Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်  ၂၅ရက်ကနေ ၃၁ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဂိုဏ်းဖွဲ့ပြီးခါးပိုက်နှိုက်ကျူးလွန်သူ  မြန်မာအမျိုးသမီးငါးဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ဂိုဏ်းဖွဲ့ပြီးခါးပိုက်နှိုက်ကျူးလွန်သူ  မြန်မာအမျိုးသမီး ငါးဦးကို ဖမ်း ဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၀ ရက်နေ့က မဲဆောက်ဈေးကြီးမှာရှိတဲ့ ရွှေဆိုင်တဆိုင်မှာ အသက် ၆၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦး ခါးပိုက်နှိုက်ခံရပြီး ဘတ်ငွေ ၈၄၀၀၀ ပါသွားတဲ့အတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်တာကြောင့် ရွှေဆိုင်မှာရှိတဲ့ စီစီတီဗီ ကင်မ ရာကို ပြန်စစ်ဆေးရာမှာ အမျိုးသမီး ခြောက်ဦး ပူးပေါင်းပြီး လူကွယ်ပေးသူ၊ အိတ်ဖောက်သူ၊ ခါးပိုက်နှိုက်ရငွေကို လက်ဆင့် ကမ်းယူသူ စသဖြင့် တာဝန်ခွဲပြီး ဂိုဏ်းလိုက်ကျူးလွန်ခဲ့တာြဖစ်ပါတယ်။

ခေါင်းဆောင်မှာ အသက် ၄၀ နှစ်အရွယ် မစန်းစန်းဝင်း ဖြစ်ပြီး၊ ကျန်အဖွဲ့ဝင် ငါးဦးမှာ အသက် ၂၅ မှ ၄၁ နှစ်ထိရှိကြကာ၊ အသက် ၃၀ အရွယ် အထွေး ဆိုသူမှာတော့ ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

 ဒီအမျိုးသမီးတွေဟာ မြဝတီဘက်ကနေ ယာယီနယ်စပ်ဖြတ်လက်မှတ်လုပ်ပြီး အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မဲ ဆောက်ဘက် ဝင်လာကာ၊ခါးပိုက်နှိုက်မှု ကျူးလွန်ပြီးရင် မြန်မာဘက်ခြမ်းကို နေ့ချင်းပြန်ပါတယ်။ ကင်မရာတွေကနေ သူတို့ ပုံတွေ မှတ်တမ်းတင်ထားပြီး မတ် ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဖမ်းဆီးလိုက်တာလို့ မဲဆောက်မြို့မရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ ငါးဦးကို ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ အမှုဖွင့်ပြီး အရေးယူသွားမယ်လို့ မဲဆောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

Source- DVB

စစ်ကောင်စီတပ်က ပြင်ပသင်တန်းကျောင်းတွေကနေ အမျိုးသမီးတပ်သားသစ်တွေ စုဆောင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေအရ ပထမအသုတ် လူဦးရေ ၅၀၀၀ စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေ မပါပေမဲ့ စစ်ကောင်စီတပ်က ပြင်ပသင်တန်းကျောင်းတွေကနေ အမျိုးသမီး တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ တပ်နဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

အသက်၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေကို ကြည်း၊ ရေ၊ လေ လက်ရုံးဝန်ထမ်းတပ်တွေမှာ အခြား အဆင့်ကနေ တာဝန်ထမ်းဆောင်ဖို့ လူသစ်စုဆောင်းနေတာဖြစ်ပြီး စုဆောင်းရေးတပ်တွေက စုဆောင်းရရှိတဲ့ အမျိုးသမီး တပ်သားသစ်တွေကို မေလအတွင်း သင်တန်းကျောင်းတွေမှာ လေးလတာ သင်တန်းပေးသွားမှာဖြစ်တယ်လို့ မှော်ဘီသင် တန်းကျောင်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။

လတ်တလော စစ်မှုထမ်းဥပဒေကြောင့် မြို့နယ်တချို့မှာ အမျိုးသမီးတွေ ပျောက်ဆုံးနေပြီး မိဘတွေနဲ့ မိသားစုဝင် တွေ လည်း စိုးရိမ်ပူပန်နေကြပါတယ်။

စစ်ကောင်စီ စတင်ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ မတ် ၂၇ ရက်မှ ဧပြီ ၃ ရက်အထိ ပထမအကြိမ် စစ်မှုထမ်းရမယ့် အမျိုးသားဦးရေ အယောက် ၅၀၀၀ ကို ကျန်းမာရေး စစ်ဆေးသွားဖို့ ရှိပါတယ်။

