Home ဆောင်းပါး ဒုက္ခတွေကြားက မသန်စွမ်းအမျိုးသမီးတွေ

ဒုက္ခတွေကြားက မသန်စွမ်းအမျိုးသမီးတွေ

Honest Information (HI)။ ။

“ဘယ်နားမှာဗုံးလာကြဲမလဲ။ဘယ်တော့ထပ်ပြီး ထွက်ပြေးရမလဲဆိုတဲ့စိတ်နဲ့ပဲနေနေရတယ်” လို့ အမျိုးသမီးတစ်ဦးက စိတ်လှုပ်ရှားစွာနဲ့ပြောပါတယ်။

မေလအကုန်ကစတင်ကာ စစ်ကောင်စီကိုချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေက ရင်ဆိုင်တိုက်ခိုက်ရင်း တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပြည်သူအချို့ဟာ မြို့ပေါ်မှာမနေနိုင်တော့ပဲ တောထဲတောင်ထဲ နဲ့ လုံခြုံတဲ့နေရာတွေ ဆီရွေ့ပြောင်းနေကြရပါတော့တယ်။ အဲ့ဒီအထဲမှာ အယ်နီတို့လို မသန်စွမ်းအမျိုးသမီးတွေလည်းပါဝင်ပါတယ်။

ကန်ပက်လက်က မသန်စွမ်းအဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်ပြီး ဇာတိမြို့ကမသန်စွမ်းအရေးအတွက် တတ်နိုင်သမျှစွမ်းဆောင်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တဲ့ အယ်နီဟာ အခုအခါမှာတော့ စစ်ဘေးရှောင်အဖြစ် ဒုက္ခတွေနဲ့ရင်ဆိုင်နေရပါတော့တယ်။

ကုလသမဂ္ဂရဲ့ ဇွန်လအတွင်းက ခန့်မှန်းတွက်ချက်မှုအရ ချင်းပြည်နယ်မှာ စစ်ဘေးရှောင် ၂၀,၀၀၀ နီးပါးရှိနေပြီလို့ ဆိုပါတယ်။စစ်ပြေးနေရသူတွေဟာ တောထဲတောင်ထဲမှာ ပုန်းခိုနေရတာ နှစ်လကျော်သုံးလနီးပါး ရှိနေပြီဖြစ်ပြီးတော့ အစားအသောက်ကအစ နေရေးထိုင်ရေးတွေလည်းခက်ခဲနေပါတော့တယ်။

စားနပ်ရိက္ခာအတွက်သယ်လာတဲ့ အစားအသောက်တွေကိုသာ စားနေကြရတာဖြစ်ပြီး တောထဲမှာစားလို့ရတဲ့ အရွက်မှန်သမျှနဲ့ ချက်ပြုတ်စားသောက်ရတယ်လို့ သူကဆိုပါတယ်။ အိပ်တဲ့အခါမှာလည်း ဖြစ်သလိုအိပ်ရပြီး စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေကြရပါတယ်။

ထမင်းစားလို့မရတဲ့နေ့တွေနဲ့ ညဘက်အိပ်လို့မရဘဲ မိုးလင်းပေါက်ကြောက်စိတ်တွေနဲ့ ဖြတ်သန်းရတဲ့ နေ့တွေလည်းရှိတယ်လို့ အယ်နီကဆိုပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မသန်စွမ်း အရေအတွက်ဟာ (၂.၃) သန်းကျော်ရှိနေပါတယ်။

သာမာန်အချိန်မှာတောင် မသန်စွမ်းတွေအတွက် အထူးအခွင့်အရေးတွေ၊ အခြေခံအဆောက်အအုံတွေ အားနည်းလှတဲ့မြန်မာနိုင်ငံမှာ အခုလို စစ်ဘေးမျိုးနဲ့ကြုံရတဲ့အချိန်မှာ မသန်စွမ်းတွေအတွက် ပိုလို့တောင် အခက်ကြုံကြရပါတယ်။

“သူများတွေလိုသန်သန်မာမာနဲ့မဟုတ်ဘူးဆိုတော့။ သူများတွေထွက်ပြေးနေတဲ့အချိန်မှာ သူများခေါ်တဲ့အတိုင်းပဲ နေရတာပေါ့”လို့အယ်နီကဆိုပါတယ်။

