ့ဖြစ်ရပ်လည်းရှိခဲ့ ပါတယ်။

တချို့အမျိုးသားတွေကို ပြန်လွှတ်လိုက်တာတွေရှိပေမယ့် ခေါ်သွားတဲ့သူတွေအကုန်လုံး အိမ်ပြန်မရောက်လာကြဘူးလို့ စောင့်ကြည့်နေတဲ့ပြည်သူအချို့ကပြောပါတယ်။

” မနက်က၅/၇ဗြဟ္မစိုရ်မှာ ကျွန်တော့်သူငယ်ချင်းကို နာမည် ၊ အိမ်နံပါတ်အတိအကျနဲ့လာဖမ်းတာ အိမ်မှာမရှိလို့ သူ့အမေ ကိုခေါ်သွားပါတယ်။ အိမ်ကိုလည်းမွှေနှောက်ဖျက်ဆီးသွားပြီးတော့ အခုသူ့အမေကို တ/ဥရဲစခန်းကို ခေါ်ဆောင်သွားပါ တယ်။ အခုတော့အင်းစိန်ပို့လိုက်ပြီလို့လည်းကြားတယ်။ ရှေ့နေခေါ်ပြီး ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ကိုအောင် ခန့်က ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆန္ဒပြနေကျ လမ်းမကြီးတွေပေါ်က အတားအဆီးတွေ လျော့နည်းလာနေပါတယ်။

ရပ်ကွက်တွေအတွင်း တားဆီးကာရံထားတဲ့တံခါးတွေ သဲအိတ်တွေဝါးကပ်တွေကိုလည်း ဖျက်ဆီးဖြိုဖျက်ကာ လက်နက် ကိုင် အကြမ်းဖက်နေတဲ့စစ်သားနဲ့ရဲတွေဟာ နေ့ရောညပါ ရပ်ကွက်တွေထဲ အချိန်မရွေး ဝင်ထွက်သွားလာနေကြတာ ဖြစ်ပါ တယ်။

ရပ်ကွက်အတွင်း ပိတ်ဆို့တားဆီးထားရင် ရပ်ကွက်နေပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတာကြောင့် ပိတ်ဆို့မှုတွေကို ထပ်မံမပြုလုပ်ကြဖို့ တောင်းဆိုသူတွေလည်းရှိသလို ပိတ်ဆို့ထားမှုတွေမလုပ်ရင် အလွယ်တကူဝင်ရောက် လာမယ့် စစ်သားနဲ့ရဲတွေရဲ့ အန္တရယ်ကိုလည်း ထည့်သွင်းစဉ်းစားနေကြရပြန်ပါတယ်။

လမ်းမကြီးပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူအချို့ကလည်း အခုလို ရပ်ကွက်ထဲက အိမ်တွေအတွင်း ဝင်ရောက်ဖမ်းဆီးမှုတွေနဲ့ လမ်းမပေါ်ကာရံထားတဲ့ အတားအဆီးတွေမရှိတော့တာကြောင့် နေအိမ်ကနေ ပြောင်းရွေ့ထွက်ခွာသွား ကြသူတွေလည်းရှိ နေခဲ့ပါတယ်။

လူငယ်တွေကတော့ သဲအိတ်တွေဖယ်ရှားရတာတွေ အတားအဆီးတွေကို ပြန်လည်တည်ဆောက်တာတွေကို ပြည်သူ အချင်းချင်းစိတ်ဝမ်းမကွဲဘဲ ညီညီညွှတ်ညွှတ်နဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းနေကြပါတယ်။

ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို ပြည်သူအချင်းချင်းကသာ ကာကွယ်နေရတာဖြစ်တာကြောင့် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားခိုင်းရင်လည်း ဖယ်ရှားပေးသွားမှာဖြစ်သလို ဖယ်ရှားထားတဲ့ အတားအဆီးတွေကို ပြန်လည် ပိတ်ဆို့ထားဖို့အတွက် ကိုလည်း ပြည်သူတွေအနေနဲ့ တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်သွားကြရဦးမှာဖြစ်ပါတယ်။

” အိမ်မှာနေရင်းလည်းမလုံခြုံတော့သလို ညဘက်တွေ အိပ်မပျော်နိုင်ကြတော့ဘူး။ အတားအဆီးတွေ လုပ်ထားလည်း ဖျက်ပြီးဝင်လာတာပဲ။ အတားအဆီးတွေမလုပ်ထားလည်း သေနတ်တွေပစ်ပြီး ဝင်လာနေကြတာပဲ။ နေ့ခင်းလည်း တံခါး တွေဖျက်ပြီးဝင်လာကြတာပဲ။ ညဘက်မိုးချုပ်လေပိုဆိုးလေပဲ” လို့ သဲအိတ်တွေဖယ်ရှားပေးရာမှာ ပါဝင်ခဲ့ရတဲ့ အမျိုး သမီးတစ်ဦးက ခပ်တိုးတိုးလေး ရေရွတ်နေပါတော့တယ်။

Related Articles