Home ဆောင်းပါး အဓမ္ဓပြုကျင့်ခံ မသန်စွမ်းအမျိုးသမီးအတွက် မီးဖွားစရိတ်က ငွေတသိန်းနဲ့ ကျေအေးသတဲ့လား

အဓမ္ဓပြုကျင့်ခံ မသန်စွမ်းအမျိုးသမီးအတွက် မီးဖွားစရိတ်က ငွေတသိန်းနဲ့ ကျေအေးသတဲ့လား

မိုးမိုး။ ။
ဝေဝေဟာ အသားဖြူဖြူ ရုပ်သန့်သန့်နဲ့ ခပ်ချောချော အမျိုးသမီးတယောက်ဖြစ်ပေမယ့် သူ့ဘဝက သာမန်လူတွေထက်ခဲယဉ်းလှပါတယ်။

ပိုလီယိုကြောင့် ညာဘက်တစ်ခြမ်း သေးသိမ်နေပြီး လမ်းသွားရာမှာ ထော့နဲ့ ထော့နဲ့ ဖြစ်နေတဲ့ အသက် ၁၉ နှစ် အရွယ် ဝေဝေဟာ သူ့အသက်မွေးဝမ်းကျောင်းအတွက် တောင်းရမ်းစားသောက်ပြီး အသက်ရှင်နေခဲ့ရပါတယ်။

မိုးလင်းပြီဆိုတာနဲ့ တောင်းရမ်းဖို့ ပျဉ်းမနားမြို့ထဲက လူစည်ကားတဲ့နေရာတွေနဲ့ ရထားဘူတာလို နေရာမျိုးတွေဆီကို ဦးတည်ပြီး အိမ်က ထွက်လာတတ်ပါတယ်။

တစ်ခါတစ်လေမှာ မိခင်ရဲ့ အကူအညီနဲ့ လာတတ်သလို တစ်ခါတစ်လေမှာ သူတစ်ယောက်ထဲ ထွက်လာပြီး တောင်းရမ်းတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရှစ်လလောက်က သူအိမ်ပြန်ဖို့ မိုးချုပ်တဲ့ တစ်ရက်မှာတော့ ဝေဝေတို့ နေထိုင်တဲ့ ရွာထဲက အိမ်ထောင်ရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ အဓမ္မပြုကျင့်တာကို သူခံခဲ့ရပါတော့တယ်။

ဒီလိုနဲ့ အဲ့ဒီ အမျိုးသားဟာ ဝေဝေကို ၁၀ ကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့တာကြောင့် ဝေဝေ တစ်ယောက် ကိုယ်ဝန် ရခဲ့ပါတယ်။

ကိုယ်ဝန် နှစ်လနီးပါး ရှိတဲ့အချိန်မှာ မိခင်ဖြစ်သူ သိသွားတာကြောင့် အုပ်ချုပ်ရေးမှူးရုံးကို ဝေဝေတို့ သားအမိ ရောက်ရှိလာပြီး အဓမ္မ ပြုကျင့်ခံရတာကြောင့် ကိုယ်ဝန်ရနေပြီဆိုတဲ့ အကြောင်း သွားရောက်တိုင်တန်းခဲ့ပါတယ်။

ဒီပြဿနာတွေ မဖြစ်ခင်က ဝေဝေကို မတောင်းရမ်းခိုင်းဖို့နဲ့ ကလေးမလေးဟာ ဖြူဖြူချောချော သေးသေးလေး ဖြစ်တဲ့အတွက် ကျောင်းဆက် တက်ချင်ရင် ထားပေးဖို့အတွက် ဝိုင်းပြီး ကူညီပေးမယ်လို့ သူ့မိခင်ကို ပြောခဲ့ဖူးကြောင်း သူတို့ပြဿနာကိုဖြေရှင်းပေးဖို့ တိုင်ကြားမှုကို လက်ခံရရှိခဲ့တဲ့ ဝေဝေတို့ရွာက အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ဝေဝေတို့သားအမိ ရုံးကိုရောက်လာချိန်မှာ အုပ်ချုပ်ရေးမှူးက “ဥပဒေ အတိုင်းဆောင်ရွက်ချင်တာလား၊ ဘယ်လို လုပ်ချင်တာလဲ” မေးတဲ့ အခါမှာ အမှုဖွင့် တိုင်တန်းဖို့ ငွေရေးကြေးရေး အဆင်မပြေတဲ့ အပြင် ဒါမျိုးလည်း မလုပ် ချင်တဲ့အကြောင်း ကာယကံရှင် ကိုယ်တိုင်က ပြောလာတဲ့ အတွက်နှစ်ဖက် ညှိနှိုင်းမှုနဲ့ပင် ဒီအမှုက ပီးပြတ်ခဲ့တာလို့ အုပ်ချုပ်ရေးမှူးက ပြောပြ ပါတယ်။