ပုန်းခိုတဲ့နေရာအတွက် လိုအပ်တာတွေဝိုင်းကူလုပ်ပေးချင်ပေမယ့်လည်း မသန်စွမ်းတစ်ဦးဖြစ်တဲ့အတွက် တချို့အရာတွေကို မကူညီနိုင်ပဲရှိနေတယ်လို့ အယ်နီကဆိုပါတယ်။

အယ်နီတစ်ယောက် လက်ရှိအချိန်အထိ ကြုံနေရတဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရင်း အဆိုးရွားဆုံး အခြေအနေအထိ စိတ်ကိုပြင်ဆင်ထားပါတော့တယ်။

“ပုန်းနေတဲ့နေရာအထိလိုက်လာရင်တော့ ထွက်ပြေးမယ့်နေရာမရှိတော့တဲ့အခြေအနေရှိမယ်ဆို အဲ့နေရာမှာပဲ ဖြစ်သမျှခံရတော့မှာပေါ့”လို့ဝမ်းနည်းစွာဆိုပါတော့တယ်။

အယ်နီတို့လို နေရပ်မှာမနေပဲထွက်ပြေးတိမ်းရှောင်နေရတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့ ကယားပြည်နယ် ဖရူဆိုက ရီတာလင်းပဲဖြစ်ပါတယ်။

မေလလယ်ကစပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေဟာ ဘေးလွှတ်ရာ ရွာတွေကို ရွေ့ပြောင်းနေထိုင်ကြရပါတော့တယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူဦးရေ သုံးသိန်းလောက်ရှိတဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ပြည်သူ တစ်သိန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုပါက ကယားပြည်နယ်ထဲ နေထိုင်သူ သုံးယောက်မှာ တစ်ယောက်နှုန်း စစ်ပြေးနေရတဲ့သဘောဖြစ်ပါတယ်။

ရီတာလင်းတာတော့ စစ်ဘေးရှောင်စခန်းမှာမဟုတ်ပေမယ့် ဖရူဆိုမြို့နဲ့ အနည်းငယ်လှမ်းတဲ့ ရွာငယ်လေးမှာ တိမ်းရှောင်နေထိုင်နေတာဖြစ်ပါတယ်။

ဒီးမော့ဆိုနဲ့ဖရူဆိုဟာ ကားနဲ့သွားရင် မိနစ် ၂၀ ခန့်သာကြာပြီး ၁၀ မိုင်ခန့်သာဝေးတဲ့အတွက် ဒီးမော့ဆိုမှာ အခြေအနေတွေဆိုးဝါးတဲ့အချိန်က စတင်ပြီးကာ တိမ်းရှောင်နေခဲ့တာဖြစ်ပြီး လက်ရှိနေထိုင်တဲ့ရွာကိုရောက်တာ တစ်လနီးပါးရှိပါပြီ။

လက်ရှိအချိန်မှာတော့ ပါလာသမျှစားနပ်ရိက္ခာအားလုံးကုန်လုနီးပါးဖြစ်နေပြီဖြစ်ပြီး မီးမလာတဲ့အတွက် ပိုပြီးအခက်အခဲတွေဖြစ်တယ်လို့ ရီတာလင်းကပြောပါတယ်။

မသန်စွမ်းတစ်ဦးဖြစ်ပေမယ့် သွားလာနိုင်သေးတဲ့အတွက် အခက်အခဲသိပ်မရှိသေးပေမယ့် တခြားမသန်စွမ်းတွေအတွက်စိတ်ပူမိတယ်လို့သူကဆိုပါတယ်။

“တချို့မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေကလုံခြုံတဲ့နေရာတွေ၊ ဘုန်းကြီးကျောင်းတွေမှာသွားနေတယ်။ ဖြစ်ပြီဆိုရင်တော့ တချို့ကတော့ပြေးမယ်။ တချို့ကတော့မပြေးနိုင်ဘူး။ ဒီမှာပဲနေမယ်။ ဒီမှာပဲသေမယ်လို့ ပြောတဲ့သူတွေရှိတယ်”လို့ရီတာလင်းကပြောပါတယ်။

