Home ဆောင်းပါး စစ်အာဏာသိမ်းမှုကြောင့် မလုံခြုံမှုရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

စစ်အာဏာသိမ်းမှုကြောင့် မလုံခြုံမှုရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

Honest Information (HI)

မဖြူဝင်း(အမည်လွှဲ)တစ်ယောက် သင်တန်းသွားဖို့ ဘတ်စ်ကားစီးတဲ့အခါ ကားပေါ်မှာ လူသိပ်မကြပ်ဘဲ ထိုင်ခုံတွေက တော့ ပြည့်နေပါတယ်။ အဲ့ဒီအချိန် လူတစ်ဦးက သူ့အနားကိုကပ်လာပါတယ်။ သူ့နောက်ကို ရောက်တဲ့အခါ အဲ့ဒီလူဟာ သူ့ကို မထိတထိလုပ်ပါတော့တယ်။

မဖြူဝင်းမတ်တပ်ရပ်နေတဲ့ နေရာအနောက်ကို အတင်းတိုးကပ်ပြီး မဖွယ်မရာမထိတထိလုပ်တာပါ။ အစကတော့ ကားလှုပ် လို့ ဖြစ်မှာပါဆိုတဲ့အတွေးနဲ့ လျစ်လျူရှခဲ့ပေမယ့် ပိုအတင့်ရဲလာတဲ့အခါ မဖြူဝင်းတစ်ယောက်ထိတ်လန့်ရပါတော့တယ်။

ဒါပေမယ့် ထိတ်လန့်နေရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ တွေးမိပြီး အဲ့ဒီလူရဲ့ခြေထောက်ကိုတက်နင်းကာ ဖခင်ဖြစ်သူကို သင်တန်း မရှိတော့ကြောင်း ဖုန်းဆက်၊ အဘဖြစ်သူနဲ့အကိုဖြစ်သူကို ရှေ့မှတ်တိုင်မှာ လာကြိုပေးဖို့ ပြောပေးပါဆိုပြီး အဲ့လူကြားလောက်တဲ့ အသံအနေအထားနဲ့ ဖုန်းပြောခဲ့ပါတယ်။ အဲ့ဒီအခါမှ ထိုသူကတခြားနေရာကိုရွှေ့သွားခဲ့တယ်လို့ မဖြူဝင်းက ဇွန်လက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

“ ပုံမှန်ဆို အော်ဟစ်အကူအညီတောင်းလို့ရပေမယ့် မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေကြောင့် ထောင်ထွက်လား။ မကောင်းတဲ့လူလား မသိနိုင်လို့ ရမ်းမအော်ရဲခဲ့ဘူး။ လက်နက်တစ်ခုခုနဲ့ ရန်ပြုသွားမှာကြောက်လို့ပါ” လို့ မဖြူဝင်းကပြောပါ တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေဟာ ဘတ်စ်ကားတွေ၊ လမ်းတွေမှာ တစ်နည်းနည်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုတွေကို အတော်များများ ကြုံတွေ့နေကြရပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတော့တဲ့ အခြေအနေမှာ ဒုစရိုက်မှုကို ကျူးလွန်မယ့်သူတွေဟာ ပိုပြီးအတင့်ရဲလာကြတာပါ။ စစ်အာဏာသိမ်းပြီးနောက် မဖြူဝင်းလို ဘတ်စ်ကားပေါ် မှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု ကြုံတွေ့ရတဲ့ အမျိုးသမီးတွေ ဘယ်လောက်များရှိနေပါပြီလဲ။

နိုင်ငံရေးအခြေအနေတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ ကာလတွေမှာတောင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု တွေကို ဥပဒေအရအရေးယူနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေက လုံလုံလောက်လောက်မရှိခဲ့ပါဘူး။ စစ်အာဏာသိမ်းပြီး နောက်မှာတော့ ဥပဒေရဲ့အကာအကွယ်ကိုယူနိုင်ဖို့ ပိုလို့တောင်အလှမ်းဝေးသွားခဲ့ပါပြီ။

မထသ စနစ်ကနေ YBS အဖြစ်အသွင်းပြောင်းခဲ့ပြီး ဘက်စ်ကားတွေမှာ CCTV တပ်ဆင်တာ၊ အမျိုးသမီးတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကြုံတဲ့အခါ ကိုယ်တိုင်အော်ဟစ်ပြီးတုံ့ပြန်တာ၊ ပတ်ဝန်းကျင်ကိုအကူအညီတောင်းတာ၊ နှောင့် ယှက်တဲ့သူကို ဓာတ်ပုံ၊ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်တာ စတဲ့တုံ့ပြန်မှုတွေပြုလုပ်ကြတဲ့အတွက် ကျူးလွန်သူတွေ အတွက် အခွင့်မသာခဲ့ဘဲ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ အနည်းအကျဉ်းတော့လျော့ကျခဲ့ပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာပြည်သူတွေအားလုံးဟာ မလုံခြုံမှုတွေနဲ့နေ့စဉ်ဖြတ် သန်းနေရပြီး ဘယ်ကပေါ်လာမယ်မှန်းမသိတဲ့ အန္တရာယ်တွေနဲ့အတူ ယှဉ်တွဲနေထိုင်ကြရပါတယ်။

