Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

တောင်ငူက စစ်ရှောင်အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ

ပဲခူးတိုင်း၊ ဇရပ်ကြီးကနေ တောင်ငူမြို့နယ် စစ်ဘေးရှောင် ဘုန်းကြီးကျောင်းတစ်ခုမှာ သွားရောက်ခိုလှုံနေတဲ့ စစ်ရှောင် အမျိုးသမီးတဦးအဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ တောင်ငူဒေသခံတွေနဲ့ စစ်ရှောင်တွေထံက သိရပါတယ်။

အဆိုပါစစ်ရှောင်တွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ကြောင့် စစ်ရှောင်လာကြတဲ့သူတွေဖြစ်တယ်။ တောင်ငူ၊ ထုံးဘိုဘုန်းကြီးကျောင်းကို ထွက်ပြေးလာတဲ့ အသက် ၁၆ နှစ် အရွယ်အမျိုးသမီးတစ်ဦးကို တရွာထဲသားဖြစ်တဲ့ အသက် ၄၀ ဝန်းကျင် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဓါးထောက်ကာ အဓ္ဓမပြုကျင့်ခဲ့တာပါ။

“ကောင်မလေးကို ဓါးနဲ့ထောက်ပြီး မုဒိမ်းကျင့်တာ။ ပြောရင်သတ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်။ ကောင်မလေးက အဲဒီဒေသမှာ အတူတူပဲနုတ်တဲ့အဖော်ကို သူ့ကို ဒီလိုလုပ်တယ်ပြောတော့ အဲ့ဒီကောင်မလေးကတဆင့် လူကြီးတွေကို အသိ ပေးတိုင်တာပေါ့။” လို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်တဲ့အမျိုးသားက ဇနီးနဲ့ ကလေးသုံးယောက်ဖခင်ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့ကလည်း အရက်သောက်ထား တာ ဖြစ်တယ်။ လက်ရှိမှာတော့ ကျူးလွန်တဲ့အမျိုးသားကို တောင်ငူ အမှတ် ၃ ရဲစခန်းကို ဖမ်းခေါ်သွားပြီး မုဒိမ်းမှုနဲ့ တရားစွဲ ဆိုထားတယ်လို့ သိရပါတယ်။

Source – Delta News Agency   

နမ့်ခမ်းက အမျိုးသမီးငယ်တစ်ဦး တရုတ်မှာ ရောင်းစားခံရ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုက အမျိုးသမီးတစ်ဦး တရုတ်ပြည်မှာ ရောင်းစားခံခဲ့ရတယ်လို့ အစ်မဖြစ် သူက ပြောပါတယ်။၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက လွေးအမ် (၁၈ နှစ်)ဆိုသူကို လိုင်းပေါ်ကနေတဆင့်သိတဲ့ ပန်ဆိုင်း မြို့မှ ပွဲစားအမျိုးသမီး ဆိုင်းဂျာဆိုသူက လစာကောင်းတယ်ဆိုပြီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

လွေးအမ်ကို အနှိပ်ခန်းမှာ လုပ်ခိုင်းရာ မလုပ်ရဲလို့ဆိုပြီး တခြားနေရာဘက် ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာ သူငယ်ချင်းဖြစ်သူရဲ့ကူညီမှုနဲ့ တရုတ်ရဲထံတိုင်ကြားပြီး ရဲကလာခေါ်သွားသလို ပွဲစားကလည်း ထွက်ပြေးသွားတာဖြစ် တယ် လို့ အစ်မဖြစ်သူရဲ့ပြောပြချက်အရ သိရပါတယ်။

ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် နယ်စပ်မြို့တွေနဲ့ တရုတ်ဘက် အလုပ်သွားလုပ်သူတချို့ဟာ ပွဲစားရဲ့မက်လုံးပေး မှုကြောင့် လူကုန်ကူးခံရတာတွေ ရှိနေဆဲဖြစ်ပါတယ်။

Source – ရွှေဖီမြေ

တနင်္သာရီမှာ နှစ်လအတွင်း မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀ ဦးမှာ အမျိုးသမီး ၄ ဦးပါဝင် 

တနင်္သာရီတိုင်းက ကျေးရွာတွေမှာ နှစ်လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးထိခိုက်ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ထဲမှာ အမျိုးသမီး ၄ ဦးပါဝင်နေတာဖြစ်ပါတယ်။