“ဒီကိစ္စအပေါ်မှာ မင်းကျူးလွန်တာ ဟုတ်လားဆိုတော့ ဝန်ခံတယ်။ အခု ဒီကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီ။ ဘယ်လိုတာ ဝန်ယူမှာလဲမေးတော့။ ဟိုဘက်ကလည်း ကျမတို့ မီးဖွားစရိတ်လေးပဲ ရရင်ကျေနပ်ပါပြီတဲ့လေ” လို့ အုပ်ချုပ်ရေးမှူး က အဲ့ဒီနေ့က အခြေအနေကို ပြန်ပြောပြပါတယ်။

“ပထမ ဒီကောင်က ပိုက်ဆံတောင် မပေးနိုင်ဘူးလုပ်သေးတာ ကလေးမွေးပြီးလို့ သူ့သွေးတူမှ ပေးနိုင်မယ်ပြောလို့ မင်းဒီလောက်မိုက်ရိုင်းမှတော့ ဥပဒေအတိုင်းပဲ လုပ်မယ် ဘာညာထပြီးလက်သီး၊ လက်မောင်းတန်းမှ သူ့မိန်းမက ပိုက်ဆံပေးပါ့မယ်။ အမှုတော့ မဖွင့်ပါနဲ့ လုပ်လို့ ငြိမ်သွားတာ” လို့လည်း အုပ်ချုပ်ရေးမှူး ကဆိုပါတယ်။

ဝေဝေတို့ ရလိုက်တဲ့ မီးဖွားစရိတ်က အများကြီးတော့ မဟုတ်ပါဘူး။ ကျပ်ငွေ တစ်သိန်းထဲပါ။အဲ့ဒီ မီးဖွားစရိတ် ပိုက်ဆံယူပြီး ဝေဝေလည်း ဒီမြို့ကနေ ထွက်ခွာသွားခဲ့ပါတယ်။ နောက်တမြို့မှာ ဇာတ်မြုပ်နေထိုင်ရင်း သူ့အတွက် ကံကောင်းတဲ့အချက်က သူ့ရဲ့အိမ်ထောင်ဖက်နဲ့ဖူးစာဆုံပြီး တအိုးတအိမ်တည်ထောင်နေပါပြီ။

မီးဖွားစရိတ် တစ်သိန်း ဆိုတာဟာ စကားလုံး လှအောင် သုံးခြင်းသာ ဖြစ်ပြီး၊ ကလေးကိုဖျက်ချမယ်ဆိုရင်တောင် ဒီတသိန်းနဲ့ ဘယ်လို လုံလောက်မှာလဲလို့ မှတ်ချက် ပြုလိုက်တဲ့သူကတော့ အက္ခရာ အမျိုးသမီး အဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထား ဖြစ်ပါတယ်။

“တိုးတိုးတိတ်တိတ် မဟုတ်ဘူးလေ။ ရပ်ကွက် ရုံးအထိရောက်ပြီးမှ မုဒိမ်းကျင့်ခံရလို့ ကိုယ်ဝန်ရတာကို တသိန်းနဲ့ ပြီးတယ် ဆိုတော့ မြန်မာ အမျိုးသမီးတွေကို အဲ့လောက်ပဲ တန်ဖိုးထားသလားပေါ့။ မြန်မာအမျိုးသမီးတွေရဲ့ အကျင့် သိက္ခာ ပုံရိပ်မှာ ရစရာမရှိဘူးလို့ ခံစားရတယ်” လို့ ဒေါ်ထားထားက ဆိုပါတယ်။