Source- DVB

မောင်တောခရိုင် ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

မောင်တောခရိုင်ဆေးရုံက ဝန်ထမ်းတွေ စစ်တွေသို့ ရွှေ့ပြောင်းရမယ်ဆိုတဲ့ ညွှန်ကြားတာကိုမလိုက်နာဘဲ AA နဲ့ ပူးပေါင်း တယ်လို့ စွပ်စွဲပြီး ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်နဲ့ မြို့နယ်ကုသရေးဦးစီးဌာနမှူးဖြစ်သူ ဒေါက်တာ နုကေသီစံ နဲ့ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်နိုင်လင်းတို့ကို စစ်ကောင်စီက မတ်လ ၂၅ ရက်မှာ ဖမ်းဝရမ်း ထုတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျန်းမာရေးဝန်ထမ်းနှစ်ဦးက ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေအတွင်း တိမ်းရှောင်သွားတာကြောင့် ပြည်ပကို မထွက်ခွာနိုင်ရေး အမည်စာရင်းတင်သွင်းဖို့နဲ့ ဖမ်းဆီးရမိရေးဆောင်ရွက်ဖို့ ပြည်နယ်စစ်ကောင်စီကနေ မောင်တောမြို့နယ် ရဲ တပ်ဖွဲ့ကို ညွှ့န်ကြားတဲ့စာမှာ ဖော်ပြထားပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတဲ့ ဒေါက်တာ နုကေသီစံဟာ မောင်တောမြို့ဇာတိဖြစ်ပြီး၊ လက်ထောက်ဆရာဝန် ဒေါက်တာ အောင် နိုင်လင်းက ပေါက်တောမြို့ဇာတိ ဖြစ်ပါတယ်။  

ဝန်ထမ်းတွေအနေနဲ့ မောင်တောခရိုင်ဆေးရုံကိုပိတ်ပြီး စစ်တွေမြို့ကို ပြောင်းရွှေ့ဖို့ မတ်လ ၁ ရက်မှာ ပြည်နယ် စစ်ကောင်စီက နှုတ်မိန့်နဲ့ ညွှ့န်ကြားခဲ့ကာ၊မောင်တောဆေးရုံကို မတ်လ ၁ ရက်နေ့ကတည်းက ပိတ်လိုက်ပြီး လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေကတော့ စစ်တွေကို မသွားဘဲ တိမ်းရှောင်နေပါတယ်။

 Source- RFA

ဒါရိုက်တာရှင်ဒေဝီ ရိုက်ကူးတဲ့ သတင်းဗီဒီယို ဂရေစီဆုရရှိ

လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနက ထုတ်လွှင့်တင်ဆက်ခဲ့ပြီး၊   မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ အ ကြောင်း ရိုက်ကူးထားတဲ့”ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ” ဆိုတဲ့ ဗီဒီယိုရိုက်ကူးသူ သတင်းစာဆရာမရှင်ဒေဝီ ရဲ့ ဗီဒီယိုဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆု အဖွဲ့ကြီးက အခုနှစ်အတွက် အကောင်းဆုံး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆု ချီးမြှင့်လိုက်ပါတယ်။

ကွယ်လွန်သူ အမေရိကန်အနုပညာရှင် Gracie Allen (၁၈၉၅-၁၉၆၄) အမှတ်တရအဖြစ် ဂရေစီဆု (Gracie Awards) လို့အမည်ပေးထားတဲ့ ဒီဆုကို အမေရိကန်အခြေစိုက် အမျိုးသမီးမီဒီယာသမားများ ညွန့်ပေါင်းဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ချီးမြှင့်တာပါ။

ဒါရိုက်တာရှင်ဒေဝီဟာ  ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် ရပ်တည်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်တွေမှာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်တွေဟာ ဆုတွေ ရရှိခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ သံဃာတွေကို စစ်တပ်က အင်အားသုံးဖြိုခွဲတဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့ သတင်းထောက်တစ်ဦး ဖြစ်သလို၊အဲဒီကာလအတွင်း ဒီဗွီဘီသတင်းဌာနအတွက် ပြည်တွင်းကနေ သတင်းတွေပေးပို့ခဲ့ပြီး စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာလည်း ခံခဲ့ရပါတယ်။     