မိုင်းနင်းမိပြီးဒဏ်ရာရသွားသူတွေကတော့ သရက်ချောင်းမှ အမျိုးသမီးတစ်ဦး၊ ဇဟာရွာသူ ဒေါ်နှင်းမူနဲ့ ညောင်ပင်ကွင်းရွာ မှ အမျိုးသမီး ၂ ဦးတို့ပါ။ မိုင်းနင်းမိသူအများစုဟာ ဥယျာဉ်ခြံတွေထဲမှာဒဏ်ရာရခဲ့ကြသူတွေဖြစ်ပါတယ်။

ဒေသခံတွေကတော့ အခုလို မိုင်းနင်းမိတာတွေဟာ စစ်တပ်ရင်း၊ စစ်ဆေးရေးဂိတ်အနီးမှာပဲ ဖြစ်နေတာကြောင့် စစ်တပ်က ထောင်ထားတဲ့မိုင်းတွေဖြစ်တယ်လို့ ယူဆနေပါတယ်။

Source – Dawei Watch

ကရင်နီမှာ စစ်တပ်လက်ချက်နဲ့ တလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အရပ်သား၂၅ ဦးသေဆုံး

ကရင်နီ(ကယား) ဒေသမှာ ဖေဖော်ဝါရီ တလအတွင်း စစ်တပ် လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၅ ဦးရှိတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တာဝေးပစ် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားတွေ အခုလိုသေဆုံးခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၄၂ ဦးလည်းရှိနေခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က ရှားတောမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာ တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ကလေးငယ် သုံးဦးအပါအဝင် အရပ်သားစစ်ဘေးရှောင် ခုနစ်ဦးကို ပစ်သတ်ခဲ့ပါသေး တယ်။

ရှမ်း-ကရင်နီ အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်ထဲက ရွှေစမ်းကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တဦးအပါအဝင် အမျိုးသမီးလေးဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

Source – Delta News Agency   

လက်နက်ကျ ထိခိုက်တဲ့ရိုဟင်ဂျာတွေထဲမှာ ကလေးနဲ့ သက်ကြီးပိုင်းအမျိုးသမီးတချို့ပါဝင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်ကြား မတ်လ ၉ ရက်၊ ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်ရေးအခက်အခဲကြောင့် သေချာမသိရ သေး ပေမယ့် ကလေးနဲ့ သက်ကြီးပိုင်း အမျိုးသမီးတချို့ ပါဝင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နာရီပိုင်းအကြာမှာ ကသည်းရပ်ကွက်ကို စစ်သားတွေ ရောက်လာပြီး လုံခြုံရေး တင်းကျပ်ထားသလို မြို့ပြင်ကို ထွက်ခွင့်မပေးတာကြောင့် မြို့တွင်းလူသွားလူလာလည်း သိပ်မရှိတော့ဘူးလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်တိုက်ပွဲဖြစ်နေပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် အရပ်သား ၁၁၁ ဦး သေဆုံးပြီး ၃၅၇ ဦးဒဏ်ရာရခဲ့တယ်လို့ (AA) က ထုတ်ပြန်ထားပါတယ်။

Source – RFA

ကချင်မှာ လက်ကြီးကျလို့ စစ်ရှောင်ရှမ်းအမျိုးသမီး ၃ သေဆုံး

မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိ အမြှောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နန်းအီကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက် ဆုံးရှုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့တာလီကျေးရွာက ရှမ်းအမျိုးသမီးငယ် ၃ ယောက်မှာ ၁၅ နှစ်အရွယ် မလန်းရင်၊ အသက် ၁၄ နှစ်အရွယ် မကိန်းဆွမ်နဲ့ အသက် ၁၉ နှစ်အရွယ် မလောမိုင်တို့ဖြစ်တယ်။ သူတို့တွေဟာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်တယ်။

ဖုန်းထိုင်သုံးရင်း လက်နက်ကြီးကျရောက်လို့ ရှမ်းအမျိုးသမီးငယ် ၃ ယောက်သေဆုံးသွားတဲ့အပြင် နေအိမ်တစ်လုံး၊ စပါးကျီတစ်ခုနဲ့ နွာတင်းကုတ်တစ်ခု မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