ဒီလိုမလုံခြုံမှုတွေကြားထဲမှာမှ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမှုတွေက စစ်အာဏာသိမ်းပြီးနောက်မှာ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။

ဘက်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ကြုံတွေရတဲ့အကြောင်းကို အချို့အမျိုးသမီးတွေက သူတို့ရဲ့လူမှုကွန်ရက် တွေပေါ်မှာရေးသား ထုတ်ဖော်ပြောလာကြပါတယ်။ အဲ့လိုရေးသားထားတဲ့ အကြောင်းအရာပိုစ့်တွေရဲ့ comment တွေမှာ လည်း အလားတူဖြစ်ရပ်တွေနဲ့ကြုံတွေ့ရကြောင်း အမျိုးသမီးတော်တော်များများက ပြန်လည်မျှဝေရေးသားတာကို တွေ့ရ ပါတယ်။

စစ်အာဏာသိမ်းပြီး ခုနစ်လအတွင်း လိင်ပိုင်းဆိုင်ရာထိပါးမှုကြုံတွေ့ကြောင်း ဖော်ထုတ်ရေးသားထားတဲ့ အဖြစ်အပျက် ၁၀ ခု ထက်မနည်း ရှိခဲ့ပါတယ်။ ဒီအရေအတွက်က လူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုရေးသားကြတဲ့ အရေအတွက်မျှသာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် မဖြူဝင်းကသူကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုကို သူ့နည်းသူ့ဟန်နဲ့ရှောင်လွဲနိုင်ခဲ့ပေမယ့် အပြင်သွားတဲ့အခါတိုင်း မလုံခြုံဘူးဆိုတဲ့ခံစားချက်ကို စစ်အာဏာသိမ်းပြီးနောက်မှာ ပိုခံစားနေရတယ်လို့ဆိုပါတယ်။

“ ဖေဖော်ဝါရီလထဲက ဥပဒေကအကာအကွယ်မဲ့နေတာ၊ ဘယ်သူကဘာလုပ်သွားပါတယ်လို့ အတိအကျပြောနိုင်ရင် တောင် တရားဥပဒေအရ အပြစ်ပေးနိုင်ဖို့က ဒီအချိန်မှာ ၅၀ရာခိုင်နှုန်းပါပဲ” လို့ မဖြူဝင်းကဖွင့်ဟပါတယ်။

မဖြူဝင်းလို ဘက်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ကြုံတွေ့ခဲ့ဖူးသူကတော့ အသက် ၂၁ နှစ်အရွယ် မရွှေရည် (အမည်လွှဲ)ပါ။ ဆန္ဒပြပွဲကနေ အိမ်ကို ဘက်စ်ကားစီးပြန်ခဲ့ရာမှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ကားပေါ်လူများနေတဲ့အတွက် ထိုင်ခုံမရတာကြောင့် မတ်တပ်ရပ်စီးခဲ့ရစဉ်မှာ အမျိုးသားတစ်ဦးက အနားကိုလာပြီး ကားကြပ်တာကို အခွင့်ကောင်းယူကာ ပွတ်သီးပွတ်သပ်လုပ်တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီအခြေအနေမှာ အဆိုပါအမျိုးသားရဲ့ ခြေထောက်တွေကိုတက်နင်းတာ၊ ကားဘရိတ်အုပ်လိုက်တိုင်း တံတောင်နဲ့ ခေါင်းကိုပြေးတိုက်တာ စတဲ့အပြုအမူနဲ့တုံ့ပြန်ခဲ့တဲ့အတွက် နောက်ဆုတ်သွားပါတော့တယ်။

“ ကားပေါ်မှာ ဆန္ဒပြရာကပြန်လာကြတဲ့ သူတွေချည်းပဲမို့ အားလုံးကပင်ပန်းနေကြမှန်းသိလို့ကြိတ်ပြီး ဖြေရှင်းခဲ့တယ်” လို့ မရွှေရည်ကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ တခြားသောအန္တရာယ်တိုင်းကို စိုးရိမ်နေမိတဲ့ အခြေအနေမှာပဲ မရွှေရည်တစ်ယောက် လိင်ပိုင်းဆိုင်ရာထိပါးမှုကို ပထမဆုံးအကြိမ်ကြုံဖူးခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးအများစုက ကားပေါ်မှာဒီလိုလိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေနဲ့ကြုံရတဲ့အခါ ရှောင်ထွက်တာ၊ နီးစပ်ရာမှတ်တိုင်မှာ ဆင်းလိုက်တာ စတဲ့ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြသလို တစ်ချို့အမျိုးသမီးတွေကတော့ ကျူးလွန်သူကို အော်ဟစ် ရန်တွေ့တာ ကိုယ်ထိလက်ရောက်တုံ့ပြန်တာ စတဲ့ပုံစံအမျိုးမျိုးနဲ့ဖြေရှင်းကြပါတယ်။

