Home သတင်း တပ်မတော်သား ၃ဦး အဓမ္မပြုကျင့်မှု ပွင့်လင်းစွာစစ်ဆေးရန်တောင်းဆို

တပ်မတော်သား ၃ဦး အဓမ္မပြုကျင့်မှု ပွင့်လင်းစွာစစ်ဆေးရန်တောင်းဆို

မိုးမိုး။ ။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ ၃၆ နှစ်အရွယ် အမျိုးသမီးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်သည့် အမှုကို တပ်တွင်းတရားစီရင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ကာယကံရှင် အမျိုးသမီးအား အကူအညီပေးနေသူများက ပြောကြားလိုက်သည်။

“အရပ်ဖက်ဆိုင်ရာ တရားရုံးက ပြစ်ဒဏ်ချမှတ်တာနဲ့ သူတို့ စစ်ဖက်ဆိုင်ရာတရားရုံးက ပြစ်ဒဏ်ချမှတ်တာ ကွာဟချက်တွေ ရှိနေမလားဆိုတဲ့ စိုးရိမ်ချက်တွေတော့ ရှိနေတာပေါ့”ဟု ယခုအမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ညနေပိုင်းက ဦးဂါကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီး ည ၁၁ နာရီခန့်တွင် တပ်မတော်သားများက သူ့အား အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးလေးဦး၏မိခင် တရားလိုအမျိုးသမီးက ထုတ်ဖော်ပြောကြားထားသည်။

ယင်းနောက် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်နေ့တွင် တပ်မတော်သား သုံးဦးကို အဆိုပါအမျိုးသမီးက စစ်တွေ မြို့မ ရဲစခန်းတွင်အမှုဖွင့်ခဲ့ပြီး မုဒိမ်းမှု ၊မတရားသဖြင့် ကာမယှက်စပ်မှု၊ ပူးပေါင်းပါဝင်မှု တို့ဖြင့် အမှုဖွင့်ခဲ့သည်။

အမှု စတင် တိုင်ကြားခဲ့စဉ်က ယင်းအမှုမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန် သတင်းဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ဘက်မှ တုန့်ပြန်ခဲ့သော်လည်း ၎င်းတို့ ၃ဦးကို စစ်ခုံရုံး ၂ ကြိမ်ဖွဲ့ စစ်ဆေးပြီးနောက် ၁ ဦးမှ ဝန်ခံထွက်ဆိုသည့်အတွက် ယင်းအမှု မှန်ကန်ကြောင်း အတည်ပြု ပြောကြားလာခြင်း ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ တရားရုံးမှ စစ်ဆေးနေခြင်းမှာ မည်သည့် အနေအထားဖြင့် စစ်ဆေးနေခြင်းနှင့် စစ်ဆေးမှု အခြေအနေမှာ မည်သည့်အတိုင်းအတာထိ ရှိနေကြောင်း တစ်စုံတစ်ရာ မသိရသေးကြောင်း ဒေါ်ညိုအေးက ဆိုသည်။

“စစ်ဘက်တရားရုံးက စစ်နေတယ်ဆိုတာကို ကျမတို့ကို အကြောင်းမကြားဘူး။ ကျမတို့ တရားလိုဘက်က သူတွေကို ဘာမှအကြောင်းမကြားတော့ ဘာမှ မသိရဘူး။သူတို့ ဘယ်လို စစ်နေတယ်။ ဘယ်လို ပြောနေတယ်ဆိုတာ ကျမတို့ ဆီကို ဘာမှ အကြောင်းကြားမလာပါဘူး”ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ နစ်နာသူ အပါအဝင် လိုက်ပါဆောင်ရွက်နေသည့် အဖွဲ့အစည်းအားလုံးကို အမှုစစ်ဆေးနေသည့် အခြေအနေကို ချပြသင့်ကြောင်း၊ စစ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးနေသည်မှာ မှန်သော်လည်း ကျူးလွန်ခံရသူ တရားမျှတမှု ရရှိရန်အတွက် အရပ်ဘက်ဆိုင်ရာ တရားရုံးသို့ လွဲပြောင်းသင့်သည်ဟု အဆိုပါ အမှုအား ကူညီဆောင် ရွက် ပေးနေသူ Legal Clinic Myanmar (LCM) စစ်တွေရုံးခွဲမှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

“စစ်နေတယ်ဆိုရင် ချပြသင့်တယ်။ ဘယ်သူ့ကို စစ်နေတယ်။ ဒီကိစ္စမှာ တရားမျှတမှု ရှိဖို့ အတွက် အရမ်းမျှော်လင့် ထားပါတယ်။ သူတို့ဘက် ကလည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ နစ်နာတဲ့သူကို တရားမျှတမှု ရဖို့အတွက်ကို ဆောင်ရွက်ပေးမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ လုပ်လည်း လုပ်ပေးပါလို့လည်းတောင်းဆိုချင်ပါတယ်” ဟု ဒေါ်မြသူဇာက ပြောသည်။

ထိုသို့ တပ်တွင်း တရားရုံးများတွင် အမှုများစစ်ဆေးသည့်အခါ ခုံအဖွဲ့ဝင်များမှာ တပ်မတော် အရာရှိများဖြစ်ပြီး၊ တရားလို ဘက်မှ စွဲချက်တင်သည့်သူမှာလည်း တပ်မတော်ဘက်ကပဲ ဖြစ်ပြီး၊ တရားခံဘက်မှ ခုခံချေပမည့်သူကလည်း တပ်မတော် ဘက်မှ အရာရှိများသာ ဖြစ်သည့်အတွက် တရားမျှတမှု ရရှိရန် ယုံကြည်မှုအားနည်းကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“ဒါမျိုးတွေ အတွက် ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ တရားမျှတမှု ရှိရဲ့လားဆိုတော့ ဒါမျိုးတွေက မကြာခဏ ဥပမာတွေ ရှိခဲ့ပြီးသားပဲ။ အင်းဒင် လူသတ်မှုကို ကြည့်ရင် အစက မဖြစ်ဘူးပြောတယ်။ နောက်ပိုင်း ဖြစ်ပါတယ်ဆိုပြီး ဝန်ခံတော့ တပ်တွင်း ကအပြစ်ပေးတယ်လို့ ပြောတယ်။ ဘယ်သူမှလည်း ဘာမှ မသိလိုက်ရဘူး။ နားလည်း မထောင်လိုက်ရဘူး” ဟု ဦးခင်မောင်ဇော်က ဆက်ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ တရားရုံးမှ ပြစ်ဒဏ်ချမှတ်သည့် အခါထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ခြင်းမရှိပါက အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် တရားမျှတမှု ရသည်အထိ ဆောင်ရွက်သွားမည် ဟုဒေါ်ညိုအေးကဆိုသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ဖြစ်ပွားခဲ့သည့်အတွက် ကျူးလွန်သူ တပ်မတော်သား ၃ ဦး အမှုကို အရပ်ဘက် တရားရုံးသို့ လွှဲပြောင်းပေးမည် မဟုတ်ဘဲ စစ်တရားရုံးဖြင့် စစ်ဆေးကာ တပ်မတော် အက်ဥပဒေ အရသော်လည်းကောင်း၊ နယ်ဘက် ဥပဒေ အရသော် လည်းကောင်း အပြစ်ပေး အရေးယူသွားမည် ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ဖြေဆိုထားသည်။

Author: Moe Moe

Related Articles