Source – Kachin News Group

ဆားလင်းကြီးမြို့လယ်ရှိ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်က မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်သားတွေက မတ်လ ၁၀ ရက် ည ၇ နာရီ လောက်မှာ လာရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆားလင်းကြီး မြို့မဆေးရုံနဲ့ ရဲစခန်းမှာအထိုင်ချထားတဲ့နေရာနဲ့ နေအိမ် ၃ လုံးအကွာလောက်မှာရှိတဲ့ ဒေါ်သန်းနွဲ့ဈေးဆိုင်၊ နေအိမ်တလုံးနဲ့ ဂိုထောင်တလုံးတို့ကို လာရောက်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့မထင်ရင်မထင်သလို လက်နက်တွေနဲ့ ပစ်ဖောက် တာမျိုးတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ၊ ဖမ်းဆီးစစ်ဆေးတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

Source – မြေလတ်အသံ

မွေ့တုံရွာက စစ်ရှောင်အမျိုးသမီးတွေကို NUG ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို မတ်လ ၁၀ ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက  ထောက်ပံ့မှုပေးခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှိုခဲ့တဲ့ မွေ့တုံကျေးရွာမှာ အရင်က စုစုပေါင်းအိမ်ခြေ ၂၄၀ ရှိရာ စုစုပေါင်း အိမ်ခြေ ၂၂၀ မီးရှို့ ခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်အထိ အိမ်ပြန်မဆောက်နိုင်ကြပဲ ယာယီတဲတွေထိုးပြီး နေထိုင်နေတာဖြစ်ပါတယ်။

မွေ့တုံကျေးရွာကနေ စစ်ရှောင်နေသူဦးရေ ၈၀၀ ခန့်ရှိပြီး သူတို့နေထိုင်ရာအနီးက ကျေးရွာတွေမှာ တောင်သူနောက် လိုက်အလုပ်နဲ့ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်စားသောက်နေရတာပါ။

Source – RFA

အသက်ရှုကြပ်ပြီး စစ်ရှောင်အသက်ကြီးရွယ်အိုအမျိုးသမီး တဦးသေဆုံး

တိုက်ပွဲဖြစ်ပွားနေတဲ့ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက် ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက် ၉၀ နှစ်အရွယ် အဖွားအိုတစ်ဦး အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ပါတယ်။

စစ်တပ်က အောင်မြေ(၂)မှာ ပိတ်ဆို့ထားတဲ့ ဒေသခံပြည်သူတွေကို လွတ်ပေးဖို့အတွက် အောင်မြေ(၁)မှာရှိတဲ့ KIA ပူးပေါင်း တပ်တွေကို တပ်ဆုတ်ခိုင်းတာကြောင့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်း KIA က တပ်ဆုတ်ခဲ့ပေမယ့် စစ်တပ်က ကယ်ထုတ် ခွင့်မပေးဘဲ အရပ်သားတွေကို လူသားဒိုင်းလုပ်‌ထားတာဘဲဖြစ်ပါတယ်။

Source – Kachin News Group

စစ်ကြောင်း ဝင်ပစ်ခတ်လို့ အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦးမီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျို့ကန်ရွာထဲ မတ်လ ၁၃ ရက် စစ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက် ပစ်ခတ်မီးရှို့ခဲ့တာ ကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦးမီးလောင်သေဆုံးခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်မိလုံးနဲ့ ဦးသန်းတင်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ဒေါင်းစိန်ကတော့ နေအိမ်တွေ မီးရှို့ခံရချိန်မှာ မီးလောင်သေဆုံးသွားတာဖြစ်ပါတယ်။

အိမ်ခြေ ၁၅၀ ကျော်နဲ့ လူဦးရေ ခြောက်ရာနီးပါးရှိတဲ့ ပျို့ကန်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

Source – RFA

အိန္ဒိယနိုင်ငံထဲ ခိုးဝင်မှုနဲ့ ဖမ်းခံထားရတဲ့ အမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံသား ၇၇ ဦးကို နေရပ်ပြန်မပို့သေး