ဒါရိုက်တာရှင်ဒေဝီက   ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန် လိုင်း က မှာယူထားတဲ့ ဒရုန်းတစ်ခု သွားယူချိန် စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက် တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

 Source-RFA

တစ်လအတွင်း အမျိုးသမီး ခြောက်ဆယ်ကျော် သေဆုံး

နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ကြောင့် မတ်လအတွင်းမှာ အမျိုး သမီး ၆၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေ သေဆုံးမှုအရေအတွက်ဖြစ်ပြီး သေဆုံးသူ ၆၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ၁၆ ဦး၊ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို ဆယ်ဦး ပါဝင်ပါတယ်။အဲဒီအထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ၂၂ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး ၂၉ ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

AAPP ရဲ့ မတ်လ ၂၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ၊ စုစုပေါင်း ၄၇၉၁ ဦး သေဆုံးခဲ့ပြီး လူနှစ်သောင်းကျော် (၂၀,၂၈၀) ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

 Source- RFA

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာရှိနေတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ကင်းဟာ ညာဘက် နံရိုး အောက်နဲ့ လက်ချောင်းတွေမှာ မိုင်းစဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက် တနင်္သာရီဆေးရုံကနေတဆင့် မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် ညပိုင်းမှာ သေဆုံးသွားတာပါ။

လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ဥယျာဉ် ခြံတွေ ထိခိုက်ပျက်စီးတာတွေရှိနေပြီး ဒေသခံတွေလည်း လုပ်ငန်းခွင်ထဲ သွား ရောက်ဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါ တယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Non CDM သူနာပြုဝန်ထမ်း လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 Source-သံလွင်တိုင်းမ်

မိတ္ထီလာမှာ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း၊မိတ္ထီလာမြို့မှာ မတ် ၂၈ ရက်က ကုန်တင် Canter ကားတစီးနဲ့ ချည်ထည်စက်ရုံ ဖယ်ရီကြိုပို့ကားတစီးတို့ တိုက်မှုကြောင့် စက်ဘီးစီးလာသူ အမျိုးသမီးတဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မျိုးဆက်သစ် မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

မိတ္ထီလာမြို့ တောမနဲ့ အုတ်ကျင်းအနီး မဟာစည်တိုးချဲ့လမ်းထိပ်မှာ Canter ခြောက်ဘီးကားက စက်ဘီးကိုတိုက်မိပြီး ရှောင်လိုက်ရာက အစိုးရချည်ထည်စက်ရုံက ဖယ်ရီကားကို ဝင်တိုက်ခဲ့ပါတယ်။   ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာတဲ့ အမျိုးသမီး သေဆုံးပြီး Canter ကားပေါ်က ယာဉ်မောင်းတဦးနဲ့ ဖယ်ရီကားပေါ် လိုက်ပါလာတဲ့ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 Source-DVB

ဒရုန်းအချက်ပြ ဆင်ဆာဖြတ်လက်နက် မှောင်ခိုသွင်းမှုဖြင့်  အမျိုးသမီးတစ်ဦး အပါအဝင် မြန်မာ လူငယ် ၂ ဦး အဖမ်းခံရ

မြန်မာနိုင်ငံကို တင်သွင်းမည့် ဒရုန်းအချက်ပြ-ဆင်ဆာဖြတ်သေနတ် မှောင်ခိုသွင်းသောလူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ၊မဲ ဆောက် မြို့ ၌ဖမ်းဆီးခဲ့ကြောင်း Khaosod သတင်းမှာဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မယ်တော်မြို့နယ်တွင် နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးနဲ့အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးတို့ဖြစ်ပြီး သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေမှာ ဒရုန်းအချက်ပြ-ဆင်ဆာဖြတ်တဲ့ သေနတ် ၁ လက်၊ လေအေးပေးစက် ၁ လုံး၊ အနက် ရောင် ပလပ်စတစ်သေတ္တာနဲ့ ပါဆယ် တထုတ်ဖြစ်ပြီး ဖမ်းဆီးထားသူ ၂ ဦးနဲ့ပတ်သက်လို့ အမှုကို အသေးစိတ် စစ်ဆေး ပြီးနောက် ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

Source-The Irrawaddy

AAထိန်းချုပ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုစစ်တပ်လက်နက်ကြီးပစ်လို့ မိန်းကလေးငယ် ခြောက်ဦး ဒဏ်ရာရ