အခုလို ရှောင်တိမ်းနေရတဲ့အတွက် နေရေးထိုင်ရေးအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ကိုယ့်မြို့နယ်က မသန်စွမ်းတွေအရေးအတွက် စေတနာ့ဝန်ထမ်းလုပ်ရင်း ကိုယ်ပိုင်မိတ္တူဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်းပြုနေခဲ့တဲ့ ရီတာလင်းဟာ အခုအခါမှာတော့ စစ်ဘေးရှောင်ရင်း ပိုဆိုးလာမယ့် အခြေအနေတွေအတွက် အသင့်ပြင်ကာစောင့်ဆိုင်းနေပါတော့တယ်။

“အဝတ်တစ်ထုတ်တော့အဆင်သင့်ပြင်ဆင်ထားတယ်။ ဆန်၊ဆီနဲ့ခေါက်ဆွဲထုတ်တွေ ပြင်ဆင်ထားတာတော့ ရှိတယ်။ အခြေအနေဆိုးတာတွေနီးလာပြီဆို အဲ့ဒါပဲယူပြီးတော့ အဝေးကိုပြေးရမှာပေါ့” လို့ရီတာလင်းက ပြောပါတယ်။

ဒီလိုတောင်ပေါ်ဒေသက စစ်ဘေးရှောင်မသန်စွမ်းအမျိုးသမီးတွေအပြင် တခြားပြည်နယ်နဲ့တိုင်းတွေက မသန်စွမ်းအမျိုးသမီးတွေဟာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေးအပြင် အဘက်ဘက်ကခက်ခဲကျပ်တည်းနေကြပါတယ်။

ပဲခူးတိုင်းရဲ့အရှေ့ဘက် တောင်ငူမှာနေထိုင်တဲ့မသီတာဟာ မူလက မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းတစ်ခုမှာ စေတနာ့ဝန်ထမ်း အဖြစ်လုပ်ကိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြံစောင့်အဖြစ် လုပ်ကိုင်ကာ စားဝတ်နေရေးဖြေရှင်းနေရပါတော့တယ်။

စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်စဉ်က ရရှိတဲ့လုပ်ခလစာနဲ့စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ စီးပွားရေပိုမိုကြပ်တည်းလာတယ်လို့ မသီတာကဆိုပါတယ်။

မိသားစုခြောက်ယောက်လုံးဟာ လက်ရှိအချိန်မှာ အလုပ်လက်မဲ့ဖြစ်နေကြပြီး မသီတာတစ်ယောက်ထဲရဲ့ ဝင်ငွေနဲ့သာ မိသားစုစားဝတ်နေရေးဖြေရှင်းနေကြရတာဖြစ်ပါတယ်။

ဒီလိုမိသားစုစားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်နေပေမယ့်လည်း မသန်စွမ်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုဝင်တချို့ရဲ့ ငြိုငြင်မှုကိုခံနေရတယ်လို့သူကဆိုပါတယ်။

“ကိုယ့်ကိုဆိုလည်း ဝန်ထုတ်ဝန်ပိုးလို ငြိုငြင်တယ်”လို့မသီတာကဆိုပါတယ်။

မသန်စွမ်းအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုအနည်းငယ်ကြောင့်သာ အနည်းငယ်အဆင်ပြေခဲ့ပေမယ့် ဖုန်းဘေလ်ကမရှိတဲ့ ကာလတွေတုန်းကဆို အကူအညီတောင်းခံဖို့ခက်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် မသန်စွမ်းသူတစ်ဦးဖြစ်တဲ့ မသီတာဟာစိုးရိမ်မှုတွေနဲ့ နေထိုင်နေရပါတော့တယ်။

“အခုကျတော့ ဘယ်အချိန်ဘာဖြစ်မလဲပေါ့။ အပြင်ကနေဘယ်သူတွေကလာပြီးထိပါးမလဲ။ နှိပ်စက်မလဲ ဆိုတာကအစ တွေးပူပြီးကြောက်နေရတာ”လို့ သူရဲ့စိုးရိမ်မှုကိုပြောပြပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် မသန်စွမ်းအမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက်စိုးရိမ်ရတဲ့အပြင် ကျန်းမာရေးနဲ့ ဆေးရုံဆေးခန်းတွေ သွားဖို့အတွက်လည်း အခက်အခဲတွေကြုံတွေ့နေရတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။