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရသူတွေအနက် အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံသား မြန်မာနိုင်ငံကို ပြန်ပို့မည့်အစီအစဉ်မှာ နှောင့်နှေးနေကြောင်း ကူညီပေးနေသူများထံမှ သိရပါ တယ်။

အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၃၈ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားတွေကို အင်ဖာထောင်ကနေ မိုရေးမြို့ရှိ အိန္ဒိယ တပ် စခန်းတစ်ခုသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ပြီး ကျန်တဲ့အမျိုးသား ၃၉ ဦးကို အင်ဖာထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ တာဖြစ် ပါတယ်။

မြန်မာအစိုးရက ပြန်မခေါ်တာကြောင့် အခုလိုအစီအစဉ်နှောင့်နှေးသွားရတာလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြန်လည်ပို့ဆောင်ခံရသူအများစုဟာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဖြစ်ပြီး ၂၀၂၁ အာဏာမသိမ်းမီကတည်းက အိန္ဒိယ ဘက်သို့ ဝင်ရောက်ကာ စားဝတ်နေရေးအတွက် ရက်ကန်းလုပ်ငန်းတွင် လုပ်ကိုင်နေခဲ့သူတွေဖြစ်ပါတယ်။

Source – Myanmar Now

မင်းတပ်မှာ စစ်တပ်က ဗုံးကြဲလို့ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ကို စစ်တပ်က မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးကြဲသွားတဲ့နေရာတွေက ကလေးငယ်တွေအများစုရှိနေတဲ့စာသင်ကျောင်းနဲ့ ဘုရားကျောင်းကိုဖြစ်ပြီး သေဆုံးရသူတွေက တော့ အသက် ၄၀ အရွယ်မိခင်နဲ့ ၆ နှစ်အရွယ် သမီးတို့ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ အသက်၂၈ နှစ်အရွယ် CDM ကျောင်းဆရာ တစ်ဦး နဲ့ အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်။

Source – Delta News Agency   

မုံရွာမှာ စစ်တပ်မီးရှို့လို့ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံး၊ ရွာခံ ၅၀ နီးပါး ဖမ်းသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က အကြောင်းရင်းမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီး ရွာခံ ၅၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။ ဖမ်းခေါ်သွားတဲ့သူတွေထဲမှာ ကလေးမိခင်တွေလည်း ပါဝင်နေပြီး နို့စို့အရွယ် ကလေးငယ်တွေက ရွာမှာကျန်ခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ သက္ကယ်ကျင်းရွာဟာ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးမီးထဲပါသွားလို့ ရှင်းလင်းလုပ်နေချိန် မှာ အသက် ၅၀ အရွယ် အမျိုးသမီး ၂ ဦး အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့  အသက်မသိရသေးတဲ့ အမျိုးသား ၁ ဦးတို့ကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မတ် ၁၄ ရက် မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာကနေ ကား ၂ စီး အင်အား ၆၀ ဝန်းကျင်နဲ့လာတဲ့ စစ်ကြောင်းက ရွာရဲ့အရှေ့ဘက်နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ခုခွဲဝင်ကာ နေ့လယ် ၂နာရီမှာ ရွာကို မီးစရှို့တာလို့ ဆိုပါတယ်။

Source – မြေလတ်အသံ

မြင်းခြံမှာ စစ်တပ်က မီးရှို့ချိန် ထွက်မပြေးနိုင်တဲ့အဘွားတစ်ဦးသေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ် သင်ပြွန်းရွာမှ ရွာတချို့ကို စစ်သားတွေက မီးရှို့ဖျက်ဆီးရာ ထွက်မပြေးနိုင်တဲ့ အသက် ၇၀ အရွယ်အဘွားတစ်ဦး မီးလောင်သေဆုံးခဲ့ရပါတယ်လို့ သိရပါတယ်။

“မနက်ပိုင်း ၆ နာရီလောက်မှာ သင်ပြွန်းရွာကိုရှို့တယ်။ အဲဒီမှာ အဘွားတစ်ဦး မီးလောင်ဆုံးတယ်။ ၁၅ အိမ်လောက်မီးထဲ ပါသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမြင်းခြံမြို့နယ် ကျေးရွာတွေမှ ဒေသခံရွာသူရွာသားတွေဟာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်။

Source – Myanmar Now

Author:

Related Articles