ဒါကြောင့် အခုလို အဓမ္မပြုကျင့်ခံရပြီဆိုရင် ကျေအေးလိုက်တာမျိုး မဟုတ်ဘဲ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ဖို့ အရေးကြီးကြောင်းနဲ့ တရားမျှတမှု ရရှိဖို့ အတွက်ပြုလုပ်သင့်တယ်လို့လည်း ဒေါ်ထားထားက မှတ်ချက်ပြုပါတယ်။

ဉာဏ်ရည် မသန်စွမ်း၊ အကြားမသန်စွမ်းနဲ့ ခန္ဓာကိုယ် မသန်စွမ်း အမျိုးသမီးတွေ အသက်ကြီးမှလည်း မုဒိမ်းကျင့်ခံရတာ ခဏခဏ ကြုံနေရတာဟာ ပြန်လည် ခုခံနိုင်စွမ်းမှာ ဘက်ပေါင်းစုံက မပြည့်စုံတဲ့ အတွက် အမှုက တရားရုံးမရောက်ဘဲ ပပျောက်သွားရတဲ့ အချက်တွေ ဖြစ်ရတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

“ကာယကံရှင် ကိုယ်တိုင်ကလည်း ငွေရေးကြေးရေးလေး တစ်ခုလောက်ပေးလိုက်ရင် သူတို့ မငြင်းနိုင်တော့ဘူး။ ကျနော်တို့ လိုက်ပါဆောင်ရွက်တဲ့ သူတွေက တစ်ခါတစ်လေ ကျတော့ လူကျွန်ဘောတွေ ဖြစ်ဖြစ်သွားတယ်။ ကာယကံရှင် ကိုယ်တိုင် က ဒီလို လက်ခံလိုက်တော့ တစ်ချို့ ရဲစခန်းတွေက ကျနော်တို့ကို ပြဿနာ ပြန်ရှာတာခံရတယ်” လို့ ဦးမြတ်သူဝင်းက ဆို ပါတယ်။

အမှုကျေအေးတာနဲ့ တရားမျှတတာဟာ လုံးဝ ခြားနားနေတာ ဖြစ်တဲ့ အတွက် မသန်စွမ်းဥပဒေကို ပြန်လည် သုံးသပ်ဖို့ ဆောင် ရွက်နေကြောင်းနဲ့ ပါရှိထားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေက မပြင်းထန်တဲ့အတွက် ကာကွယ်မှု အင်မတန်မှ အားနည်း နေတဲ့ အ တွက် ပြုပြင်ပြောင်းလဲဖို့အတွက် အများကြီး လိုအပ်နေသေးတယ်လို့လည်း ဦးမြတ်သူဝင်းက ဆိုပါတယ်။

အခုလို အဓမ္မ ပြုကျင့်ခံရပါက ကျေအေးတာမျိုးနဲ့ ပြီးပြတ်တာ မဖြစ်စေလိုဘဲ သက်ဆိုင်ရာကို တိုင်ကြားစေလိုကြောင်းနှင့် ကိုယ်တိုင် တိုင်ကြားဖို့ ခက်ခဲတဲ့ မိသားစု အသိုင်းအဝိုင်းများ ဖြစ်ပါကလည်း ဖုန်းတစ်ချက်သာ ဆက်ပေးစေလိုကြောင်း ဖြစ်ပွားတဲ့နေရာထိ လိုက်လံပြီး Case Manager အဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ဆိုပါတယ်။

“မသန်စွမ်းသူ ဖြစ်တဲ့ အတွက် ပိုပြီးတော့ တိုင်သင့်တယ်။ သာမန်သူတွေ ပြုကျင့်ခံရတာတောင် တိုင်ကြားလို့ ရတယ်။ မသန်စွမ်းဆိုတော့ ပိုပြီးတော့တောင် ဆရာမတို့နဲ့ သက်ဆိုင်သေးတယ်” လို့ ဒေါက်တာ စန်းစန်းအေးက ဆိုပါတယ်။

ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်တွင် အကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများ ပေါ်ပေါက်လာပါက တိုင်ကြားနိုင်ရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာမှ ဖွင့်ထားသည့် Help Line ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇- ၄၀၄၂၂၂/ ၀၆၇-၄၀၄၉၉၉ တို့ကို ဆက်သွယ်တိုင်ကြား နိုင် ကြောင်း အဆိုပါ ဝန်ကြီးဌာနမှသိရပါတယ်။

မသန်စွမ်းတွေကို အခုနောက်ပိုင်း နေရာပေးလာသလို ပတ်ဝန်းကျင်က ပြောဆို ဆက်ဆံတဲ့အခါမှာပါ ပြောင်းလဲလာ ပေမယ့် ကိုယ်ကိုတိုင် သိမ်ငယ်စိတ်ဖြစ်တတ်ပြီး၊ တစ်ခုခုဆို စိုးရိမ်စိတ်တွေက ရှိနေသေးတာတော့ အမှန်ပဲလို့ ပဲခူးမြို့မှ ကိုယ်ခန္ဓာအောက်ပိုင်း မသန်စွမ်းသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးက ဆိုပါတယ်။

“သူတို့က အခုလို အကာအကွယ်မဲ့တောင်းစားရတဲ့ ဘဝဆိုတော့ မသန်စွမ်းခြင်းတူတာတောင် သူတို့မှာ အန္တရာယ် ပိုများ တာပေါ့။ အမတို့မှာ ပြန်ခုခံဖို့ စွမ်းအားမရှိဘူးလေ။ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် ထိရောက်တဲ့ ပြစ်ဒဏ်ပေးတာမျိုးတော့ ဖြစ်စေချင်တယ်” လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

မသန်စွမ်းများ အဓမ္မပြုကျင့်ခံရပြီဆိုရင် ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ပြီး၊ စံနမူနာပြတဲ့ တရားစီရင်ရေးတွေ ချမှတ်ဖို့ လို အပ်တယ်လို့လည်း ဦးမြတ်သူဝင်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ မသန်စွမ်းတွေက သားကောင်တွေ ဖြစ်နေတယ်။ ကျနော်တို့လိုမျိုး သူတွေကို နိုင့်ထက်စီးနင်းနဲ့ ပြုကျင့်ရင် လွယ်တယ်ပေါ့ဗျာ။ လွယ်လွယ်လေးရမယ်ပေါ့။ သိပ်လည်း ပြဿနာ မရှိလောက်ဘူးဆိုတဲ့ အတွေးမျိုးတွေ ရှိနေကြတယ်” လို့ ဦးမြတ်သူဝင်းက ဆိုပါတယ်။

မသန်စွမ်း အများစုမှာ ငွေရေးကြေးရေး အားနည်းချက်များအပြင် ပြောဆိုဆက်ဆံရေးနဲ့ အတွေ့အကြုံ ဗဟုသုတများ အလွန်အားနည်းတာကြောင့် တစ်ချို့သော အမှု ကိစ္စများမှာ လမ်းတဝက်မှာတင် ပျောက်ကွယ်သွားကြတယ် လို့လည်း ဦးမြတ်သူဝင်းက ဆက်ပြောပါတယ်။

ဒီလို အဓမ္မပြုကျင့်ခံရတဲ့ အမှုတွေ ဖြစ်လာပြီဆိုရင် နှစ်သိမ့်လိုက်လို့ ကျေအေးသွားပေမယ့် အခြေအနေ နဲ့ ပုံရိပ်တွေက ပိုဆိုး သွားတာဖြစ်တာကြောင့် အခြေအနေတွေကို ပိုဆိုးအောင် လုပ်တဲ့သူတွေ မဖြစ်ဖို့လည်း အရေးကြီးတယ်လို့ ဒေါ်ထားထား က ဆိုပါတယ်။

(မှတ်ချက်။ ။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် လက်ရှိတွင် ဘဝသစ်ထူထောင်လျှက်ရှိပြီး ကာယကံရှင်၏ ဂုဏ်သိက္ခာကိုကာကွယ်သည့်အနေဖြင့် အမည်အရင်းနှင့် နေရပ်လိပ်စာများကို ဖုံးကွယ်ပေးထားပါသည်)

Author: Moe Moe

Related Articles