မထက်ထက်(အမည်လွဲ)ကတော့ စစ်အာဏာသိမ်းပြီးနောက်မှာ ဒီလိုလိပ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေနဲ့ ခဏခဏကြုံ တွေ့ရပေမယ့် ကြောက်တတ်တဲ့အတွက် ရှောင်ထွက်တာ၊နေရာပြောင်းတာ၊ ကားပေါ်ကဆင်းတာ စတဲ့ဖြေရှင်းနည်းကိုသာ အသုံးပြုပါတယ်။

“ လူကြီးတစ်ယောက် ကပ်ရပ်နေပြီး လူကလဲကြပ်တော့ နားနားအတင်းကပ်ပြီး ဘယ်မှာနေတာလဲတဲ့ မထိတထိ လာ လုပ်တော့ ကြောက်ပြီးကားပေါ်ကနေဆင်းလိုက်တယ်”လို့ မထက်ထက်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

ဒီလိုထိပါးမှုမျိုးနဲ့ကြုံတွေခဲ့ဖူးတဲ့ မထက်ထက်ရဲ့ သူငယ်ချင်းဖြစ်သူကတော့ ကျူးလွန်သူကို ပါးရိုက်တုန့်ပြန်တာမျိုး ပြုလုပ် ခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူရဲ့တုံ့ပြန်မှုကိုပြောပြပါတယ်။

“ သူငယ်ချင်းတစ်ယောက်ဆို စိတ်ကြိုက်ပါးရိုက်ခဲ့တာ အသားတွေပါတုန်နေတာ၊ အော်ပြီးတော့ရိုက်တာ တစ်ကားလုံး ကလည်းကြည့်နေတော့ အဲ့လူရှက်ပြီးခေါင်းငုံ့နေတာ” လို့ မထက်ထက်ကဆိုပါတယ်။

ဘတ်စ်ကားပေါ်မှာမဟုတ်ဘဲ လူသွားလူလာများတဲ့ လမ်းမပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ကြုံတွေခဲ့ဖူးသူကတော့ မနိုနို (အမည်လွှဲ) ပါ။

လမ်းလျှောက်နေစဉ်အချိန်မှာ နှုတ်အမှုအရာ ကိုယ်အမူအရာနဲ့ ထိပါးမှုကိုကြုံတွေ့ခဲ့ရတဲ့အတွက် အနားမှာရှိတဲ့ အရာ ဝတ္ထုနဲ့ကောက်ပေါက်ပြီး တုံ့ပြန်ခဲ့ပါတယ်။

“အခုကာလကြီးမှာဆိုတော့ ဘယ်သူ့ကိုမှသွားတိုင်လို့လဲမရဘူး။ကိုယ့်အားကို ကိုးရမှာပဲ”လို့မနိုနိုကပြောပါတယ်။

မနိုနိုတစ်ယောက် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ကိုဗစ်ပထမလှိုင်းကြောင့်တစ်နိုင်ငံလုံး Stay Home သတ်မှတ်ချိန် လမ်းမှာလူသွား လူလာမရှိချိန်ကတောင် အလုပ်ကပြန်တဲ့အခါလုံခြုံမှုရှိခဲ့ပေမယ့် အခုဆိုရင်တော့ ညရောက်တာနဲ့အပြင်မထွက်ရဲတော့ဘူး။

