Home သတင်း အစိုးရက ကျပ် ၃ သောင်းထောက်ပံ့မည့်အစီအစဉ် ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် အကျုံးဝင်

အစိုးရက ကျပ် ၃ သောင်းထောက်ပံ့မည့်အစီအစဉ် ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် အကျုံးဝင်

မိုးမိုး။ ။
စက်တင်ဘာလအတွင်း အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျပ် သုံးသောင်းထောက်ပံ့မည့် အစီအစဉ်တွင် ကိုယ်ဝန်ဆောင်ထားရသည့် အမျိုးသမီးအားလုံး အကျုံးဝင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“ကိုယ်ဝန်ရှိနေတယ်ဆိုရင် သူ့ဟာသူ ယောက်ျားရှိရှိ၊ မရှိရှိ အကုန်လုံး အကျုံးဝင်ပါတယ်။ ကိုယ်ဝန်ရှိတဲ့သူတွေ အကုန်လုံး ပါပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကပြောသည်။

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုဗစ်ကာလ ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းစီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

အဆိုပါအစီအစဥ်တွင် နေပြည်တော်၊ မကွေး၊ မန္တလေး၊ ကချင်၊ မွန်၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ နှင့် စစ်ကိုင်းတိုင်း (နာဂဒေသမပါ) ဒေသများမှ ကိုယ်ဝန်ဆောင်များအတွက် အကျုံးဝင်ပြီး ယင်းဒေသများတွင် ကိုယ်ဝန် ဆောင်မိခင် လေးသိန်းခွဲရှိနိုင်မည်ဟု အစိုးရက ခန့်မှန်းထားသည်။

ချင်း၊ ရခိုင်၊ နာဂဒေသ၊ ကရင်၊ ကယား၊ ဧရာဝတီ နှင့် ရှမ်း ဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အထိ ကလေးများကို အစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီးထောက်ပံ့ကြေးများ ပေးထားသဖြင့် ကိုဗစ်ကာလထောက်ပံ့ကြေးအစီအစဥ်တွင် အဆိုပါဒေသများ ပါဝင်မည်မဟုတ်ပါ။

ထောက်ပံ့ကြေးအတွက် စာရင်းကောက်ကာလကို သြဂုတ် ၁ မှ စက်တင်ဘာ ၁၅ အထိသတ်မှတ်ထားပြီး ယင်းကာလအတွင်း ကိုယ်ဝန်ရှိကြောင်း အစိုးရ (သို့မဟုတ်) မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၏ အထောက်အထားတင်ပြရန်လိုအပ်သည်။

ဝန်ကြီးဌာန အနေဖြင့်ထောက်ပံ့မည့် အစီအစဉ်ကို သြဂုတ်လ အစောပိုင်းကတည်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း မြို့ပေါ်နေ ကိုယ်ဝန်ဆောင်များနှင့် Facebook အသုံးပြုနေသူများအတွက်သာ သတင်းအချက်အလက် သိရှိသော်လည်း ကျေးလက် နေ ကိုယ်ဝန်ဆောင် အများစု သိရှိခြင်းမှာ နည်းပါနေသေးသည်။

“ကျမမှာ ဖုန်းလည်းမရှိဘူး။ ဖေ့ဘွတ်လည်း မသုံးတတ်ဘူး။ ဘေးအိမ်ကလည်း ကျမကို လုပ် ပေး မှာ မဟုတ်ဘူး” ဟု ပျဉ်းမနားမြို့၊ ကံဦးရပ်မှ ကိုယ်ဝန်ဆောင် ဒေါ်ဌေးရီက ပြောသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများသည်ထောက်ပံ့ကြေးအတွက်ငွေဗိုက်( Ngwe Bike) အပလီကေးရှင်းကို Download ရယူပြီး စာရင်းသွင်းရန်လိုအပ်ပြီး နီးစပ်ရာလူမှုဝန်ထမ်းရုံးများတွင်လည်း လူကိုယ်တိုင်စာရင်းသွင်းနိုင်သည်။

ကိုယ်ဝန်ဆောင်များ အနေဖြင့် အိုင်တီ နည်းပညာကို အသုံးပြု၍ ဆေးရုံ/ ဆေးခန်းပြထားသည့် အချက်အလက် အထောက်အထားများ ပြသကာ မြန်မာ့ စီးပွားရေးဘဏ်၊ KBZ ဘဏ်၊ ဧရာဝတီဘဏ် အကောင့်ရှိပါကလည်း ငွေ ထုတ်ယူမည့် ဘဏ်ကို အတိအကျ ဖော်ပြပေးရန် စည်းကမ်းချက်များတွင် ပါရှိသည်။

ကိုယ်တိုင် မတင်တတ်ပါက အုပ်ချုပ်ရေးမှူးများ က ကူပေးရမည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ စာရင်းကောက်ယူ ခြင်း ပြုလုပ်ခြင်း မရှိသေးကြောင်း ပျဉ်းမနားမြို့ တောင်သာ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

“အခု ဗိုက် ငါးလရှိပြီ။ တစ်ခါမှ ဆေးရုံ သွားမပြရသေးဘူး။ အရင် ကလေး လေးယောက်လည်း မွေးခါမှ မွေးလိုက်တာပဲ။ ဆေး ရုံဆေးခန်း မသွားရဘူး။ မသွားရဘူးဆိုတာ မသွားနိုင်လို့၊ပိုက်ဆံ မရှိလို့ မသွားနိုင်တာလေ” ဟု ပျဉ်းမနားမြို့၊ ကံဦး ရပ်မှ ကိုယ်ဝန်ဆောင် ဒေါ်ခင်စန်းက ပြောသည်။

ယင်းကိစ္စ အတွက် ရပ်ကွက်လူကြီးမှ သတိပေးပါက စာရင်းသွားပေးမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းက ဆက်ပြောသည်။

ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် အင်တာနက် အသုံးမပြုတတ်သည့် သူများရှိသလို ဖုန်းကိုင်ဆောင်နိုင်ခြင်းမရှိသည့် ပြဿနာလည်း ရှိနေကြောင်း ကိုယ်ဝန်သည်များ၏ ပြောပြချက်အရသိရသည်။

“သူတို့မှာ ဖုန်းရှိမှ မဟုတ်ဘူး။ တခြားသူတွေမှာ ဖုန်းရှိရင်လည်းရတယ်။ ငွေဗိုက် အပလီကေးရှင်းမှာ သူတို့ အချက် အလက် တွေ မှန်အောင်ထည့်ပေးနိုင်ရင်ရပါပြီ။ အခု အပလီကေးရှင်းက တောက်လျှောက်ဝင်နေတာပါ။ အချိန်နဲ့ တပြေး ညီပါပဲ။ သိတဲ့ သူတွေ အရမ်းများ ပါတယ်” ဟု ဦးအောင်ကျော်မိုးကဆိုသည်။

“အဓိကကတော့ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို မိသားစုတွေအပေါ် အိမ်ထောင်စု တွေအ ပေါ်ကို သက်ရောက်တဲ့ သက်ရောက်မှုတွေ လျှော့ချနိုင်ဖို့အတွက် အဓိကရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်မိုး က ရည်ရွယ်ချက်ကို ၎င်းက ရှင်းပြသည်။

Author: Moe Moe

Related Articles