“အခုအခြေအနေကြောင့် သွားရေးလာရေးကအစ မသန်စွမ်းအမျိုးသမီးတွေအတွက် ပိုပြီးလုံခြုံမှုမရှိဘူး။ သာမာန်အချိန်တောင်မှ အဆင်မပြေတဲ့သူတွေအတွက် အခုအချိန်မှာပိုဆိုးသွားတယ်”လို့ မသန်စွမ်းအရေး လှုပ်ရှားသူတစ်ဦးကမှတ်ချက်ပေးပါတယ်။

မကွေးတိုင်းမှာနေထိုင်ပြီး ကျူရှင်ဆရာမအဖြစ်အသက်မွေးနေတဲ့ မသန်စွမ်းအမျိုးသမီး မဆွေဆွေဟာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် အခက်အခဲတွေကြုံတွေ့နေရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာပါဝင်ခဲ့တာကြောင့် တိမ်းရှောင်နေရပြီး မသန်စွမ်းသူ တစ်ဦးဖြစ်တဲ့အတွက် အခက်အခဲနဲ့အဆင်မပြေမှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။

“အရင်ကတည်းက ကိုယ့်တွေရဲ့ အခက်အခဲက သွားရလာရတာအဆင်မပြေတဲ့ဟာတွေရှိတယ်။ အခုလိုအနေအထားကြောင့် ပိုပြီးအဆင်မပြေမှုတွေဖြစ်စေတယ်။ ရှောင်နေရတာတွေရှိတော့ တခြားအခက်အခဲတွေလည်းရှိတယ်”လို့မဆွေဆွေကပြောပါတယ်။

ကိုယ်တိုင်အခက်အခဲတွေကြုံနေရတဲ့အပြင် သူကို့ စိတ်ပူတဲ့မိဘတွေအတွက် ပိုပြီး စိတ်မကောင်းဖြစ်မိတယ် လို့ဆိုပါတယ်။

“စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကိုယ့်မိဘတွေအတွက်ပိုပြီးစိတ်မကောင်းဖြစ်ရတယ်။ မိဘက မအိပ်နိုင်ဖြစ်တဲ့အခါ ကိုယ်ကပိုပြီးစိတ်ဒဏ်ရာရတယ်”လို့မဆွေဆွေကဖွင့်ဟပါတယ်။

လက်ရှိအခြေအနေတွေကြောင့် မသန်စွမ်းတွေရဲ့ အခက်အခဲတွေပိုမိုများလာနိုင်ပြီး မသန်စွမ်းသူဦးရေလည်း ပိုတိုးလာနိုင်တယ်လို့ မသန်စွမ်းအမျိုးသမီးတွေကဆိုပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြပင်မယ့်လည်း မသန်စွမ်းအမျိုးသမီးတွေဟာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေကြပါသေးတယ်။

အခြေအနေတွေပြန်ပုံမှန်အတိုင်းပြန်ဖြစ်ပြီး အရေးတော်ပုံအောင်ပါက အိပ်မက်တွေကိုဆက်ပြီး အကောင်အထည်ဖော်မယ်လို့ မသန်စွမ်းအမျိုးသမီးတွေကဆိုပါတယ်။

“ကိုယ့်မသန်စွမ်းတွေအတွက် ပရဟိတတွေလုပ်ပေးချင်တယ်။ မသန်စွမ်းတွေ နဲ့မိဘမဲ့ကျောင်းတွေမှာ စာသင်ပေးချင်သေးတယ်”လို့မဆွေဆွေကသူ့ဆန္ဒကိုပြောပါတယ်။

ကယားပြည်နယ်က ရီတာလင်းကတော့“အခြေအနေကဘယ်လိုလာမှန်းမသိသေးတော့ ဖြစ်လာရင်လည်း ပြေးရမှာပဲ။ မဖြစ်ရင်လည်းကိုယ့်အိမ်ကိုပြန်ပေါ့ အလုပ်တွေပြန်လုပ်မယ်။ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းလုပ်ချင်သေးတယ်” လို့ဆိုပါတော့တယ်။

Related Articles