“ စစ်သားတွေနဲ့တိုးမလား၊ တဏှာရူးတွေနဲ့တိုးမလား၊ လုတဲ့သူတွေနဲ့တိုးမလားလို့ကြောက်နေရတယ်”လို့ မနိုနိုကစိုးရိမ်စွာ ဆိုပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ အရ မည်သူမဆို မိန်းမတစ်ယောက်ရဲ့ ကာယိန္ဒြေကိုပျက်စီးစေရန် အကြံဖြင့်သော် လည်းကောင်း၊ ကာယိန္ဒြေပျက်စီးနိုင်သည်ကိုသိလျက်နဲ့သော်လည်းကောင်း၊ လက်ရောက်မှုကျူးလွန်လျှင်(သို့မဟုတ်) ရာဇ ဝတ်မကင်းသော အနိုင်ထက်ပြုမှုကိုပြုလျှင် ထိုသူကို နှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၉ မှာ မည်သူမဆိုမိန်းမတစ်ယောက်ရဲ့ ကာယိန္ဒြေကို စော်ကားရန်ကြံရွယ်၍ ပြောဆိုခြင်း၊ အသံပြုခြင်း (သို့မဟုတ်)ကိုယ်အမူအရာကိုပြသခြင်း(သို့မဟုတ်) အရာဝတ္ထုတစ်ခုခုကို ပြသရာတွင် ပြောဆို သောစကားကိုဖြစ်စေ၊ပြုသောအသံကိုဖြစ်စေ၊ထိုမိန်းမအား ကြားစေရန်ကြံရွယ်လျှင်၊သို့မဟုတ် ပြုသောအမူအရာကို ဖြစ် စေ၊ ပြသောအရာဝတ္တုကိုဖြစ်စေ ထိုမိန်းမအားမြင်စေရန် ကြံရွယ်လျှင် (သို့မဟုတ်)ထိုမိန်းမ၏ ကာယိန္ဒြေကို စော်ကား ရန်ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ပြဌာန်းထားပါတယ်။

ဒီလိုဥပဒေတွေရှိပေမယ့်လည်း လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကြုံတွေ့ခံစားရတဲ့ အမျိုးသမီးတွေဟာ အခုလိုနိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာတော့ ဉပဒေအရဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ တညီတညွတ်ထဲဆိုကြပါတယ်။

“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလူတိုင်းဘဝ မလုံခြုံတော့ပါဘူး။ အမျိုးသမီးတွေဆိုတာ ခန္ဓာဗေဒအရရယ်၊ လူ့အသိုင်း အဝိုင်း အမြင်အစွဲတွေအရ ပိုပြီး ထိခိုက်နိုင်တဲ့သူတွေဖြစ်တဲ့အခါ မလုံခြုံမှုအန္တရာယ်ပိုခံစားရတယ်” လို့ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးကပြောပါတယ်။

အခုကာလမှာလည်းတရားစီရင်ရေးက ငွေရှိမှ အမှုလုပ်နိုင်မှာဆိုတဲ့အနေအထားအပြင် ရဲစခန်းအကူအညီယူဖို့ကလည်း ကိုယ့်ပြန်ဖမ်းမလားစိတ်ပူနေရတဲ့ အခြေအနေဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းခဲ့ကြတဲ့ အမျိုးသမီးတွေကတော့ ဒီလိုထိပါးမှုတွေကြုံတွေ့ ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့အကူအညီတောင်းဖို့၊ တစ်နည်းနည်းနဲ့တုံ့ပြန်ဖို့၊ ကိုယ့်အားကိုကိုးပြီးဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

မဖြူဝင်းက “ ကိုယ့်နိုင်ငံမှာက Sex Education ကိုအခြေခံလေးတောင်မသင်ခဲ့ကြရဘူးမို့ လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ ကြုံလာ ရင် ပြာထွက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်တတ်တယ်။ တကယ်လို့တစ်စုံတစ်ခုကြုံလာရင် ကြောက်စိတ်ဝင်လာရင် ငါပဲဒါမျိုး ကြုံတာမဟုတ်ဘူးလို့ပြောင်းတွေးပစ်ပါ။ ငါ့နေရာမှာ တခြားတစ်ယောက်ဒါမျိုးဖြစ်ရင် ငါဘယ်လိုအကြံပေးမလဲ အမြန်တွေး ပါ။ လူ့စိတ်ဆိုတာ ကိုယ့်အတွက်နဲ့သာစိုးရိမ်စိတ်ဝင်တာ သူများအတွက်ဆို အကြံပေးနိုင်စွမ်းရှိတတ်ပါတယ်။ ဘာကိစ္စပဲကြုံ လာလာ သွေးအေးအေးစိတ်အေးအေးထားပြီး မပြာဖို့လိုတယ်”လို့ အကြံပြုပါတယ်။

မနိုနိုကလည်း အမျိုးသမီးတွေအနေနဲ့ အဲ့ဒီလို ကိစ္စတွေကြုံလာခဲ့ရင် မကြောက်လန့်ဖို့ ယခုလို အကြံပြုပါတယ်။

“ တစ်နည်းနည်းနဲ့ပြန်တုံ့ပြန်ခဲ့ပါ။ မရှက်ပါနဲ့မကြောက်ပါနဲ့၊ ကိုယ်တိုင်ပြန်မလုပ်နိုင်ရင် ဘေးပတ်ဝန်းကျင်က လူတွေကို ရအောင်ပြောပါ။ အဲ့လိုမပြောနိုင်ရင် Sexual Harassment လုပ်ခံရတာက တစ်သက်လုံး စိတ်ဒဏ်ရာရစေနိုင်လောက် တယ်။ တချို့ဆို စိတ်ကျရောဂါအထိဖြစ်နိုင်ပါတယ်”

Related Articles