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး မိန်းကလေးငယ်အပါအ၀င် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်ရှိ လူနေအိမ်ထဲသို့ ကျရောက် ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ တွေထဲမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အမျိုးသမီးတဦးတို့လည်း ပါ၀င်တယ် လို့ မြို့ခံတွေက ပြောပါတယ်။

ရွာသစ်ရပ်ကွက်အပြင်ကမ်းထောင်းကြီးမြို့အနီး၀န်းကျင်နေရာတွေမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက် ကွဲ နေပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း ကမ်းထောင်းကြီးမြို့ကို ညည့်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ဆေးရုံအဆောက်အဦးပျက်စီးကာ ဆေးရုံ၀န်ထမ်းအမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင် ကမ်းထောင်းကြီးမြို့အနီးရှိ သရက်တောင်၊ ညောင်ကန်ရွာတို့ကိုလည်း ပြီးခဲ့တဲ့အပတ်က လေကြောင်းဗုံးကြဲခဲ့ပြီး သံဃာတော်၊ ကလေးငယ်အပါအ၀င် ဒေသခံအရပ်သားဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂ့ရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ် သား ၁၇၀ ကျော် သေဆုံးရပြီး၊ ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

Source-Delta News Agency

မော်လမြိုင်မှာ ထောက်ပို့စွပ်စွဲချက်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင်ဒေသခံနှစ်ဦးဖမ်းဆီးအမှုဖွင့်ခံရ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးကာအမှုဖွင့်စစ်ဆေးနေတယ်လို့ စစ်ကောင်စီ နဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က မော်လမြိုင်မြို့နယ် ခရွန်းရှမ်းကျေးရွာနေ ကိုနေဝင်းထွန်းကို PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေကို Wave Money နဲ့ Kpay တို့နဲ့ ငွေကြေးထောက်ပံ့ထားတာတွေအပြင် Viber Group နဲ့ဆက်သွယ် ကာ ထောက်ပို့အဖြစ် ဆောင် ရွက်နေတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုနေဝင်းထွန်းနဲ့ Viber Group မှာ ဆက်သွယ်ပြောဆိုထားတဲ့ မော်လမြိုင်မြို့နယ် ကော့ခမယ်ကျေးရွာ မချစ်စု ထွေးကိုလည်း ဖမ်းဆီးစစ်ဆေးစဉ် PDF တွေထံ ငွေကြေးထောက်ပံ့ထားတဲ့ စာတွေတွေ့ရှိခဲ့ပါတယ်။

အခုဖြစ်စဉ် ကြောင့် ကိုနေဝင်းထွန်းနဲ့ မချစ်စုထွေးတို့ကို စစ်ကောင်စီက မုပွန်နယ်မြေရဲစခန်းမှာ အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 Source- သံလွင်တိုင်းမ်

 ဆားလင်းကြီးမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် မီးဖွားစ အမျိုးသမီး သွေးလန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ကံကုန်းရွာမှ မီးဖွားပြီးစ အမျိုးသမီးတဦးမှာ ရွာအတွင်း ဝင်ရောက် လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် သွေးလန့်သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၉ရက်နေ့နံနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက သံပြားကာ ကားနှစ်စီးဖြင့် ရွာတွင်း ဝင်ရောက်လာစဉ် ဒေသခံ များက ကြောက်လန့်ပြီးထွက်ပြေးခဲ့ရာ ယင်းအမျိုးသမီးမှာလည်း သွေးလန့်သေဆုံးခဲ့တာလို့ ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများ သပိတ်ကော်မတီတာဝန်ရှိသူထံက သိရပါတယ်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၃၂နှစ် အရွယ်ရှိပြီး မီးဖွားပြီးသည်မှာ တရက်မပြည့်သေးဘဲသေဆုံးခဲ့တာပါ၊ လက်ရှိ မှာ ကျန်ရစ်ခဲ့တဲ့ ရက်သားအရွယ်ကလေးနဲ့ လေးနှစ်အရွယ် ကလေးကို ဖခင်ဖြစ်သူက ကြည့်ရှု့စောင့်ရှောက် နေတယ် လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကံကုန်း၊ အေးကုန်း နှင့် ညောင်ပင်ကြီးကျေးရွာမှ ဒေသခံ ဦးရေ ၃,၀၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါတယ်။

 Source-Mizzima

Author:

Related Articles